ရှင်ငြိမ်း။ ။
ကုန်လွန်ခဲ့တဲ့ ၂၀၂၁ အတွင်းမှာ မြန်မာနိုင်ငံက အလုပ်သမား ၁ ဒဿမ ၆ သန်းကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ဇန်နဝါရီ ၂၈ ရက်က ထုတ်ပြန်ထားပါတယ်။
အလုပ်အကိုင် ဆုံးရှုံးသွားကြတဲ့သူတွေထဲမှာ အများစုက အမျိုးသမီးတွေ ဖြစ်တယ်လို့လည်း ILOက ထောက်ပြပါတယ်။ အမျိုးသမီးဝန်ထမ်းတွေ အများဆုံး အလုပ်လုပ်နေတဲ့ အထည်ချုပ်လုပ်ငန်း၊ ခရီးသွားနဲ့ ဧည့်ဝန်ဆောင်မှု လုပ်ငန်းတွေမှာ အလုပ်အကိုင်တွေ ဆုံးရှုံးရတာဟာ အမျိုးသမီးအလုပ်လက်မဲ့တွေ အမြောက်အများ ဖြစ်စေတဲ့ အကြောင်းအရင်းတရပ်လို့ ရှင်းပြပါ တယ်။
ကိုဗစ်ကပ်ရောဂါနဲ့ စစ်တပ်က အာဏာမသိမ်းခင် ကာလတွေတုန်းက အမျိုးသမီးအလုပ်သမားတွေ အများစု အလုပ်လုပ်ကြတဲ့ အထည်ချုပ်လုပ်ငန်းတွေ ရပ်သွားခဲ့ပြီး အထည်ချုပ်လုပ်သား ၂၂၀,၀၀၀ ကျော် အလုပ်အကိုင် ဆုံးရှုံးသွားကြတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံတကာဆောက်လုပ်ရေးစီမံကိန်းတွေ ရပ်ဆိုင်းတာကြောင့် ဆောက်လုပ်ရေးအလုပ်သမား ၃၅၀,၀၀၀ အလုပ်အကိုင် ဆုံးရှုံးခဲ့သလို ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ အလုပ်သမား ၈၀,၀၀၀ ကျော် အလုပ် လက်မဲ့ဖြစ်ခဲ့တယ်လို့ ILOက ဆိုပါတယ်။
အစကတည်းကမှ ကိုဗစ်လှိုင်းအဆက်ဆက်ရဲ့ ရိုက်ခတ်မှုတွေကြောင့် အခက်အခဲမျိုးစုံကို ခါးစည်းခံနေရတဲ့ အမျိုးသမီးတွေဟာ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် သူတို့ရဲ့ ဘဝရှင်သန်ရပ်တည်ရေးဟာ တဆစ်ချိုးပြောင်း သွားခဲ့ရပါတယ်။ ILO ကထောက်ပြခဲ့သလိုပဲ အလုပ်အကိုင်တွေဆုံးရှုံးရတာကြောင့် ရှိရင်းစွဲမူလအလုပ်အကိုင်၊ ရာထူးတွေထက် နိမ့်တဲ့လုပ်ငန်းတွေမှာ အမျိုးသမီးအများအပြား ဝင်ရောက်လုပ်ကိုင် နေကြရပါတယ်။
အသက် ၂၇နှစ် အရွယ် မဝင်းရီဆိုရင် ရန်ကုန်မြို့က ဟိုတယ်တခုရဲ့ အစားအသောက်ပိုင်းကို တာဝန်ယူကြီးကြပ်ပေးရတဲ့ အမျိုးသမီးဝန်ထမ်းပါ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယဇာတိဖြစ်တဲ့ မဝင်းရီဟာ အသက် ၂၀ ခန့်ကတည်းက ဇာတိမြေကမိသားစုကို စွန့်ခွာပြီး ဘဝတက်လမ်းအတွက် ရန်ကုန်မြို့ကို ထွက်လာခဲ့သူပါ။ ဟိုတယ်တွေရဲ့ အစားအသောက်ပိုင်းမှာ အောက်ခြေဝန်ထမ်းအဖြစ် လေ့လာသင်ယူရင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်း စခဲ့ပါတယ်။ လုပ်သက် ၆ နှစ်အကြာမှာ ကြီးကြပ်ရေးမှူး ဖြစ်လာခဲ့ပြီး တစ်လကို ဝင်ငွေ ကျပ် ၈ သိန်းအထိ ရလာခဲ့ပါတယ်။
