ခင်ဘုန်းမို့။ ။
ကော်ဖီမစ်ထုတ်တွေ၊ ခေါင်းလျှော်ရည်ထုတ်လေးတွေ အချိုရည်ပုလင်းလေးတွေ၊ တခြားလူသုံးကုန်ပစ္စည်းလေးတွေ ရောင်းတဲ့ ဈေးဆိုင်ငယ်လေးမှာ အမျိုးသမီးငယ်တစ်ဦးဟာ သစ်သားချိုင်းထောက်တစ်ခုကို ဘေးချထိုင်ကာ ဈေးဝယ်သူ ကိုမျှော်နေပါတယ်။
သူကတော့ အိမ်မှာကုန်စုံဆိုင်လေးဖွင့်ထားတဲ့ ကိုယ်အင်္ဂါမသန်စွမ်းသူတစ်ဦးဖြစ်တဲ့ မချယ်(အမည်လွှဲ)ပါ။
“ ကုန်ဈေးနှုန်းတွေကတက်တော့ ရောင်းရဝယ်ရတာ ထင်သလောက်စိတ်တိုင်းမကျပါဘူး။ အရမ်းကြီးလည်း လောက်ငမှု မရှိပါဘူး” လို့မချယ်က သူ့ဈေးဆိုင်လေးနဲ့ပတ်သက်ပြီး ဖွင့်ဟပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် တိုင်းပြည်မှာ အဖက်ဖက်ကယိုယွင်းပျက်စီးနေပြီး စီးပွားရေးကျပ်တည်းကာ အလုပ် အကိုင်တွေလည်းရှားပါးလာပါတယ်။
စီးပွားရေးလုပ်ငန်းတော်တော်များများဟာလည်း လုပ်ငန်းလည်ပတ်မှုနှေးကွေးသွားသလို ယာယီနဲ့အပြီးပိတ်သိမ်းတဲ့ လုပ်ငန်းတွေကြောင့် ပြည်တွင်းအလုပ်လက်မဲ့ဦးရေ ၁၀သန်းကျော်အထိ ရှိလာနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ် သမားရေးရာအဖွဲ့ (ILO)က ခန့်မှန်းထားပါတယ်။
ကိုဗစ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲကြောင့် အလုပ်လက်မဲ့ဖြစ်သူနဲ့ အလုပ်အကိုင်ရှားပါးမှု နောက်ဆက် တွဲပြဿနာတွေကို ရင်ဆိုင်နေရသူတွေထဲမှာ မသန်စွမ်းသူတွေလည်း ပါဝင်ပါတယ်။ ၂၀၁၄ခုနှစ် သန်းခေါင်းစာရင်းအရ မြန်မာနိုင်ငံမှာ မသန်စွမ်းဦးရေ ၂.၃ သန်းခန့်ရှိတယ်လို့ဖော်ပြထားပါတယ်။
မချယ်ဟာ အရင်ကကွန်ပျူတာသင်တန်းမှာလက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကိုဗစ်-၁၉ရောဂါ စဖြစ်တဲ့ အချိန်မှာ သင်တန်းတွေရပ်သွားတာကြောင့် အလုပ်ကထွက်ခဲ့ရပါတယ်။
အဲ့ဒီနောက် တက်ထားတဲ့စက်ချုပ်ပညာနဲ့အိမ်မှာနေရင်း maskနဲ့ Shopping Bagအော်ဒါလေးတွေ ချုပ်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာတော့ အိမ်ဆိုင်လေးစဖွင့်ဖြစ်ခဲ့ပါတယ်။
“ အော်ဒါချုပ်တွေ ချုပ်ရတာကလည်း မသန်စွမ်းသူ နိုင်သလောက်အားနဲ့ဆိုတော့ စိတ်သွားတိုင်းကိုယ်မပါနိုင်တဲ့အတွက် ထင်သလောက်အားမရဘူး။”လို့မချယ်က ဖွင့်ဟပါတယ်။
နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ကိုဗစ်ရောဂါအခြေအနေတွေကြား အိုးမကွာအိမ်မကွာအလုပ်လေးလုပ်ရပေမယ့် ကုန်ဈေးနှုန်း ကြီးမြင့်တဲ့ဒဏ်ကြောင့် ထင်သလောက်အဆင်မပြေပါဘူး။
ဈေးဆိုင်ကလည်း အမြတ်များကြီးတင်ရောင်းတာမျိုးမဟုတ်ဘဲ ဝယ်သူတွေအဆင်ပြေအောင် အမြတ်နည်းနည်းနဲ့ ရောင်း ချတာဖြစ်ပါတယ်။ အရင်က စားဝတ်နေရေးအဆင်ပြေလို့ ပိုတဲ့ဝင်ငွေလေးကိုစုနိုင်ပေမယ့် အခုအချိန်မှာတော့ ချွေတာစား သောက်တာတောင် စားရရုံသာရှိတဲ့အခြေအနေပါ။
မချယ်တို့မှာ မိသားစုဝင်လေးဦးရှိပြီး မချယ်ရဲ့ဝင်ငွေက မိသားစုတစ်ခုလုံးအတွက်တော့ လောက်ငတဲ့ဝင်ငွေ မဟုတ်ပါဘူး။ ကိုယ့်အတွက်နဲ့ မိသားစုဝန်ထုတ်ဝန်ပိုးမဖြစ်အောင်ဆိုတဲ့စိတ်နဲ့ မချယ်တစ်ယောက် အားတင်း လုပ်ကိုင်နေပါတယ်။
“ ကုန်ဈေးနှုန်းတွေကြောင့် ဝင်ငွေထွက်ငွေမျှတမှုမရှိဘူး။ လောက်ငဖို့ မနဲချွေတာသုံးစွဲနေရတယ်”လို့ သူက ဆိုပါတယ်။
စားဝတ်နေရေးအတွက်တောင် ခြိုးခြံနေရတဲ့ကာလဖြစ်တဲ့အတွက် ကျန်းမာရေးကိစ္စတွေပေါ်လာရင်လည်း ငွေကြေးအခက် အခဲကြောင့် ဆေးရုံဆေးခန်းသွားဖို့တောင်မချယ်အတွက် တော်တော်လေးစဉ်းစားရတဲ့ အခြေအနေပါ။ တခြားဝင်ငွေ ကောင်းတဲ့ အလုပ်လုပ်ဖို့ ရှာပေမယ့်အလုပ်တွေက မသန်စွမ်းသူတစ်ယောက်အတွက်တော့ ရှားပါးနေပါတော့တယ်။
အလုပ်အကိုင်ရှာတဲ့နေရာမှာလည်း ပညာအရည်အချင်းခွဲခြားမှုတွေ၊ စွမ်းဆောင်နိုင်မှုခွဲခြားတာတွေက တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်ပြီးတော့လည်းကောင်းနည်းမျိုးစုံနဲ့ အဟန့်အတားတွေရှိနေတယ်လို့ မချယ်ကဆိုပါတယ်။
“ ကြိုးစားရင်လည်း သန်စွမ်းသူတွေထက်အဆပါင်းများစွာကြိုးစားအားထုတ်ရတယ်။ အပန်းဖြေနားချိန်ထက် အလုပ်လုပ် ချိန်က ပိုပါတယ်။ အများထက်ပိုပြီး ဝိရီယအားစိုက်ရတယ်။ ဇွဲလည်းပိုရှိရတယ်” သူကဆက်ပြောပါတယ်။
မချယ်နည်းတူ အလုပ်အကိုင်အဆင်မပြေမှု ပြဿနာကိုရင်ဆိုင်နေရသူတစ်ဦးကတော့ ရခိုင်ပြည်နယ် မင်းပြားမြို့မှာ နေထိုင်တဲ့ မဝင်း(အမည်လွှဲ)ပါ။ မဝင်းဟာ ကိုယ်အဂါၤမသန်စွမ်းတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ အိမ်အလုပ်တွေ ဝိုင်းကူလုပ်ရင်း ကလေးတွေကို ကျူရှင်သင်ပေး တာနဲ့ ကွန်ပျူတာသင်တန်းပေးတဲ့အလုပ်ကိုလုပ်ကိုင်နေပါတယ်။
