ခင်ဘုန်းမို့။ ။
အပြာရောင်ဖလင်စတွေနဲ့ဖုံးထားတဲ့ စာအုပ်တွေကြားထဲတိုးဝင်ကာ စာအုပ်ရွေးရတဲ့အရသာ၊ အသစ်ထွက်စာအုပ်တိုင်းကို ဦးဦးဖျားဖျား ဖတ်ချင်ကြတဲ့ဆန္ဒနဲ့ စာအုပ်အသစ်ကရတဲ့ စက္ကူအနံ့ကို ရူရှိုက်ရတဲ့အခိုက်အတန့်စတဲ့စိတ်ခံစားချက်တွေကို စာအုပ်အငှားဆိုင်လေးတွေကသာ ပေးစွမ်းနိုင်ခဲ့ကြတာပါ။
ဒါပေမယ့် ဒီစာအုပ်အငှားဆိုင်လေးတွေဟာ ဒစ်ဂျစ်တယ်ခေတ်တိုးတက်လာတာနဲ့အမျှ လျော့ပါးပျောက်ကွယ်လာခဲ့တာ ဟာ ၁၀ စုနှစ်တစ်ခုနီးပါး ရှိနေပါပြီ။ လက်ရှိအချိန်အထိ ကျန်ရစ်နေတဲ့ စာအုပ်အငှားဆိုင်အရည်အတွက်ဟာ လက်ချိုး ရေလို့ရပါတယ်။
ခေတ်စနစ်တွေပြောင်းလဲလာတာနဲ့အမျှ နေထိုင်မှုပုံစံတွေလည်းပြောင်းလဲလာပြီး စာပေဖတ်ရှုမှုပုံစံတွေလည်း ပြောင်းလဲ လာခဲ့တာပါ။ တချို့ကစာအုပ်တွေကို Digital Platform ကနေဖတ်ကြသလို စာအုပ်ကို လက်ကကိုင်ပြီးဖတ်ရတဲ့ အရသာကို နှစ်ခြိုက်သူတွေလည်းရှိနေပါသေးတယ်။
စာအုပ်အရောင်းဆိုင်တွေ အွန်လိုင်းမှာရောအပြင်မှာပါရှိနေပေမယ့် အသစ်ထွက်စာအုပ်တိုင်းကို ဝယ်ဖတ်ဖို့ဆိုတာတော့ မလွယ်ကူလှပါဘူး။ တချို့စာအုပ်တွေကို အင်တာနက်ပေါ်ကနေ Download လုပ်ပြီးအလွယ်တကူ ဖတ်နိုင်ပေမယ့် စာအုပ်ကိုလက်ကကိုင်ဖတ်ချင်သူတွေအတွက်တော့ စာအုပ်အငှားဆိုင်လေးတွေကို တမ်းတစေပါတယ်။
ဒီလိုစာအုပ် အငှားဆိုင်တွေရဲ့ ကွက်လပ်ကိုဖြည့်တင်းနိုင်ဖို့ အွန်လိုင်းစာအုပ်အငှားလုပ်ငန်းလေးတွေ ပေါ်ပေါက်လာခဲ့ ပါတယ်။ ဒီအထဲမှာအမျိုးသမီးငယ်တွေကလည်း အွန်လိုင်းစာအုပ်အငှားလုပ်ငန်းတွေကို တစ်ပိုင်တစ်နိုင်ဦးစီးနေကြတာကို တွေ့ရပါတယ်။
မိတ္ထီလာမြို့က မရတနာကျော်က အဲ့ဒီသူတွေထဲ တစ်ဦးအပါအဝင်ပါ။ စာဖတ်တဲ့အလေ့အကျင့်ကို လူတွေကြားထဲပျောက် ကွယ်မသွားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ အွန်လိုင်းစာအုပ်အငှားလုပ်ငန်းကို လုပ်ကိုင်ဖြစ်တာလို့ သူကဆိုပါတယ်။
