Home ဆောင်းပါး အိမ်မဟုတ်သော အခန်းကျဉ်းထဲက ဘဝတွေ

အိမ်မဟုတ်သော အခန်းကျဉ်းထဲက ဘဝတွေ

Htoi Ningli။ ။

စစ်ရှောင် စခန်းမှာ ၁၀ နှစ်ကျော် နေထိုင်ခဲ့ရတဲ့ ဒေါ်နန်းရီ(အမည်လွဲ)တို့မိသားစုဝင် အတွက်တော့ ကိုဗစ် ကပ်ဆိုးနဲ့ အတူ ၂၀၂၁ ခုနှစ် တကျော့ပြန် အာဏာသိမ်းမှုက ပိုပြီး ခက် ခဲ လာစေခဲ့ပါပြီ။ သာမန် မိသားစုဝင်များပါ ခက်ခဲကြတဲ့ အခုလို အချိန်မှာ မသန်စွမ်း မိသားစုဝင်တွေနဲ့ စစ်ရှောင် စခန်းမှာ နေနေရတဲ့ ဒေါ်နန်းရီ အတွက်တော့ အတော်လေးကို ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ အခြေအနေ မျိုးပဲ ဖြစ်ပါတယ်။

ထပ်မံပြီးစစ်အာဏာသိမ်မှုကြောင့် နိုင်ငံရေးခြွတ်ခြုံကျမှုနှင့် ကိုဗစ်ကပ်ဘေးဖြစ်နေချိန်တွင် ဒေါ်လာဈေးများ တစ်ရက်ပြီးတစ်ရက်ခုန်တက်နေမှုကြောင့် ကုန်ဈေးနှုန်းများ အဆမတန်ထိုးတက်လာပြီး ပြင်ပဒေါ်လာပေါက်ဈေး ၃၀၀၀ကျပ် အထိရှိလာပြီဖြစ်ရာ အခြေခံလူတန်းစားများစားဝတ်နေရေးအပေါ် လွန်စွာသက်ရောက်မှုကြီးမားနေပါတယ်။ ဒေါ်နန်းရီတို့ကတော့ အခြေအနေကို အတော် ရုန်းကန်နေရတဲ့ အခြေအနေမျိုးမှာ ရှိနေတာပါ။

“အမျိုးသားကလည်း ဒူးအထက်ကနေဖြတ်လိုက်ရ‌ သမီးနှစ်ယောက်လည်းဆွံ့အ နားမကြားဖြစ်နေတော့ စိတ်ပူရတာက လွန်ကဲပါတယ်” ဟု ဒေါ်နန်းရီက ပြောပါတယ်။

ဆယ်စုနှစ် တစ်ခုကျော်ကြာ မပြန်ရသေးတဲ့ ဘဝတွေ
၂၀၁၁ ခုနှစ် ဂါးရာယန်ကျေးရွာမှာတိုက်ပွဲဖြစ်ပြီးဘယ်ဘက်ခြေ မိုင်းထိသွားတဲ့အမျိုးသား၊ အသက်ကြီး နာမကျန်းတဲ့ ယောက္ခမ နှင့် သားသမီး ၄ဦး တို့ကို မိခင်ဖြစ်သူတစ်ဦးတည်းကသာ ရုန်းကန်ပြီး ကြိုးစားအသက်ဆက်ရှင်သန်နေကြရတယ်။ အမျိုးသားကလည်း မသန်စွမ်းဖြစ်နေသည့်အပြင် အသက် ၁၆နှစ်အရွယ် နှင့် ၇နှစ် အရွယ်သမီးနှစ်ယောက်လည်း ဆွံ့အနားမကြားဖြစ်နေတဲ့အခြေအနေကြောင့် တစ်ရက်ပြီး တစ်ရက် မိသားစုစားဝတ်နေရေးအတွက် ဒေါ်နန်းရီတစ်ယောက် ကူကယ်ရာမဲ့စွာ ပူပန်သောကရောက်နေရပါတယ်။

နိုင်ငံရေးအကျပ်အတည်းနှင့် ကိုဗစ်ကပ်ဘေးတွေက မသန်စွမ်းမိသားစုများအတွက် အနာပေါ်တုတ်ကျ၊ တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလိုမျိုးဖြစ်နေပါတယ်။ ယခင်အချိန်များကဲ့သို့ ထောက်ပံ့ပေးမှုများလည်း ကင်းမဲ့သွားသလို သာမန်လူများကဲ့သို့ အပြင်ထွက် လုပ်ကိုင်ရှာဖွယ်မရတော့တဲ့အတွက်ကြောင့် ထမင်း နှပ်မမှန်တော့တဲ့အခြေအနေထိရင်ဆိုင်နေရပါတယ်။

