Home ဆောင်းပါး ပူလောင်မှုတွေကြားက နိုင်ငံရေးခရီးသည် စောမြရာဇာလင်း

ပူလောင်မှုတွေကြားက နိုင်ငံရေးခရီးသည် စောမြရာဇာလင်း

ခင်စုကြည်

တော်လှန်ရေးမှာပါဝင်ခဲ့တဲ့ မိခင်တွေဟာ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်နေစဉ် မိသားစုအတွင်း အချိန်ပေးမှုတွေ အားနည်းတာကြောင့် မိဘနဲ့သားသမီးကြား နွေးထွေးမှုပြန်လည်ရရှိဖို့အတွက် မိသားစု အတွင်း ငြိမ်းချမ်းရေးကိုလည်း ပြန်လည်တည်ဆောက်နေကြရပါတယ်။

နိုင်ငံရေး၊ ငြိမ်းချမ်းရေးကိစတွေ ဆွေးနွေးနေချိန်မှာ ခေါင်းဆောင်တစ်ယောက်ရဲ့အရည်အချင်းနဲ့အညီ တည်တည်ကြည်ကြည်၊ ပြတ်ပြတ်သားသားနဲ့ ဆွေးနွေးဆုံးဖြတ်ရသလို အိမ်ကိုပြန်ရောက်လာချိန်မှာတော့ မိခင်တစ်ယောက်ရဲ့သဘာဝအတိုင်း သားသမီးတွေအပေါ် နွေးနွေးထွေးထွေးနဲ့ နူးနူးညံ့ညံ့ ဆက်ဆံရပြန် ပါတယ်။

အခုလို ဘဝနှစ်ခုကို တပြိုင်နက်တည်ဆောက်နေရတဲ့ မိခင်တွေထဲမှာ ရခိုင်ပြည်နယ်က ဒီမိုကရေစီရေး အတွက် တော်လှန်ရေးတိုက်ပွဲဝင်ခဲ့သူ ရှစ်လေးလုံးမျိုးဆက် အမျိုးသမီးရဲဘော်တစ်ယောက်ဖြစ်တဲ့ စောမြရာဇာလင်းလည်း အပါအဝင်ဖြစ်ပါတယ်။ သူမဟာ အခုချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတို့အကြား ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကနေ ပါဝင်လာတဲ့ အမျိုးသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။

တော်လှန်ရေးကာလမိခင်တစ်ယောက်အနေနဲ့ဖြတ်သန်းခဲ့ရတဲ့ဘဝထဲမှာ အခက်ခဲဆုံးနဲ့ ဆုံးဖြတ်ရ အခက်ဆုံး ဖြစ်စေခဲ့တာကတော့ ပထမဆုံးအကြိမ် သူမရဲ့နို့တိုက်ရင်သွေးကို ခွဲခွာခဲ့ရတဲ့အချိန်လို့ဆိုပါတယ်။
“သမီးကိုစခွဲခွာတာက သမီး(၁၈)လအရွယ်မှာ တရုတ်ပြည်မှာ အမျိုးသမီးကွန့်ဖရန့်ရှိတော့ ပထမဆုံး အကြိမ် သမီးကိုခွဲရမှာဆိုတော့ နို့တိုက်နေတဲ့အမေတစ်ယောက်အနေနဲ့ ကလေးကိုခွဲဖို့အချိန်ရောက်လာ တော့ ဘယ်လောက်ပဲစိတ်ဓာတ်မာမာ ကျမစိတ်ထဲအရမ်းတုန်လှုပ်သွားတယ်” လို့ပြောပါတယ်။

နို့ချိုတိုက်ကျွေးနေရတဲ့ ရင်သွေးငယ်ကို ခွဲခွာကာ တရုတ်ပြည်မှာ (၁၅)ရက်အကြာ သွားရောက်ဖို့ အတွက် ဆုံးဖြတ်ခဲ့ပေမယ့် နို့တိုက်မိခင်တစ်ယောက်အနေနဲ့ ရင်သွေးကို နို့ချိုမတိုက်ကျွေးရတဲ့အခါ ယောင်ယမ်းနာကျင်တာတွေ၊ နို့ရည်တွေစီးကျပြီး အဆင်မပြေမှုတွေနဲ့ လူတွေကြားထဲ အလုပ်လုပ်ရတဲ့အပြင် အိမ်ကိုပြန်ရောက်တဲ့အခါမှာလည်း ကိုယ့်ကလေးက တစိမ်းလိုဆက်ဆံတာကြောင့် ဝမ်းနည်းခဲ့ရပြန်ပါတယ်။

