ဒေဝီ။ ။
နေ့လည် နှစ်နာရီထိုးတာတောင် အိပ်ရာကမထသေးတဲ့ သားဖြစ်သူကို ထမင်းစားဖို့ အခန်းတံခါးကို တစ်ဒုန်းဒုန်း ထုနိုး လည်း ထမလာတာကြောင့် ဒေါ်အေးသန်း စိတ်တိုလာတယ်။
သားတော်မောင် အိပ်ယာကထလာဖို့အရေး အခန်းအပြင်ကနေအော်ခေါ်လိုက် တံခါးခေါက်လိုက် လုပ်အပြီးမှာ သားဖြစ် သူက အိပ်မှုံစုံမွှားနဲ့ထလာတယ်။
အိပ်ယာကထ၊ထမင်းစားရေချိုးပြီးရင်လည်း သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ပြီးရပ်ကွက်ထဲ လျှောက်သွားသလို ညပြန်လာရင်လည်း မိုးလင်းပေါက်ထိ ဂိမ်းထိုင်ဆော့တဲ့ သားဖြစ်သူကို နေ့တိုင်းတွေ့နေရတော့ အားမလို အားမရဖြစ်မိ တာအမှန်လို့ ဒေါ်အေးသန်းက ငြီးငြူတယ်။
” နေ့တိုင်း အပေါင်းအသင်းနဲ့ ဂိမ်းနဲ့အချိန်ကုန်နေတာ၊ အလုပ်လုပ်မလားဆိုတော့လည်း ကျောင်းတောင်မတက်ရသေး တော့ အလုပ်မလုပ်ချင်ဘူး၊ Gamer လုပ်မှာဆိုပြီး တစ်ချိန်လုံး ဂိမ်းပဲဆော့နေတာ” လို့ ဒေါ်အေးသန်းကဆိုပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်လူနာစတွေ့ကတည်းကအခြေခံပညာကျောင်းတွေနဲ့ တက္ကသိုလ်တွေ ယာယီပိတ် ထားခဲ့ရသလို အာဏာသိမ်းပြီး နောက်ပိုင်းမှာလည်း တက္ကသိုလ်တွေပြန်မဖွင့်လှစ်နိုင်သေးပါဘူး။ ပြန်ဖွင့်လှစ်တဲ့ စာသင် ခန်းတွေဆီကိုလည်း ကျောင်းသူကျောင်းသားအများစုက ပြန်မသွားကြတော့ပါဘူး။
ပုံမှန်ဆိုကျောင်းတက်ပြီးအလုပ်ခွင်ဝင်ရမယ့်အချိန်ဖြစ်ပေမယ့် ကိုဗစ်နဲ့အာဏာသိမ်းမှုကြောင့် အချိန်နှစ်နှစ်ကျော်ကြာ ကျောင်းလည်းမတက်ရသလို အလုပ်အကိုင်တွေလည်း ရှားပါးလာတဲ့အတွက် လူငယ်အများစုက ပညာတစ်ပိုင်းတစ်စနဲ့ အနာဂတ်မျှော်မှန်းချက်တွေ ပျောက်ခဲ့ရပါတယ်။
ဒီလိုလူငယ်တွေထဲ ဒေါ်အေးသန်းရဲ့ အသက်၁၉နှစ်ရွယ်သားဖြစ်သူလည်း အပါအဝင်ပါ။ ဥပဒေမေဂျာနဲ့ တက္ကသိုလ် တက်ရောက်ဖို့ ပြင်ဆင်ပြီးမှ ကိုဗစ်ရောဂါကြောင့် ကျောင်းမတက်လိုက်ရတာ အခုထိ။
တက္ကသိုလ်တက်၊လိုအပ်တဲ့ဘာသာစကားတွေသင်ယူပြီး ကျောင်းပြီးတဲ့အခါ နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ မျှော်မှန်း ထားပေ မယ့် ကိုဗစ်နဲ့ နိုင်ငံရေးအခြေအနေက ဒေါ်အေးသန်းတို့သားအမိတွေရဲ့ မျှော်လင့်ချက်ကို ပျက်ပြယ်စေခဲ့တယ်။
