မောင်သာမည။ ။
(ချိုးလင်းပြာစာစောင်၊ အမှတ် ၇/၂၀၀၅ ခုနှစ်၊ စက်တင်ဘာလ။ Volume (35) September, 2005)
ကျွန်တော်၏ စိတ်ကိုတည်ငြိမ်မှု မရအောင် ကာလရှည်ကြာစွာ နှောင့်ယှက်နေခဲ့သော အမျိုးသမီးတဦး ရှိပါသည်။ သူသည် ကျွန်တော့်ကို သိကျွမ်းမှုမရှိသော်လည်း ကျွန်တော့် အလုပ်အကိုင်ကို နေ့စဉ် အနှောက်အ ယှက်ပေးနေသည်။ သူနှင့် ကျွန်တော် အလွန်ကွာခြားပါသည်။ တူညီချက် မရှိသလောက်အထိ ကွာခြားပါသည်။ သူသည် အယ်လ်ဘေးနီးယားလူမျိုးဖြစ်၍ ယူဂိုစလားဗီးယားနိုင်ငံတွင် ကြီးပြင်းခဲ့သည်။ ရိုမန်ကက်သလစ် ဘာ သာဝင်ဖြစ်၍ အိန္ဒိယနိုင်ငံတွင် ဆင်းဆင်းရဲရဲနေထိုင်နေသည်။
သူနှင့်ကျွန်တော် လူဦးရေထိန်းချုပ်မှုဆိုင်ရာ ပြဿနာများပေါ်တွင် အယူအဆချင်းကွဲပြားပါသည်။ လူ ဝတ်ကြောင်လောကတွင် လည်းကောင်း၊ သဘောထားချင်းခြားနားပါသည်။ ‘ဖန်ဆင်းရှင်၏အလိုတော်’ နှင့် ပတ် သက်သည့် သူ၏ လူသား၏ကံကြမ္မာကို ပုံဖော်ဖန်တီးနေကြသော ဆန့်ကျင်ဘက် အယူအဆများနှင့် အင်အား ကြီးများ၏ အလယ်ဗဟိုတွင် ရပ်တည်နေ၏။
သူ့ကြောင့် ကျွန်တော်သည် အလွန်စိတ်အနှောက်အယှက်ဖြစ်ရသည်။ သူ့အမည်ကို ကြားရသည့်အခါ တိုင်း၊ သူပြောဆိုရေးသားချက်ကို ဖတ်ရတဲ့အခါတိုင်း၊ သူ့မျက်နှာကိုမြင်ရသည့်အခါတိုင်း ကျွန်တော်ကား မတည် မငြိမ်ဖြစ်ရသည်။ စိတ်ကယောက်ဂယက်ဖြစ်ပြီး လှုပ်ရှားရသည်။ သူမ၏အကြောင်းကို ပြောချင်စိတ်ပင် ကျွန်တော့်တွင်မရှိပါ။ ကျွန်တော် အလုပ်လုပ်သည့် အခန်းထဲတွင် လက်ဆေးကြွေခွက်တခုရှိသည်။ ယင်းကြွေခွက် ပေါ်၌ ကြည့်မှန်တချပ်ရှိသည်။ မကြာခဏဆိုသကဲ့သို့ ကျွန်တော်သည် ယင်းလက်ဆေးကြွေခွက်၏ ရှေ့တွင် ရပ်ပြီး သန့်ရှင်းရေးလုပ်သည်။ ထိုသို့ လုပ်တိုင်း မှန်ထဲ၌ မိမိကိုယ်ကိုပြန်ကြည့်သည်။ မှန်၏ဘေးတွင် ကျွန်တော့် ကိုအနှောက်အယှက်ပေးနေကျ အမျိုးသမီး၏ ပုံတပုံရှိပါသည်။ ထိုကြောင့် မှန်ကြည့်သည့်အခါတိုင်း ယင်း ဓာတ်ပုံကိုလည်း ကြည့်မိပါသည်။ ဓာတ်ပုံထဲတွင် တွေ့ရသည့်မြင်ကွင်းတွင်လည်းကောင်း၊ ယင်းမြင်ကွင်းကြောင့် ကျွန်တော့်တွင်ဖြစ်လာသည့် အသိတရားနှင့် ခံစားချက်တို့သည်လည်းကောင်း၊ ကျွန်တော်ပြောပြချင်သည်ထက် ပိုပါသည်။
