Home ဆောင်းပါး တိုက်ပွဲရှောင်စာသင်ကျောင်းနဲ့စေတနာ့ဝန်ထမ်းဆရာများ

တိုက်ပွဲရှောင်စာသင်ကျောင်းနဲ့စေတနာ့ဝန်ထမ်းဆရာများ

သျှန်ကီခမ်း။ ။

မိုးကာစ အစိမ်းရောင်မိုးထားတဲ့ ယာယီအဆောက်အအုံတခုက စေတီတော်ပရဝုဏ်ရဲ့ ညာဘက်ထောင့်မှာ ရှိနေပြီး အထဲမှာတော့ ကလေးငယ်တချို့နဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတို့ စုဝေးရောက်ရှိနေကြပါတယ်။ ထိုအမျိုးသမီးက ‘ကကြီး၊ ခကွေး’ အစရှိတဲ့ မြန်မာအက္ခရာတွေကို ရှေ့ကတိုင်ပေးချိန်မှာ သူ့နောက်က သူငယ်တန်းအရွယ် ကလေးငယ်တွေက ညီညီညာညာ လိုက်ဆိုခဲ့ကြပါတယ်။

အဆိုပါမြင်ကွင်းက မြန်မာနိုင်ငံအရှေ့ဘက်ပိုင်း ကယားနှင့်ရှမ်းပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းတခုမှာ ဖွင့်ထားတဲ့ ယာယီစာသင်ကျောင်း တခုရဲ့ မြင်ကွင်းဖြစ်ပါတယ်။ စာသင်ကျောင်းက ဆရာဆရာမတွေ၊ ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေဟာ ကယားပြည်နယ်အတွင်း ပြင်းထန်တဲ့တိုက်ပွဲတွေကြား မြေစာပင် ဖြစ်ခဲ့ကြရသူတွေ ဖြစ်ကြပါတယ်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ ကယားပြည်နယ်က မြို့တိုင်းလိုလိုမှာ မြို့ပြတိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၂ ဇန်နဝါရီလ အစောပိုင်းမှာ စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်တဲ့အခါ စစ်ကောင်စီတပ်ဖက်က တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေဟာ ကယားပြည်နယ်နဲ့အနီးတဝိုက်က ပင်လောင်း၊ တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင် စတဲ့နေရာဒေသ အသီးသီးကို မြို့လုံးကျွတ် ထွက်ပြေးလာခဲ့ကြပါတယ်။

လူဦးရေ လေးသိန်းကျော်ရှိတဲ့ ကယားပြည်နယ်ဟာ ကလေးနဲ့ အမျိုးသမီးအပါဝင် စစ်ရှောင်ဦးရေဟာ လူဦးရေ ထက်ဝက်ကျော်အထိ ရှိလာခဲ့ပါတယ်။ နေအိမ်ကို စွန့်ခွာပြီး အသက်ကိုလု ပြေးလာခဲ့ရတဲ့ထဲမှာ ကျောင်းဆရာမတွေလည်း ပါပါတယ်။ စစ်ရှောင်စခန်းရောက် ကျောင်းဆရာမတချို့ဟာ စာသင်ခန်းနဲ့ နှစ်နဲ့ချီပြီး ဝေးနေကြတဲ့ ကျောင်းသားတွေ စာသင်နိုင်အောင်အကူအညီပေးနေကြပါတယ်။

ဆရာမလုပ်သက် ၁၀ နှစ်ကျော်ရှိပြီဖြစ်တဲ့ ဒေါ်တင်တင်ဟာ ကယားပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်လာတဲ့နောက် နေအိမ်ကို စွန့်ခွာပြီး ထွက်ပြေးခဲ့ရသူတွေထဲမှာ ပါဝင်ပါတယ်။ ဇန်နဝါရီလ အစောပိုင်းတိုက်ပွဲတွေဖြစ်တော့ လက်နက်ကြီးကျည်ဆံတခုဟာ ဒေါ်တင်တင်ရဲ့ အိမ်အနီးမှာ ပေါက်ကွဲခဲ့ပါတယ်။

