Home ဆောင်းပါး လွယ်လွယ်နှင့် မေ့ပျောက်နိုင်ကြမည်မဟုတ်သည့် ဖြစ်ရပ်ဆိုး

လွယ်လွယ်နှင့် မေ့ပျောက်နိုင်ကြမည်မဟုတ်သည့် ဖြစ်ရပ်ဆိုး

နွေဦးမောင်။ ။

ကလေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာလေးတစ်ရွာတွင် ထိတ်လန့်ဖွယ်ဖြစ်ရပ်ဆိုးတစ်ခု ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့ပါ သည်။

ထိုကျေးရွာလေးသည် ကလေး-ဂန့်ဂေါကားလမ်းနဘေးတွင်ရှိပြီး ချင်းတိုင်းရင်းသားများ နေထိုင်သည့် ချင်းရွာလေးတစ်ရွာ ဖြစ်၏။

ဒေသခံများမှာ မိုးကာလတွင် စပါးစိုက်ပျိုးကြပြီး ဆောင်းကာလတွင် ပဲမျိုးစုံနှင့် နေကြာစိုက်ပျိုးခြင်းဖြင့် အသက်မွေးကြ သည်။ ဆောင်းရာသီစိုက်ပျိုးထားသည့် သီးနှံများမှာ ယခုလိုနွေဦးပေါက်ချိန်တွင် သိမ်းဆည်းကြရခြင်း ဖြစ်သည်။

ယခုလည်း ကလေး-ဂန့်ဂေါကားလမ်းနဘေးမှ ချောင်းခွရွာလေးတွင် နေကြာစိုက်ခင်းများ ရိတ်သိမ်းနေပြီဖြစ်သည်။ ထို့ကြောင့် ချောင်းခွရွာသူ ဒေါ်နူးလျန်တို့မိသားစုမှာ နေကြာများရိတ်သိမ်းရန် တောင်ယာထဲသို့ ယာယီရွှေ့နေကြရသည်။

သူတို့မိသားစုသည် တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသကဲ့သို့ နေကြာလည်းသိမ်း၊ စစ်တပ်၏ရန်ပြုခြင်းမှလည်း ရှောင်တိမ်း ရန် မိသားစုလိုက် ယာတဲသို့ ပြောင်းရွှေ့နေထိုင်ကြခြင်း ဖြစ်ပါ၏။

သို့တိုင် ဒေါ်နူးလျန်တို့မိသားစုမှာ စစ်တပ်၏ရန်ပြုခြင်းဘေးမှ လွတ်ကင်းခြင်းမရှိခဲ့ပါပေ။ ဒေါ်နူးလျန်နှင့် သမီးနှစ်ယောက် မှာ စစ်တပ်၏ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံခဲ့ရပါသည်။

“သူတို့ ရှောင်နေတာလည်းတစ်ကြောင်းပေါ့။ ယာခင်းကလည်း သူတို့လုပ်နေကြ နေကြာခင်းပေါ့။ အဲဒီမှာပဲ အဖမ်းခံရပြီး ခုလိုမီးရှို့အသတ်ခံလိုက်ရတာ”ဟု ဒေါ်နူးလျန်တို့မိသားစုနှင့်နီး စပ်သည့် ချောင်းခွရွာခံတစ်ဦးက ပြောသည်။

ဒေါနူးလျန်နှင့် သမီးနှစ်ယောက်သည် တောင်ယာတဲ၌ရှိနေစဉ် ဖေဖော်ဝါရီ ၂၃ ရက်က စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ နောက်တစ်နေ့မနက်တွင်မူ သူတို့သားအမိသုံးယောက်လုံး အခြားယာခင်းတစ်ခုရှိ တဲနှစ်လုံးတွင် မီးရှို့ သတ်ဖြတ်ခံလိုက်ရတော့သည်။

ကလေးတောင်ပိုင်း
ကလေးမြို့နယ် တောင်ပိုင်းဒေသတွင်ပါဝင်သော ချောင်းခွ၊ သံဖို၊ ရန်ကြီးအောင် စသည့်ကျေးရွာများမှာ နယ်မြေ အေးချမ်းခြင်းမရှိသည့် နေရာများ ဖြစ်သည်။

အထူးသဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာရသည့် နွေဦးတော်လှန်ရေးကာလတွင်မှ မအေးချမ်းသည့် ဒေသများအဖြစ်သို့ ဆိုက်ရောက်လာခြင်း ဖြစ်၏။ အကြောင်းမူ စစ်အာဏာရှင်အား ခုခံတိုက်ပွဲဝင်နေသူများကို ဖမ်းဆီး သတ်ဖြတ်ရန် ထိုကျေးရွာများသို့ဖြတ်သန်းသွားသော ကလေး-ဂန့်ဂေါလမ်းပိုင်းအား စစ်တပ်က တွင်တွင် အသုံးပြုလာခဲ့၍ ဖြစ်သည်။