ကိုဗစ်ကြောင့်ရော နိုင်ငံရေး အခြေအနေကြောင့်ရော ကျောင်းနဲ့ဝေး၊အလုပ်အကိုင်လည်း မရှိတဲ့အခါ သူ့သားဖြစ်သူက အပေါင်းအသင်းအပျော်အရွှင်နဲ့ပဲ နေ့စဉ်အချိန်ကုန်နေရတဲ့အတွက် မိခင်တစ်ဦးအနေနဲ့ အနာဂတ်ကိုတွေးပြီး စိတ်ပူတယ် လို့ဆိုပါတယ်။
ကျောင်းတွေယာယီနားထားတဲ့အချိန် ကိုဗစ်ဒုတိယလှိုင်းကာလတုန်းက သားဖြစ်သူနဲ့ သူငယ်ချင်းအချို့က ကော်ဖီဆိုင် တစ်ခုမှာ အလုပ်လုပ်ခဲ့ပေမယ့် အလုပ်ချိန်နဲ့ ဝင်ငွေမမျှတာကြောင့် တစ်လကျော်သာ လုပ်ခဲ့ပြီး ဒီနေ့အထိ ဘာမှဆက်မ လုပ်ဖြစ်ဘဲ အိမ်မှာပဲ ဂိမ်းဆော့ရင်းဖြတ်သန်းနေတာလို့ ဒေါ်အေးသန်းကပြောပါတယ်။
အားလပ်တဲ့အချိန်မှာအွန်လိုင်းကနေ သင်တန်းတစ်ချို့ တက်ပေမယ့်လည်း နေ့စဉ်ဂိမ်းကစားတာနဲ့ပဲ အချိန်ကုန်နေပြီး ဒီလိုအခြေအနေက သားဖြစ်သူတင်မက သူ့သူငယ်ချင်းတွေပါ ကြုံနေရတာဆိုတော့ မပြောသာဘူးလို့ ဒေါ်အေးသန်းက ပြောပါတယ်။
” သူလည်း ကျောင်းမတက်ရဘဲ ဒီအတိုင်းနေနေတော့ စိတ်လေပုံရပါတယ်၊ ကိုယ်လည်း အခြားဟာတွေ လုပ်တာထက် စာရင် အိမ်မှာပဲမြင်နေရတာ တော်ပြီဆိုပြီးဘာမှမပြောတာ၊ ရှေ့ဆက်ပြီးတော့လည်း ဘယ်လိုလာဦးမလဲ မသိတော့ စိတ် တော့ပူတယ်” လို့ ဒေါ်အေးသန်းကပြောပါတယ်။
ဒေါ်အေးသန်းရဲ့သားဖြစ်သူလို ကျောင်းမတက်ရတဲ့ကာလတွေမှာ အချိန်ကုန်ပြီး လမ်းပျောက်တယ်လို့ဆိုသူက ဒုတိယ နှစ် တက်ရမယ့်အချိန်မှာ ကျောင်းတွေယာယီရပ်နားခဲ့ရတဲ့ မပန်းချီ(အမည်လွှဲ) ဖြစ်ပါတယ်။
မပန်းချီက ဥပေဒေမေဂျာနဲ့အဝေးသင်ပထမနှစ်ဖြေပြီးနောက် ကိုဗစ်ကြောင့်ကျောင်းတွေယာယီပိတ်တာနဲ့ ကြုံခဲ့ရတယ်။ လအနည်းငယ်လောက်ကျောင်းနားရတယ်လို့တွေးခဲ့ပေမယ့် ကိုဗစ်ဒုတိယလှိုင်းအပြင် အာဏာသိမ်းမှုပါတစ်ဆက် တည်း ဖြစ်လာတဲ့အခါ သူ့အနေနဲ့ ဘယ်လိုရှေ့ဆက်ရမလဲဆိုတဲ့အတွေးနဲ့ စိတ်ဓာတ်ကျတဲ့ အချိန်တွေရှိလာတယ်လို့ ဆိုပါတယ်။
” အဝေးသင်ဆိုတော့ လမ်းမမြင်တော့ဘူးပေါ့ ဘယ်ချိန်မှာတက်ရမယ်ဆိုတာ၊ ကိုယ့်မေဂျာကလည်း Law ဆိုတော့ သူများ ထက် တစ်နှစ်ပိုတက်ရမယ်။ second year နဲ့ နားထားရတယ်ဆိုတော သူများဘွဲ့ရရင် ကိုယ်မရတဲ့အပြင် ဘွဲ့ဆိုတာ ဘာမှန်းမသိတော့ဘူးပေါ့ “လို့ မပန်းချီကပြောပါတယ်။