၂၀၁၀ ကနေ ၂၀၁၉ လောက်အထိ ကာလအတွေဟာ ရန်ကုန်မြို့မှာ တစ်နှစ်တစ်နှစ်ကို သန်းနဲ့ချီပြီး ပြည်တွင်းပြည်ပခရီးသွားတွေ ဝင်ထွက်နေတဲ့အတွက် ဟိုတယ်တွေနဲ့ စားသောက်ဆိုင်တွေဟာလည်း လက်မလည်အောင် အလုပ်ဖြစ်နေတာမို့ မဝင်းရီတို့လို ဟိုတယ်လုပ်ငန်းခွင်က ဝန်ထမ်းတွေအတွက်လည်း အလုပ်အကိုင်ပေါများတဲ့ ကာလတွေ ဖြစ်ပါတယ်။
၂၀၂၀ အရောက်မှာတော့ ကိုဗစ်ကပ်ရောဂါကြောင့် ပြည်တွင်းပြည်ပခရီးသွားတွေ မလာကြတော့တဲ့အတွက် ဟိုတယ်လုပ်ငန်းဟာ အထိနာခဲ့ရပါတယ်။ ၂၀၂၁ အရောက်မှာတော့ ကိုဗစ်အလွန် အလုပ်အကိုင်ပြန်ကောင်းလာဖို့ ရည်မှန်းထားကြတဲ့ ဟိုတယ်လုပ်ငန်းတွေရဲ့ မျှော်လင့်ချက်ဟာ အာဏာသိမ်းတာနဲ့အတူ လွင့်ပျောက်သွားရပါတော့တယ်။
ကိုဗစ်လှိုင်းအဆက်ဆက်ကြောင့် ယိုင်နဲ့နေတဲ့ မဝင်းရီ တို့အလုပ်လုပ်ရာ ဟိုတယ်ဟာလည်း အပြီးတိုင် ပိတ်သိမ်းသွားတာကြောင့် မဝင်းရီအပါအဝင် ဝန်ထမ်းအယောက် ၂၀ ကျော်ဟာ အလုပ်လက်မဲ့တွေ ဖြစ်သွားခဲ့ရတယ်။ သို့ပေမယ့် သူဟာစိတ်ဓါတ်ကျမသွားဘဲ အကူစားဖိုမှူးမှအစ သန့်ရှင်းရေးအလုပ်အထိ အလုပ်ပေါင်း ၃၀ ထက်မနည်း လျှောက်ခဲ့ပေမယ့် တခုမှအဆင်ပြေမှုမရှိခဲ့ပါဘူး။
“ ဒီကာလက အလုပ်လိုသူများပြီး အလုပ်ရှားနေတော့အလုပ်ရဖို့မလွယ်ဘူး” လို့ မဝင်းရီက ရှင်းပြပါတယ်။
“ထီးဖြူဖိနပ်ပါး” အလုပ်တွေ လျှောက်လာလိုက်တာ တစ်နှစ်နီးပါးဝင်ငွေမရှိဘဲ ထွက်ငွေတွေများလာတဲ့အခါ တောင့်မခံနိုင်တဲ့အဆုံး ၂၀၂၁ ဇန်နဝါရီလဆန်းပိုင်းမှာ နေရပ်မြို့လေးဆီပြန်ပြီး တောင်ယာအလုပ်နဲ့ အသက်မွေးနေတာဖြစ်တယ်။ ကိုယ်ပိုင်ဝင်ငွေနဲ့ ရန်ကုန်လိုမြို့ကြီးမှာ အခြေတကျနေထိုင်ပြီး အောင်မြင်တဲ့ ဟိုတယ်ဝန်ထမ်းတယောက် ဖြစ်ရမယ်ဆိုတဲ့ မဝင်းရီရဲ့ ရည်မှန်းချက်တွေဟာ ကိုဗစ်နဲ့စစ်အာဏာရှင် ကြားမှာ တစစီ ကြေမွပျက်စီး သွားခဲ့ရတာဖြစ်ပါတယ်။
“ကျမဘယ်တုန်းကမှ ဒီလိုကြမ်းတမ်းတဲ့အလုပ်တွေလုပ်ရလိမ့်မယ်လို့ တွေးတောင်မတွေးမိခဲ့ဘူး”