Door2Door Online Library ဆိုတဲ့အမည်နဲ့ ၂၀၂၁ခုနှစ်အောက်တိုဘာလကစပြီး အွန်လိုင်းစာအုပ်အငှားလုပ်ငန်းကို သူငယ်ချင်းဖြစ်သူနဲ့ စတင်ခဲ့တာပါ။
စာအုပ်တစ်အုပ်ကို ၅၀၀ ကျပ်နဲ့ တစ်ဦးကိုနှစ်အုပ်၊ တစ်ပတ်ငှားရမ်းခွင့်ပြုပြီး အပတ်စဉ်စနေနေ့တိုင်း အိမ်တိုင်ရာရောက်ပို့ခ မယူဘဲပို့ဆောင်ပေးတာဖြစ်တယ်။ အရမ်းထူတဲ့စာအုပ်တွေကို ငှားရမ်းခ တစ်ထောင်ကျပ်သတ်မှတ်ပြီး လက်ရှိမှာတော့ မိတ္ထီလာမြို့တွင်းမှာသာ ငှားရမ်းလို့ရသေးတယ်လို့ မရတနာကျော်ကဆိုပါတယ်။ တစ်လကို စာအုပ်ငှားရမ်းသူ ၈၀နဲ့ ၁၀၀ ကြားကို အွန်လိုင်းကတစ်ဆင့် စာအုပ်တွေငှားရမ်းပေးနေတာပါ။
“ စာအုပ်တွေအလွယ်တကူစုတ်ပြဲတာမျိုးမရှိရလေအောင် စာအုပ်တွေကိုကြိုပြီး အဖုံးချုပ်ထားပေးပါတယ် စာအုပ် မလွဲ အောင်လဲ စာအုပ်အတွင်းဘက်တွေမှာ logo တံဆိပ်လေး နှိပ်ထားပေးပါတယ်။ တချို့စာဖတ်သူတွေကလည်း အိမ်တိုင် ရာရောက်ပို့ပေးတာကို ကျေးဇူးတင်တဲ့အနေနဲ့ စာအုပ်ဖုံးမချုပ်ရသေးတဲ့စာအုပ်တွေကို စာအုပ်အဖုံးလေးတွေချုပ်ပေးကြပါ တယ်”လို့မရတနာကျော်က သူ့အတွေ့အကြုံကိုပြောပါတယ်။
Door2Door Online Library ကိုပူးတွဲတည်ထောင်သူ မနွယ်ယုယုဇွန် ကလည်း အိမ်တိုင်ရာ ရောက်ပို့ပေးရတာဖြစ်တဲ့ အတွက် နေရာရှာရတာခက်ခဲတာနဲ့ စာအုပ်တွေကိုအလှည့်ကျပေးဖို့ စီစဉ်ရတာကလွဲရင် တခြားအခက်အခဲလည်း မရှိ ဘူးလို့ ဖွင့်ဟပါတယ်။
မရတနာကျော်နည်းတူ တစ်ပိုင်တစ်နိုင်စာအုပ်အငှားဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်နေသူကတော့ တောင်ကြီးမြို့မှာ နေထိုင်တဲ့ ယူလီပါ။ ကိုယ်တိုင်ဝယ်စုထားတဲ့စာအုပ်တွေကို အကျိုးရှိရှိအသုံးချချင်တဲ့အတွက် စာအုပ်အငှားဝန်ဆောင်မှုကို 52 Hz Online စာအုပ်အငှားဆိုင်အမည်နဲ့ ၂၀၂၀ခုနှစ်ကတည်းက လုပ်ကိုင်နေခဲ့တာပါ၊