ကျောင်းတွေပိတ်တယ်ဆိုတုန်းက မကြာခင်ကျောင်းပြန်တက်ရမယ်လို့ထင်ခဲ့ပြီး အိမ်မှာနေရင်း ပေါ့ပေါ့ပါးပါး ဖြတ်သန်း ခဲ့ပေမယ့် လအနည်းငယ်ကြာလာတဲ့အခါ ဘာလုပ်ရမှန်းမသိဖြစ်လာတယ်။ ဒါ့အပြင် ကိုဗစ်ကပ်ရောဂါလှိုင်းတွေ ဆက်လာ သလို အာဏာသိမ်းပြီးနောက်ပိုင်းမိသားစုဝင်တစ်ချို့လည်း အလုပ်တွေနားခံရတဲ့အခါ အိမ်မှာငွေကြေး လိုအပ်ချက်တွေရှိ လာတာကြောင့် သူလည်းဝင်ငွေရမယ့်အလုပ်ရှာဖို့လိုလာတယ်။
ပြင်ပအလုပ်ရှာဖွေခဲ့ပေမယ့်လည်း ပထမနှစ်သာရှိသေးတဲ့ သူ့အတွက် အလုပ်ကလွယ်လွယ်ရှာမရခဲ့။ အလုပ်အကိုင်ရှားပါး တဲ့အချိန်ဖြစ်တော့ ဘွဲ့ရတဲ့သူတွေနဲ့ယှဉ်ရင်ကျောင်းမပြီးသေးတဲ့သူ့ကို အလုပ်ရှင်တွေက မခန့်ချင်ကြ။
အိမ်အတွက် ငွေကြေးရှာဖို့လိုတာကြောင့် အလုပ်ရှာဖွေပေမယ့်လည်းမရတာများတဲ့အခါ အလုပ်တောင်ထပ်မလျှောက်ချင် တဲ့အထိဖြစ်လာတယ်။ နောက်ဆုံးတော့ ကုမ္ပဏီတစ်ခုမှာ အရောင်းဝန်ထမ်းအလုပ်ရတာကြောင့် ဝါသနာနဲ့ မကိုက်ညီ ပေမယ့်လည်း ဝင်လုပ်ခဲ့ရတယ်။
” ဒီဘွဲ့ရမှ အလုပ်လုပ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့ရပေမယ့် ကျောင်းလည်းဆက်မတက်ရဘူး။ ဘွဲ့လည်းဘယ်ဆီနေမှန်းမသိတော့ ကိုယ်လုပ်ချင်တဲ့ အလုပ်လည်းမဟုတ်ဘူး။ ရရာနေရာမှာပဲ ရသလိုလေးဝင်လုပ်တာ။”လို့မပန်းချီကပြောပါတယ်။
မပန်းချီက ဥပဒေပညာသင်ကြားပြီး ကုမ္ပဏီမှာဖြစ်ဖြစ် အစိုးရဌာနတွေမှာဖြစ်ဖြစ် ဥပဒေဆိုင်ရာအကြံပေးအဖြစ် လုပ်ဆောင်လိုပေမယ့် အိမ်အတွက် ငွေကြေးလိုအပ်ချက်ကြောင့် အလုပ်ဝင်လုပ်ခဲ့ရတာဖြစ်တယ်လို့ ဆက်ပြောပါတယ်။
အိမ်စီးပွားရေးလိုအပ်ချက်ကြောင့်ရရာအလုပ်ဝင်လုပ်ခဲ့ရပေမယ့် သူငယ်ချင်းတစ်ချို့ကတော့ လက်ရှိအချိန်ထိ အလုပ်မရ သေးဘဲ ယောင်လည်လည်ဖြစ်တုန်းပဲလို့ မပန်းချီကပြောပါတယ်။
” ကိုယ်အရောင်းစာရေးအလုပ်ရတာတောင် အလုပ်ရတယ်ဆိုပြီးသူတို့က ဂုဏ်ယူတယ်ဘာညာနဲ့ ငါတောင်အလုပ်မရှိ သေးဘူး ဘာလုပ်ရမလဲမသိသေးဘူးဆိုတဲ့သူတွေလည်း အများကြီးပဲ”လို့ မပန်းချီကပြောပါတယ်။