“အိမ်ခေါင်မိုးပေါ်ကို မိုးရွာသလို ဝေါ့ခနဲ…ဝေါ့ခနဲ နဲ့ ကျလာတယ်” လို့ သူကဆိုပါတယ်။
ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြား ပုန်အောင်းနေလည်း မလုံခြုံတော့တာကြောင့် နောက်ဆုံးမှာ မိသားစုနဲ့အတူ ပင်လောင်းမြို့ဘက်ဆီ စစ်ရှောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

လမ်းခရီးက နေရာတချို့မှာ သုံးရက်လောက်နားလိုက် သွားလိုက်လုပ်ရင်း နောက်ဆုံးမှာတော့ ကယားပြည်နယ်နဲ့ ကပ်လျှက်ရှိနေတဲ့ ရှမ်းပြည်နယ်မြို့နယ်တခုထဲက စစ်ရှောင်စခန်းတခုကို ရောက်လာခဲ့ပါတယ်။ စခန်းရောက်တာနဲ့ အထုတ်အပိုးတွေချ၊ သန့်ရှင်းရေးတွေလုပ်ပြီး အဲဒီနေ့မှာပဲ စခန်းပတ်ဝန်းကျင်တစ်ခုလုံးကို သူလိုက်လေ့လာ ကြည့်ခဲ့ပါတယ်။

ထိုအချိန်မှာပဲ စစ်ရှောင်စခန်းရဲ့ ထောင့်လေးတစ်ထောင့်က မိုးကာအစိမ်း မိုးထားတဲ့ တဲလေးထဲမှာ ဆရာမ နှစ်ယောက်က ကျောင်းသားအယောက် ၃၀ ကျော်ကျော်လောက်ကို စာပြနေတာကို စစ်ဘေးရှောင်ကျောင်းဆရာမ ဒေါ်တင်တင်တွေ့လိုက်ရပါတယ်။ ကလေးတွေဟာလည်း ထမင်းစားပွဲပေါ်မှာ စာအုပ်လေး တင်ထားပြီး ပျော်ရွင်စွာနဲ့ စာသင် စာဖတ်နေကြတာကို တွေ့ခဲ့ပြီးတဲ့နောက် နေအိမ်ကိုစွန့်ခွာခဲ့ရလို့ သောကပေါင်းစုံတွေနဲ့ ပြည့်နေတဲ့ သူ့စိတ်တွေ ပြန်လည်ကြည်လင်လာခဲ့တယ်လို့ ဒေါ်တင်တင်က ဆိုပါတယ်။
ကိုဗစ်စဖြစ်ကတည်းက ကျောင်းတွေပိတ်ထားတဲ့အတွက် စာသင်ခန်းနဲ့ နှစ်နှစ်ခန့် ဝေးနေတဲ့ ဒေါ်တင်တင်ဟာ ကျောင်းသားတွေနဲ့စာသင်ခန်းကို ပြန်မြင်လိုက်ရတဲ့အချိန်မှာ ကျောင်းဆရာမအဖြစ် စာသင်ခန်းဆီ ပြန်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ရက်အနည်းငယ်အကြာမှာတော့ ဒေါ်တင်တင်ဟာ စစ်ရှောင်စခန်းက စာသင်ကျောင်းမှာ အခမဲ့စာသင်ကြားပေးတဲ့ ဆရာမအဖြစ် ဝင်လုပ်ခဲ့ပါတယ်။

ကိုဗစ်နဲ့စစ်ပွဲတွေကြား စာသင်နှစ် နှစ်နှစ်လောက်အထိ နစ်နာလာခဲ့ကြရတဲ့ ကလေးတွေ ဒီထက်ပိုပြီး စာတွေနဲ့ မလှမ်းဝေးအောင်ရယ်၊ စစ်ပွဲတွေကြား ပြေးလွှားနေကြရတဲ့ ကလေးတွေ စိတ်ပျော်ရွင်မှုရရှိအောင် စဉ်းစားပြီး စာသင်ပေးဖို့ ဆုံးဖြတ်ခဲ့တာလို့ ဒေါ်တင်တင်က ပြောပါတယ်။