ဒေါ်နန်းရီ နေထိုင်တာကတော့ ကချင်ပြည်နယ် ဝိုင်းမော်မြို့ မိုင်းနားကျေးရွာထဲရှိ မိုင်းနားKBC စစ်ရှောင်စခန်းဖြစ်ပြီး သူမတို့ရောက်နေတာက ၁၀နှစ်ကျော် ရှိပါပြီ။ ဒီစခန်းမှာ မသန်စွမ်းလူဦးရေ ၆၀ ကျော်နီးပါး အိမ်ထောင်စုအရ ၅၀ကျော်လောက်ရှိနေပါတယ်။

သူမတို့မိသားစုဟာ ဂါးရာယ‌န်ကျေးရွာနဲ့အလွန်ဝေးသော အနောက်ဘက်ခြမ်း မဒါဘွမ်ဆိုတဲ့တောင်ခြေရင်းမှာ ဆန်စပါး၊ နှမ်း နှင့် ဟင်းသီးဟင်းရွက်တွေစိုက်ပျိုးပြီး ကြိုးစားအသက်ဆက်နေကြပေမဲ့ ကံဆိုးမှုများသာ ဆက်တိုက်ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

“ရာသီဥတုကလည်းမကောင်းတော့ စပါးလည်း ရှုံးတာ နှစ်နှစ်လောက်ရှိပြီ။သူများဆီက ချေးငှား မျိုးစေ့ဝယ်ပြီးစိုက်တာကို မျိုးမအောင်တော့ အကြွေးတွေဘဲထပ်ထပ်တင်နေတယ်”

ယခင်ချိန်များတွင် ဒေါ်နန်းရီတယောက် တရုတ်တွေရဲ့ ငှက်ပျောခြံနှင့် အခြားပြင်ပနေ့စားအလုပ်တွေ ဝင်လုပ်ရင်း စားဝတ်နေရေးအတွက်အနည်းငယ်ချောင်လည်ခဲ့သော်လည်း ၂၀၂၁ ခုနှစ် တစ်ဖန်ပြန်ပြီး နိုင်ငံရေးအခြေအနေဆိုးရွားလာသည့်နောက်ပိုင်း အလုပ်အကိုင်ရှားပါးလာခြင်းများကြောင့် စားဝတ်နေရေးဟာ အဓိကပြဿနာဖြစ်လာခဲ့တယ်။

“အခုက ဘာနေ့စားမှလည်းမရှိ ကိုယ့်အခင်းထဲမှာဘဲသွားနေနေရတော့ လောလောဆယ်ဆယ် စားဖို့သောက်ဖို့က အင်မတန် ခက်ခဲတာပေါ့ ပြောလို့တောင် မကုန်နိုင်ပါဘူးလေ” ဟု သူမကဆိုသည်။

လက်ရှိတွင်စခန်းထဲက ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်နေကြသော်လည်း ဒေါ်နန်းရီ သားသမီးအားလုံးသည် မိသားစုစားဝတ်နေရေးအခက်အခဲကြောင့် ကျောင်းဆက်မတက်နိုင်တော့တဲ့ အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။

“ပိုက်ဆံမလိုက်ပေးနိုင်ဘူး ဟိုကြေး၊ ဒီကြေး ကျောင်းမှာကောက်ရင် မပေးနိုင်တော့ ကလေးတွေလည်း မျက်နှာငယ် စိတ်အားငယ် ရှက်ပြီး ကျောင်းမသွားချင်ကြတော့ဘူး။ အကြီးမနှင့် အငယ်မ နှစ်ယောက်စလုံးက ဆွံ့အနားမကြားဆိုတော့ မူကြိုလည်း မပို့နိုင် ဒီတိုင်းအိမ်မှာပါဘဲ”

အသက်၁၆နှစ်သမီးကြီးဟာ အသက် ၇နှစ်အရွယ်ကစပြီး ဆွံ့အနားမကြားဖြစ်လာခဲ့ရာ ဆေးကုသမှုလည်း ကောင်းမွန်စွာမပြုလုပ်နိုင်ခဲ့သည့်အတွက်ကြောင့် အခုဆိုရင် နားကြားကိရိယာတပ်ရင်တောင် မကြားနိုင်တော့တဲ့အခြေအနေ ဖြစ်နေပါတယ်။
ပိုပိုပြီးခက်ခဲကြပ်တည်းလာတဲ့အခြေအနေမှာ တစ်မိသားစုလုံးရဲ့ ဝန်ကိုမနိုင်မနင်းထမ်းဆောင်နေရတဲ့ ဒေါ်နန်းရီဟာ လှုပ်ရှားရုန်းကန်ခဲ့ရင်း ထမင်းနှပ်မမှန်တဲ့နေ့ရက်များစွာလည်း ကျော်ဖြတ်ခဲ့ရတယ်။