လက်ရှိမှာ ကျောင်းကလည်းဆက်တက်ဖို့ ဘယ်လိုအခြေအနေမှန်းမသိတဲ့အပြင် ကျောင်းတွေပြန်ဖွင့်ခဲ့ရင်တောင် နိုင်ငံရေး အခြေအနေမကောင်းသေးသ၍ ကျောင်းတက်မှာမဟုတ်တဲ့အတွက် လက်ရှိရထားတဲ့ အလုပ်မှာပဲကြိုးစားပြီး လုပ်သွား ဖို့တော့တွေးထားတယ်လို့ဆိုတယ်။
ဒါပေမယ့် နိုင်ငံရေးအခြေအနေအမြန်ဆုံးပြီးရင်တော့ တစ်ပိုင်းတစ်စဖြစ်နေတဲ့ပညာရေးကို ပြန်ကြိုးစားမှာဖြစ်ပြီး ဥပဒေဘွဲ့ ကို ရအောင်ယူကာ မျှော်မှန်းထားတဲ့ အလုပ်ရရှိဖို့လုပ်ဆောင်သွားမယ်လို့ဆိုတယ်။
ကိုဗစ်ကြောင့်ရော နိုင်ငံရေးအခြေအနေကြောင့်ရော နှစ်နှစ်ကျော်ကြာ ကျောင်းနားခဲ့ရအတွက် ဘာလုပ်ရမှန်းမသိဘဲ လမ်းပျောက် ခဲ့တဲ့နေ့တွေကြုံခဲ့ရတယ်လို့ တတိယနှစ် ရူပဗေဒကျောင်းသူ မစုရည်ကလည်းပြောပါတယ်။
မစုရည်က တတိယနှစ်ရဲ့ ပထမနှစ်ဝက်စာမေးပွဲ လေးဘာသာဖြေဆိုမှုအပြီးမှာ မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ ပထမဆုံး တွေ့တာကြောင့် ကျန်ဘာသာတွေတောင် မဖြေဆိုရဘဲ ကျောင်းပိတ်တာကြုံခဲ့ရတာပါ။
” နောက်ထပ်နှစ်ဘာသာလောက်ဖြေပြီးရင် First semester ပြီးသွားပြီပေါ့။ နောက်semester မကူးတော့ဘဲနဲ့ ကိုဗစ် မပြီး သေးရင်လည်း semester တစ်ခုကို ပြီးသွားစေချင်တယ်။ လေးဘာသာဖြေရင်းနဲ့မှ ကျောင်းပိတ်သွားတယ်” လို့ မစုရည် ကပြောတယ်။
ကိုဗစ်ကြောင့် ကျောင်းတွေယာယီပိတ်ထားခဲ့တဲ့အခါ အိမ်မှာပဲနေထိုင်နေရင်း အာဏာသိမ်းခံရပြီးနောက်မှာ ဆန္ဒပြ လှုပ်ရှားမှုတွေမှာပါဝင်ခဲ့သလို လက်ရှိအချိန်မှာလည်း တော်လှန်ရေးမှာဆက်လက် ပါဝင်နေတဲ့အတွက် ပြည်သူ့အောင်ပွဲ မရခင်အထိတော့ ကျောင်းပညာရေးကတော့ ဆက်သွားမှာမဟုတ်ဘူးလို့ဆိုပါတယ်။
” ကိုဗစ်ကြောင့်တော့အများကြီးစိတ်ညစ်စရာတော့မရှိခဲ့ဘူး နိုင်ငံရေးကြောင့်တော့ နှစ်ခုပူးသွားတာပေါ့။ ကိုဗစ်ကပ် ဘေး ပြီးသွားတဲ့အချိန်မှာ ကဏ္ဍအသီးသီးက ဆက်သွားမယ်၊ ရုန်းရတော့မယ်အချိန်မှ နိုင်ငံရေးကဒီလိုဖြစ်တော့ အများကြီး အခက်အခဲဖြစ်ခဲ့တယ်။” လို့ မစုရည်ကပြောတယ်။
နိုင်ငံရေးအခြေအနေမကောင်းတာကြောင့် ဘယ်ကဏ္ဍမှ ကောင်းကောင်းမွန်မွန် ရှေ့ဆက်သွားလို့မရတဲ့အခါ စိတ်ရှည် သည်းခံပြီးစောင့်ဆိုင်းရမှာဖြစ်တဲ့အတွက် ဒီအခြေအနေပေါ်ကိုတော့ စိတ်ဓာတ်ကျမိတယ်လို့ဆိုတယ်။