ဓာတ်ပုံ- စောမြရာဇာလင်း ဖေ့ဘွတ်စာမျက်နှာ။

“အိမ်ကို ပြန်သွားတဲ့အခါ သမီးရယ် အမေရောက်ပြီ လာလာလို့ခေါ်တဲ့အချိန်မှာ သမီးက အမေ့ဆီ မလာရဲတော့ဘူး။ ကြောင်ပြီးတော့ ကလေးကကြည့်နေတယ်။ အဲဒီလိုမျိုးဖြစ်တာက ကလေးနှစ်ယောက်စလုံး ဖြစ်တယ်။ အမေခရီးက ပြန်လာပြီဆိုရင် အမေ့နားကို မကပ်ရဲတော့ဘူးသူတို့။ တစိမ်းတစ်ယောက်လိုပဲလေ။ ကလေးတွေကို နို့ပြန်တိုက်ရင်တောင် ကလေးတွေကမစို့ရဲဘူး။ ရှက်တယ်ကြောက်တယ်။ ကလေးတွေနဲ့ ပြန်ပြီး နွေးနွေးထွေးထွေးဖြစ်ဖို့ ပြန်တည်ဆောက်ရတာတောင် မလွယ်ဘူး။ ကလေးတွေကိုချစ်တယ်၊ တန်ဖိုး ထားပါရက်နဲ့ တိုင်းပြည်အတွက် စွန့်လွှတ်နေရတယ်ဆိုတာ သူတို့မသိဘူး” လို့သူမရဲ့ မိခင်ဘဝဖြတ်သန်းခဲ့ ရတဲ့ ခံစားမှုတွေကို ပြောပြတယ်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အောင်ဆိုင်းရွာရဲ့ လယ်သမားမိသားစုဘဝကနေ ပေါက်ဖွား လာသူ စောမြရာဇာလင်းဟာ တစ်ဦးတစ်တည်းသောသမီးလည်းဖြစ်ပါတယ်။ သူမနေထိုင်ရာမြို့မှာ မူလတန်း ကျောင်းအဆင့်သာရှိပြီး အထက်တန်းကျောင်းအထိ ပညာဆက်လက်သင်ကြားခွင့်ရဖို့အတွက် လယ်သမား ဖခင်ရဲ့တွန်အားကြောင့် မွေးရပ်မြေနဲ့ မိဘတွေကို ခွဲခွာပြီး စစ်တွေမြို့မှာ ပညာဆက်လက် သင်ကြားခဲ့ရပါ တယ်။

တက္ကသိုလ်ဆက်တက်ဖို့ မိသားစုအတွင်း ငွေကြေးအခက်ခဲကလည်း ရှိလာပြန်တာကြောင့် မေယု တောင်တန်းကိုဖြတ်ကာ ကိုးတန်ကောက်ရွာမှာ မူလတန်းပြ၊ အလယ်တန်းပြ၊ မူလတန်းကျောင်းအုပ် စတဲ့ ကျောင်းဆရာမဘဝကိုဖြတ်သန်းရင်း တက္ကသိုလ်ပညာကို ဆက်လက်သင်ကြားခဲ့ရပါတယ်။