ထို့အတူ စစ်အုပ်စုသည် ချောင်းခွ၊ သံဖို စသည့်ကျေးရွာများနှင့် သိပ်မဝေးလှသည့် ရန်ကြီးအောင်ကျေးရွာတွင် လွန်ခဲ့သော လအနည်းငယ်ကတည်းက တပ်စခန်းချထားခဲ့သည်။ ထို့ကြောင့်လည်း Chinland Defence Force – Kalay Kabaw Gangaw(CDF-KKG)နှင့် Chin National Organization(CNO/CNDF) ကဲ့သို့ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် မကြာ ခဏဆိုသလို ထိတွေ့တိုက်ပွဲများဖြစ်ပွားရာ ဒေသတစ်ခုဖြစ်လာခဲ့သည်။

အကျိုးဆက်အနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များက ရန်ကြီးအောင်အပါအဝင် ကားလမ်းတစ်ကြောမှ သံဖိုနှင့် ချောင်းခွ ကျေးရွာများအား ပစ်မှတ်ထားလာကြောင်း CDF – KKG မှ ပြန်ကြားရေးတာဝန်ခံက ရှင်းပြသည်။

စစ်ကောင်စီတပ်၏ ပစ်မှတ်ထားခံရသည့်ကျေးရွာများသည် လက်နက်ကြီးဒဏ်ခံရခြင်း၊လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခံရခြင်း၊ နေအိမ်များကိုဖျက်ဆီး၍ ဖောက်ထွင်းခိုးယူခံရခြင်းများကို ရင်ဆိုင်ကြရသည်။

စစ်ကောင်စီတပ်များသည် ထိုသို့အကြမ်းဖက် ရုံမျှဖြင့် မပြီးသေးပါ။ ကျေးရွာများအတွင်း ဝင်ရောက်ကာ အပြစ်မဲ့ ပြည်သူ များအား မတရားဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ကျူးလွန်ကြသည့်အပြင် အမျိုးသမီးအချို့အား လိင်ပိုင်းဆိုင်ရာကျူးလွန် ခြင်းများပါ ရှိနေကြောင်း CDF – KKG မှ ပြန်ကြားရေးတာဝန်ခံက ပြောပါသည်။

ယခုလည်း ချောင်းခွရွာသူ ဒေါ်နူးလျန်နှင့်သမီးနှစ်ယောက်မှာ စစ်သားများ၏ မဖွယ်မရာပြုမူခြင်းကို ခံစားရပြီးမှ အလောင်း ဖျောက်ရန် ရည်ရွယ်ချက်ဖြင့် မီးရှို့ခဲ့ဟန်ရှိကြောင်း CDF – KKG အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယူဆသည်။

ဓာတ်ပုံ – CDF – KKG

ဘေးလွတ်ရာရှောင်ရင်း အဖမ်းခံရ
တစ်ကယ်တမ်းဆိုလျင် ဒေါ်နူးလျန်နှင့် မိသားစုမှာ စစ်ကောင်စီတပ်၏ ရန်ပြုခြင်းမှ ကင်းလွတ်ရန် ကြိုတင်ရှောင်တိမ်း နေကြသူများ ဖြစ်သည်။

အလားတူပင် သူတို့မိသားစုကဲ့သို့ ဘေးလွတ်ရာရှောင်ရင်း တောင်ယာလုပ်ငန်းသွားရောက်လုပ်ကိုင်နေသူ အများအပြား ရှိနေကြောင်း ချောင်းခွဒေသခံများက ပြောပါသည်။

မိသားစုအလုပ်တာဝန်လည်းပြီး စစ်တပ်ရန်မှလည်းလွတ်ဟုယူဆပြီး အထက်ပါအတိုင်း ယာတဲများတွင် သူ့အစုလေးနှင့်သူ တိမ်းရှောင်နေကြခြင်း ဖြစ်သည်။

သို့သော် ထိုနေ့(ဖေဖော်ဝါရီ ၂၃ ရက်)ကတော့ ဒေသခံများအဖို့ ကံမကောင်းလှ။ စစ်ကောင်စီတပ်များမှာ ခါတိုင်းကဲ့သို့ ချောင်းခွရွာအတွင်း ဝင်ရောက်သောင်းကျန်းခြင်းမပြုဘဲ ယာခင်းများဆီ ဦးတည်ထွက်သွားခဲ့ကြကြောင်း ဒေသခံများက ပြန်ပြောပြသည်။