ဓာတ်ပုံသည် နော်ဝေနိုင်ငံ၊ အော်စလိုမြို့တော်တွင် ၁၉၈၀ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ရိုက်ခဲ့သည့် ဓာတ်ပုံဖြစ်၏ ဓာတ်ပုံထဲတွင်အရောင်လွှင့်ပျယ်နေသည့် ဆာရီကို ဝတ်ဆင်၍ ညှပ်ဖိနှပ်ခပ်နွမ်းနွမ်းကို စီးထား သော သေးသေးလှီလှီ ခါးကုန်းကုန်း အမျိုးသမီးကြီးတဦးသည် ရှင်ဘုရင်တပါး၏ လက်အတွင်းမှ ဆုကိုယူနေ သည်။ ဆုကား ဒိုင်းနမိုက်ယမ်းကို တီထွင်သူ၏ သေတမ်းစာအရ သူချန်ရစ်သည့်ငွေကြေးဖြင့် ဖန်တီးသော ဆု ဖြစ်ပါသည်။ ကတ္တီပါများ၊ ရွှေများ၊ သလင်းကျောက်များနှင့် လင်းလင်းလက်လက် ပြိုးပြိုးပြက်ပြက်၊ လင်းလက် တောက်ပနေသော ခန်းမဆောင်ကြီးအတွင်းတွင် အထက်တန်းလွှာ မင်းစိုးရာဇာများ၊ နာမည်ထင်ကြား ကျော်သူ များ၊ ကုဋေကြွယ်သူဌေးကြီးများ၊ ပညာရှိသုခမိန်ကြီးများနှင့် ကြည့်နေသည်။ အားလုံး၏အလယ်ဗဟိုတွင်ကား ဆာရီကိုခြုံ၍ ညှပ်ဖိနပ်စီးထားသည့် သေးသေးလီလီအမျိုးသမီးကြီး၊ သူသည်ဆင်းရဲချို့တဲ့သူများ၊ အနာရောဂါ ဖြစ်နေသူများ၊ သေအံ့မူးမူးဖြစ်နေသူများကို ကူညီစောင့်ရှောက်နေသော ကျွေးမွေးပြုစုသော ‘မာသာထရီဆာ’ ဖြစ်ပါသတည်း။
မာသာထရီဆာ၏ တန်ခိုးစွမ်းအားသည် အလွန်ကြီးကျယ်လှပါ၏ ယင်းကဲ့သို့သော တန်ခိုးစွမ်းအားမျိုး ကို မည်သည့်ရာဇာ၊ မည်သည့်စော်ဘွားမှ မပိုင်ဆိုင်ပါ။ မည့်သည့် သမ္မတ၊ မည်သည့် အဓိပတိမှ မပိုင်ဆိုင်ပါ။ မည်သည့် သေနာပတိ၊ မည်သည့် စစ်ဦးစီးချပ်မှ မပိုင်ဆိုင်ပါ။ မည်သည့် သိပ္ပံပညာရှင်၊ မည်သည့် ပုပ်ရဟန်း မင်းမှ မပိုင်ဆိုင်ပါ။ မည်သည့် ဘဏ်သူဌေး၊ မည်သည့် ကုန်သည်၊ မည်သည် ရေနံမြေကုမ္ပဏီမှ မပိုင်ဆိုင်ပါ။ ထို့ အတူ မာသာထရီဆာ၏ ချမ်းသာကြွယ်ဝမှုသည်လည်း မည်သူမှ မယှဉ်ပြိုင်နိုင်သည့် ချမ်းသာကြွယ်ဝမှုဖြစ်ပါ၏။ အဘယ့်ကြောင့်ဆိုသော် သူပိုင်ဆိုင်ထားသည့်အရာသည် ဤကမ္ဘာမြေ၏ မကောင်းမှုတို့ကို တိုက်ဖျက်နိုင်သည့် “ပရဟိတ နှလုံးသား” ဖြစ်သောကြောင့်ပေတည်း။