“ကိုယ်မလုပ်ရင် တစ်အိမ်လုံးငတ်တော့မှာ ဆိုတော့ ကြိုးစားလုပ်နေရတာပေ့ါ။ ဒို့သားအမိတွေ ဘာမှ မစားရဘဲ ကျော်ဖြတ်ခဲ့တဲ့အချိန်တွေလည်းများပါတယ်”

စခန်းမှာလည်း အဖွဲ့အစည်းများရဲ့ ထောက်ပံ့မှု အကူအညီရရှိတဲ့သူလည်းရှိသလို လုံးဝမရတဲ့သူတွေလည်းရှိနေပြီး၊ ဒါကလည်း သတင်းအချက်အလက်စီးဆင်းမှုအပိုင်းမှာ လိုအပ်ချက်တွေရှိနေတာကြေင့်ဖြစ်ပါတယ်။ ဒေါ်နန်းရီတို့အတွက်တော့ ဒီလိုထောက်ပံ့မှုအခွင့်အရေးမျိုးကို ရရှိနိုင်ဖို့ အင်မတန်ခက်ခဲ့နေတဲ့အနေအထားမှာရှိနေပါတယ်။

လက်ရှိမှာ သူမအမျိုးသားဟာ မလုပ်မကိုင်နိုင်ချိန်မှာ သူမတစ်ယောက်ထဲကသာ တစ်နပ်စားရဖို့အရေးအဓိက ရုန်းကန်နေရတာဖြစ်တဲ့အတွက်ကြောင့် သူများမိသားစုလိုစခန်းထဲမှာသိပ်မနေရဘဲ တောင်ယာ အခင်းဘကျ သှားနေတဲ့အချိန်ပိုများတာဖြစ်ပြီး မသန်စွမ်း သမီးနှစ်ယောက်တည်းကိုဘဲအမြဲ စခန်းထဲချန်ထားခဲ့ရပါတယ်။

“ကလေးနှစ်ယောက်ကိုလည်း ၅ထောင်လောက်ပေးထားပြီး ၁ပတ် ၂ပတ် ထားခဲ့ရတာအမြဲဘဲ။ဟိုနေ့က ကိုယ်ပြန်ရောက်တာနဲ့ အငယ်မက ခြေဟန်လက်ဟန်နဲ့ပြရှာတယ် ဘာမှမစားရသေးဘူးဆိုပြီး မီးဖိုချောင် စားပွဲကိုညွှန်ပြနေရှာတယ်။သားသမီးတွေကို နှပ်မှန်အောင် မကျွေးနိုင်ပါလားဆိုပြီး အရမ်းစိတ်မထိခိုက်ရပါတယ်” ဟု ဒေါ်နန်းရီတစ်ယောက် မျက်နှာငယ်လေးနဲ့ပြောသည်။

မိခင်တစ်ဦးအနေနဲ့ ယခုလိုကပ်ဆိုက်ကာလတွင် သားလေးနှစ်ယောက်ကိုလည်းစခန်းထဲမှာနေပြီး စိတ်လေလွင့်ပျက်စီးသွားမှာစိုးရိမ်နေရသလို မသန်စွမ်း သမီးမိန်းကလေးနှစ်ယောက်ရဲ့ ဘဝရှေ့ရေးအတွက် တွေးပြီး ဒေါ်နန်းရီတစ်ယောက်အလွန် သောကရောက်နေရရှာတယ်။

“သမီးကြီးရဲ့ စကားက သာမန်လူတွေ နားမလည်နိုင်တော့ ဟိုသွားဒီသွားခိုင်းဖို့လည်း လှုံခြုံမှုမရှိ စိတ်မချဘူး။ သူတို့ညီအမအကြောင်းတွေးမိလိုက်ရင် စားမပျော် အိပ်မရနဲ့ ကိုယ်မရှိတော့တဲ့နောက်ပိုင်းဘယ်လိုဖြစ်မလဲ တအားစိတ်ပူတယ်”
အမျိုးသားကလည်း မသန်စွမ်းဖြစ်နေတာကြောင့် စိတ်ပိုင်းဆိုင်ရာအဆင်အပြေမှုတွေခံစားနေရပြီး မကြာခဏအလုပ်ကိစ္စနဲ့ပတ်သက်ပြီး လင်မယားကြား စကားများ အဆင်မပြေမှုတွေရှိနေပါတယ်။

