သျှန်ကီခမ်း။ ။
အစိမ်းရောင်မိုးထားတဲ့ တဲလေးတစ်လုံးအောက်မှာ အသက် ၃၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ တို့ဖူးလေးကြော်လိုက် တစ်ဖက်မှာလည်း ကြက်သွန်ဆီလေးသပ်လိုက်နဲ့ ကုန်ဈေးနူန်းတက်တဲ့ကိစ္စတွေကို ညည်းတွားနေပါတယ်။
ထိုအကြော်ရောင်းတဲ့အမျိုးသမီးဟာ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ရွာမှာနေထိုင်တဲ့ နန်းခမ်းဘိ ဖြစ်ပါတယ်။ နန်းခမ်းဘိဟာ နေ့ဖက်မှာ တောင်ယာလုပ်ငန်းကို လုပ်ကိုင်ပြီး ညနေပိုင်းမှာတော့ ဆိုင်ကယ်တစ်စီးနဲ့ တို့ဖူးကြော်၊ ခေါက်ဆွဲကြော်၊ တို့ဖူး အစိမ်းစတာတွေကို မဲနယ်တောင်တစ်ကြောရှိ ကျေးရွာတွေမှာ ညတိုင်းလိုလို လိုက်လံရောင်းချပါတယ်။
နန်းခမ်းဘိဟာ တို့ဖူးကြော်၊ ခေါက်ဆွဲကြော်ရောင်းတဲ့ လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုလာတာ ၁၀နှစ်ကျော် ရှိနေပြီး သူ့မှာ အသက်၁၁နှစ်အရွယ်နဲ့ ခြောက်နှစ်အရွယ်သားနှစ်ယောက်ရှိပါတယ်။ အမျိုးသားကတော့ လွန်ခဲ့တဲ့လေးနှစ် ကတည်းက ဆုံးပါးသွားပါပြီ။
မိသားစုသုံးယောက်လုံး ဈေးရောင်းတဲ့အလုပ်ကို မှီခိုအားထားနေရတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် သူတို့လုပ်ငန်းဟာ စစ် အာဏာသိမ်းပြီးနောက်ပိုင်း တစ်ဟုန်ထိုးတက်လာတဲ့ ကုန်ဈေးနူန်းရဲ့ လိူင်းလုံးတွေကြား နစ်မြုပ်လုနီးပါးဖြစ်နေပါပြီ။
၂၀၁၉ ခုနှစ် ကိုဗစ်-၁၉ ရောဂါ ပထမနဲ့ဒုတိယလှိုင်းတွေမှာ အသွားအလာ ကန့်သတ်ထားတာမျိုးတွေ ရှိပေမယ့် ကုန်ဈေး နှုန်း အဆမတန်တက်တာမျိုးတွေ မရှိခဲ့သလို မီတာခတွေလည်း အစိုးရက ကင်းလွတ်ခွင့်ရကြတဲ့အပြင် ထောက်ပံ့မှုအချို့ လည်းရတာကြောင့် နန်းခမ်းဘိတို့လို အခြေခံလူတန်းစားတွေဟာ ကြီးကြီးမားမား ထိခိုက်ခြင်းမရှိခဲ့ပါဘူး။
ကုန်ဈေးနှုန်းတွေ အဆမတန်တက်တာမျိုးတွေ မရှိခဲ့တာကြောင့် အရင်းအနှီးအနည်းငယ်သာထုတ်ရပြီး ဈေးရောင်းလည်း “ပျော်တယ်”လို့ နန်းခမ်းဘိက ဆိုပါတယ်။ နေ့တိုင်းလိုလို ရောင်းနိုင်ရင်တော့ တစ်လကို အမြတ်နှစ်သိန်းနီးပါးထိရပါတယ်။ ဒါ့အပြင်လည်း ရွာတွင်း သာရေး၊ဘာသာရေးပွဲတွေရှိရင်လည်း လိုက်ရောင်းချတာကြောင့် တစ်လကိုသုံးသိန်းကျော်နီးပါး ထိရတယ်လို့ ဆိုပါတယ်။
