Home သတင်း ရသေ့တောင်က ဆရာမအသတ်ခံရမှု ပြစ်မှုကျူးလွန်သူဝန်ခံ

ရသေ့တောင်က ဆရာမအသတ်ခံရမှု ပြစ်မှုကျူးလွန်သူဝန်ခံ

သန့်ရှင်းထွန်း။ ။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျွန်းပေါ်ပေါက်တောကျေးရွာက ပန်းဖော်ပြင်ရွာကို စာပြသွားချိန် လမ်းမှာအသတ်ခံခဲ့ရတဲ့ ကျောင်းဆရာမအမှုမှာ ပြစ်မှုကျူးလွန်သူက ကိုယ်တိုင်ဝန်ခံထားတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ထုတ်ပြန်ပါတယ်။

ကျောင်းဆရာမ အသတ်ခံရမှုနှင့် ပတ်သက်လို့ ပြစ်မှုကျူးလွန်သူဟာ အသက် ၄၀ ကျော်အရွယ် ဦးမောင်မောင်အေး ဖြစ်ပြီး သူကိုယ်တိုင်ဝန်ခံထားပြီလို့ ဦးခိုင်သုခရဲ့ ဒီနေ့ အောက်တိုဘာ ၁၃ ရက် ထုန်ပြန်ချက်မှာ ရေးသားထားပါတယ်။

“ဆရာမနှင်းယုနွယ်ကို သတ်ဖြတ်ခဲ့တဲ့နေရာသို့သွားရောက်ပြီးတော့ သူဘယ်လိုသတ်ခဲ့တယ်ဆိုတာကိုလဲ သရုပ်ပြဝန်ခံထားပြီးဖြစ်ပါတယ်။”လို့ ဦးခိုင်သုခရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုကိုယ်တိုင်ဝန်ခံထားတဲ့ ဦးမောင်မောင်အေးဟာ ကျောင်းဆရာမ အသတ်ခံခဲ့ရပြီး နောက်တစ် နေ့စက်တင်ဘာ ၁၇ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရသူဖြစ်ပြီး စက်တင်ဘာ ၁၉ ရက်ညပိုင်းမှာ ထွက်ပြေးလွတ်မြောက်ခဲ့သူဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်က ရှာဖွေဖမ်းဆီးရာ စက်တင်ဘာ ၂၆ ရက်မှာ ပြန်လည်ဖမ်းဆီးရမိခဲ့သူဖြစ်ပါတယ်။

အသတ်ခံခဲ့ရတဲ့ ကျောင်းဆရာမမှာ လည်ပင်းပြတ်ရှဒဏ်ရာအပြင် ခန္ဓာကိုယ်ပေါ်မှာ တခြားဒဏ်ရာတွေနဲ့ သေဆုံးနေတာကိုတွေ့ရှိခဲ့တာဖြစ်ပြီး အဓမ္မပြုကျင့်ခံရတဲ့ လက္ခဏာတွေကို တွေ့ရှိခဲ့ပေမယ့် ဆေးစစ်တာတွေ မလုပ်ခဲ့ဘဲ ချက်ချင်းမီးသဂြိုလ်ခဲ့တယ်လို့ သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ ရွာသားတွေက ပြောပါတယ်။

“ဒီအမှုမှာ တခြားဆက်စပ်စစ်ဆေးစရာကိစ္စတွေကျန်နေသေးတဲ့အတွက် အသေးစိတ်အချက်အလက်တွေကို လာမဲ့ရက်ပိုင်းတွေမှာမှ ဆက်လက်ထုတ်ပြန်သွားမှာဖြစ်ပါတယ်။” ဦးခိုင်သုခရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်နှစ်လောက်ကစပြီး အမျိုးသမီးတွေ၊ အမျိုးသမီးငယ်တွေနှင့် မိန်းကလေးတွေဟာ မကြာခဏ သတ်ဖြတ်ခံရတာ၊ အဓမ္မပြုကျင့်ခံရတာတွေ မကြာခဏဖြစ်လာတာတွေ့ရပါတယ်။

Author:

Related Articles