လက်ရှိကြုံနေရတဲ့အခြေအနေအမျိုးမျိုးကြောင့် စာသင်ခန်းနဲ့ဝေးပြီး နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ရပေမယ့် အခြေအနေ တွေတည်ငြိမ်ကောင်းမွန်တဲ့အခါ ပညာရေးလမ်းကြောင်းကို ဆက်လျှောက်သွားမယ်လို့ဆိုတယ်။
ဒါ့အပြင် လူငယ်တွေတင်မက ပြည်သူတွေအားလုံးလည်း လက်ရှိကြုံနေရတဲ့ နိုင်ငံရေးအခြေအနေပေါ် အာရုံစိုက်ပြီး တတ် နိုင်တဲ့နေရာကနေ ပါဝင်ဖို့လိုပြီး ဒီလိုမှသာ တိုင်းပြည်အရွှေ့မြန်ပြီး အခြေအနေတွေ ပုံမှန်အတိုင်းပြန်ဖြစ်မှာလို့ ဆိုပါတယ်။
” နိုင်ငံရေးလမ်းကြောင်းပေါ်ရှိသူဆိုရင်လည်း လမ်းကြောင်းပေါ်အလျောက်ပေါ့၊ မဟုတ်ဘူးဆိုရင်လည်း ကိုယ့်ပုံမှန် လမ်း ကြောင်း study ပိုင်းကိုဘယ်လိုသွားမလဲ၊ ကိုယ်ဝါသနာပါတာဘယ်လိုလုပ်မလဲဒီလိုလေးနဲ့ စိတ်ရှည်သည်းခံသွားဖို့ လိုအပ် တယ် “လို့ မစုရည်ကပြောပါတယ်။
၂၀၂၀ကတည်းကပိတ်ထားရတဲ့ တက္ကသိုလ်တွေကို စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်ဖို့စီစဉ်နေပေမယ့် လက်ရှိကြုံ နေရတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ကျောင်းပြန်မတက်လိုသူတွေလည်းရှိသလို ဘွဲ့ရတွေသာဦးစားပေးခေါ်တဲ့ အလုပ် အကိုင်တွေကြောင့် ဘွဲ့တစ်ခုရပြီး လုပ်ငန်းခွင်မြန်မြန်ဝင်ဖို့ကလည်းအရေးကြီးတဲ့အတွက် ရှေ့ဆက် ဘယ်လို ဆုံးဖြတ်ရ မလဲ မတွေးတက်အောင်ပဲလို့ ဒုတိယနှစ် ၊သမိုင်းမေဂျာကျောင်းသူ မသိဂီ်ကပြောပါတယ်။
“ညီမတို့ဆိုဒုတိယနှစ်ဖြေပြီးကျောင်းတွေပိတ်ခဲ့ရတာ အခုဆို အသက်နှစ်နှစ်ထပ်ကြီးလာပြီး ဘာမှလည်းလုပ်စရာမရှိတော့ စိတ်ညစ်မိတယ် ရှေ့လျှောက်လည်း ဘယ်လိုလာဦးမလဲမသိတော့ ကျောင်းတွေတက်ဖို့ဆိုတာ လမ်းမမြင်ဘူး။ ဘာလုပ်ရ မလဲဆိုတာလည်းမသိဘူး”လို့ မသိင်္ဂ ီကပြောတယ်။
ကိုဗစ်လှိုင်းတွေ ဆက်နေပေမယ့်လည်း ကာကွယ်ဆေးထိုးပြီးနောက် ကျောင်းတွေပြန်ဖွင့်ပြီး အရင်လို ပုံမှန်ပြန်ဖြစ်မယ်လို့ ထင်ထားပေမယ့် အာဏာသိမ်းမှုနောက်ပိုင်းအခြေအနေတွေ တွေ့မြင်ခဲ့ပြီးတဲ့အခါ မရေရာတော့တဲ့ အနာဂတ်ကို တွေးမိပြီး စိတ်ဓာတ်ကျခဲ့ရတယ်လို့ မသိင်္ဂ ီကပြောပါတယ်။