“စိတ်နဲ့လူနဲ့ မကိုက်တော့တာမျိုးပါ စိတ်က အလုပ်အရမ်းလုပ်ချင်နေတော့ ကျွန်မတို့ကိုဘဲ ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါနဲ့ သူကြည့်ပြီး အားမရလာရင် စကားများရပြန်ပါတယ်။ သူစိတ်တိုင်းမကျလို့ ခဏခဏ စကားများရန်ဖြစ်ရတယ် သူက နားချိန်မရှိအောင်ကို လုပ်ခိုင်းချင်နေတာမျိုး”

ဒေါ်နန်းရီ လိုပဲ မသန်စွမ်း သမီး တစ်ယောက်ကို ပြုစုစောင့်ရှောက်နေရတဲ့ စစ်ရှောင် စခန်းထဲက အခြားသူ တစ်ဦးကတော့ အသက် ၇၆နှစ်အရွယ် ဦးအောင်ဂမ်(အမည်လွဲ) တစ်ယောက်လည်း အသက် ၄၀ကျော်အရွယ် မသန်စွမ်းသမီးကိုပြုစုစောင့်ရှောက်ရင်း စားဝတ်နေရေးကျပ်တည်းမှုကို ခါးစည်းခံနေရပါတယ်။

“အသက်ကြီးနေပြီမို့ အလုပ်တွေထွက်မလုပ်နိုင် ကျန်မာရေးကမကောင်း နဲ့ ဒီလိုဘဲ စခန်းမှာ ထောက်ပံ့ပေးနေတာနဲ့ဘဲ လောက်အောင်ခြစ်ကုတ်ခြွေတာသုံးပြီး စားသောက်နေပါတယ်။ အခုက ကုန်ဈေးနှုန်းလည်း အရမ်းတက်တော့ ထောက်ပံ့ကြေးကဆန်အနည်းငယ်ဝယ်လိုက်တာနဲ့ ကုန်သွားပြီ ဟင်းအတွက်ဘာမှမရှိတော့ဘူး။ အရွက်တွေရှာစားတယ်”

သမီးဖြစ်သူမှာ ဦးနှောက်ဖွံ့ဖြိုးမှုနှေးပြီး ခြေလက်မသန်စွမ်းတဲ့အတွက်ကြောင့် စစ်ရှောင်ခဲ့စဉ်ကာလတွင် ခက်ခက်ခဲခဲနဲ့ခေါ်ဆောင်လာရပြီး လက်ရှိတွင် သားအဖနှစ်ယောက်သာကျန်ခဲ့ရာ ဖခင်ဖြစ်သူမှာလည်း အသက်ကြီးနေပြီဖြစ်တဲ့အတွက် နေ့စဉ်စားဝတ်နေရေးနှင့် အတူ သမီး၏နောင်ရေးကိုစိုးရိမ်နေရှာပါတယ်။

“ကလေးကခြေမသန်တော့ အဲ့လောက်ကြီးကြီးကို ကျွန်တော်ဘဲ တစ်ရက်ကျော် ကုန်းပိုးပြီး စစ်ရှောင်ပြေးခဲ့ရတယ်။ သူက ထမင်းစားတာနဲ့ အပေါ့အလေးသွားတာဘဲလုပ်နိုင်တဲ့ကလေးပါ။ ဒီစခန်းမှာတနေ့ ကျွန်တော်ဆုံးသွားရင် ဒီကလေးကိုဘယ်လိုလုပ်ရမလဲ သူဘယ်လိုနေမလဲစိတ်ပူတယ် တွေးရင်လည်း ဘာမှထွက်မလာဘူး ဘာမှကိုမပြောတတ်တော့တာပါ” ဟု ဖခင်ဖြစ်သူကဆိုပါသည်။

ကိုဗစ်ကာလမှာလည်း စခန်းကိုလည်း တစ်လကျော်လောက် လော့ဒ်ဒေါင်းချလိုက်ရာ၊ နေ့စားလုပ်ငန်း စသည့် အလုပ်တွေလည်းအကုန်ပိတ်သွားတဲ့အတွက်ကြောင့် စားဝတ်နေရေးအင်မတန်ခက်ခဲသွားသလို ဆေးဝါးပြတ်တောက်မှု ကျန်းမာရေးစောက်ရှောက်မှုကင်းမဲ့ခြင်း စသည့်စိန်ခေါ်မှုများ ဆက်တိုက်ရင်ဆိုင်ခဲ့ကြရပါတယ်။ အဲ့အချိန်ကာလများတွင် စခန်းမှ ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်နှင့် သက်ကြီးရွယ်အိုများကြား အာဟာရချို့တဲ့မှုများဖြစ်နေခဲ့ပါတယ်။