စစ်ဘေးရှောင်စခန်းထဲက မူကြိုအရွယ်ကနေ ပထမတန်းကျောင်းသားအရွယ် အထိကို မနက်ကိုးနာရီခွဲ ကနေ ညနေသုံးနာရီအထိ အချိန်ပြည့်စာသင်ပေးနေတဲ့ စေတနာ့ဝန်ထမ်း ကျောင်းဆရာမ ဒေါ်တင်တင်ဟာ စစ်ပွဲရဲ့ရိုက်ခတ်မှုဟာ ကလေးတွေအပေါ်ကို အတော်လေး ဆိုးကျိုးသက်ရောက်ခဲ့တာကို တွေ့ခဲ့ရပါတယ်။
ကလေးတွေ စိတ်ပျော်ရွင်မှုရအောင် ပန်းချီတွေဆွဲဖို့ အချိန်ပေးတဲ့ အခါမျိုးဆို ကလေးအများစုဟာ “ သေနတ်ပုံတွေ၊ လေယာဉ်ပေါ်ကနေ ဗုံးတွေ ကြဲချတဲ့ပုံတွေ၊ အပြန်အလှန် ပစ်ခတ်နေပုံတွေကို ပိုဆွဲကြတယ်”လို့ ဒေါ်တင်တင်က ဆိုပါတယ်။

ကလေးတွေရဲ့ စိတ်ထဲမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ၊ ကြောက်လန့်စိတ်တွေ ရှိနေတာကို တွေ့မြင်နေရတာ အင်မတန်မှ ဝမ်းနည်းမိတယ်လို့ ဆိုပါတယ်။

“ကလေးတွေရဲ့စိတ်ထဲမှာ စိတ်ဒဏ်ရာတွေ မကျန်ခဲ့စေချင်ဘူး။ စာနဲ့လည်းမဝေးချင်ဘူး” လို့ ဒေါ်တင်တင်က ပြောပါတယ်။

စစ်ရှောင်စခန်းက ကျောင်းသားတွေကို အခမဲ့ပညာသင်ပေးတဲ့အတွက် စား၊သောက်၊နေ၊ထိုင်ရေး အခက်အခဲတွေကို စိတ်ပူစရာမလိုပဲ ဒေသခံတွေက ပြန်ပြီးစောင့်ရှောက်တဲ့အတွက် အဆင်ပြေတယ်လို့ ဆိုပါတယ်။

အစစရာရာ အဆင်ပြေတယ် ဆိုပေမယ့် “မနက်ဖြန်တိုင်းမှာ အိမ်ပြန်ချင်တယ်။ အိမ်ပြန်ရပါစေလို့ ဆုတောင်းတယ် မနက်ဖြန်ဆိုတာ ချက်ချင်းဖြစ်နိုင်ရင်တော့ အဆင်ပြေတာပေါ့ ” လို့ ဒေါ်တင်တင်က သူ့ဆန္ဒကို ဆိုပါတယ်။

သူတယောက်ထဲတင်မကဘဲ စစ်ကြောင့်ထွက်ပြေးနေရသူတွေကို မိသားစု စုံစုံလင်လင်နဲ့ အေးအေးချမ်းချမ်း ပြန်နေနိုင်ဖို့ မျှော်လင့်တယ်လို့လည်း သူကဆိုပါတယ်။ ဒါ့အပြင် သူ့တပည့်တွေကိုလည်း ၂၀၂၂ မေလလောက်မှာ အရင်လိုပဲ ပြန်ပြီးတော့ ကျောင်းပြန်အပ်ပြီး အေးအေးချမ်းချမ်းနဲ့ ကျောင်းတက်နိုင်ပါစေလို့ ဆုတောင်းတယ်လို့ ဒေါ်တင်တင်က ဆက်ဆိုပါတယ်။

မမျှော်လင့်ဘဲ ကိုယ်တိုင်စစ်ရှောင်ဖြစ်ခဲ့ရတဲ့အပြင် စစ်ဘေးရှောင်ကလေးငယ်တွေကိုပါ ပညာသင်ပေးနေရတဲ့ နောက်ထပ် စေတနာ့ဝန်ထမ်း ကျောင်းဆရာမက အသက် ၂၆ နှစ်အရွယ် မအေး ဖြစ်ပါတယ်။ သူဟာလည်း တိုက်ပွဲတွေ ပြင်းထန်လာတဲ့ ကယားပြည်ထဲက သူ့နေအိမ်ကိုထားခဲ့ပြီး စစ်ဘေးရှောင်နေရသူ ဖြစ်ပါတယ်။