၁၉၈၈ ခုနှစ်၊ ရခိုင်ပြည်နယ်မှာ ဒီမိုကရေစီတရား စတင်ဟောပြောခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ ရခိုင်ပြည်နဲ့ အသက်(၇၀)ကျော်အရွယ်ရှိပြီဖြစ်တဲ့ မိဘတွေကိုစွန့်ခွာကာ တဖက်နယ်စပ်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ခိုလှုံခဲ့ပါတယ်။
“ကျောင်းဆရာမဘဝနဲ့ အရိုးမထုတ်ခဲ့ရဘူး။ ဒီမိုကရေစီတိုက်ပွဲမှာ တက်တက်ကြွကြွဦးဆောင်ဖို့အ တွက် ကြိုးစားခဲ့တဲ့သူထဲမှာ တစ်ယောက်ဖြစ်လာတယ်။ ပထမဆုံးသော ဒီမိုကရေစီတရားကိုလည်း စစ်တွေမှာ ဟောတာပေါ့။ အဲဒီအချိန်မှာ သူတို့က နယ်နှင်ဒဏ်ပေးတယ်လို့မပြောပေမယ့်လို့ ကျမကို အသေသတ်ဖို့ ကြိုးစားတာပေါ့။ ရခိုင်ပြည်မှာ ကျနေတဲ့စစ်တပ်ကလေ ကျမကိုလိုက်ရှာတယ်။ ကျမနဲ့ရဲဘော်တွေကို အ ကြောင်း ပြုပြီးတော့မှ စစ်အင်အားဖြည့်လာတယ်။ အဲဒီလိုအနေအထားမှာ ကျမရခိုင်ပြည်နယ်ကို စွန့်ခွာခဲ့ရ တယ်” လို့ တော်လှန်ရေးဘဝအစအကြောင်းကို ပြန်လည်ပြောပြပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ် တောင်စွန်းတဖက်မှာ အမြင့်(၁)ပေခွဲ အလျား(၆)ပေခွဲသာရှိတဲ့ လူတစ်ယောက် လှဲလျောင်းရုံ တဲလေးတွေနဲ့နေခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်အတွက်ကတော့ မိမိကိုယ်ကို လုံခြုံမှုအတွက် ဆိုရင် သတိရှိဖို့က အရေးကြီးဆုံးလို့ဆိုပါတယ်။ သူမဟာ ရခိုင်တော်လှန်ရေးရဲဘော်အမျိုးသားတွေကြား တစ်ဦးတည်းသော အမျိုးသမီးလည်းဖြစ်ပါတယ်။

“တော်လှန်ရေးထဲမှာ အိပ်တဲ့အချိန်မှာလည်း တစ်ယောက်တည်း အိပ်ရတဲ့အခါမှာ ကျမကိုယ်ပိုင် သေနတ်တစ်လက် တောင်းထားတယ်။ ပစ္စတိုတစ်လက်လည်း ကိုင်ဖို့ကြိုးစားခဲ့တယ်။ အဲဒီလိုမျိုး ကျမသတိနဲ့ အမြဲအိပ်တယ်။ ကျမတဲမှာ အကာမရှိဘူးလေ။ ကျမတဲနားက ဘယ်သူ ဖြတ်သန်းသွားလာလဲဆိုတာကို ခြေသံ ကိုကြားတာနဲ့ ဘယ်သူ့ခြေထောက်လဲဆိုတာသိတယ်။ အဲလောက်ထိ ကိုယ့်ဘာသာကိုယ် သတိရှိရှိနဲ့ နေခဲ့ရတယ်” လို့ အမျိုးသမီးတစ်ယောက်တည်း တောထဲမှာ သတိဝိရိယနဲ့နေထိုင်ခဲ့ရပုံကိုပြောပါတယ်။

ဓာတ်ပုံ- စောမြရာဇာလင်း ဖေ့ဘွတ်စာမျက်နှာ။ 2012 ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ သွားရေးမသွားရေး ပါတီဆွေးနွးပွဲသွားစဉ် အိန္ဒိယ-မြန်မာ နယ်စပ်လမ်းတနေရာ

တောခိုခဲ့စဉ် ရည်မှန်းချက်ကတော့ (၂)လအတွင်း ရခိုင်ပြည်မှာရှိတဲ့ စစ်တပ်ကို သူမကိုယ်တိုင် ဦး ဆောင်ပြီး ဝင်ရောက်တိုက်ခိုက်နိုင်မယ်လို့ မှန်းဆထားပါတယ်။ လက်တွေ့မှာတော့ တော်လှန်ရေးထဲ ရောက်သွားချိန်မှာ အခက်အခဲမျိုးစုံကို ရင်ဆိုင်ခဲ့ရပါတယ်။