တစ်ပတ်ကိုစာအုပ်သုံးအုပ်ငှားရမ်းနိုင်ကာ စာအုပ်ငှားရမ်းခအနေနဲ့အခမဲ့ဖြစ်ပြီး စာအုပ်ပြန်ယူချိန်မှသာ ပို့ခတစ်ထောင် ကျသင့်တာဖြစ်ပါတယ်။
“ စာအုပ်အငှားလုပ်ငန်းက စီးပွားရေးအတွက်လုပ်ထားတာ မဟုတ်တဲ့အတွက် အဲ့ကနေဝင်ငွေနဲ့ အကျိုးအမြတ်တော့ မရဘူးပေါ့” လို့ ယူလီကဖွင့်ဟပါတယ်။
စာအုပ်တစ်အုပ်ဝယ်ဖတ်ရင် အနည်းဆုံးနှစ်ထောင့်ငါးရာ၊သုံးထောင်ကနေ အများဆုံးသောင်းဂဏန်းအထိရှိတာကြောင့် ဈေးသက်သက်သာသာနဲ့ ဖတ်ချင်တဲ့စာအုပ်ဖတ်နိုင်အောင် ယူလီကရည်ရွယ်ပြီး ကိုယ့်ဝင်ငွေနဲ့ကိုယ်စာအုပ်တွေဝယ်စုကာ အွန်လိုင်းအငှားလုပ်ငန်းကို ရပ်တည်နေတာဖြစ်ပါတယ်။ စာအုပ်ငှားသူတွေဘက်ကလည်း စာအုပ်ပျောက်တာ၊ စာအုပ် စုတ်ပြဲတာမျိုးတခါမှမရှိသေးဘဲ အဆင်ပြေတယ်လို့ဆိုပါတယ်။
မရတနာကျော်နဲ့ ယူလီတို့နည်းတူ တစ်ယောက်ထဲဦးစီးကာ အွန်လိုင်းစာအုပ်အငှားလုပ်ငန်းကို ဆောင်ရွက်နေသူကတော့ ရန်ကုန်က အသက် ၂၁ နှစ်အရွယ် မေရီမြင့်ပဲဖြစ်ပါတယ်။
အစောကတည်းက စာအုပ်အငှားဆိုင်ဖွင့်ချင်တဲ့စိတ်ကူးရှိခဲ့ပြီး ငွေကြေးအအခြေအနေနဲ့နေရာအခက်အခဲကြောင့် လက် လျော့ ခဲ့ရပေမယ့် ၂၀၂၁ခုနှစ် နိုဝင်ဘာလမှာတော့ ရှိတဲ့စာအုပ်လေးငါးဆယ်အုပ်နဲ့စာငှားအိမ် အွန်လိုင်း စာအုပ် အငှား ဝန်ဆောင်မှုလုပ်ငန်းလေးကို စတင်ခဲ့ပါတယ်။
Member Card တစ်ခုအတွက် Member ကြေးငါးထောင်သတ်မှတ်ထားပြီး တစ်ခါငှားရင်သုံးအုပ်အထိ ငှားရမ်း လို့ ရကာMember Cardတစ်ခုကိုအကြိမ် ၂၀ ငှားရမ်းခွင့်ရှိတာဖြစ်ပါတယ်။
တစ်ပတ်ကိုစာအုပ်ငှားသူ ၁၀ဦးအထက်ရှိပြီး လက်ရှိမှာတော့ အင်းစိန်မြို့တွင်းနဲ့ တခြားနီးစပ်ရာမြို့နယ်တွေသာ ငှားရမ်း လို့ရပါသေးတယ်။
ဒီလုပ်ငန်းကိုမိသားစုက သိပ်သဘောမကျပေမယ့် အလုပ်နားရက်မှာအချိန်လုကာ စာအုပ်အငှားလုပ်ငန်းကို ဆက်လက် လုပ်ကိုင်နေတာဖြစ်တယ်လို့ မေရီမြင့်ကဖွင့်ဟပါတယ်။