ဒီလုပ်ငန်းကိုပြီးခဲ့တဲ့ ၂၀၂၁နှစ် ဒီဇင်ဘာလကမှ စတင်လုပ်ကိုင်တာကြောင့် သိတဲ့သူနည်းပြီး လာတက်သူဦးရေလည်း နည်းပါသေးတယ်။
“လက်ရှိ ကျွန်မအလုပ်ကရတဲ့ဝင်ငွေက ကျွန်မရဲ့မုန့်ဖိုးလောက်ပဲနိုင်ပါတယ်”လို့မဝင်းကဖွင့်ဟပါတယ်။
မဝင်းဟာ ၁၀ တန်းအောင်ပြီးကတည်းက စာသင်တဲ့အလုပ်ကိုလုပ်ကိုင်ခဲ့တာပါ။ စာသင်တဲ့အလုပ်ကို တက္ကသိုလ် ဒုတိယ နှစ်တက်တဲ့အချိန်အထိလုပ်ကိုင်ခဲ့ပြီး တတိယနှစ်မှာတော့ မသန်စွမ်းအဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်ကိုင်ခဲ့ပါတယ်။
အဲ့ဒီအလုပ်ကရတဲ့ဝင်ငွေက အိမ်ကိုတော့မထောက်ပံ့နိုင်ခဲ့ပေမယ့် မဝင်းတစ်ယောက်စားလောက်ရုံအတွက်တော့ လောက်င ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်စစ်အာဏာသိမ်းပြီးနောက်မှာတော့ အလုပ်ကလစာလျော့ချတဲ့အတွက် အိမ်ကိုပြန်မ ထောက်ပံ့နိုင်တဲ့အပြင် အိမ်ကပြန်တောင်းသုံးရတဲ့အခြေအနေထိဖြစ်ခဲ့ပါတယ်။
အဲ့ဒီနောက် အလုပ်ရှိပြီးအိမ်ကတောင်းသုံးနေရတာဖြစ်တာကြောင့် အိမ်မှာနေတာနဲ့မထူးတဲ့အတွက် အလုပ်ထွက်ပြီး အိမ်ကိုပြန်လာပါတော့တယ်။ လက်ရှိမှာလည်း အိမ်မှာနေရင်း ကွန်ပျူတာသင်တန်းလေးဖွင့်ချင်ပေမယ့် အရင်းအနှီး မရှိ တာကြောင့် မဖွင့်နိုင်သေးပါဘူး။
မဝင်းတို့မှာ မိသားစုဝင် ငါးဦးရှိပြီး မိဘနှစ်ပါးနဲ့မောင်အကြီးကဝင်ငွေရှိပါတယ်။
“ ကုန်ဈေးနှုန်းတွေ မြင့်တက်မှုကြောင့် အရင်ကထက်ပိုပြီးချွေချွေတာတာသုံးရတယ်”လို့ သူကဆိုပါတယ်။
မချယ်နဲ့ မဝင်းတို့နည်းတူ ကယားပြည်နယ် ၊ ဖရူဆိုမြို့က ကိုယ်အဂါၤမသန်စွမ်းတစ်ယောက်ဖြစ်တဲ့ မရီရီ(အမည်လွှဲ) ကလည်း အလုပ်လက်မဲ့ပြဿနာနဲ့ ရင်ဆိုင်နေ ရပါတယ်။
မရီရီဟာ အရင်က ကိုယ်ပိုင်ပုံနှိပ်လုပ်ငန်းလေးနဲ့ စီးပွားရေးလုပ်ငန်းလေးလုပ်ကိုင်ခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးနောက်မှာ တော့ အလုပ်တွေရပ်နားလိုက်ရပါတယ်။
“အလုပ်မရှိတော့ စားဝတ်နေရေးအရမ်းခက်ခဲနေပါတယ်။ ရေရှည်ဆိုပိုဆိုးမှာပါ”လို့ မရီရီကဖွင့်ဟပါတယ်။