လက်နက်ခဲယမ်းရှားပါးတာ၊ စားနပ်ရိက္ခာမလုံလောက်တာ၊ ငှက်ဖျားမိတာ စတဲ့ပင်ပန်းဆင်းရဲဒုက္ခတွေ ရင်ဆိုင်လာရချိန်မှာတော့ တောထဲကနေ ထွက်ပြေးသွားတဲ့ရဲဘော်တွေရှိခဲ့ပြီး တပ်အင်အားလည်း လျော့ကျ သွားခဲ့တာကြောင့် ရည်မှန်းချက်ကတော့ အလုံးစုံ မအောင်မြင်ခဲ့ပါဘူး။

ထွက်ပြေးကြတဲ့ရဲဘော်တွေရှိပေမယ့် သူမကတော့ သူမရဲ့ခံယူချက်အတိုင်း ကြမ်းတမ်းတဲ့ဘဝနဲ့ပဲ ခရီး ဆက်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ခေါင်းဆောင်(၆)ယောက်နဲ့ ရဲဘော်(၁၀)ယောက်သာကျန်ရှိခဲ့ပါတယ်။

“ကျမကအရင်က အင်မတန်မှနူးညံ့တဲ့မိန်းကလေးဘဝကနေ စစ်ယူနီဖောင်းတွေဝတ်ပြီး စစ်သားတွေနဲ့ ရင်ဘောင်တန်းခဲ့ရတယ်။ တောထဲမှာ စောင်မရှိဘူး။ ဆေးမရှိဘူး။ ငှက်ဖျားတွေမိတယ်။ အစာရေစာ ပြတ်လပ် တယ်။ မအောင်မြင်တဲ့အချိန်မှာ မအောင်မြင်တဲ့ဘဝနဲ့ ကျမတိုင်းပြည်ကို ပြန်လာဖို့ကျမမစဉ်းစားခဲ့ပါဘူး။ ဇွဲရှိရမယ်၊ သတ္တိရှိရမယ်၊ လုံ့လရှိရမယ်၊ ဒီသုံးခုရှိရင် အောင်မြင်တယ်။ သူတို့က ကျမရဲ့ သူငယ်ချင်း သုံး ယောက် ဖြစ်တယ်။ ဒီအဖော်သုံးယောက်နဲ့ပဲ ကျမခရီးဆက်ခဲ့ပါတယ်” လို့ပြောပါတယ်။

အမျိုးသမီးတစ်ယောက်အနေနဲ့ ပိုပြီးခက်ခဲစေတာကတော့ နာမကျန်းဖြစ်တဲ့အချိန်မှာ အနီးကပ်ပြုစု စောင့်ရှောက်ပေးမယ့်သူ မရှိတာပါပဲ။ အမျိုးသားရဲဘော်တွေက လာရောက်ကြည့်ရှုပေးကြပေမယ့် အမျိုးသမီး တစ်ယောက်တည်းရှိတဲ့နေရာကို ဝင်ထွက်သွားလာဖို့အတွက် အဆင်မပြေတာကြောင့် တစ်ယောက်တည်း ရုန်းကန်ဖြတ်သန်းခဲ့ရပြီး အစကတော့ အိမ်ထောင်ပြုဖို့ အစီအစဉ်မရှိပေမယ့် သင့်တော်ရာတစ်ယောက်နဲ့ အိမ် ထောင်ပြုရတော့မယ်ဆိုတဲ့အတွေးက စတင်ဝင်ရောက်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်အသိုင်းအဝိုင်းထဲက သူမကို တန်ဖိုးထားတဲ့သူတစ်ယောက်ဖြစ်တဲ့ ရခိုင်ဗုဒ္ဓဘာသာဖွံ့ဖြိုး ရေးအသင်းရဲ့ဥက္ကဌနဲ့ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဆိုပါတယ်။ သူမရဲ့မင်္ဂလာပွဲကိုတော့ သူမရဲ့ မိဘတွေက မလာရောက်နိုင်တာကြောင့် တဖက်မိဘတွေနဲ့သာ ကျင်းပခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ သမီးတစ်ယောက်နဲ့ သားတစ်ယောက် ရရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာပဲ အခြေချနေထိုင်ခဲ့တာဖြစ်ပါတယ်။