မာသာထရီဆာသည် ကျွန်တော်တို့ လက်ခံနိုင်ခြင်းမရှိ၊ ဘေးဖယ်နိုင်ခြင်းလည်းမရှိသည့် ရဲစွမ်းသတ္တိနှင့် ယုံကြည်မှုတို့ကို ကိုင်စွဲပြီး ခိုကိုးရာမဲ့အဆိုးမြင်ဝါဒ၏ မီးခိုးမြူတို့အကြားမှ ဖောက်ထွင်းခဲ့၏ လူ့လောက၏ အနာ ဂတ်တို့ကို ကုသရေးအတွက် လူ့စွမ်းအားကို အထင်အရှား ဖော်ထုတ်ဖော်ပြသခဲ့၏ ရှေးဟောင်းပုံပြင်လာ ပရဟိ တ သူတော်စင်၏ လုပ်ရပ်ကို တကယ်လက်တွေ့ အမှန်တရားဖြစ်အောင် ဖန်တီးခဲ့၏။ ကလကတ္တားမြို့၏ မည်း မှောင်ညစ်ထေးသော ဘဝတခုကို တည်ဆောက်ပြခဲ့သည်။
ကျွန်တော်သည် မာသာထရီဆာ၏ စကားကို မပြောတတ်ပါ။ သို့တိုင် မာသာထရီဆာ၏ ဘဝသည် ကျွန် တော့်ကို စကားများစွာ ပြောနေပါ၏။ ကျွန်တော်သည် ယင်းစကားတို့ကြောင့် ပြစ်ဒဏ်ပေးမှုကိုရော၊ ကောင်းချီး ပေးမှုကိုပါ တပြိုင်နက်တည်း ခံစာနေရပါသည်။ ဤကမ္ဘာမြေကြီးအတွင်းတွင် လူတယောက်အနေနှင့် ဤမျှ စွမ်း ဆောင်နိုင်သည့်အဖြစ်ကို ကျွန်တော် မယုံကြည်နိုင်ပါ။ သို့တိုင် ယင်းလူသည်ကား အော်စလိုမြို့တော်သို့ ရောက် ရှိလာခဲ့ချေပြီ။ ကမ္ဘာမြေကြီးတခုလုံးသည် သူ၏အရှိန်အဝါအောက်သို့ ရောက်ခဲ့ရလေပြီ။ ကျွန်တော်သည် သူ တင်ပြသည့် ဖန်ဆင်းရှင်ကို ယုံကြည်သက်ဝင်ခြင်းမရှိပါ။ သို့သော် သူ၏ယုံကြည်သက်ဝင်မှုတွင် ရှိသော တန်ခိုး စွမ်းအားက ကျွန်တော့ကို အရှက်ရစေခဲ့လေပြီ။ ကျွန်တော်ကား မာသာထရီဆာကို ယုံကြည်သက်ဝင်ပါ သတည်း။
အော်စလိုမြို့သို့ မာသာထရီဆာ ရောက်သည့်အချိန်သည် ဒီဇင်ဘာလဖြစ်၏။ ခရီစ္စမတ်ပွဲတော် ကျင်းပ သည့် လပေတည်း။ ခရစ္စမတ်ပွဲတော်တွင် ဤကမ္ဘာမြေကြီးအတွက် အသိပေးစရာ သတင်းစကားများပါလာ၏။ သတင်းစကားတခုသည် ငြိမ်းချမ်းရေးဖြစ်ပါ၏။ သို့သော် ဤငြိမ်းချမ်းရေးသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာက မြင်းစားခွက်အတွင်း အိပ်ပျော်နေခဲ့သော သူငယ်တော်၏ ငြိမ်းချမ်းရေးမျိုးမဟုတ်ပါ။ ခရစ္စမတ်နှစ်တွင် ကြုံတွေ့ ရမည့် ညစာစားပွဲနှင့် မီးလင်းဖိုဘေးငိုက်မြည်းမှုတို့၏ ငြိမ်းချမ်းရေးမျိုးမဟုတ်ပါ။ ဆာရီနွမ်းနွမ်းနှင့် ညှပ်ဖိနပ် စုပ်စုပ်ကို ဝတ်ဆင်ထားသည့် ရိုးရိုးစင်းစင်း အမျိုးသမီးကြီးတဦးက ဖန်တီးပြလိုက်သော အံ့မခန်းလုပ်ရပ်မှ ထွက်ပေါ်လာသည့် အင်အားပြည့်၀ ကြံ့ခိုင်သော ငြိမ်းချမ်းရေးမျိုးသာဖြစ်ပါ၏ ပြောင်မြောက်သောအလုပ်တခုမှ ထွက်ပေးလာသော သန္တိသုခစိတ်ငြိမ်းချမ်းရေးသဘောမျိုးသာဖြစ်ပါ၏။
နှစ်အတန်ကြာသည့်အခါ ကျွန်တော်သည် ဓာတ်ပုံထဲမှ ယင်းမျက်နှာကို နောက်တကြိမ်ထပ်မြင်ရပြန် သည်။ ကွမ်တမ်ရူပဗေဒပညာရှင်များနှင့် ဘာသာရေးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးသည့် ကွန်ဖရင့်၌ ဖြစ်သည်။ ကျွန်တော်သည် ကွန်ဖရင့် ကျင်းပသည့် ဘုံဘေမြို့ အိုဘာရွိုင်တာဝါဟိုတယ် ခန်းမဆောင်နောက်ဖေး တံခါးဝ၌ ရပ်နေပါသည်။ ထိုစဉ် ကျွန်တာ်ဘေးသို့ တစုံတဦးရောက်လာသည်ကို ထူးထူးခြားခြား ခံစားသိရှိလိုက် ရပါသည်။ မာသာထရီဆာပေတည်း။ သူသည် ကွန်ဖရင့် ဧည့်သည်တော်တဦးအဖြစ် စကားပြောရန် ရောက်လာ ခြင်းဖြစ်၏။ သူ့ဘေးတွင် မည်သည့် အခြွေအရံမှမပါ မည်သည့်အဖော်မှမပါ။ တကိုယ်တည်း ရောက်လာခြင်း ဖြစ်သည်။ သူက ကျွန်တော်ကို ပြုံးပြပါသည်။ သူမ၏ အပြုံးကို ယနေ့တိုင် မြင်နေပါသေးသည်။
မာသာထရီဆာသည် စင်မြင်ပေါ်သို့ လှမ်းတက်သွားပြီး စကားပြောပါသည်။ သူ၏စကားသည် ကွန်ဖရင့်၏ အစီအစဉ်ကို ပြောင်းလဲပစ်လိုက်သည်။ ကွန်ဖရင့်၏ မူလအစီအစဉ်မှာ အသိပညာဆိုင်ရာ စူးစမ်း လေ့လာရေးဖြစ်၏။ မာသာထရီဆာ၏ပြောစကားကြောင့် ကိုယ်ကျင့်တရားပြုပြင်ပြောင်းလဲရေးဖြစ်သွားသည်။ ထူးဆန်းအံ့သြနေကြသော ကွန်ဖရင့်ပရိတ်သတ်ကြီးကို မာသာထရီဆာက တည်ကြည်သော အသံဖြင့် ဤသို့ ပြောလိုက်သည်။
