Home ဆောင်းပါး “အာဏာရှိသူတွေပျော်ရွှင်ရယ်မောနေချိန် ပြည်သူတွေငိုနေရတဲ့ဟာမျိုးတွေ ထပ်မလိုချင်ဘူး”

“အာဏာရှိသူတွေပျော်ရွှင်ရယ်မောနေချိန် ပြည်သူတွေငိုနေရတဲ့ဟာမျိုးတွေ ထပ်မလိုချင်ဘူး”

Honest Information (HI)

အနီရောင်ပအိုဝ်းခေါင်းပေါင်း ပေါင်းထားတဲ့ နန်းပေတစ်ယောက် အစိမ်းရောင်မိုးကာကို အိမ်အောက်မှာခင်းပြီး ခြံကနေ ခူးလာတဲ့ ခရမ်းချဉ်သီးတွေကို ထည့်ထားလိုက်ပါတယ်။ ပြီးတော့ ခရမ်းချဉ်သီးတွေကို အစိမ်း၊ အမှည့်၊ အကြီး၊ အသေး စတဲ့ အရွယ် အစား အမျိုးအစားခွဲဖို့ စိတ်ပျက်လက်ပျက်နဲ့ ထိုင်ရွေးနေခဲ့ပါတယ်။

နန်းပေကတော့ ပင်လောင်းမြို့နယ် ပအိုဝ်းကျေးရွာတစ်ရွာမှာ ခရမ်းချဉ်သီးစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်နေတဲ့ တောင်သူတစ်ဦးပဲ ဖြစ်ပါတယ်။ သူ့မှာ အမျိုးသားမရှိတော့ပါဘူး။ ၁၀ နှစ် အရွယ်သားလေးနဲ့ အတူတူနေထိုင်ပါတယ်။

ခူးလာသမျှ ခရမ်းချဉ်သီးတွေကို အမျိုးစားလိုက် ‌ရွေးနေခဲ့ပေမယ့် ဘယ်နေရာမှာ သွားရောင်းမယ်ဆိုတာကို သူမသိပါဘူး။ ဝယ်သူရှိပါ့မှာလားဆိုပြီး တွေးရင်းရွေးရင်းနဲ့ပါပဲ။ စိုက်သာစိုက်နေရတာ ရင်းရတဲ့အရင်းအနှီး‌တောင် ပြန်ကာမိလေမလား ဆိုပြီး သူထိုင်ရွေးလိုက် အိတ်ထဲထည့်လိုက်နဲ့ လုပ်နေခဲ့ပါတယ်။

အကြောင်းကတော့ မြန်မာနိုင်ငံက ပြည်သူတွေဟာ စစ်ကောင်စီအာဏာသိမ်းမှုကြား ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်း ရိုက်ခတ်မှုဒဏ်ကိုပါ ထပ်ဆင့် ရင်ဆိုင်နေရတဲ့အပြင် ကုန်ဈေးနှုန်းတွေလည်း အဆမတန်ဈေးတက်တဲ့ဒဏ်ကိုလည်း ရင် ဆိုင်နေရပါတယ်။

ဒါပေမယ့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ စိုက်ပျိုးတောင်သူ အမျိုးသမီးအများစုဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်းကတည်းက အာလူး၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီး၊ ပန်းတိမ်ငိုပန်းတို့စိုက်ပြီး ရောင်း မရ၊ ဈေးကောင်း မရတာဟာ ကိုဗစ်-၁၉ကပ်ရောဂါ တတိယလှိုင်းထိပါပဲ။