“ ပို့ခအသက်သာဆုံးဖြစ်အောင် ၅၀၀ ပဲယူထားတာ၊YBS နဲ့လိုက်ပို့ရတော့အမြဲကားခဆိုအိတ်စိုက်ရတာပဲ။YBS နဲ့ဆိုတော့ တခါတလေလမ်းထဲအထိတော်တော်လေးဝင်ပို့ရတဲ့နေ့တွေဆို စာအုပ်ထုပ်က လေး၊ နေက ပူနဲ့ စက်ဘီးနဲ့ပို့ဖို့ကျတော့ မတော် တဆဖြစ်ဖူးတော့ အိမ်ကစိတ်မချပြန်ဘူး”လို့သူ့အခက်အခဲကိုဖွင့်ဟပါတယ်။
အွန်လိုင်းစာအုပ်အငှားလုပ်ငန်းတွေကို မြို့နယ်တိုင်းမှာရှိစေချင်တာကတော့ မေရီမြင့်ရဲ့ဆန္ဒပါပဲ။
ပုံမှန်စာအုပ်အငှားဝန်ဆောင်မှုလုပ်ငန်းတွေနဲ့မတူ တစ်မျိုးဆန်းသစ်တဲ့စာအုပ်အငှားလုပ်ငန်းကို အမျိုးသမီးနှစ်ဦးက ဦးစီး လုပ်ကိုင်နေကြပါတယ်။ သူတို့နှစ်ဦးက စာပေဝါသနာပါတာချင်းတူတဲ့ သူငယ်ချင်းနှစ်ယောက်ပါ။
သူတို့ လုပ်ငန်းကတော့ Box But Bookish ဘုတ်အုပ်ပုံးလို့အမည်ပေးထားပြီး စာအုပ်တွေကိုလစဉ်ကြေးပေးသွင်းကာ ငှားရမ်းဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ထူးခြားတာက ဘယ်လိုစာအုပ်အမျိုးအစားပါမယ်ဆိုတာကို ကြိုတင်မသိရှိရတဲ့ စာအုပ် ငှားရမ်းမှုမျိုးပါ။
“ ဒီဘက်ခေတ်မှာ စာအုပ်အငှားဆိုင်တွေရှားပါလာတာကြောင့် နောက်မြန်မာပြည်မှာသိပ်ပြီး ခေတ်မစားသေးတဲ့ လစဉ် ကြေးသွင်းပုံး(Subscription box Service)ကိုစပြီးတည်ထောင်ချင်တာကြောင့် စိတ်ကူးရခဲ့တာပါ”လို့ တည်ထောင်သူ တစ်ဦးဖြစ်တဲ့ မခိုင်ကဆိုပါတယ်။
ဘုတ်အုပ်ပုံးကိုအမျိုးအစား နှစ်မျိုးသတ်မှတ်ထားပြီး ပင်းယပုံးအမျိုးအစားဆိုရင် မြန်မာစာအုပ် သုံးအုပ်၊ အင်းဝပုံး အမျိုး အစားဆိုရင် အင်္ဂလိပ်စာအုပ်တစ်အုပ် ထပ်တိုးပြီးစုစုပေါင်း လေးအုပ်ပါဝင်မှာဖြစ်ပါတယ်။
ဒါ့အပြင် စာဖတ်ချိန်ကို အပျော်မွေ့ဆုံးဖြစ်စေဖို့ရည်ရွယ်ချက်နဲ့ ဖယောင်းတိုင်အသေးလေး၊ကော်ဖီ၊လက်ဖက်ရည် ဒါမှ မဟုတ် အဆာပြေစားစရာတစ်မျိုးမျိုးနဲ့ စာမှတ်ကဒ်လေးတွေလည်းထည့်သွင်းထားပါသေးတယ်။
စာအုပ်တွေကလွဲလို့ ကျန်တဲ့ပစ္စည်းတွေကအပိုင်ရရှိမှာဖြစ်ပြီး နှစ်ပတ်အကြာမှစာအုပ်အဟောင်းတွေပြန်ပေးကာ စာအုပ် အသစ်ပါတဲ့ပုံးကိုရရှိမှာပါ။