လက်ရှိမှာတော့ အိမ်မှာနေရတဲ့ ကာလအတွင်း အွန်လိုင်းကနေ ဘာသာစကားနဲ့ လက်မှုပညာ သင်တန်းတစ်ချို့တက်ပြီး လေ့လာနေသလို၊ အမဖြစ်သူရဲ့ အွန်လိုင်းရှော့မှာ ပစ္စည်းပို့တာတွေ ကူလုပ်ပေးရင်း အချိန်ကုန်ဆုံးရတယ်။
လက်ရှိအခြေအနေကြောင့် ကျောင်းတွေဖွင့်ဖို့ လမ်းမမြင်သလို၊ကျောင်းတွေဖွင့်ခဲ့ရင်တောင် ဒီအခြေအနေမှာ ကျောင်း တက်မှာမဟုတ်တဲ့အတွက် အခြားသက်မွေးဝမ်းကြောင်းတစ်ခုခုလုပ်ဖို့ စဉ်းစားထားတယ်လို့ ဆက်ပြောပါတယ်။
” အမက အွန်လိုင်းရှော့လုပ်တော့ ညီမလည်းအွန်လိုင်းကနေ တစ်ခုခုလုပ်ဖို့တော့တွေးထားတယ်။ လမ်းပျောက်တယ် ဆိုပေမယ့် ရေရှည်ဒီလိုကြီးပဲ ဆက်သွားလို့မရတာဆိုတော့ ကိုယ့်အတွက်တစ်ခုခုတော့လုပ်ဖြစ်မယ်” လို့မသိင်္ဂ ီက ဆိုပါ တယ်။
အချိန်နှစ်နှစ်ကျော်ကုန်ဆုံးခဲ့ပြီး ဘဝခရီးလမ်းကို မရေမရာလျှောက်လမ်းခဲ့ရပေမယ့် နိုင်ငံရေးအခြေအနေ ကောင်းရင် တော့ တိုင်းပြည် ပြန်လည်တည်ဆောက်ရေးနဲ့အတူ ကဏ္ဍပေါင်းစုံလည်း တိုးတက်ပြီး လူငယ်တွေအနာဂတ်လည်း အဆင် ပြေလာမယ်လို့ ယုံကြည်ထားတယ်လို့ယင်းတို့ကပြောပါတယ်။
လက်တလောအခြေအနေမှာ ဘာလုပ်ရမယ်မှန်းမသိဘဲ လမ်းပျောက်နေတဲ့ဘဝတူ သူငယ်ချင်းတွေကိုလည်း စိတ်ဓာတ် မကျဖို့ အားပေးပြီး အလုပ်မလုပ်နိုင်သေးရင်တောင် အားလပ်တဲ့ အချိန်မှာ မိမိဝါသနာပါတဲ့ အသက်မွေးဝမ်းကြောင်းသင် တန်းဖြစ်စေ ဘာသာစကားသင်တန်းတွေဖြစ်စေ လေ့လာကာ ဝမ်းစာဖြည့်ထားဖို့လိုပြီးဒါမှသာ ကောင်းမွန်တဲ့ အနာဂတ် အတွက် အဆင်သင့်ဖြစ်နေမှာလို့ မပန်းချီကပြောတယ်။
“ခေတ်သာ ပြန်ကောင်းလာမယ်ဆိုရင် အဆင်ပြေသွားမှာပါ”လို့မပန်းချီကပြောပါတယ်။
ဒေါ်အေးသန်းကလည်း သူ့သားအပါအဝင် ပညာရေးတစ်ပိုင်းတစ်စနဲ့ လမ်းပျောက်နေတဲ့ လူငယ်တွေအတွက် အနာဂတ် ကောင်းဖို့ ဆုတောင်းပြီး လက်ရှိအခြေအနေတွေကနေ အမြန်ဆုံး ကျော်ဖြတ်နိုင်ဖို့ မျှော်မှန်းတယ်လို့ဆိုတယ်။
” ဒီအခြေအနေကတော့ ကလေးတွေမပြောနဲ့ လူကြီးတွေတောင် ဘာလုပ်ရမလဲမသိစိတ်ဓာတ်ကျတာ၊ သူတို့အတွက် လည်း စိတ်ပူနေရတော့ အမြန်ဆုံးအဆင်ပြေဖို့ပဲမျှော်လင့်ပါတယ်”လို့ ဒေါ်အေးသန်းကပြောပါတယ်။