၂၀၀၈ အခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိထားတဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသမှာ ပင်လောင်းမြို့နယ်၊ ဆီဆိုင် မြို့နယ်နှင့် ဟိုပုံးမြို့နယ်ဆိုပြီး သုံးမြို့နယ်ပါဝင်ပါတယ်။ အဲ့ဒီအခြေစိုက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) ဟာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ ရာနှုန်းပြည့်အနိုင်ရခဲ့တဲ့အတွက် ပါတီဥက္ကဌက အစိုးရသက်တမ်း နှစ်ဆက် ဒေသဦးစီးအဖွဲ့ဥက္ကဌအဖြစ် တာဝန်ယူနေတာဖြစ်ပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပြည်ခိုင်ဖြိုး ပါတီဝင်တစ်ဦးကို စစ်ကောင်စီက ဥက္ကဌအဖြစ်ပြောင်းလဲ ခန့်အပ်ထားပါပြီ။

ကိုဗစ်-၁၉ကပ်ရောဂါ တတိယလှိုင်းကြောင့် ဒီရက်ပိုင်းမှာ တောင်သူထွက်ကုန်တွေ ဈေးကောင်းကောင်းနဲ့ မရောင်းရတဲ့ ဒဏ်၊ ရောင်းမထွက်တဲ့ဒဏ်နဲ့ နပန်းလုံးနေရပါတယ်။ သွားရေးလာရေးကလည်း ယခင်ကထက် ပိုမိုတင်းကြပ်လာပါတယ်။

စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်တဲ့တောင်သူတွေကတော့ ထွက်သမျှသီးနှံတွေကို ရောင်းချလို့မရ၊ ဈေးနှုန်းကလည်း ခရမ်း ချဉ်သီး တစ်ပိဿာမှ ငွေ ၁၀၀ ကျပ်လောက်သာရပြီး အရင်းနဲ့မကိုက်တာကြောင့် လိုအပ်သူ မည်သူမဆို အခမဲ့ လာယူ ပါစေဆိုပြီး အခင်းလိုက် ပစ်ထားရတဲ့ သူလည်း ရှိတယ်လို့ ဆိုကြပါတယ်။

နန်းပေက ကိုဗစ်-၁၉ ပထမလှိုင်းတုန်းက ဂေါ်ဖီထုပ်ကို စိုက်ပျိုးတဲ့အချိန်မှာ ၁၀ ဘီးကားနဲ့ အပြည့်လာတင်မှ ကားခ၊ လုပ်အားခ အားလုံးပြန်နုတ်လိုက်ရင် ငါးထောင်လောက်ပဲ ကျန်တာပါ။ ဒါကြောင့် ဒီနှစ်မှာ ခရမ်းချဉ်သီးကို ပြောင်းပြီး စိုက်ခဲ့ပါတယ်။

ဈေးကွက်ရှိမယ်လို့ သူထင်ထားခဲ့ပေမယ့် ထင်ထားသလို မဖြစ်ခဲ့ပါဘူး။ ခရမ်းချဉ်သီး အနည်းငယ် စပေါ်တဲ့အချိန် မေလ နဲ့ ဇွန်လပိုင်းတွေမှာ ဈေးနှုန်း ၅၅၀ မှ ၇၅၀ ကျပ် အထိ ရောက်ပါတယ်။ခရမ်းချဉ်သီး အများဆုံးထွက်တဲ့ ဒီကာလမှာတော့ အောင်ပန်းမြို့မှာ ရှိတဲ့ ကုန်စိမ်းဒိုင်တွေ ပိတ်ထားတာ နှစ်ပတ်ရှိပြီလို့ ဆိုပါတယ်။

ကုန်စိမ်းဒိုင်တွေတွေ အကုန်ပိတ်တာကြောင့် နန်းပေကတော့ အွန်လိုင်းကနေတစ်ဆင့် တစ်ပိသာ ၂၀၀ကျပ်နူန်းနဲ့ ရောင်း နေရပါတယ်။ ပြည်သူအချင်းချင်းက ဝယ်ပြီး ပြည်သူကို ပြန်လှူတာမျိုးတွေ လုပ်ကြတဲ့အတွက် ရောင်းရတယ်လို့ ဆိုပါ တယ်။