နန်းခမ်းဘိတို့ သားမိသုံးယောက်လည်း တစ်လ တစ်လ ဈေးရောင်းရငွေနဲ့ မိသားစုစားဝတ်နေရေး၊ သားနှစ်ယောက်ရဲ့ ကျောင်းပညာရေးစရိတ်၊ မုန့်ဖိုးစတဲ့ ကိစ္စတွေဟာ စိတ်ပူစရာမရှိဘဲ အဆင်ပြေစွာနဲ့ ဖြတ်သန်းခဲ့ပါတယ်။
ဒါပေမယ့် စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ ကုန်ဈေးနှုန်းတွေ တစတစ ထိုးတက်လာခဲ့ပါတယ်။ အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ် အစောပိုင်းကာလတွေတုန်းကဆိုလျှင် စားသုံးဆီဈေးနှုန်းဟာ ၁၀ ပိဿာကို နှစ်သောင်းကျပ်ဝန်းကျင်သာ ရှိခဲ့ပေမယ့် ယခုနှစ် ၂၀၂၂ မတ်လရောက်လာတဲ့အချိန်မှာတော့ ရှစ်သောင်းကျပ်အထိ အဆမတန် ထိုးတက်သွားခဲ့ပါတယ်။
စားသုံးဆီဈေးဟာ လေးဆအထိတက်သွားတဲ့သဘောပါ။ ဒါ့အပြင် တို့ဖူးဖြစ်လာဖို့ အဓိကျတဲ့ ကုလားပဲဟာလည်း အာဏာ မသိမ်းခင်မှာ အချိန် ၃၀ကို ခြောက်သောင်းသာပေးရပေမယ့် ယခုဆိုရင် ကိုးသောင်းကျော်အထိ ရှိလာခဲ့ပါတယ်။ အာဏာ သိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုးဆက်တိုက်ဆိုသလို ဈေးကျဆင်းလာတာကြောင့် နိုင်ငံခြားငွေနဲ့ ဝယ်ယူ ရတဲ့ စားအုန်းဆီနဲ့ စက်သုံးဆီလို့ ကုန်စည်တွေဟာ ဈေးတက်လာခဲ့တာဖြစ်ပါတယ်။
တို့ဖူးကြော်၊ ခေါက်ဆွဲဖြစ်လာဖို့ အဓိကကျတဲ့ ကုလားပဲနဲ့ဆီဟာ လေးဆလောက်ထိ ဈေးတက်သွားတာကြောင့် တို့ဖူး ကြော်၊ ခေါက်ဆွဲကြော်ရောင်းတဲ့အလုပ်ကို မီခိုအားထားနေရတဲ့ နန်းခမ်းဘိတို့ ယိုင်နဲ့စပြုလာပါတော့တယ်။ ယခင် အာဏာမသိမ်းခင် ကုန်ဈေးနှုန်းမတက်သေးခင်မှာ နန်းခမ်းဘိတို့၏ ကျေးရွာတွင်းမှာ တို့ဖူးကြော်၊ ခေါက်ဆွဲကြော်တွေ ရောင်းတဲ့ဈေးသည်တွေဟာ တစ်ရွာလုံးမှာ ၁၀ ဆိုင်လောက်ထိ ရှိပါတယ်။
ဒါ့ပေမယ့် စစ်အာဏာသိမ်းပြီး ကုန်ဈေးနှုန်းတက်လာတဲ့အချိန်မှာတော့ “အရင်းပဲပြန်ပြန်ရတာ အမြတ်မရရှိဘူး လူပင်ပန်း တာပဲအဖတ်တင်တယ်”လို့ ဆိုကာ ဆိုင်တွေပိတ်လိုက်တဲ့သူတွေလည်းရှိသလို တို့ဖူးကြော်၊ ခေါက်ဆွဲကြော်တို့ကို မရောင်း တော့ဘဲ ဟင်းသီးဟင်းရွက်ပြောင်းရောင်းတဲ့ သူတွေလည်းရှိတယ်လို့ နန်းခမ်းဘိက သူရဲ့ကျေးရွာအခြေအနေကို ပြောပြပါ တယ်။