‘ကျမတို့ဟာ ကြီးကျယ်တဲ့ အလုပ်တွေကို မလုပ်ဆောင်နိုင်ကြပါဘူး။ သေးဖွဲတဲ့ အလုပ်တွေကိုသာ လုပ် ဆောင်နိုင်ကြတာပါ။ ဒါပေမယ့် အဲဒီသေးသေးဖွဲဖွဲ အလုပ်ကိုပဲ ကြီးကျယ်တဲ့ မေတ္တာဂရုဏာတရားနဲ့ လုပ်ဆောင် နိုင်ကြပါတယ်။’
မာသာထရီဆာနှင့် ယုံကြည်ချက်ကြားတွင်လည်း အတိုက်အခံဝိရောဓိတွေရှိပေသည်။ သို့သော် ယင်း ဝိရောဓိများနှင့် နှိုင်းယှဉ်စရာဟူ၍ ကျွန်တော့်မှာ ဘာမှမရှိပါ။ တကိုယ်တော် ကောင်းစားရေး လုပ်ဖို့အတွက် ပင် အင်အားမရှိသည့်အဖြစ်နှင့် ကျွန်တော်ရင်ဆိုင် နပန်းလုံးနေရသည့်အချိန်တွင် မာသာထရီဆာကမူ ကမ္ဘာကြီးကို ပြောင်းလဲပစ်ဖို့ ကြိုးစားအားထုတ်နေပါသည်။ တန်ခိုးစွမ်းအားများ၊ သတ္တိဗျတ္တိများ ပိုမိုပိုင်ဆိုင်မှုရှိဖို့ ကျွန်တော် မျှော်လင့်တောင့်တနေချိန်တွင် မာသာထရီဆာကမူ လက်ငင်းသူလုပ်နိုင်မည့် အလုပ်အတွက် သူ့ရှိသမျှ တန်ခိုး စွမ်းအားများ၊ သတ္တိဗျတ္တိများကို အသုံးချနေပါသည်။
မာသာထရီဆာသည် ကျွန်တော်စိတ်ကို အတော်ကြီး အနှောင့်အယှက်ပေးနေပါ၏။ မတည်မငြိမ် ဂယောက်ဂယက်ဖြစ်စေပါ၏။ သူ့ကြောင့် ကိုယ်ကိုကိုယ် ရှက်မိပါ၏။ ကျွန်တော် ဘာများချို့ယွင်းနေပါသနည်း။ ကျွန်တော့်ထက်သာသည့်အရာ သူ့မှာ ဘာရှိသနည်း။ အကယ်၍ ကမ္ဘာမြေပေါ်တွင် ငြိမ်းချမ်းရေး အစစ်အမှန်ရှိ နေသည်ဆိုပါက၊ အကယ်၍ လူသားအချင်းချင်းကြားစိတ်ရင်း စေတနာကောင်းများရှိနေသည်ဆိုပါက ယင်းသို့ရှိ နေခြင်းသည် မာသာထရီဆာကဲ့သို့သော အမျိုးသမီးများကြောင့် ဧကန်အမှန်ဖြစ်ပါ၏။ ငြိမ်းချမ်းရေးဟူသည် စိတ်ကူးယဉ်မျှော်မှန်းပြီး တောင်းတရမည့် အရာမျိုးမဟုတ်ပါ။ မာသာထရီဆာ ဖန်တီးသကဲ့သို့ ဖန်တီးရမည့် အရာမျိုးဖြစ်ပါ၏။ မာသာထရီဆာဖြစ်တည်သကဲ့သို့ ဖြစ်တည်ရမည့် အရာမျိုးသာဖြစ်ပါ၏။ မာသာထရီဆာ ပေးဝေသကဲ့သို့ ပေးဝေရမည့်အရာမျိုးသာဖြစ်ပါ၏။
(All I Really Need to know I learned in Kindergarten by Robert Fulghum)