တချို့ကတော့ ကျေးရွာဒေသအတွင်းမှာ တစ်ပိဿာ ၁၀၀ကျပ် နှုန်းဖြင့် ဆိုင်ကယ်နဲ့ လှည့်ပြီး ပြန်ရောင်းရတာပါ။ ရောင်း မကုန်ရင် အိမ်နီးနားချင်းတွေကို အလကားပေးခဲ့ရတဲ့ အခိုက်အတန့်လည်း ရှိတယ်လို့ ဆိုပါတယ်။

နန်းပေ ခရမ်းချဉ်သီးကို စတင်စိုက်ပျိုးစမှာ မြေသြဇာ၊ မျိုးစေ့၊ အရင်းက တစ်သိန်းခွဲ၊ နှစ်သိန်းထိ ရင်းရပါတယ်။ သူ့မှာ ကူမယ့်လူမရှိတဲ့အတွက် ဆေးဖြန်းတာ၊ စိုက်တာ၊ ခူးတာကအစ လူဌားရတာပါ။ မြေသြဇာဆိုလည်း ယခင်က နှစ်သောင်း ကျော်သာ ရှိပါတယ်။ လက်ရှိမှာ မြေသြဇာ တစ်အိတ်ကို ငါးသောင်းထိ ဈေးက တရှိန်ထိုး တက်လာပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကတဖက်၊ နိုင်ငံရေးကတဖက်နဲ့ သွားရေးလာရေး ခက်ခဲတဲ့အပြင် ဈေးတွေ၊ ဆိုင်တွေလည်း အကုန် ပိတ်ထားပါတယ်။ ဖြန်းဆေးဝယ်လို့မရ ၊ဆေးမဖြန်းရတာကြောင့် ခရမ်းချဉ်သီးအပင်မှာ ပိုးကျခဲ့ပါတယ်။ အသီးမှာ အမဲ ကွက်လေးတွေ ဖြစ်တဲ့အတွက် အပယ်သီးတွေ ဖြစ်ကုန်ပါတယ်။

ဒီလို ဈေးနှုန်းမရှိတာတစ်ဖက်၊ ရောင်းမရတာ တစ်ဖက်၊ ပိုးကျလို့ ဆုံးရှုံးမူတဖက်ကြောင့်နဲ့ ဝင်ငွေလည်း နည်းပါးသွားပြီး စားရေးသောက်ရေးကို ချွေတာစွာ စားသုံးနေရတယ်လို့ သူကဆိုတယ်။ အရင်းအနှီးအတွက် ချေးထားတဲ့ အကြွေးလည်း ဆပ်ဖို့ အဆင်မပြေတော့တဲ့ အထိပါပဲ။

နေ့နေ့ညညမနားဘဲ ပင်ပင်ပန်းပန်းလုပ်နေတာတောင် ကောင်းမွန်တဲ့ ဈေးကွက်နဲ့ မရောင်းရတာကြောင့် နန်းပေ စိတ်ဓာတ် ကျနေခဲ့ပါတယ်။ “ နေပူ မိုးရွာမရှောင်ဘဲ လုပ်နေတောင် ဈေးကောင်းနဲ့ မရောင်းရဘူး” လို့ နန်းပေက ညည်းပါတယ်။

