Home ဆောင်းပါး “မငြိမ်းမချမ်းနဲ့ ပြေးလွှားခက်ခဲနေတဲ့ ဘဝက အမြန်ဆုံးလွတ်ချင်ပြီ”

“မငြိမ်းမချမ်းနဲ့ ပြေးလွှားခက်ခဲနေတဲ့ ဘဝက အမြန်ဆုံးလွတ်ချင်ပြီ”

Honest Information (HI)

ယခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့ဟာ နိုင်ငံတကာငြိမ်းချမ်းရေးနေ့ဖြစ်ပါတယ်။ နိုင်ငံတကာငြိမ်းချမ်းရေးနေ့ကို ၁၉၈၁ ခုနှစ် မှာ ကမ္ဘာ့ကုလသမဂ္ဂအတွင်း ဆုံးဖြတ်ချက်ချမှတ်ကာ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဆင်နွှဲလာရင်း ၂၀၀၁ ခုနှစ်ကို ရောက် တဲ့အခါ ကုလသမဂ္ဂအတွင်းဆုံးဖြတ်ချက် အမှတ် ၅၅၊ ၂၈၂ကို ချမှတ်ကာ စက်တင်ဘာလ ၂၁ ရက်နေ့ကို နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့အဖြစ် အတည်ပြုခဲ့တာဖြစ်တယ်။

ငြိမ်းချမ်းရေးရဲ့အဓိပ္ပါယ်ကိုတော့ အတိအကျဖွင့်ဆိုထားတာမရှိပေမယ့် စစ်ပဋိပက္ခဒဏ်ခံစားနေရတဲ့ စစ်ရှောင်တွေအတွက် ကတော့ အေးအေးချမ်းချမ်းနေထိုင်စားသောက်နိုင်မယ်။ လွတ်လပ်စွာသွားလာနေထိုင်ခွင့်ရှိမယ်။ ကိုယ့်ဆန္ဒကို ဖော်ပြခွင့် နဲ့ လွတ်လပ်စွာကိုးကွယ်ခွင့်ရှိရမယ်လို့ ဖွင့်ဆိုထားကြပါတယ်။

တကယ်တော့ လူသားတိုင်းဟာ အပူအပင်ကင်းတဲ့ ငြိမ်းချမ်းတဲ့ဘဝကို လိုလားကြတဲ့သူတွေချည်းပါပဲ။ ဒါကြောင့်လည်း သေကျေပျက်စီးဆုံးရှုံးမှုများခဲ့တဲ့ ကမ္ဘာစစ်တွေကို နမူနာယူပြီး ကမ္ဘာ့ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ နိုင်ငံပေါင်းချုပ်အ သင်းကြီးနဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကို ကြိုးပမ်းဖွဲ့စည်းခဲ့တာပဲ ဖြစ်ပါတယ်။

ဒါဟာလူသားအားလုံးအတွက် ငြိမ်းချမ်းရေးက ဘယ်လောက်အရေးကြီးတယ်ဆိုတာ သက်သေပြနေတာပဲဖြစ်တယ်။ ငြိမ်း ချမ်းရေးကို နိုင်ငံတိုင်း၊ လူသားတိုင်း လိုအပ်နေတာမှန်ပေမယ့် တကယ့်စစ်မှန် ပြည့်စုံတဲ့ငြိမ်းချမ်းရေးကိုတော့ ယနေ့အထိ မတည်ဆောက်နိုင်ကြသေးပါဘူး။

အဲလိုပဲ မြန်မာနိုင်ငံမှာလည်း လွတ်လပ်ရေးရလာတာ နှစ်ပေါင်း ၇၀ ကျော်လာပေမယ့် ပြည်တွင်းစစ်ပဋိပက္ခတွေကြောင့် ငြိမ်းချမ်းရေးအသီးအပွင့်တွေကို ယနေ့တိုင် မခံစားရသေးပါဘူး။

တိုက်ပွဲတွေကြောင့် အပြစ်မဲ့ပြည်သူများစွာ အသက်သေဆုံးကြရသလို တစ်ချို့လည်း စစ်ဘေးဒုက္ခသည်တွေအဖြစ်နဲ့ စခန်း တွေမှာ အကြောက်တရားတွေနဲ့ လုံခြုံမှုကင်းမဲ့စွာ နေထိုင်ကြရပါတယ်။ ဒါကြောင့် သူတို့တွေဟာ စိုးရိမ်ကြောင့်ကြမှုမရှိဘဲ လွတ်လပ်စွာ နေထိုင်စားသောက်နိုင်ဖို့ကို မျှော်လင့်တောင့်တနေကြပါတယ်။