ထို့နောက် ယာတဲများကိုဝင်စီးကာ တွေ့သမျှလူကို ဖမ်းလေတော့သည်။ စစ်တပ်၏ ဖမ်းဆီးခြင်းခံရသူများတွင် အမျိုးသမီး ၁၂ ဦးခန့်ပါဝင်ခဲ့၏။ ထိုအမျိုးသမီးများအနက် ဒေါ်နူးလျန်နှင့်သမီးနှစ်ယောက်ကိုသာ သံဖိုရွာဘက် ဖမ်းခေါ်သွားခြင်း ဖြစ် သည်။

ကျန်အမျိုးသမီးများနှင့် အမျိုးသားများအားဖမ်းဆီးခဲ့စဉ်က ကြိုးဖြင့်တုတ်ခြင်း၊ လက်ထိပ်ခတ်ခြင်းများနှင့် စစ်ဆေးမေးမြန်းမှု အချို့ ရှိခဲ့သော်လည်း ပြန်လွှတ်ပေးခဲ့သည်။ ဒေါ်နူးလျန်တို့ သားအမိသုံးယောက်ကိုမူ သူတို့နေထိုင်ရာ ယာခင်းမှနေ၍ သံဖိုကျေးရွာအနီး ယာတဲသို့ ခေါ်ဆောင်သွားလေသည်။

“အဲတုန်းက တခြားသူတွေကို လွှတ်ပေးတော့ ဝမ်းသာနေတာ။ သူတို့လည်း နောက်နေ့ပြန်လွှတ်ပေးမှာပေါ့ဆိုပြီး။ ဟော နောက်နေ့မနက်ရောက်တော့ သံဖိုရွာနား မီးရှို့အသတ်ခံလိုက်ရပြီဆိုတဲ့သတင်း ကြားရတော့တာပဲ”ဟု ဒေါ်နူးလျန်တို့ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မီးရှို့သတ်ခံရသူ သုံးဦးထက်ပိုနိုင်
စစ်ကောင်စီတပ်၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသူများတွင် ချောင်းခွရွာမှဒေါ်နူးလျန်တို့ သားအမိသုံးဦးသာ ဖြစ်သော် လည်း မီးရှို့ခံထားရသော ယာတဲသို့ ခေါ်ဆောင်လာသည်မှာ လေးဦးဖြစ်ကြောင်း သံဖိုရွာခံများကို ကိုးကားပြီး ချောင်းခွ ရွာခံများက ပြောသည်။

“အရိုးသွားကောက်တော့ သူတို့သားအမိသုံးယောက်အပြင် တစ်ယောက်ကျန်သေးတယ်။ အားလုံးလေးယောက်ပေါ့။ ဒါပေမဲ့ ကျန်နေတဲ့တစ်ယောက်က ဘယ်ကမှန်းခုထိမသိသေးဘူး”ဟု ချောင်းခွရွာခံတစ်ဦးက ပြောသည်။

ဒေါ်နူးလျန်တို့သားအမိများ မီးရှို့သတ်ဖြတ်ခံရသည့် သံဖိုရွာနှင့်ချောင်းခွရွာမှာ တစ်မိုင်ခွဲခန့်သာ ဝေးသည်။ မီးရှို့ခံထားရသူ များ၏ အရိုးစုများသွားရောက်ကောက်ယူရာတွင် သက်ဆိုင်သူများ၏ မိသားစုဝင်များနှင့်အတူ ချောင်းခွ၊ သံဖိုစသည့် ကျေးရွာများမှ ဒေသခံများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များပါ သွားရောက်ခဲ့ကြသည်။

ထို့ကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ CDF – KKG မှ သတင်းထုတ်ပြန်ရာတွင် သားအမိသုံးဦးကို စကစတပ်ဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်သတ်ပြီးနောက် တဲအိမ်နှင့်အတူ တစ်ပါတည်းမီးရှို့သတ်ဖြတ်လိုက်ခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်ဖော်ပြ သည်။

ဓာတ်ပုံ – CDF – KKG

“ကျွန်တော်တို့ ခန့်မှန်းချက်အရ အဖမ်းခံရသူသုံးဦးမှာ မိခင်က ၄၀ နှစ်၊ သမီးနှစ်ဦးက ၁၆ နှစ်နဲ့ ၁၄ နှစ် ငယ်ရွယ်နုပျိုတဲ့ အမျိုးသမီးတွေ ဖြစ်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုဖြစ်စဉ်တွေအတိုင်း ဗလ က္ကာယပြုပြီးမှ သတ်ဖြတ်မီးရှို့ခဲ့တယ်လို့ ယူဆပါတယ်”ဟု CDF – KKG မှ ပြန် ကြားရေးတာဝန်ခံက မှတ်ချက်ပေးသည်။