နန်းပေက ဘာကြောင့် သူတို့ထွက်ကုန်တွေ ဈေးနှုန်းကျဆင်းသွားလဲ၊ ဈေးကောင်းကောင်းနဲ့ မရောင်းရတာလဲဆိုတာ သူ့အတွက် မေးခွန်းတစ်ခုလိုဖြစ်နေပါတယ်။ “ ဘယ်ကနေမှန်း တင်ပို့လာတဲ့ ကုန်ပစ္စည်းတွေကိုကျတော့ ဈေးကြီးပေး ဝယ်ရတယ် ကျမတို့ ထွက်ကုန်တွေက ဘာကြောင့် ဈေးကွက်မရှိရတာလဲ” လို့ မေးခွန်းထုတ်ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ထွက်ကုန်တွေကို ရောင်းမရ၊ဈေးကောင်း မရှိတာကြောင့် အခက်အခဲကြုံတွေ့နေရတာမှာ ခရမ်းချဉ်သီး တောင်သူတစ်ဦးဖြစ်တဲ့ နန်းအေးလည်း ပါဝင်ပါတယ်။ အသက် ၂၁ နှစ် အရွယ် နန်းအေးက ပင်လောင်းမြို့ ကျေးရွာတစ်ရွာမှာ အမျိုးသားရယ်၊ တစ်နှစ်ခွဲ သားလေးနဲ့အတူ နေထိုင်ပါတယ်။

နန်းအေးကတော့ ခရမ်းချဉ်သီးနဲ့ အာလူးစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ပါတယ်။ ခရမ်းချဉ်သီးကို စိုက်နိုင်ဖို့ မြေသြဇာကို ပွဲစားဆီက အတိုးနဲ့အရင်ချေးပြီး စိုက်ပျိုးရတာပါ။ ခရမ်းချဉ်သီးတွေကို ရောင်းလို့ မရတာကြောင့် ချေးထားတဲ့ချေးငွေ တွေကို ပြန်မဆပ်နိုင်သေးပါဘူး။ တစ်ရက်ပွဲစားက အကြွေးလာတောင်းတော့ “အဆင်ပြေတဲ့အချိန်ကျရင် ပေးပါ့မယ်” ဆိုပြီး ပြောရတယ်လို့ ဆိုပါတယ်။

အတိုးနဲ့ ချေးထားတာဖြစ်တဲ့အတွက် ပိုက်ဆံတစ်သိန်းကို တစ်လ သုံးထောင်လောက် အတိုးပေးရပါတယ်။ “ မပေးနိုင် တော့ အတိုးကတော့ လတိုင်းလတိုင်း တက်နေတယ် “ လို့ နန်းအေးက ဆိုပါတယ်။

ထွက်ကုန်တွေကို ရောင်းမရတာကြောင့် အကြွေးချက်ချင်းမဆပ်နိုင်တာကို နားလည်ပေးတဲ့ ပွဲစားတွေရှိသလို တောင်သူ တွေ ပြန်မပေးမှာစိုးရိမ်ပြီး ချက်ချင်းပြန်တောင်းတာမျိုးတွေရှိပါတယ်။ အဲ့ဒီလို အပူတပြင်းတောင်းရင်တော့ တခြားသူဆီမှာ ငွေချေးပြီး ပွဲစားတွေကို ပြန်ပေးရတယ်လို့ နန်းအေးက ပြောပြပါတယ်။

ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ကုန်ဈေးနှုန်းတက်မှာစိုးလို့ ဝယ်ခြမ်းစုဆောင်းထားဖို့ နေနေသာသာ ခြံထွက်ကုန်တွေ ရောင်းမရတာ၊ ဈေးနှုန်းမရှိတာကြောင့် သာမာန်လက်လုပ်လက်စားတွေရဲ့ ဘဝဟာ တော်တော် အထိနာပါတယ်။

နန်းအေးတို့ မိသားစုကတော့ ခရမ်းချဉ်သီး မရောင်းရပေမယ့် လက်ရှိမှာ အာလူးကို ရောင်းကာ စားဝတ်နေရေး အတွက် ပုံမှန်တစ်ထောင်ကုန်ကျတာကို သုံးရာ၊ လေးရာထိပဲ သုံးပြီး ချွေတာစွာ စားသောက်နေရတယ်လို့ ဆိုပါတယ်။