ဆီဈေးနှုန်း အဆမတန်တက်လာတာကြောင့် အမြတ်အများကြီးမကျန်ပေမယ့် ဒီဈေးရောင်းတဲ့ အလုပ်ကလွဲရင်လည်း မလုပ်တတ်တာကြောင့် မရောင်းတော့ဘဲ ရပ်နားပစ်ဖို့ နန်းခမ်းဘိအတွက် မဖြစ်နိုင်ခဲ့ပါဘူး။
“ ဒီအလုပ်ကလွဲရင် ဘာမှမတတ်နိုင်ဘူးလေ ဒါပဲတတ်တာကို” လို့ ဆိုပါတယ်။
ယခင်ဆီဈေးမတက်ခင်မှာ နန်းခမ်းဘိက တို့ဖူးကြော်တစ်ပွဲကို လေးရာ၊ငါးရာနဲ့ရောင်းပါတယ်။ ဒါပေမယ့် ဆီဈေးနှုန်း အဆ မတန်ထိုးတက်လာတာကြောင့် ယခုနှစ်မှာ တစ်ပွဲကို ငါးရာ၊ခုနှစ်ရာထိဈေးတင်ပြီး ရောင်းနေရပါတယ်။ ဆီဈေးနှုန်းကြောင့် တို့ဖူးကြော်ကို ဈေးအနည်းငယ်တင်ပြီးရောင်းပြန်ရင်လည်း ဝယ်ယူသူနည်းပါးတာကြောင့် ရောင်းမကုန်တော့ပါဘူး။
ဈေးလည်း ထင်သလို မရောင်းရတာကြောင့် မိသားစု စားဝတ်နေရေး၊ သားတွေရဲ့ မုန့်ဖိုးတွေကိုလည်း အရင်လို မပေးနိုင် တော့ပါဘူး။
“ ကလေးမုန့်ဖိုးလျော့ပေးတယ်။ ပြီးရင်ဘာလျော့လို့ရသေးလဲ လိုက်ကြည့်ပြီး လျော့ပြီးစားသောက်နေရတယ်”လို့ နန်းခမ်း ဘိက ဆိုပါတယ်။
ကုန်ဈေးနှုန်းတွေ အဆမတန်ထိုးတက်သွားတာကြောင့် နန်းခမ်းဘိလို ယိုင်နဲ့စပြုလာတဲ့အထဲမှာ တောင်ကြီးမြို့ထဲက လမ်း တွေမှာ လှည်းနဲ့ကြက်ကင်လိုက်ရောင်းနေတဲ့ မစိုးဦးတို့ လင်မယားနှစ်ယောက်လည်း ပါပါတယ်။
မစိုးဦးတို့ဟာ တွန်းလှည်းဖြင့် ကြက်ကင်ရောင်းလာတာ ယခုဆို ၇ နှစ်ထိ ရှိလာခဲ့ပါပြီ။ ယခင်စစ်အာဏာမသိမ်းခင်မှာ ကုန် ဈေးနှုန်းလည်း အဆမတန် တက်တာမျိုးမရှိသလို တက္ကသိုလ်တွေလည်းဖွင့်တာကြောင့် အတော်လေးရောင်းရပြီး မိသားစု လေးယောက် စားဝတ်နေရေးက အဆင်ပြေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျောင်းတွေလည်း ပိတ်ထားရပြီး ကုန်ဈေးနှုန်းလည်း တက်တာကြောင့် ခါတိုင်း ရောင်းနေကြ ငါးရာနှစ်ကင်ကို တစ်ထောင်သုံးကင်နဲ့ ဈေးတင်ပြီး ရောင်းနေရတယ်လို့ဆိုပါတယ်။ တချို့ညတွေ အဝယ်ဘယ်လောက်ထိပါးလဲဆိုရင် ညနေ ၅ နာရီကနေ ၉ နာရီထိ ထိုင်ရောင်းမှသာ တစ်သောင်းလောက်ပဲရတယ်လို့ မစိုးဦးက ဆိုပါတယ်။