မအေးတို့ရဲ့ နေအိမ်အပေါ်ကို ဗုံးကြဲလေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ တဝဲဝဲလည်နေပြီး လက်နက်ကြီး လက်ငယ်တွေနဲ့ ပစ်ခတ်တာတွေကို ကိုယ်တိုင် မြင်ပြီး ဆက်နေရင် မလုံခြုံတော့ဘူးဆိုတာကို သိပြီး လက်နက်ထိမှာ စိုးရိမ်တာကြောင့် ဇန်နဝါရီလဆန်းမှာ မိသားစုလိုက် နေအိမ်ကို စွန့်ခွာပြီး ထွက်လာခဲ့ပါတယ်။
“တချိန်လုံး လေယာဉ်ဝဲလိုက်၊ ရဟတ်ယာဉ်ဝဲလိုက်နဲ့ဆိုတော့ ပစ်တော့ပစ်မှာပဲလို့ တွေးမိတော့ စိတ်မလုံခြုံတော့ဘူး” လို့ မအေးက ဆိုပါတယ်။

စစ်ရှောင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ညက အသက်ဘေးကလွတ်ရာကို ပြေးဖို့ပြင်ကြပေမယ့် မအေးတို့ မိသားစုဟာ ဘယ်ကိုသွားရမယ်ဆိုတာကို မဆုံးဖြတ်နိုင်ဘဲ ပစ္စည်းတွေကို ဆာလာအိတ်ထဲကို ထိုးထည့်ပြီး အထုတ်အပိုးတွေသာ ပြင်ဆင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ နောက်တနေ့မှာတော့ ကယားပြည်နယ်နဲ့ ကပ်နေတဲ့ ရှမ်းပြည်နယ်ထဲက မြို့တမြို့ဆီ စစ်ရှောင်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး မအေးတို့ မိသားစု လိုင်းကားနဲ့ ထွက်လာခဲ့ပါတယ်။ လမ်းပေါ်မှာလည်း စစ်ဆေးဂိတ်တွေမှာ အထပ်ထပ်စစ်ဆေးတာခံခဲ့ရပြီး နောက်ဆုံးမှာ စစ်ရှောင်စခန်းတခုဆီ ရောက်ခဲ့ပါတယ်။

“ ဘယ်ကို သွားမယ်ဆိုတာ မသိဘူး။ စစ်ရှောင်တွေ လက်ခံတယ်ဆိုလို့သာ တက်လာခဲ့တာလို့” မအေးက ဆိုပါတယ်။

ညနေပိုင်းလောက်မှာတော့ မအေးတို့ မိသားစုဟာ ရှမ်းပြည်နယ်ထဲက စစ်ရှောင်စခန်းမှာ နေထိုင် ခိုလှုံခွင့် ရခဲ့ပါတယ်။

စစ်ရှောင်စခန်းကို ရောက်လာပြီး နှစ်ရက်လောက် အကြာမှာတော့ မအေးတို့လို စစ်ရှောင်တွေလည်း ပိုမိုတိုး လာခဲ့ပါတယ်။ အဲဒီ စစ်ရှောင်စခန်းထဲမှာ ကလေးတွေလည်း အများအပြားရောက်လာသည်ကို တွေ့လာခဲ့ပါတယ်။ ကလေးတွေကို ကြည့်ပြီး မအေးတစ်ယောက် အတွေးပေါင်းစုံတွေ ဝင်လာခဲ့ပါတယ်။ ကလေးတွေဟာ ကျောင်းပညာရေးနဲ့ တော်တော်နဲ့ အလှမ်းဝေးလာခဲ့ပြီ စိတ်လေလွင့်မှာနဲ့တူတူ တစ်နာရီဖြစ်ဖြစ် နှစ်နာရီဖြစ်ဖြစ် ရတဲ့အချိန်ကို စာသင်ပေးဖို့ သူဆုံးဖြတ်ခဲ့ပါတယ်။

“ကလေးတွေကို ကျောင်းပညာရေး မဆုံးရှုံးစေချင်ဘူး” လို့ သူကဆိုပါတယ်။
အဲ့ဒီနောက်မှာတော့ စစ်ရှောင်စခန်းတာဝန်ခံနဲ့ ဆွေးနွေးပြီး ယာယီစာသင်ကြားရေး အစီအစဉ်တခု လုပ်ဖို့တောင်းဆိုခဲ့ပါတယ်။