“ဒီအလုပ်တွေ မလုပ်နိုင်လို့၊ မလုပ်ချင်လို့ တယောက်ထဲ ရန်ကုန်တက်ပြီး အနေဆင်းရဲ၊ အစားဆင်းရဲဒဏ်ခံ ကြိုးစားပညာသင်ခဲ့တာ။ အခုဒါကို ပြန်လုပ်ရတယ်ဆိုတာ ကျမအရင်က ကြိုးစားခဲ့တာတွေက အကုန်သဲထဲရေသွန် ဖြစ်သွားရပြီ” လို့ ပြောနေတဲ့မဝင်းရီရဲ့ မျက်နှာမှာ ဝမ်းနည်းတဲ့ အရိပ်အယောင်တွေ လွှမ်းနေပါတယ်။
ဟိုတယ်လုပ်ငန်း ကျွမ်းကျင်သူ မဝင်းရီမှာ တောင်ယာမလုပ်ချင်တဲ့ အကြောင်းပြချက်တွေ ရှိပါသေးတယ်။ တောင်ယာအလုပ်ဟာ ကြည့်ရင် မပင်ပန်းဘူးထင်ရပေမယ့် လုပ်နေကြသူမဟုတ်ရင် ယာခင်းထဲမှာ တနေကုန်မပြောနဲ့ နေ့တပိုင်းတောင် မလုပ်နိုင်ကြပါဘူး။ မြေဆွပေါင်းသင်တဲ့ အခြေခံအလုပ်တောင် ပင်ပန်းလွန်းတာ ဖြစ်ပြီး ရတဲ့ငွေကြေးကျတော့လည်း တနေ့လုံးလုပ်မှ ငွေကျပ် နှစ်ထောင် ကနေ လေးထောင်လောက်သာ ရလေ့ရှိပါတယ်။
မဝင်းရီလိုမျိုး အာဏာသိမ်းအပြီး တွေးထင်မထားရလောက်အောင် ဘဝရပ်တည်မှုပြောင်းလဲသွားသူကတော့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) လုပ်ထားတဲ့ကျောင်းဆရာမလေး မရီရီမြင့်ပါ။ CDM လုပ်ခဲ့တာကြောင့် မိသားစုကိုစွန့်ခွာခဲ့ရပြီး နယ်မြို့လေးတခုမှာ ကလေးထိန်းတာကအစ ညနေဘက် အသုတ်စုံရောင်းတာအထိ လုပ်ငန်းမျိုးစုံလုပ်ကာ ဘဝကိုရှင်သန်ရပ်တည် နေရသူ ဖြစ်ပါတယ်။
သူဟာ မြို့ပေါ်မှာသူ့အလုပ်ဝင်ငွေက တစ်လကို သိန်းဂဏန်းရပေမယ့် ဘဝဟာ တသတ်မတ်ထဲသွားနေခဲ့ရပြီး နယ်မြို့လေးမှာ ရှာလို့ရတဲ့လုပ်အားခ သောင်းဂဏန်းကတော့ သူ့ဘဝတဆစ်ချိုးပြောင်းလဲသွားစေခဲ့တယ်လို့ သူက ရှင်းပြပါတယ်။
“အစကပိုက်ဆံမကိုင်ဘူးတော့ ယူရမှာ မဝံ့မရဲနဲ့ပေါ့။ နောက်တော့ကိုယ့်လုပ်အားပဲလေဆိုပြီး သူတို့ ပေးသလောက်ပဲ ယူတယ်။ ကလေးလည်းထိန်းရတယ်။ ယာခင်းလည်းကူရတယ်။ မြောင်းဖော်၊ မီးလုံးလဲတာကအစ ကိုယ့်ပဲခေါ်ခိုင်းတာ။ ဘာပဲဖြစ်ဖြစ်တန်ဖိုးရှိတဲ့လုပ်အားပဲလေ”လို့ မရီရီမြင့်က ဆိုပါတယ်။
CDM လုပ်ပြီးတဲ့နောက် ရှောင်နေရချိန်မှာ သူငယ်ချင်းတယောက်ရဲ့အကူအညီနဲ့ မြို့လေးကို ရောက်လာခဲ့တာ ၁၀ လနီးပါးရှိပါပြီလို့လည်း သူကဆိုပါတယ်။ မရီရီမြင့်ဟာ ဒီဒေသမှာ ဆွေမျိုး၊မိတ်ဆွေ အပေါင်းအသင်းဆိုတာ မရှိပေမယ့် ရောက်စမှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေတဲ့သူ့ကို ပွင့်လင်းတဲ့ ဒေသခံတွေက အလုပ်တွေရှာကြံပေးရင်းက အခုလိုအလုပ်မျိုးစုံလုပ်ဖြစ်သွားတာဖြစ်တယ်။