ဒီလိုအခြေအနေမှာ စစ်တပ်က နိုင်ငံတော်အာဏာကို မတရားသိမ်းယူလိုက်တာကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူ ထုလှုပ်ရှားမှုကြီးဖြစ်လာကာ တောင်ပေါ်၊ မြေပြန့်ပါမကျန် တိုက်ပွဲတွေထပ်ဖြစ်လာပြီး စစ်ဘေးရှောင်သူတွေဟာလည်း တစ်နေ့တခြားတိုးလာပါတော့တယ်။

စစ်ရှောင်စခန်းတွေမှာ ဒုက္ခသည်တွေများတာနဲ့အမျှ နေထိုင်စားသောက်ရေးခက်ခဲနေတဲ့ကြားကပဲ နေရပ်ပြန်ဖို့ စစ်ရှောင် တွေအနေနဲ့မျှော်လင့်နေချိန်မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီး၊ တဘက်မှာလည်း တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ လပေါင်းများစွာ အကြိမ်ပေါင်းများစွာ ဆွေးနွေးနေဆဲဖြစ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာလည်း ရပ်တန့်သွားပါတယ်။

ဒီလိုရပ်တန့်သွားတာဟာ ပြည်တွင်းစစ်ပွဲတွေ နှစ်ပေါင်းများစွာဖြစ်လာတဲ့ မြန်မာနိုင်ငံအတွက်တော့ ကောင်းတဲ့လက္ခဏာ မဟုတ်သလို စစ်ရှောင်တွေအတွက်လည်း ဗူးလေးရာ ဖရုံဆင့်ဆိုသလို ဖြစ်သွားပါတယ်။

ကချင်ပြည်နယ်မှာ စစ်ပွဲတွေထပ်ဖြစ်လာပြီး ယခင်ကနေရပ်ပြန်ဖို့ စီစဉ်နေတဲ့ စစ်ရှောင်တစ်သိန်းကျော်ရဲ့အိပ်မက်တွေ၊ မျှော်လင့်ချက်တွေဟာ ပျက်ပြယ်သွားခဲ့ရတယ်။

၂၀၁၁ ကတည်းက တိုက်ပွဲဖြစ်နေတဲ့ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ဟာ ၂၀၁၈ ခုနှစ်စလို့ တိုက်ပွဲ တွေ မရှိသလောက်ဖြစ်သွားပြီး ၂၀၁၉ မှာ အပစ်ရပ်ကာ စစ်ရှောင်တွေနေရပ်ပြန်ဖို့ အစိုးရနဲ့ ကချင်တာဝန်ရှိသူတွေ ညှိနှိုင်း မှုတွေ ပြုလုပ်နေကြတာပါ။

ဒီအချိန်မှာ စစ်တပ်ကအာဏာသိမ်းလိုက်ပြီး ဆန္ဒပြပြည်သူတွေ ဖမ်းဆီးသတ်ဖြတ်နေတာကို လက်မခံနိုင်တဲ့ KIAအနေနဲ့ မတ် ၁၁ ရက်မှစကာ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေသလို စစ်တပ်ကလည်း တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲ တိုက် ခိုက်ကြရာမှစလို့ တိုက်ပွဲတွေပြန်ဖြစ်လာပါတယ်။

စစ်ရှောင်နေရသူ ဒေါ်ဇေညွယ်က“ငြိမ်းချမ်းရေးက ကျမတို့သိသလောက် ရတော့မလို၊ ရတော့မလို့ ကျမတို့လည်း ပြန်ရ တော့မယ်။ ပြန်ရတော့မယ်နဲ့ မျှော်နေတာ ၁၀ နှစ်ရှိသွားပြီ။ အခုလည်း မျှော်နေတုန်းပါပဲ။ ဒီနှစ်ထဲတော့ အိမ်မပြန်ရ လောက်သေးဘူးလို့ ထင်ပါတယ်”လို့ အဝေးကိုငေးကြည့်ရင်း ပြောပါတယ်။