စစ်အစိုးရက သူမရဲ့မိဘတွေကို သူမတောစခိုခဲ့စဉ်ကတည်းက သုံးကြိမ်တိုင်တိုင် ဘူးသီးတောင် အကျဉ်းထောင်ထဲမှာ ခေါ်ယူချုပ်နှောင်ထားပြီး သူမပြန်လာရင် မိဘတွေကိုပြန်လွှတ်ပေးမယ်လို့ အာဏာပိုင် တွေက ပြောပါတယ်။ သူမကတော့ သူမရဲ့တိုက်ပွဲ မအောင်မြင်ခင် အရှုံးနဲ့ပြန်မသွားလိုတာကြောင့် စိတ် ဓာတ်တင်းခံကာ ဆက်လက်တော်လှန်ခဲ့ပါတယ်။
လက်နက်ကိုင်တော်လှန်ရေး ပဋိပက္ခတွေကြား ဖြတ်သန်းရင်း တိုက်ပွဲရဲ့ အနိဌာရုံတွေကို တွေ့မြင်လာ ရပြီးနောက် တော်လှန်ရေးကို ကျည်ဆံနဲ့အဆုံးအဖြတ်မပေးနိုင်ဘူးဆိုတာ သိမြင်လာခဲ့ပါတယ်။

“ကျမတို့ရဲ့တိုက်ပွဲကို ကျည်ဆံနဲ့အသုံးချဖို့ ကျည်ဆံနဲ့ အဆုံးအဖြတ်ပေးလို့ မရတော့ဘူး။ စားပွဲဝိုင်း ပေါ်ရောက်ဖို့က အရေးကြီးတယ်။ ကျမတို့မြန်မာနိုင်ငံရဲ့ပြဿနာကို စားပွဲခုံပေါ်မှာတင်ပြီးတော့ ဆွေးနွေးရ မယ်ဆိုပြီးတော့ ကျမစဉ်စားလာခဲ့တဲ့အချိန်မှာ ငြိမ်းချမ်းရေးကို တက်လှမ်းဖို့အတွက် ကျမကြိုးစားလာခဲ့ပါ တယ်။ ကျမတို့ပါတီကလည်း ကျမတို့သစ္စာဖောက်တယ်လို့ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် ကျမရှေ့ဆက်သွားပါ တယ်” လို့ လက်နက်ကိုင်တော်လှန်ရေးမှ ငြိမ်းချမ်းရေးစားပွဲဝိုင်းဆီ စတင်တက်လှမ်းဖြစ်ခဲ့ပုံကို ပြောပါတယ်။

ပြီးခဲ့တဲ့ဦးသိန်းစိန်အစိုးရလက်ထက် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ စတင်ပြုလုပ်ဖို့ ဖိတ်ခေါ်တဲ့အတွက် စောမြရာဇာလင်းဟာ ရခိုင်ပြည်နယ်ထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ စုပေါင်းဖွဲ့စည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှာ တစ်ဦးတည်းသော အမျိုးသမီးအနေနဲ့ ဝင်ရောက်လာခဲ့ပါတယ်။

အမျိုးသမီးတစ်ယောက်အနေနဲ့ ကြိုးစားအားထုတ်ခဲ့ရတာဟာ မလွယ်ကူသလို အမျိုးသားတွေထက် တာဝန် (၃) ဆလောက် ယူထားရတယ်လို့ဆိုပါတယ်။ တော်လှန်ရေးကာလ ရဲဘော်တွေအတွက် အချိန်ပေးရ သလို လူမှုရေးလုပ်ငန်းတွေ၊ မိသားစုတာဝန်တွေနဲ့ မိဘတာဝန် စတာတွေကို တပြိုင်နက်ထမ်းဆောင်ခဲ့ရတာပဲ ဖြစ်ပါတယ်။

သူမရဲ့မိဘတွေကတော့ ဘင်္ဂလားဒေ့ရှ်မှာ သူမနဲ့အတူလာရောက်နေထိုင်ခဲ့ပြီး ဆုံးပါးသွားခဲ့ကြပါပြီ။ အခုချိန်မှာတော့ သူမရဲ့ခင်ပွန်းနဲ့ သားသမီးတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နေထိုင်တာကြောင့် မိသားစုတွေနဲ့ ပြန်လည်ဆုံတွေ့နိုင်ဖို့က သူမရဲ့ တခုတည်းသော မျှော်လင့်ချက်ဖြစ်နေပါတယ်။