“ယာခင်းထဲ ပထမဆုံးလိုက်သွားတော့ မြေပဲနုတ်ရတယ်။ ပင်ပန်းလိုက်တာဆိုတာ လက်တွေလည်းပေါက်ပြဲလို့။ အဲဒါက ပင်ပန်းတယ်ဆိုပြီး နှမ်းချွေတော့လည်း ကျမမလုပ်နိုင်ခဲ့ဘူး။ သုံးလလောက်တော့ အဲ့လိုပဲ။ အတော်လေးကို ပင်ပန်းခဲ့ရတာ အခုက အသားမာတောင်တက်လို့” လို့ မရီရီမြင့်ကပြောရင်း အရေလန်နေတဲ့ သူ့လက်နှစ်ဖက်ကို ထောင်ပြပါတယ်။
အသက် ၃၀ ရှိပြီဖြစ်တဲ့ မရီရီမြင့်ဟာ ရန်ကုန်မြို့စွန် ရပ်ကွက်တခုမှာ အဒေါ်အပျိုကြီးနှစ်ယောက်နဲ့အတူ နေထိုင်ပြီး သူတို့အနီးနားက အလယ်တန်းကျောင်းတခုမှာ မူလတန်းပြကျောင်းဆရာမ လုပ်ခဲ့သူပါ။ အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလကတည်းက CDMလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီးနောက် အဖမ်းအဆီးကြမ်းလာတဲ့ ဧပြီလမှာ လုံခြုံရေးအရ နယ်မြို့တခုမှာ တိမ်းရှောင်နေထိုင်နေရပါတယ်။
၂၀၂၁ ထဲ အလုပ်တွေပြုတ်ပြီး ဝင်ငွေဟာအနုတ် ပြသွားခဲ့ရတာကြောင့် ကြုံရာကျပမ်းအလုပ်မှာ ဝင်လုပ်ကြသူတွေ ထဲမှာ မသင်းနွယ်လည်း တယောက်အပါအဝင်ဖြစ်တယ်။ သူဟာအရင်က အထည်ချုပ်စက်ရုံ အလုပ်သမားဖြစ်ပြီး အဆင်ပြေတဲ့ ဘဝကိုရခဲ့တဲ့သူပါ။ ဆေးကုမ္ပဏီ အရောင်းဝန်ထမ်း သူ့ခင်ပွန်းရဲ့နဲ့သူ့ရဲ့ နှစ်ယောက်ပေါင်း ဝင်ငွေဟာ တစ်လကို ကျပ်ဆယ်သိန်းနီးပါး ရှိခဲ့တယ်လို့ မသင်းနွယ်ကဆိုပါတယ်။ ဒါတွေဟာ အာဏာသိမ်းပြီးတဲ့နောက်မှာ ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားရပါတယ်။
စစ်အာဏာသိမ်းထားတဲ့ တစ်နှစ်တာအတွင်း မသင်းနွယ်နဲ့သူ့ခင်ပွန်းတို့ရဲ့ ဘဝရပ်တည်မှုဟာ တစ်ချိုးပြောင်းလဲ သွားခဲ့ရတယ်။ သူတို့တွေဟာ လက်ရှိလုပ်နေတဲ့ ပန်းရံအလုပ်တွေကို လုပ်ရလိမ့်မယ်လို့ တွေးထားမိမယ်တောင် မထင်ဘူးလို့ ဆိုပါတယ်။
“နှစ်ယောက်လုံးကလည်း အလုပ်လက်မဲ့၊ ဒီထဲကလေးက နှလုံးမကောင်းလို့ ကုလိုက်ရတာ စုထားတဲ့ငွေအပြင် ဆိုင်ကယ်ပါ ရောင်းလိုက်ရတယ်။ အဲဒါနဲ့ရတဲ့အလုပ်ဝင်လုပ်မယ်ဆိုပြီး အလုပ်တွေလိုက်လျှောက်တာ တခုမှမရဘူး။ နောက်တော့ မလုပ်ရင်မရတော့လို့ ရတဲ့ဒီပန်းရံအလုပ်ပဲ ဝင်လုပ်ဖြစ်သွားတာပဲ”လို့ မသင်းနွယ်က ရှင်းပြပါတယ်။