လက်ရှိကာလ အနေအထားနဲ့တစ်သောင်းဆိုတာဟာ “ဘယ်နားမှာသွားသုံးမှာလဲ ကုန်ဈေးနှုန်း အဲ့လောက်တက်တာ”လို့ မစိုးဦးက ခပ်ပြတ်ပြတ်ဆိုပါတယ်။
အကယ်၍သာ မစိုးဦးမှာ တခြားအလုပ်သာရှိရင် ဒီကြက်ကင်ရောင်းတဲ့ အလုပ်ကိုမလုပ်တော့ဘူးလို့ ဆိုပါတယ်။ မရောင်းရ တော့ တစ်ချို့ညဆို ဈေးရောင်းတောင် မထွက်ချင်ဘူးလို့ မစိုးဦးက ညည်းတွားပါတယ်။
လက်ရှိမှာတော့ ရွေးချယ်စရာတခြားလမ်းမရှိတာကြောင့် အဝယ်ပါးနေတဲ့အကင်လေးကိုပဲ အားခဲပြီး ရသလောက်နဲ့လုပ် ရင်း စားသောက်နေရတယ်လို့ ဆိုပါတယ်။
“ဘယ်ချိန်ထမင်း ငတ်မယ်ဆိုတာမသိဘူး။ ကလေးနဲ့ကတစ်ဖက် ဘာလုပ်စားရမှန်းမသိဘူး”လို့ မစိုးဦးက ညည်းတယ်။
မစိုးဦးလိုပဲ နောက်ထပ်အခက်အခဲတွေ့နေသူက မိုးရာသီမှာ သီးနှံစိုက်ပျိုးတဲ့ အလုပ်ကိုလုပ်ကိုင်ပြီး ဒီလိုပူပြင်းတဲ့ရာသီ ဥတုမှာ ဆိုင်ကယ်တစ်စီးနဲ့ တစ်ရွာဝင်တစ်ရွာထွက် ရေခဲချောင်းလိုက်ရောင်းနေတဲ့ အသက် ၃၀အရွယ် မနီလာပါ။
ကိုဗစ်-၁၉ ပထမနဲ့ဒုတိယလှိုင်းမှာ ဓာတ်ဆီတစ်လီတာကို ငါးရာ၊ ခြောက်ရာလောက်သာ ရှိတာကြောင့် ဆိုင်ကယ်နဲ့ လှည့် ရောင်းတဲ့အခါ အဆင်ပြေနေပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဓာတ်ဆီဈေးဟာ တဖြည်းဖြည်းနဲ့ ထိုးတက် လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လ အစောပိုင်းရက်တွေမှာ ဓာတ်ဆီ (92)ဟာ တစ်လီတာကို ၂,၀၀၅ ကျပ်ထိရှိပြီး (95) တစ်လီတာကို ၂,၁၄၀ ကျပ်အထိ ဈေးတက်လာပါတယ်။ ဓာတ်ဆီဈေးနှုန်းတက်သွားတာကြောင့် ဒီလိုပူတဲ့ ရာသီဥတုရောက်နေပေမယ့် မနီလာ ဆိုင်ကယ်နဲ့ ရေခဲချောင်းရောင်းဖို့ ဓာတ်ဆီဖိုး အရင်းအနှီး မထုတ်နိုင်ခဲ့ပါဘူး။
ရေခဲချောင်းပြန်ရောင်းဖို့စဉ်းစားတိုင်း ဓာတ်ဆီဈေးနှုန်းကိုတွေးမိရင် “ ရင်တုန်တယ်လန့်တောင်လန့်တယ်” လို့ မနီလာက ခပ်ပြုံးပြုံး ဆိုလိုက်ပါတယ်။ လက်ရှိမှာတော့ ဓာတ်ဆီဈေး မကျမခြင်း ရေခဲချောင်းရောင်းတဲ့အလုပ်ကို လုပ်မယ်လို့ မစဉ်း စားတော့ဘူးလို့ မနီလာက ဆိုပါတယ်။