ဒေါ်ဇေညွယ်တို့မိသားစုခိုလှုံနေတဲ့ ဂျန်မိုင်ကောင်းစစ်ရှောင်စခန်းမှာ ၂၀၁၁ ဇူလိုင်လမှစလို့ ယနေ့ထိတိုင် အိမ်အဖြစ်နဲ့ ယာယီတဲငယ်လေးအတွင်းမှာ နေထိုင်ခဲ့ကြရတယ်။ သူတို့တစ်ရွာလုံးဟာ ဒီတဲငယ်လေးထဲမှာ အမှီပြုနေထိုင်လာတာ ၁၀ နှစ် ရှိပါပြီ။

ဒေါ်ဇေညွယ်တို့ဟာ တိုက်ပွဲတွေမဖြစ်ခင်က သူတို့မူရင်းကျေးရွာမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေထိုင်စားသောက်ခဲ့ရတာကြောင့် ငြိမ်းချမ်းရေးဆိုတာ နားမလည်ခဲ့သလို ငြိမ်းချမ်းရေးနေ့ရှိမှန်းတောင် မသိခဲ့ပေမယ့်လို့ ကိုယ်တိုင်စစ်ပြေးဘဝရောက်တော့မှ ငြိမ်းချမ်းမှုရဲ့တန်ဖိုးကို နားလည်ခဲ့တဲ့သူလည်း ဖြစ်တယ်။

“ အရင်တုန်းကတော့ ကျမတို့ကစစ်ပွဲတွေမရှိရင် ငြိမ်းချမ်းမယ်။ အိမ်ပြန်ရမယ်လို့ထင်ခဲ့တာပေါ့။ နောက်ပိုင်းစစ်ရှောင်စခန်း မှာနေနေတဲ့အချိန်မှာတော့ စစ်ပွဲမရှိမှ ငြိမ်းချမ်းမယ်ဆိုတာကတစ်ခု။ နောက်တစ်ခုက စားဝတ်နေရေး အဆင်ပြေမှပဲ ငြိမ်းချမ်းမယ်လို့ကျမထင်ပါတယ်”လို့ ဒေါ်ဇေညွယ်က ငြိမ်းချမ်းရေးအရသာကို ဖွင့်ဆိုပါတယ်။

အကြမ်းဖက်မှုတွေမရှိဘဲ စီးပွားရေးကို လွတ်လပ်စွာကူးသန်းရောင်းဝယ်လုပ်ကိုင်စားနိုင်ရင်တော့ ဒါလည်းငြိမ်းချမ်းရေးလို့ ယူဆထားကြောင်း သူက ဆိုပါတယ်။

လာမယ့် စက်တင်ဘာလ ၂၁ ရက်မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာ သူတို့အနေနဲ့ စစ်ရှောင်ဘဝနဲ့ ထပ်မံဖြတ်သန်းနေရမှာဖြစ်တဲ့အပေါ်လည်း စိတ်မကောင်းဖြစ်နေပါတယ်။

ငြိမ်းချမ်းရေးနေ့မှာ သူပြောချင်တဲ့စကားက“ကျမတို့ စစ်ရှောင်တွေအနေနဲ့ ငြိမ်းချမ်းရေးနေ့မှာ အမြန်ဆုံးငြိမ်းချမ်းချင်တယ်။ ကိုယ့်ရပ် ကိုယ့်ဒေသကို အမြန်ဆုံးပြန်ချင်ပါတယ်။ ကျမတို့စစ်ရှောင်လာရတာက လက်နက်ကိုင်နှစ်ဘက်လုံးက ပစ်လို့ ပြေးလာရတာလေ။ နှစ်ဘက်လုံးကသာ ပြေလည်သွားမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးက ရလာမှာပါ”လို့ ပြောပါတယ်။

KIA ဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA)မှာ လက်မှတ်ထိုးထားခြင်းမရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာလိုပဲ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ စစ်တပ်နဲ့ရက္ခိုင့်တပ်တော်(AA)တို့ ၂၀၁၈ က စတင်ကာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြပါတယ်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာကစလို့ စစ်တပ်နဲ့ AA တို့ကြား တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် ဒေသခံနှစ်သိန်းကျော် စစ်ရှောင် ဘဝကို ရောက်ရပြီး ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာမှစကာ တိုက်ပွဲတွေရပ်သွားတဲ့အတွက် စစ်ရှောင်တစ်ချို့မှာ နေရပ်ပြန်ကြသလို မပြန်သေးတဲ့ စစ်ရှောင်တွေလည်း အများအပြားကျန်ရှိခဲ့ပါတယ်။