အာဏာမသိမ်းမီက အလုပ်သမားတွေအနေနဲ့ အခြေခံလစာတွေတိုးမြှင့်ပေးဖို့ မျှော်လင့်ထားခဲ့ပေမယ့် အာဏာသိမ်းပြီး နောက်မှာတော့ ဒါတွေဟာ သဲထဲရေသွန်ဖြစ်သွားရပြီး လုပ်နေဆဲ အလုပ်တချို့တောင် ဆုံးရှုံးသွားခဲ့ရတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ တယောက်က ရှင်းပြပါတယ်။
“အလုပ်မရှိတော့တဲ့ အမျိုးသမီးအများစုကတော့ သူတို့နယ်တွေပြန်ပြီး အရင်အလုပ်တွေ ပြန်လုပ်နေရတာပေါ့။ တချို့ဆို အဲဒီအလုပ်တွေ မလုပ်နိုင်လို့ စက်ရုံကအလုပ်ခေါ်ရင်ပြောပါ။ ဘာအလုပ်ဖြစ်ဖြစ် လုပ်ပါ့မယ်ဆိုပြီး ခဏခဏ ဖုန်းဆက်အလုပ် တောင်းတယ်” လို့ ဆိုပါတယ်။
အလုပ်သမားတွေက အလုပ်တွေမျှော်နေကြပေမယ့် မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့ စက်ရုံအလုပ်ရုံတွေက တခုပြီးတခု ပိတ်နေကြပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းပိုင်းက ဆွီဒင်နိုင်ငံက H&M၊ စပိန်နိုင်ငံက Inditex၊ ဗြိတိန်နိုင်ငံက Primark အပါအဝင် ကမ္ဘာကျော် အဝတ်အထည် ထုတ်လုပ်တဲ့ကုမ္ပဏီ ၂၀ ကျော်ဟာ မြန်မာနိုင်ငံမှာ အထည်ချုပ်လုပ်ငန်း အပ်နှံလုပ်ဆောင်နေတာတွေကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ISP- Myanmar ရဲ့စာရင်းတွေအရ သိရပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းခဲ့တဲ့ ကမ္ဘာအနှံ့က နိုင်ငံတွေဟာ ကာကွယ်ဆေးထိုးတဲ့ စီမံချက်တွေချအပြီးမှာတော့ ရပ်တန့်နေတဲ့ စီးပွားရေးကို ဦးမော့လာဖို့အတွက် စတင်ပြင်ဆင်နေပါပြီ။ ခရီးသွားလုပ်ငန်းတွေ၊ ဟိုတယ်တွေနဲ့ လေဆိပ်တွေဟာ ဧည့်သည်တွေအတွက် ပြင်ဆင်နေကြပြီး စက်ရုံအလုပ်ရုံတွေဟာလည်း အချိန်ပြည့်လည်ပတ်ဖို့ ပြင်ဆင်နေကြပါပြီ။ ကိုဗစ်ကြောင့် အလုပ်လက်မဲ့ ဖြစ်ခဲ့ကြတဲ့ ကမ္ဘာအရပ်ရပ်က အလုပ်သမားတွေလည်း လုပ်ငန်းခွင်ဝင်ဖို့ ပြင်ဆင်နေကြပါပြီ။
မြန်မာနိုင်ငံမှာတော့ ကံမကောင်းအကြောင်းမလှစွာနဲ့ဘဲ ကိုဗစ်ကပ်ဆိုးကြီးကို ကျော်လွှားနိုင်ရင်တောင် အာဏာသိမ်းလို့ ပြိုကျသွားခဲ့တဲ့ စီးပွားရေးက နလန်ထူဖို့ မဖြစ်နိုင်သေးပါဘူး။ အမျိုးသမီးအလုပ်သမားတွေ အပါအဝင် ပြီးခဲ့တဲ့ ၂၀၂၁ တုန်းက အလုပ်လက်မဲ့ ဖြစ်ခဲ့ရတဲ့ သန်းနဲ့ချီတဲ့ အလုပ်သမားတွေရဲ့ ဘဝဟာလည်း မြန်မာ့စီးပွားရေးနည်းတူ နလန်ထူဖို့ လမ်းစပျောက်နေဆဲပါ။