တစ်ပတ်လောက်အကြာမှာတော့ ယာယီစာသင်ဆောင်တစ်ခု ပေါ်ထွက်လာခဲ့ပြီး မူလတန်းကလေး ၁၀၀ ခန့်ကို စာသင်ပေးနိုင်ခဲ့ပါတယ်။ ယာယီစာသင်ကျောင်းကို မအေးလိုပဲ စစ်ရှောင်လာခဲ့ရတဲ့ နောက်ထပ် ကျောင်းဆရာမ လေးဦးလည်း လာကူညီခဲ့တာကြောင့် ကျောင်းသား ၁၀၀ ကို ဆရာမ ငါးယောက် အလှည့်ကျ စာသင်ပေးနိုင်တဲ့ စာသင်ကျောင်းတခု ဖြစ်လာခဲ့ပါတယ်။

စစ်ရှောင်ဆရာမတွေဟာ စစ်ရှောင်ကလေးတွေအတွက် ပညာရေးကွက်လပ်ကို ဖြည့်ပေးနိုင်ခဲ့ပေမယ့် ကလေးတွေစိတ်ထဲ စွဲကျန်နေတဲ့ စစ်ရဲ့အနိဌာရုံတွေကိုတော့ ဖယ်ရှားပေးဖို့ မစွမ်းနိုင်ခဲ့ပါဘူး။
မအေးအပါဝင် စစ်ရှောင်စခန်းမှာ ရောက်လာတဲ့ သူအများစုဟာ ကြောက်စိတ်တွေ ရှိနေပြီး “ ရေပုံး ပြုတ်ကျ၊ တစ်ခုခု ပြုတ်ကျဖြစ်ဖြစ် ရောင်ပြီးလန့်ပြီး အော်ကြတယ်” လို့ ဆိုပါတယ်။

ကလေးတွေအချင်းချင်း ပြောကြတဲ့ သူတို့ကြုံတွေ့လာရတဲ့ ဇာတ်လမ်းတွေဟာလည်း တိုက်ပွဲ၊ ဗုံးကြဲလေယာဉ်၊ သေနတ် စတာတွေ ဖြစ်ကြတဲ့အတွက် စိတ်ထိခိုက်ရတယ်လို့လည်း ဆိုပါတယ်။

အိုးပစ်အိမ်ပစ်နဲ့ စစ်ပြေးဖြစ်ခဲ့ရချိန်မှာ ကယားပြည်နယ်ထဲက စစ်ရှောင်ကျောင်းဆရာမတွေဟာ သူတို့တတ်နိုင်တဲ့ဘက်ကနေ ကလေးတွေပညာသင်ကြားခွင့်ရအောင် ကြိုးစားနေကြပါတယ်။ မနက်ကနေ ညနေအထိ လခစားကျောင်းဆရာတယောက်လို တာဝန်ယူနေကြရပေမယ့် သူတို့ဟာ လုပ်အားခအတွက် ရည်မှန်းပြီး စာသင်ကြားနေကြသူတွေတော့ မဟုတ်ကြပါဘူး။

မိသားစုအတွက် အသုံးစရိတ်တွေ လိုအပ်နေပေမယ့် အားလုံးက အခက်အခဲတွေနဲ့ ကြုံတွေ နေကြရတာဖြစ်တာကြောင့် ကလေးတွေဆီက ဘာအခကြေးငွေမှ မယူချင်ဘူးလို့ ပရဟိတဆရာမ မအေးက ဆိုပါတယ်။

စစ်ရှောင်စခန်းက ဆရာမတွေနဲ့ ကျောင်းသားတွေ စာသင်ခန်းထဲကို ပြန်ရောက်မယ့်အချိန်၊ စစ်ဘေးရှောင်တွေ အိမ်ပြန်ခွင့်ရမယ့်အချိန်တွေရောက်ဖို့ ဘယ်လောက် အချိန်ကြာကြာ စောင့်ရမယ်ဆိုတာ ဘယ်သူမှ မသိကြပါဘူး။

စစ်ရှောင်စခန်းရောက် ကျောင်းဆရာမတွေကတော့ စခန်းထဲက ကျောင်းသားတွေကို စာသင်ကြားရင်း ကြုံလာရတဲ့အခက်အခဲတွေကို အားတင်းပြီး တစ်နေ့ပြီးတစ်နေ့ ဖြတ်သန်းနေကြရပါတယ်။

Author:

Related Articles