မြောက်ဦးက စစ်ရှောင်ဒုက္ခသည် ဒေါ်ခင်သန်းက “ ငြိမ်းချမ်းရေးအစစ်အမှန်ပဲလိုချင်တယ်။ အပစ်အခတ်ရပ်လိုက်တာနဲ့ ငြိမ်းချမ်းရေးရတာ မဟုတ်ပါဘူး။ ကျမတို့ဘာကိစ္စအတွက်မှ မပူပန်ရဘဲ စိတ်အေးအေးနဲ့ အလုပ်လုပ်နိုင်မယ်။ စာသင်နိုင် မယ်။သွားလာနိုင်မယ်ဆိုရင်တော့ ဒါဆိုငြိမ်းချမ်းရေးရပြီပေါ့။ ကျမတို့စစ်ရှောင်တွေ အဲ့လိုမနေရတာကြာပြီ”လို့ပြောပါတယ်။

ဒေါ်ခင်သန်းတို့မိသားစုတွေဟာ သူတို့ရွာအနီးမှာ စစ်တပ်နဲ့ရက္ခိုင့်တပ်တော်(AA) ကြားတိုက်ပွဲတွေကြောင့် စစ်ရှောင်လာ သူတွေဖြစ်ပြီး မြတန်ဆောင် စစ်ရှောင်ဒုက္ခသည်စခန်းမှာ ခိုလှုံနေတာ တစ်နှစ်ကျော်ရှိပြီမို့ အိမ်ပြန်ချင်နေကြပါတယ်။

တိုက်ပွဲတွေ ရပ်သွားပြီဖြစ်လို့ အာဏာသိမ်းစစ်တပ်က စစ်ရှောင်တွေ နေရပ်ပြန်ကြဖို့ တိုက်တွန်းနေတာရှိပေမယ့် စစ်ရှောင် တွေအနေနဲ့လည်း သူတို့ကျေးရွာတွေမှာ လက်နက်ကိုင်တွေရှိနေသေးတာနဲ့ မိုင်းကိုလည်းကြောက်ရတာကြောင့် နေရပ်ကို မပြန်ရဲသေးတာ ဖြစ်တယ်။

“အိမ်ပြန်ချင်ပေမယ့် မပြန်ရဲသေးဘူး။ ဘာလို့လဲဆိုတော့ နှစ်ဘက်တပ်တွေက မဖယ်သေးတော့ စစ်ပြန်ဖြစ်မှာကြောက် လို့။ ငြိမ်းချမ်းရေးရဖို့က စစ်လက်နက်တွေမရှိမှပဲ ဖြစ်မှာပါ။ အဲဒီစစ်လက်နက်တွေက မငြိမ်းချမ်းတာ ကိုဖြစ်စေတာပဲ” လို့ ဒေါ် ခင်သန်းက ထောက်ပြပါတယ်။

လာမယ့် ငြိမ်းချမ်းနေ့မှာတော့ ငြိမ်းချမ်းရေးအစစ်အမှန်ရပြီး သူတို့အမြန်ပြန်နိုင်ပါစေလို့ ဆုတောင်းသလို လက်နက်ကိုင် နှစ်ဖက်လုံးလည်း အမြန်ပြေလည်ဖို့ ညှိနှိုင်းမှုတွေလုပ်စေချင်တယ်လို့ သူ့ဆန္ဒကိုလည်း ပြောပြပါတယ်။

AA ကလည်း အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး သူတို့ဟာ လက်ရှိစစ်အာဏာသိမ်းမှုနဲ့ပတ်သက်တဲ့ကိစ္စမှာ ကြားနေပြီး ရက္ခိတလမ်းစဉ်အတိုင်းသာ ဆက်လျှောက်မယ်လို့ ထုတ်ဖော်ပြောဆိုထားတယ်။

ကရင်ပြည်နယ်မှာတော့ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလကတည်းက လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)ကတော့ ပြည်သူတွေနဲ့ရပ်တည်ကာ စစ်အာဏာရှင်ကို တွန်း လှန်နေတဲ့ တိုင်းရင်းသားလက်နက်အဖွဲ့တစ်ခု ဖြစ်ပါတယ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ KNUက အာဏာသိမ်းစစ်တပ်ကို ထိုးစစ်ဆင်နေသလို စစ်တပ်ကလည်း လေယာဉ်တွေနဲ့ ဒေသခံရွာသားတွေရှိတဲ့နေရာတွေပါ ဗုံးကြဲတိုက်ခိုက်လာတဲ့အတွက် မတ်လ ၂၇ ရက်မှစပြီး ဒေသခံတစ်သောင်းကျော်ဟာ တောတောင်တွေထဲ စစ်ရှောင်ဘဝနဲ့နေနေကြတယ်။