အကယ်၍ နိုင်ငံရေးက ဒီတိုင်းပဲဆက်သွားမယ်ဆိုရင် တောင်သူအများစုမှာ အရင်းအနှီးတွေ မထုတ်နိုင်ဘဲ ရှေ့ဆက် လုပ်ဆောင်တဲ့နေရာမှာ အခက်အခဲများတဲ့အပြင် တောင်သူတွေလည်း ကြာကြာမတောင့် မခံနိုင်တော့ဘဲ ထမင်းငတ်ကုန် လိမ့်မယ်လို့ နန်းအေးက ဆိုပါတယ်။

နောက်နှစ်တွေမှာ ကိုဗစ်-၁၉ ရောဂါလည်း လျော့နည်းလာမယ်၊ နိုင်ငံရေးအခြေအနေလည်း ‌ကောင်းမယ်ဆိုရင်တော့ စိုက်ပျိုးရေး ကုန်ဈေးနှုန်းရှိရှိနဲ့ ရောင်းရလိမ့်မယ်လို့ပဲ တွေးပြီး အားယူနေပါတယ်။

စိုက်ပျိုးတောင်သူတွေကလည်း နိုင်ငံရေးအောက်မှာရှိတဲ့အတွက် နိုင်ငံရေးအခြေအနေ မြန်မြန်ကောင်းလာပါစေလို့ “ နေ့ တိုင်း ညတိုင်း ဆုတောင်းတယ်” လို့ နန်းအေးက ဆိုပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဝင်ရောက်လာစဉ်ကတည်းက ရှမ်းပြည်တောင်ပိုင်း ဒေသခံအများစုက သီးနှံတွေ ဈေးနှုန်း မရှိတာကြောင့် အရှုံးပေါ်နေတာ ကိုဗစ်-၁၉ တတိယလှိုင်းထိပါပဲ။ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေကြောင့် ကုန် ဈေးနှုန်းတွေ အဆမတန် ဈေးတက်လာတာကြောင့် တောင်သူအများစုက အထိနာကြပါတယ်။

တောင်သူတွေရဲ့ ကုန်စိမ်းတွေကို တဖက်တလမ်းကနေ ကူညီအားပေးနေတဲ့ သူတစ်ဦးကတော့ ခရမ်းချဉ်သီး ငါးအိတ်၊ အာလူးနှစ်အိတ်တို့ကို တတ်နိုင်သလောက် ဝယ်ယူပေးပြီး တခြားကျေးရွာဒေသတွေ၊ တောင်ကြီးမြို့မှာ ရှိတဲ့ ပရဟိတ ကျောင်းတွေကို ပြန်လှူတာမျိုး လုပ်ပေးတယ်လို့ ဆိုပါတယ်။

တောင်သူတွေထံ ခရမ်းချဉ်သီး သွားဝယ်တဲ့အချိန်မှာလည်း သယ်ယူပို့‌ဆောင်တဲ့နေရာမှာ အခက်အခဲ ရှိသလို ကျေးရွာ တွေထိ ပြန်လှူတဲ့အချိန်မှာလည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် “ အသိတစ်ယောက်နဲ့ ရွာအပြင်ဖက်ကနေဘဲ လှူရတယ် ကျေးရွာထဲထိ ပေးဝင်တော့ သယ်ယူရတဲ့ နေရာမှာလည်း အခက်အခဲရှိတယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါ၊ နိုင်ငံရေးအခြေအနေကြောင့် စိုက်ပျိုးထုတ်ကုန်တွေကို ရောင်းလို့ မရတဲ့အတွက် ဒုက္ခရောက် နေတဲ့ အထဲမှာ ပန်းတိမ်ငိုပန်း စိုက်ပျိုးတဲ့ အသက် ၄၉ နှစ် အရွယ်ရှိတဲ့ တောင်သူမွိုးဆန်းလည်းပါတယ်။ ဟိုပုံးမြို့နယ် ပအိုဝ်း ရွာမှာ အမျိုးသားနဲ့ အတူနေထိုင်နေတာပါ။