ဒေသခံများ၏ ပြောဆိုချက်များအရ ဒေါ်နူးလျန်နှင့် သမီးနှစ်ယောက်အပါအဝင် မီးရှို့သတ်ဖြတ်ခံထားရသူ လေးဦးဖြစ်နိုင် သည်ဆိုခြင်းအပေါ် Hi မှ ယခုထက်ပိုမိုတိကျခိုင်မာသည့် အချက်အလက်နှင့် သက်သအထောက်အထား မရရှိသေးပေ။


ကောက်ယူထားပြီးဖြစ်သော အရိုးစုများ

အဖမ်းခံရစဉ်က ဝတ်ဆင်ထားသော အဝတ်အစားနှင့် လက်ဝတ်လက်စားအချို့၏ အပိုင်းအစများကို အခြေခံပြီး ဒေါ်နူးလျန်၏ ခင်ပွန်းဖြစ်သူက သိရှိသဖြင့် သားအမိသုံးဦးလုံးမီးရှို့အသတ်ခံရခြင်းကို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ဒေါ်နူးလျန်၏ ခင်ပွန်းဖြစ်သူသည် စစ်ကောင်စီတပ်၏ ကနဦးဖမ်းဆီးစစ်ဆေးခံရသူများတွင်ပါဝင်ပြီး အခြားအမျိုးသမီးများ နှင့်အတူ ပြန်လွှတ်ပေးသူများတွင် ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

ချောင်းခွရွာသူ ဒေါ်နူးလျန်တို့ဇနီးမောင်နှံတွင် သားသမီး ငါးယောက်ရှိသည်။ ထိုသားသမီးများတွင် ယောကျ်ားလေးနှစ် ယောက်၊ မိန်းကလေးသုံးယောက် ဖြစ်၏။ အကြီးဆုံးမှာ သားယောကျ်ားလေး ဖြစ်သည်။

သူတို့မိသားစုသည် ကက်သလစ်ဘာသာဝင်များဖြစ်ကြီးပြီး ဖလမ်းချင်း လူမျိုးစုဝင် ချင်းတိုင်းရင်းသားများ ဖြစ်ပါသည်။

ယာခင်းသို့ ခေတ္တရွှေ့နေစဉ်က ဒေါ်နူးလျန်၊ သူ့ခင်ပွန်းနှင့် သမီးနှစ်ယောက်အပါအဝင် မိသားစုဝင်လေးဦးသာ သွားရောက် နေထိုင် အလုပ်လုပ်ကိုင်ခဲ့ခြင်းဖြစ်၏။ အကြီးဆုံးသား၊ ရှစ်နှစ်အရွယ်သမီးတစ်ဦးနှင့် ခြောက်နှစ်အရွယ် အငယ်ဆုံးသား တို့မှာ ချောင်းခွရွာနေအိမ်တွင် ကျန်နေခဲ့သည်။

ယခုမူ ထိုကလေးသုံးယောက်မှာ ဖခင်နှင့်အတူရှိနေပြီး သားအမိသုံးဦး၏ ဈာပနကို ဖေဖော်ဝါရီ ၂၅ ရက်က ဘာသာရေး ထုံးတမ်းစဉ်လာအတိုင်း ကောင်းမွန်စွာသြဂိုလ်ခဲ့ပြီးဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူက ပြောပါသည်။

“အခေါင်းတစ်ခုတည်းမှာ အရိုးစုတွေအကုန်ပေါင်းထည့်ပြီး သင်္ဂြ ိုလ်ပေးခဲ့ရတယ်”ဟု ၎င်းက ဆိုသည်။

ကလေးမြို့နယ် တောင်ပိုင်းဒေသရှိ ချောင်းခွကျေးရွာအပါအဝင် ဒေသခံများမှာ အထက်ပါဖြစ်ရပ်ဆိုးကို လွယ်လွယ်နှင့် မေ့ပျောက်နိုင်ကြမည် မဟုတ်တော့ပေ။

” တော်တော်ကို ဒုက္ခများပါတယ်ဗျာ။ ဘယ်ပါတီဝင်မှလည်းမဟုတ်၊ ဘယ်အဖွဲ့မှလည်းမပတ်သက်၊ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတဲ့ ပြည်သူတွေကို ဒီလိုလုပ်တာ အတော်ကိုရက်စက်လွန်းပါတယ်”ဟု ဒေါ်နူးလျန်းတို့သားအမိ သုံးဦး မီးရှို့သတ်ဖြတ်ခံရခြင်းအပေါ် ဒေသခံတစ်ဦးက ရင်ဖွင့်လေသည်။

Author:

Related Articles