ဖာပွန်ယာယီစစ်ရှောင်စခန်းမှာနေထိုင်တဲ့ မနွဲ့နှောင်းက“အာဏာရှင်စစ်တပ်မရှိတော့ရင် ပြန်ရမယ်ထင်တယ်။ ကောင်းမွန် တဲ့စနစ်နဲ့ ဒီမိုကရေစီနဲ့အညီ ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရဖြစ်လာရင်တော့ ငြိမ်းချမ်းရေးရပြီး ကျမတို့ပြန်နိုင်မယ်။ အာဏာရှင်စနစ်သာ ဆက်အုပ်ချုပ်နေမယ်ဆိုရင် ကျမတို့ဘဝတော့ စစ်ပြေးရှောင်ဘဝနဲ့ ရပ်တည်သွားရမလားမသိဘူး”လို့ ပြောပါတယ်။

မနွဲ့နှောင်းအပါအဝင် စစ်ရှောင်တစ်သောင်းကျော်ဟာ တောထဲမှာ မလုံခြုံတာကြောင့် မတ် ၂၈ရက်မှာ သံလွင်မြစ်ကို ဖြတ် ကာ ထိုင်းနိုင်ငံနယ်စပ်မှာခိုလှုံနေပေမယ့် ထိုင်းအာဏာပိုင်တွေက မောင်းထုတ်ခဲ့တဲ့အတွက် မတ် ၂၉ ရက်မှာ ဖာပွန်ဘက် ကိုပြန်လာခဲ့ရသူတွေ ဖြစ်ပါတယ်။

“ ငြိမ်းချမ်းရေးနေ့ရှိတယ်ဆိုတာသိပေမယ့် မငြိမ်းချမ်းတဲ့နေရာမှာနေရတော့ အတော်လေးစိတ်မကောင်းဖြစ်မိတယ်။ အုပ် ချုပ်မှု ညံ့ဖျင်းလို့ ငြိမ်းချမ်းရေးဆိုတာ မရှိတာ။ ငြိမ်းချမ်းရေးနေ့ကို သတ်မှတ်ထားပေမယ့် ကျမတို့ဒေသမှာ အခုအချိန်အထိ ငြိမ်းချမ်းရေးမရသေးတဲ့အတွက် ဝမ်းလည်းနည်းတယ်”လို့ သူက ထောက်ပြပါတယ်။

မနွဲ့နှောင်းတို့တွေဟာ ယာယီအမိုးအကာတွေနဲ့ အစားအသောက်တွေစတဲ့ ပံ့ပိုးမှုတွေရှိပေမယ့် ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက်ပြင်းထန်နေတာကြောင့် တောတွင်းမှာပဲ လှည့်လည်နေထိုင်နေကြရပါတယ်။

မနွဲ့နှောင်းက“ငြိမ်းချမ်းရေးဆိုတာ အုပ်ချုပ်မှုကောင်းမှပဲ အဲဒီဒေသပြည်သူတွေ ခံစားရမှာပေါ့။ ငြိမ်းချမ်းရေးဆိုတာ ပြည်သူ တွေအနေနဲ့ အေးအေးဆေးဆေး ကျန်းမာရေး၊ လူမူရေး၊ စီးပွားရေးအားလုံးပြည့်စုံမှ ငြိမ်းချမ်းရေးဆိုတာ ဖြစ်လာမှပေါ့။ ကိုယ့်အိမ်လည်း ကိုယ်ပြန်ချင်ပြီ။ ငြိမ်းချမ်းရေးနေ့ရောက်တိုင်း ငြိမ်းချမ်းရေးရဖို့ မျှော်လင့်ကြတယ်”လို့ ဆိုပါတယ်။

သူဆိုလိုတဲ့ငြိမ်းချမ်းရေးကတော့ ပြည်သူတွေအနေနဲ့ အေးအေးချမ်းချမ်း ကျန်းမာရေး၊ လူမူရေး၊ စီးပွားရေးစတဲ့ အားလုံး လွတ်လပ်စွာလုပ်နိုင်တာဖြစ်ပြီး တိုင်းပြည်အေးချမ်းသာယာဖို့အတွက်ဆိုရင် စစ်အာဏာရှင်ပြုတ်ကျသွားမှ ဖြစ်မယ်လို့ သူက ဆိုပါတယ်။