လူငယ်တွေအပေါ်ခြိမ်းခြောက်မှု

မိသားစုစားဝတ်နေရေးကျပ်တည်းမှုသည် စခန်းထဲရှိ အမျိုးသမီးအရွယ် လူငယ်များအတွက် အန္တရယ်ဇုံသို့ တွန်းပို့နေသလိုဖြစ်နေပါတယ်။

“တစ်ချို့မိဘတွေကငွေရေးကြေးရေးအခက်အခဲကြောင့် သမီးမိန်းကလေးကို တရုတ်ဘက်ကလူတွေနဲ့ အိမ်ထောင်ချပေးလိုက်တာမျိုးတွေလည်းရှိတယ်” ဟု စခန်းကအမည်မဖော်လိုသူ လူငယ်တစ်ဦးက ဆိုပါတယ်။

နိုင်ငံရေးအကျပ်အတည်းနှင့်ကိုဗစ်ဒဏ်ကို စခန်းကလူငယ်လူရွယ်တွေလည်း အလူးအလဲခံကြရပါတယ်။ လူငယ်အများအပြားက မူးယစ်ဆေးဒဏ်ကိုခံနေကြရသလို ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ကျသူတွေလည်းရှိနေပါတယ်။

“ဒီကာလမှာ အဖွဲ့အစည်းတွေလည်း အသက်မွေးဝမ်းကျောင်းပညာ သင်‌ပေးရာမှာ အသက်အကန့်အသတ်နှင့် ပေးတာမျိုးရှိတော့ ၁၀ ကျော်သက်အရွယ် အထူးသဖြင့် ၁၃ နှစ်နှင့် ၁၈ နှစ် ကြားလူငယ်များ စိတ်လေလွင့် အပျက်အစီးဘက်ရောက်သွားရတဲ့လူငယ်လေးတွေရှိတယ်” ဟု စခန်းမှ မိခင်တစ်ဦးက ဆိုပါသည်။

အိမ်ပြန်လမ်း မျှော်လင့်ချက်

စစ်ရှောင်ပြည်သူများဟာမူလနေရပ်ဒေသကိုပြန်ကြဖို့ စိတ်ကူးယဉ်ပေမဲ့ လက်ရှိအခြေအနေအရ နိုင်ငံရေးလှုံခြုံမှုပိုမိုကင်းမဲ့လာခဲ့ရာ သတင်းလေးတွေနားစွင့်ပြီး သတိထားသွားလာ လုပ်ကိုင်စားသောက်နေရတဲ့အခြေအနေမှာ ရှိနေပါတယ်။

“ညလည်းည နေ့လည်းနေ့ သတိထားပြီး နေနေရတယ်။ အခင်းနားမှာတိုက်ပွဲခဏခဏဖြစ်နေတော့ ဘယ်တော့မှ စိတ်အေးလက်အေးမနေရပါဘူး။ရွာထဲသွားနေချင်ပေမဲ့ မသန်စွမ်းမိသားစုတွေဖြစ်နေတော့ တစ်ခုခုဖြစ်လာရင် ဘာမှလုပ်နိုင် ရှောင်နိုင်လိုက်ရမှာမဟုတ်ဘူး။ အရမ်းခက်ခဲလွန်းတော့ တွေးရတာများပြီး တခါတလေ ရူးတော့မလိုတောင်ဖြစ်တယ်”လို့ ဒေါ်နန်းရီက ဆိုပါတယ်။

“အရင်နှစ်တွေတုန်းက နေရပ်ပြန်နိုင်ပြီပြောတော့ ပျော်နေခဲ့တာ။ အခုကျတော့ နိုင်ငံရေးကပိုပိုဆိုးလာတော့ အိမ်ပြန်နိုင်ဖို့က ဘာမှမမျှော်လင့်ရဲ့တော့ဘူး။ အနာဂါတ်အတွက်ဘာ စိတ်ကူးမှလည်းမရှိတော့ဘူး တစ်ရက် တစ်ပတ် တစ်လ ဒီလိုဘဲဖြတ်ကျော်နေတယ်။ အိမ်ပြန်ချင်တဲ့စိတ်ကတော့ အခုရရင် အခုတောင်ထပြန်ချင်ပါတယ်” လို့ ဦးအောင်ဂမ်က ဆိုပါတယ်။

Author:

Related Articles