စာအုပ်တွေကိုရွေးချယ်လို့မရပေမယ့် ကိုယ်အားလုံးဖတ်ပြီးသွားတဲ့ စာရေးဆရာတစ်ယောက်နဲ့ မဖတ်ချင်တဲ့စာရေး ဆရာ တစ်ယောက်ကိုတော့ အပိတ်စာရင်းသွင်းထားလို့ရတာကြောင့် အဲ့ဒီစာရေးဆရာတွေရဲ့ စာအုပ်တွေကိုထည့်သွင်းပေးမှာ မဟုတ်ဘူးလို့ မခိုင်ကရှင်းပြပါတယ်။
ပင်းယပုံးအတွက်တစ်ကြိမ် ၂,၂၀၀ ကျပ်နဲ့တစ်လစာ ၄,၄၀၀ ကျပ်၊အင်းဝပုံးအတွက် တစ်ကြိမ် ၂,၇၀၀ ကျပ်နဲ့ တစ်လစာ ၅,၄၀၀ ကျပ်သတ်မှတ်ထားပြီး မြို့နယ်အလိုက် ပိုခကျသင့်မှာဖြစ်ပါတယ်။ ပို့ခချွေတာချင်သူတွေအနေနဲ့ကတော့ ဗိုလ်တ ထောင်မြို့နယ်မှာ နှစ်ပတ်တစ်ခါစာအုပ်ပုံးလာယူ၊ပြန်ပေးတာလည်းလုပ်လို့ရတယ်လို့ မခိုင်ကဆိုပါတယ်။
ဒီဝန်ဆောင်မှုကို ယခုနှစ်ဖေဖော်ဝါရီလကစတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ရန်ကုန်မြို့အတွင်းသာ ငှားရမ်းလို့ရပြီး အစမ်းလည်ပတ်မှုစတာဖြစ်သေးတဲ့အတွက် လူဦးရေ ၇၀သာလက်ခံထားပါတယ်။
“ အဓိကက မတန်ဘူးလို့ခံစားရမှာ စိတ်ပူတာပါ။ နောက်ပြီးလစဉ်ကြေးသွင်းပုံးလုပ်ငန်းက ဒီမှာတအားမရင်းနှီးကြသေး တဲ့အခါကျတော့ စာအုပ်ကိုရွေးလို့မရဘူးဆိုတဲ့ သဘောတရားကိုရှင်းပြရတာနည်းနည်းလေးခက်တယ်ပေါ့နော်”လို့ မခိုင်က အခက်အခဲကိုရှင်းပြပါတယ်။
စာဖတ်ချင်ပေမယ့် ဘယ်ကစဖတ်ရမှန်းမသိတဲ့သူတွေ၊ ကိုယ်အကြိုက်ဟုတ်မဟုတ် မသိလို့အပိုင်မဝယ်ချင်တဲ့သူတွေ၊ စာအုပ်ဖတ်တဲ့ကိစ္စကို တစ်သီးတစ်သန့်နှစ်လိုစရာ ဝါဿနာလေးအနေနဲ့ အချိန်ပေးပြီး အရေးတယူဖတ်ချင်သူတွေအတွက် အဆင်ပြေမယ်လို့မျှော်လင့်မိတယ်လို့ မခိုင်ကဆိုပါတယ်။
အွန်လိုင်းစာအုပ်အငှားလုပ်ငန်းကနေ စာအုပ်ငှားဖတ်ဖူးသူတစ်ဦးကတော့ ဒီလို အွန်လိုင်းက အလွယ်တစ်ကူ စာအုပ်ငှား ဖတ်လို့ရတာဟာ လူပင်ပန်းတာလည်း သက်သာစေပြီး စာဖတ်သူတွေအတွက် အကျိုးရှိတယ်လို့ဆိုပါတယ်။