ဖာပွန်ခရိုင်မှာ စစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာနေရတဲ့ စစ်ရှောင်စုစုပေါင်းဟာ နှစ်သောင်းသုံးထောင်ကျော် ရှိပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ဧပြီ ၂၄ ရက်၊ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

အလားတူ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာလည်း ဧပြီလကစလို့ မင်းတပ်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Mindat- CDF)နဲ့ အာဏာသိမ်း စစ်တပ်ကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ခဲ့တာကြောင့် ဒေသခံတွေဟာ နေရပ်စွန့်ခွာ ပြီး တောတောင်တွေကြားမှာ ပုန်းခိုနေကြရတယ်။

ဒီတိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်စုစုပေါင်းဟာ သုံးသောင်းဝန်းကျင်ရှိတဲ့အနက် ပြန်သွားသူ တချို့လည်းရှိတာကြောင့် လက်ရှိမှာနှစ်သောင်းလောက်သာ ကျန်ပါတော့တယ်။

အမည်မဖော်လိုတဲ့ စစ်ရှောင်တစ်ယောက်ကတော့“စစ်ရှောင်တွေအနေနဲ့ အရမ်းခက်ခဲတယ်။ မိသားစုတွေနဲ့လည်း တစ်နေရာစီ ခွဲနေရတယ်။ တရောက်တနေရာဆီမှာ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရတယ်။ ငြိမ်းချမ်းရေးနေ့ ဆိုတာရှိ ပေမယ့် အခု လိုအခက်အခဲတွေကြားထဲ ပြေးလွှားလှုပ်ရှားနေလို့ တော်တော်လေးမွန်းကျပ်တယ်”လို့ ပြောပါတယ်။

လက်ရှိသူတို့မှာ တောထဲမှာ ထောက်ပံ့မှုနည်းနည်းနဲ့ တာလပါတ်အမိုးအကာအောက်မှာ ဖြစ်သလို နေထိုင်ရင်း နားခိုလိုက် ပြေးလိုက်နဲ့ နေရာအတည်တကျမရှိဘဲ ပုန်းခိုနေကြရတယ်။

“ ဒီစစ်တွေဖြစ်ပြီးတော့ ပြည်သူတွေသတ်ဖြတ်နေတယ်။ အားလုံးအိုးအိမ်ပျက်စီးကုန်တယ်။ ဘာကြောင့်လဲဆိုတော့ အာ ဏာသိမ်းလိုက်လို့ပေါ့။ အင်အားပြိုင်ဆိုင်မှုက မငြိမ်းချမ်းမှုကို ဖြစ်စေတာလို့ထင်တယ်။ နောက်ဒီလက်နက်ကိုလည်း အင် အားရှိစေတဲ့ပစ္စည်းလို့မြင်နေသမျှတော့ မငြိမ်းချမ်းမှုတွေ ဆက်ဖြစ်နေမှာပဲ”လို့ သူက ရှင်းပြပါတယ်။

ငြိမ်းချမ်းရေးဆိုတာ အားလုံးပျော်ပျော်ရွင်ရွင်စိတ်ချမ်းချမ်းသာသာနဲ့ စိုးရိမ်ကြောင့်ကျမှု သွားလာနေထိုင်နိုင်တာဖြစ်ပြီး တစ် နိုင်ငံလုံးငြိမ်းချမ်းရေးရဖို့ဆိုရင် စစ်အာဏာရှင်အနေနဲ့ အာဏာစွန့်လွတ်ဖို့လိုတယ်လို့ သူက ရဲတင်းစွာနဲ့ဆိုလိုက်ပါတယ်။

သူ့အနေနဲ့ လာမယ့်နိုင်ငံတကာငြိမ်းချမ်းရေးနေ့မှာ ပြောလိုတဲ့စကားကို အခုလိုပဲဖွင့်ဟလိုက်ပါတယ်။

“ စစ်ရှောင်တစ်ယောက်အနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့နေချင်တယ်။ အခုလိုမငြိမ်းမချမ်းနဲ့ ပြေးလွှားခက်ခဲနေတဲ့ ဘဝက အမြန် ဆုံးလွတ်ချင်ပြီ။ ငြိမ်းချမ်းရေးနေ့တိုင်းမှာတနိုင်ငံလုံးငြိမ်းချမ်းသွားဖို့ကို မျှော်လင့်တယ်”

Related Articles