စားအုန်းဆီကို ကိုးနှစ်ကျော် ထုတ်လုပ်ရောင်းချနေတဲ့ ဆီကုန်သည်ဦးလွင်က ဆီဖြစ်ဖို့အဓိကျတဲ့ သီးနှံကုန်ကြမ်းဖြစ်တဲ့ နှမ်း၊ မြေပဲ၊ ပဲအမျိုးမျိုးတွေဟာ မကွေးမြို့မှာဝယ်ယူရပါတယ်။ ဒီနှစ်မှာ မြေဩဇာဈေးကြီးတာတွေကြောင့် သီးနှံကုန်ကြမ်း ကလည်း အထွက်နည်းပြီး ကုန်ကြမ်းတန်ဖိုးမြင့်တက်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း တရုတ်ဖက်ကို ကုန်ကြမ်းပို့တဲ့ အချိန်မှာ ဈေးမြင့်နဲ့ရပြီး ဒေါ်လာဈေးမြင့်တာကြောင့် ကုန်ကြမ်းဈေးမြင့်ကုန်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံရေးအရှုပ်အထွေးတွေကြောင့် ဒေါ်လာဈေးတက်တာတွေ ၊ ဆီထုတ်လုပ်တဲ့ စက်လည်ပတ်နိုင်ဖို့ လျှပ်စစ်မီး ကလည်း ပုံမှန်မလာတာကြောင့် လုပ်အားခ ပိုကုန်ရတာတွေကြောင့်လည်း ဆီဈေးတွေတက်ရတာလို့ဆိုပါတယ်။
“ထပ်တက်ဖို့ အလာလာရှိဦးမယ်ဗျ”လို့ သူကခန့်မှန်းပါတယ်။
“ ဆီဈေးနှုန်းက ဒီထက်ထပ်တက်ရင် အခြေခံလူတန်းစားကတော့ မဝယ်နိုင်တာမျိုးတွေရှိလာမယ်။ စားဝတ်နေရေးကို ဒီ ထက်မက ပိုမိုထိခိုက်လာနိုင်တယ်” လို့ ဦးလွင်က ဆက်ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ ဘယ်လိုဖြစ်လာမယ် မခန့်မှန်းနိုင်ကြသေးပေမယ့် ကုန်ဈေး နှုန်းတွေသာ ဒီထက်မက ထပ်တက်လာမှာကို ပြည်သူတွေက စိုးရိမ်နေကြပါတယ်။
ကိုဗစ်ရိုက်ခတ်မှုနဲ့ စစ်အာဏာသိမ်းမှုကြောင့် ယခင်နှစ်တွေလို ဆိုးရွားခဲ့တဲ့ မြန်မာ့စီးပွားရေးတွေဟာ ယခုနှစ် ၂၀၂၂ ခုနှစ်ထဲမှာလည်း အဆိုးဆုံးအခြေအနေတွေနဲ့ ထပ်မံကြုံတွေ့လာနိုင်တယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေက ခန့်မှန်းထား ကြပါတယ်။
ကမ္ဘာ့ဘဏ်ကလည်း မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုဟာ ကိုဗစ်-၁၉ ကူးစက်ရောဂါ မဖြစ်ပွားခင်ကထက် နှစ်ဆ ပိုမိုများပြား လာမှာ ဖြစ်ကြောင်း ခန့်မှန်းချက်ထုတ်ပြန်ထားပါတယ်။
တို့ဖူးကြော်ရောင်းတဲ့ နန်းခမ်းဘိကတော့ ဒီအခြေအနေမှာတောင် ထမင်းနပ်မှန်အောင်စားရဖို့ ဒီလောက်ထိ ရုန်းကန်နေ ရပြီး ဒီထက်သာကုန်ဈေးနှုန်း ထပ်တက်သွားမည်ဆိုရင်တော့ “ ကုန်ဈေးနှုန်းနောက်လိုက်ရင်း ရူးသွားမှာလား ငတ်မှာလား တော့မသိဘူး” လို့ ခပ်ပြတ်ပြတ်ဆိုပါတော့တယ်။