မွိုးဆန်းက ပန်းတိမ်ငိုပန်းစိုက်လာတာ ဒီနှစ်နဲ့ဆို နှစ်နှစ်ရှိပါပြီ။ ပြီးခဲ့တဲ့နှစ်တုန်းက စိုက်ချိန်မှာ အပင်တိုတယ်ဆိုပြီး ပွဲစား တွေက မဝယ်ပါဘူး။ နှစ်နှစ်ပြည့်လျှင် ပန်းတစ်စီးကို ၅၀၀၊ ၆၀၀ကျပ်ထိ ပေးဝယ်မယ်လို့ ပွဲစားတစ်ဦးက သူ့ကိုပြောခဲ့ ပါတယ်။

နှစ်နှစ်ပြည့်တဲ့အချိန်ကျရင် ရောင်းရတော့မယ် ဝင်ငွေရတယ်ဆိုပြီး နှစ်နှစ်မပြည့်မချင်း အားခဲပြီး ပြုစုပျိုးထောင် စိုက်ပျိုး လာခဲ့ပါတယ်။ အရင်းအနှီးတွေ မြေသြဇာတွေလည်း ပိုမိုအလေးထားပြီးထည့်ပေးပါတယ်။

ပန်းတိမ်ငိုပန်းတွေ ဖူးပွင့်ဝေဆာ၊ ခူးဆွတ်ရောင်းချလို့ရပြီ ဆိုတဲ့အချိန်မှာ ကိုဗစ်-၁၉ တတိယလှိုင်း ရောဂါပျံ့နှံ့မှု၊ နိုင်ငံရေး အခြေအနေကြောင့် သွားလာကန့်သတ်ထားကြပြီး ကျေးရွာမှာလည်း စစ်ဆေးရေးဂိတ်တွေထားပြီး ပွဲစားတွေလည်း ကျေးရွာထိ လာရောက်ဝင်ယူတာမျိုး မရှိတော့ပါဘူး။ ယခင် ဒီလိုအချိန်က ဟင်းသီးဟင်းရွက်တွေ ပန်းတွေကအစ ပွဲစား တွေက ကျေးရွာထိ လာရောက်ဝယ်ယူပေးပါတယ်။

မျှော်လင့်ချက်ကြီးစွာနဲ့ အားခဲပြီး စိုက်ပျိုးလာခဲ့သမျှ ဝယ်သူမရှိတာကြောင့် မွိုးဆန်းတစ်ယောက် စိတ်ဓာတ်ကျနေခဲ့ ပါ တယ်။ စားဝတ်နေရေးအတွက် တွေးမိရင် စိတ်သောကရောက်ပြီး “ ထမင်းတောင် စားမဝင်တော့ဘူး”လို့ မွိုးဆန်းက ဆိုပါ တယ်။

ဘယ်လိုဆက်လုပ်ရမှာလဲ။ ဘယ်လိုရှေ့ဆက်ရမှာလဲ ဘယ်လိုရှေ့ဆက် အသက်ရှင်ရမှာလဲ ဆိုတာကိုလည်းမသိ၊ မစဉ်း စားတတ်တော့ဘူးလို့ သူက ပြောပါတယ်။ ဆန်၊ ဆီ၊ ဆား တွေလည်း ဆီဆိုလျှင် တစ်ဗူး ၁,၅၀၀ ကျပ်တန်ကို လက်ရှိမှာ ၂,၅၀၀ ရှိနေပါတယ်။ ဈေးနှုန်းအဆမတန်တိုးတာတစ်ကြောင်း ကိုဗစ်-၁၉ တစ်ကြောင်း၊ နိုင်ငံရေးကတစ်ကြောင်း ဆိုတော့ လက်လုပ်လက်စား တောင်သူတွေ တော်တော်ကို အထိနာနေကြတယ်လို့ ဆိုကြပါတယ်။