အလုပ်တာဝန်တွေကြား အိမ်ပြန်ဖို့အချိန်ကို ကြိုးစားရှာဖွေနေရတဲ့အခြေအနေမှာ အိမ်ပြန်ခွင့်မရနိုင် အောင် တားဆီးခံခဲ့ရတဲ့ အခြေအနေဆိုးတစ်ခုကိုလည်း သူမရင်ဆိုင်ကြုံတွေ့ခဲ့ရပြန်ပါတယ်။

သူမရဲ့ခင်ပွန်းဖြစ်သူ ရခိုင်လူမျိုး(ဘင်္ဂလားဒေ့ရှ်နိုင်ငံသား) ဦးဦးချစ်မောင်ဟာ ၂၀၁၇ ခုနှစ်၊ အောက် တိုဘာလက အကြမ်းဖက်မှု စွပ်စွဲချက်တွေနဲ့ ဘင်္ဂလားဒေ့ရှ်မှာ မတရားဖမ်းဆီးချုပ်နှောင်ခြင်း ခံခဲ့ရပါတယ်။

“ကိုယ့်ကြောင့် ကိုယ်နဲ့ပတ်သက်နေတဲ့နိုင်ငံရေးကြောင့်လည်း တခါမှမမျှော်လင့်ခဲ့တဲ့ ပြဿနာတစ်ခုလည်း မိ သားစုထဲမှာ ပေါ်ပေါက်ခဲ့ပါတယ်။ အမျိုးသားကို မတရားဖမ်းဆီးချုပ်နှောင်ခြင်း ခံခဲ့ရတယ်။ အမျိုးသားထောင် က မထွက်ခင်မှာဆိုရင် မိသားစုက သုံးခြမ်းကွဲသလို ဖြစ်သွားခဲ့ရပါတယ်။ တခါတခါမှာ စိတ်တွေက တအားပူ လောင်ပါတယ်။ ကလေးတွေနဲ့ မတွေ့ရတာရော နောက်ပြီး လူတိုင်းလူတိုင်းက အိမ်ကိုပြန်ချင်တယ်။ ကိုယ့် အိမ်ကိုယ်ပြန်ချင်တယ်။ ဒါပေမယ့် တခြားသူတွေအားလုံး နေရပ်အသီးသီးကို ပြန်သွားနေရချိန် ကျမတစ် ယောက်တည်း EAO ထဲမှာရှိတယ်။ အခုလောလောဆယ်မှာ ကျမအခြေစိုက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ကို ပြန်လို့ မရဘူး”

အခုဆိုရင် သူမ အိမ်ကိုမပြန်ရတာ (၂) နှစ်ကျော် ကာလရှိနေပါပြီ။ အမျိုးသားဖြစ်သူ ပြန်လည်လွှတ်မြောက်လာ ပေမယ့် သူမကတော့ အိမ်ပြန်ခွင့် မရရှိသေးပါဘူး။

နိုင်ငံရေးလုပ်ဆောင်နေစဉ်ကာလ မိသားစုနဲ့အတူ ဖြတ်သန်းဖို့ အချိန်နည်းပါးခဲ့ရသလို နိုင်ငံရေး ရပ်တည်မှုတွေကြောင့် မိသားစုအကြား အနေဝေးစေတဲ့ အခြေအနေတွေလည်း ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

“တခါတလေ ကလေးတွေကလည်း အမေအပေါ်မှာ ရင်းနှီးမှု ရှိချင်ပေမယ့်လို့ ကျမ မရှိနေနိုင်တဲ့ အပေါ်မှာ ကလေးတွေကလည်း စိတ်ခံစားချက်ရှိတယ်။ ကလေးတွေ စာမေးပွဲဖြေနေတဲ့အချိန် ကိုယ်က အစည်းအဝေးတွေ ရှိနေတယ်။ ကလေးတွေ စာမေးပွဲဖြေနိုင်ရဲ့လားလို့ မမေးနိုင်တဲ့အခါ မိခင်တစ်ယောက်ရဲ့ တာဝန်ကျေပွန်ရဲ့လားလို့ စိတ်ထဲမှာ တအားစိတ်မကောင်းဖြစ်ရတယ်။