မရီရီတို့မိသားစုမှာ မိခင်ဖြစ်သူ၊ညီအစ်မငါးယောက်နဲ့ တူတူမ လေးယောက်စုစုပေါင်း ၁၁ဦးပေါင်း နေထိုင်ကြပါတယ်။ အစ်မတွေအားလုံးကလည်း CDMလုပ်ထားတဲ့အတွက် တစ်ယောက်မှဝင်ငွေမရှိကြပါဘူး။ စုဆောင်းထားတာလေးတွေနဲ့ပဲ စားဝတ်နေရေးဖြေရှင်းနေကြတာပါ။
မရီရီကိုယ်တိုင်လည်း ရသမျှအလုပ်လိုက်လျှောက်ကြည့်ပေမယ့် လက်ရှိအချိန်အထိအလုပ်မရသေးပါဘူး။
“ ဝင်ငွေရှိရင်ပြီးရောဆိုပြီး အခုလက်ရှိခေါ်တဲ့ အစိုးရဌာနမှာတောင် လူမုန်းခံပြီးသွားလျှောက်ပါသေးတယ်။ ဒါပေမယ့်မရ ပါဘူး” လို့ မရီရီက ဖွင့်ဟပါတယ်။
ကိုဗစ်-၁၉ရောဂါ ပထမလိူင်းမှာကတည်းက လုပ်ငန်းရှင်တွေ၊ ပုဂ္ဂလိကအလုပ်တော်တော်များများဟာ ဝန်ထမ်း လျော့ချတဲ့ အခါ မသန်စွမ်းသူတွေကိုဦးစားပေး လျော့ချတာကြောင့် တော်တော်များများအလုပ်လက်မဲ့ဖြစ်ကြပြီး ကိုယ်ပိုင်အသေးစား စီးပွားရေး လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ မသန်စွမ်းသူတွေလည်း အရင်းအနှီးပြုတ်တာ၊ ဆိုင်ပြုတ်တာတွေကြုံတွေ့ရတယ်လို့ မသန်စွမ်းအရေးလှုပ်ရှားသူတစ်ဦးကထောက်ပြပါတယ်။
“ မသန်စွမ်းသူတွေကို မသန်စွမ်းသူလို့ပြောရင် သူကတောင်မှမတက်နိုင်တာ ပြေးမှမပြေးနိုင်တာ ရုံးကိုဝှီးချဲနဲ့ လာမှမလာ နိုင်တာဆိုတာထက် သူလာနိုင်အောင် သူလုပ်နိုင်အောင်ဘယ်လိုလုပ်ပေးမလဲဆိုတာကို အားလုံး ကထည့်သွင်းစဉ်းစား မိတယ်ဆိုရင် မသန်စွမ်းသူတွေလည်း လုပ်ငန်းခွင်ထဲရောက်လာနိုင်မယ်လေ”လို့ သူက မှတ်ချက်ပေးပါတယ်။
ခက်ခဲကျပ်တည်းတဲ့ခေတ်ဆိုးထဲမှာ မသန်စွမ်းသူအမျိုးသမီးတွေကတော့ အားတင်းကာ ရှေ့ဆက်နေကြပါတယ်။
မသန်စွမ်းတစ်ယောက်အနေနဲ့ ဒီအလုပ်များရနိုင်မလားဆိုတဲ့စိတ်၊ တစ်နေ့တော့ရမှာပါဆိုတဲ့ မျှော်လင့်ချက်နဲ့ အလုပ်တွေ ဆက်ပြီးလျှောက်နေတယ်လို့ မရီရီကဆိုပါတယ်။ ဒါ့အပြင် သူတို့လိုမသန်စွမ်းတွေအပေါ် ဘယ်လိုသဘောထားစေချင် တယ်ဆိုတာ ယခုလိုဆိုတယ်။
“ ကျွန်မတို့မှာ လုပ်ချင်ကိုင်ချင်စိတ်ပြင်းပြပေမယ့် အခွင့်အလမ်းတွေကနည်းတော့ အရာရာသာမာန်သူတွေ ထက်နောက် ကျကျန်နေခဲ့တယ်။ ကျွန်မတို့မှာ သာမာန်သူတွေနဲ့ တန်းတူမလုပ်နိုင်တာမဟုတ်ဘူး။ ကျွန်မတို့မှာစွမ်းရည်ရှိတယ်။ ရှိတဲ့ စွမ်းရည်ကိုဖော်ထုတ်ဖို့တွဲလက်တွေနဲ့ကမ်းဖို့ပဲလိုတာပါ။ ယုံကြည်မှုတွေပေးဖို့ပဲလိုတာပါ ”