မွိုးဆန်းကတော့ သူတို့ရဲ့အခက်အခဲတွေ၊ ခြံထွက် သီးနှံကုန်ဈေးနှုန်းတွေ ဘယ်သူက လာဖြေရှင်းပေးနိုင်မှာလဲ ဘယ်သူ ကို အားကိုးရမှာလဲဆိုတာ မသိတော့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ပအိုဝ်းခေါင်းဆောင်တွေ၊ အာဏာရှိသူတွေ အနေနဲ့ အဆင်ပြေရင် ကူညီပေးဖို့ တောင်းဆိုပါတယ်လို့ မွိုးဆန်းက ဖြစ်ချင်တဲ့ဆန္ဒကို ပြောပြပါတယ်။

မကူညီနိုင်ဘူးဆိုရင်လည်း ထပ်မနှိပ်စက်ပါနဲ့၊ မြေယာတွေ ထပ်မသိမ်းပါနဲ့လို့ သူက ဆိုပါတယ်။ “ လူကြီး (အာဏာရှိသူ) တွေက ပျော်ရွှင်ရယ်မောနေချိန်မှာ ဒေသခံပြည်သူတွေ ငိုနေရတဲ့ဟာမျိုးတွေ ထပ်မလိုချင်ဘူး”ဟု မွိုးဆန်းက ဆက်ဆိုပါ တယ်။

တောင်သူတွေရဲ့ သီးနှံတွေကို ဝယ်ပေးနေတဲ့ အောင်ပန်းမြို့ ကုန်စိမ်းဒိုင်တစ်ဦးကတော့ ဒီလိုရာသီက ခရမ်းချဉ်သီးတွေ အများဆုံးထွက်တဲ့ အချိန်ဖြစ်တဲ့အတွက် ဈေးနှုန်းအဆမတန် ထိုးကျရတယ်လို့ဆိုပါတယ်။ ဈေးတွေ၊ ဈေးဆိုင်တွေ ပိတ်သွားတဲ့ အတွက် ပွဲရုံမှာ လာယူသူနည်းပါးသွားပြီး ခရမ်းချဉ်သီးဆိုရင် အသီးမှည့်လှနေမှ တပိသာကို ၂၀၀ ကျပ် ပေါက်ဈေးရှိတယ် လို့ ပြောပြပါတယ်။

ယခင်က ပွဲရုံတွေကို တနေ့ကုန်နီးပါး ဖွင့်ပေမယ့် ကိုဗစ်-၁၉ ကြောင့် မနက် ၆ နာရီကနေ ၁၀ နာရီ ထိသာ အချိန်ပိုင်းနဲ့သာ ဖွင့်ပါတယ်။ ကုန်စိမ်းဒိုင်က ဆုံရှုံးသွားတာမျိုးမရှိပေမယ့် တောင်သူတွေကတော့ လွှင့်ပစ်ရတယ် အနေအထားရှိပါတယ်လို့ အဆိုပါပွဲရုံပိုင်ရှင်က ဆက်ဆိုပါတယ်။

လတ်တလောမှာတော့ တောင်သူတွေဟာ ကူရာကယ်ရာမဲ့နေပြီး ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှု၊ နိုင်ငံရေးအခြေအနေကလည်း မကောင်းလာဘူး ကုန်ဈေးနှုန်းတွေလည်း အဆမတန် ထပ်တက်နေတော့မယ်ဆိုရင်တော့ သူတို့ကြုံတွေ့နိုင်ရတဲ့ အခြေ အနေကို မွိုးဆန်းက ယခုလိုပဲ ဆိုတယ်။

“ မိဘပြည်သူတွေက ထမင်းမစားရဘဲ ပဲသီးပြုတ်၊ ဆန်ပြုတ်နဲ့စားနေရမယ် အစာငတ်ပြီး သေရုံပဲကျန်တယ်”

Related Articles