မိခင်တစ်ယောက်အနေနဲ့ သားသမီးတွေအပေါ် တာဝန်မကျေပွန်နိုင်ခဲ့လို့ စိတ်မကောင်းဖြစ်ရသလို သားသမီးတွေကလည်း မိခင်ရဲ့မေတ္တာကို အနီးကပ်ခံစားခွင့် မရရှိခဲ့တော့ သူတို့ရဲ့စိတ်ထဲမှာလည်း စိတ်ဒဏ်ရာ တွေ ခုချိန်ထိ ရှိနေသေးတယ်လို့ဆိုပါတယ်။

ကမ္ဘာပတ်ပြီး မြန်မာ့ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်နေချိန် သူမရဲ့သားသမီးတွေအပေါ် အချိန်ပေးဂရု စိုက်မှုက ပိုနည်းပါးသွားခဲ့ပါတယ်။ သူမရဲ့ ကြိုးပမ်းမှု အနစ်နာခံ စွန့်လွှတ်မှုတွေကို နိုင်ငံတကာက အသိအမှတ် ပြုဂုဏ်ယူနေကြချိန်မှာ သားသမီးတွေရဲ့ အထင်အမြင်သေးမှုတွေကိုလည်း ခံခဲ့ရပါတယ်။

“ကျမသမီးက ကျမကို အရမ်းအထင်သေးတယ်။ တနေ့ ကျမသူ့ကို အင်္ဂလန်ကို ခေါ်သွားတယ်။ အဲဒီမှာ ရှိတဲ့သူတွေက ကျမကိုလှိုက်လှိုက်လှဲလှဲကြိုဆိုတာကို သူမြင်လာရတယ်။ အဲဒီတော့မှ မိခင်ရဲ့ဘဝကို သူနားလည်လာတယ်။ ငါ့အမေကတော့ မခေပါလားပေါ့။ ငါ့အမေကိုပြည်သူတွေ အသိအမှတ်ပြုတာပဲ နိုင်ငံ တကာကလူတွေ အသိအမှတ်ပြုတာပဲဆိုပြီးတော့မှ သမီးရဲ့အသိအမှတ်ပြုမှုတွေကို နောက်မှ ရရှိခဲ့ပါတယ်”

သူမရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ မိသားစုနဲ့ပြန်လည်ဆုံတွေ့နိုင်ဖို့နဲ့ သူမရဲ့ခံယူချက်ဖြစ်တဲ့ တိုင်းပြည်အတွက် အပြောင်းအလဲတစ်ခုမှာ ငြိမ်းချမ်းရေးလမ်းစဉ်ကနေ အစဉ်တစိုက် ပါဝင်လုပ်ဆောင်နိုင်ဖို့ သူမကတော့ သံန္နိဌာန် ချထားပါတယ်။

“ဘဝပေးတဲ့အလုပ် ကိုယ်ကမြတ်နိုးခဲ့တဲ့ ဒီတိုင်းပြည်ပြောင်းလဲရေးကို လုပ်မယ်ဆိုတဲ့ သံန္နိဌာန်တွေကြောင့်ပဲ အသက်ရှင်နေတာဖြစ်တယ်။ အကျိုးအမြတ်ဆိုတာမျိုးလည်း မရှိဘူး။ ကျမတို့ လုပ်လာခဲ့တာ ပြောင်းလဲလာ ခဲ့ပြီ၊ အောင်မြင်လာခဲ့ပြီဆိုရင် အဲဒါက အကျိုးအမြတ်ပဲ။ အဲဒီလိုမဖြစ်နိုင်တဲ့ ကာလမှာတော့ အရမ်းပင်ပန်း ရပါတယ်။ အိမ်ကိုပြန်ချင်တယ်။ အခုတော့ ကလေးတွေနဲ့ မိသားစုကို အွန်လိုင်းကနေတဆင့် စကားပြောခွင့် ရတာက အကောင်းဆုံးသော မျှော်လင့်ချက်တစ်ခုဖြစ်နေတယ်”

Author:

Related Articles