“ အွန်လိုင်းကနေငှားရတာက လူလည်းမပင်ပန်းဘူး ကိုယ်ကြိုက်တာကိုရှာငှားလိုက်ရုံပဲ။ စာအုပ်ဆိုင်သွားမယ်ဆို မြို့ထဲထိ ဆိုရင် ကားစီးရတာပင်ပန်းတယ်။ အွန်လိုင်းစာအုပ်အငှားဆိုင်လေးက စာအုပ်လည်းသွားယူစရာမလိုဘဲ အိမ်ထိလာပို့ ပေး တယ်။ မြို့နယ်တူတဲ့ဆိုင်ကငှားမယ်ဆိုတချို့ဆို ပို့ခမပေးရတော့ပိုတောင်အဆင်ပြေသေးတယ်။ ဈေးနှုန်းကလည်း မများ ဘူး ၅၀၀၊ ၁၀၀၀ ထောင်နဲ့ဖတ်လို့ရတယ်”လို့ ပြောပါတယ်။
အခုလိုအွန်လိုင်းကနေ စာအုပ်အငှားဆိုင်လေးတွေ များလာတဲ့အပေါ် ဝမ်းသာကြိုဆိုတယ်လို့ စာရေးဆရာကြီးတစ်ဦးက မှတ်ချက်ပြုပါတယ်။
“ ဒီနေ့ခေတ်အခြေအနေအရ စာတွေဖတ်ဖို့လိုတာအမှန်ပါပဲ။ စာအုပ်ဆိုင်က စာအုပ်ကိုပဲဝယ်တယ်။ သူများစာအုပ်ကိုပဲ ငှားဖတ်ပါစေ။ စာတွေဖတ်ကြဖို့ အဓိကပါပဲ။ အခုအွန်လိုင်းကစာအုပ်ငှားဖတ်ကြသတဲ့ ။တစ်ချိန်ကစာအုပ်အငှား ဆိုင်ခေတ် တစ်ခေတ်ကို လွမ်းဆွတ်အောက်မေ့စရာပါ။ ခေတ်ကတောင်းဆိုလို့ ခေတ်နဲ့အညီပေါ်ထွက်လာတာလို့နားလည်မိတယ်။ အခုလိုအွန်လိုင်းပေါ်ကငှားဖတ်ရာက နောက်တော့စာဖတ်သူကြိုက်နှစ်သက်ရင်စာအုပ်ဝယ်ပြီး သိမ်းရမယ့်စာအုပ်ဆို ဝယ်ကြသိမ်းကြလိမ့်မယ်ထင်တယ်။ အရေးကြီးတာကတော့ အဖိုးတန်တဲ့အချိန်တွေကို အလဟဿဖြုန်းတီးမပစ်ဘဲ စာဖတ်ခြင်းမှာ ပျော်မွေ့တယ်ဆိုတာ စာဖတ်သူအတွက်ရော အများအတွက်ပါ အပေါင်းလက္ခဏာဆောင်ပါတယ်” လို့ အဆိုပါစာရေးဆရာကြီးက မှတ်ချက်ပြုပါတယ်။
အခက်အခဲတချို့ကိုစွန့်စားပြီး စာအုပ်အငှားဆိုင်လေးတွေရဲ့ ကွက်လပ်ကိုဖြည့်ဆည်းပေးချင်တာကတော့ အွန်လိုင်း စာအုပ်အငှားလုပ်ငန်း လုပ်ကိုင်နေကြတဲ့ အမျိုးသမီးငယ်တွေရဲ့တူညီတဲ့ဆန္ဒပါပဲ။
စာအုပ်အငှားဆိုင်လေးဖွင့်ချင်တဲ့ စိတ်ကူးကို မရမက အကောင်အထည်ဖော်ခဲ့သူ မေရီမြင့်ကတော့ “ငှားတဲ့လူတစ်ယောက် ပဲရှိရှိ လုပ်နိုင်တဲ့အထိဆက်လုပ်သွားမယ်”လို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။