ရှင်ငြိမ်း။ ။
လူသွားလူလာများတဲ့ရန်ကုန်- အင်းစိန်လမ်းမကြီးပေါ်မှာ အသက် ၃၅ နှစ်အရွယ်အမျိုးသမီးလေးတယောက်ဟာ သားရေ လက်ကိုင်အိတ်တစ်လုံးကိုလွယ်ကာ အိမ်လေးတွေတန်းစီ ပြွတ်သိပ်နေတဲ့ လမ်းကြားတခုဆီ ကွေ့ဝင် သွားပါတယ်။
ဒီ ၁၀ ပေသာသာရှိတဲ့လမ်းကြားလေးဟာ သူ ၁၀နှစ်၁၀မိုး နေ့စဉ်ဖြတ်သန်းသွားလာခဲ့တဲ့လမ်းဖြစ်တာကြောင့် မမြသီတာ ဟာ အရင်လိုပဲ ပုံမှန်အတိုင်းခြေလှမ်းမှန်မှန်နဲ့ လျှောက်လာခဲ့တာဖြစ်တယ်။
အိမ်ရောက်ဖို့ မီတာနှစ်ရာလောက်အလို လမ်းချိုးလေးတစ်ခုအရောက်မှာ ဆိုင်ကယ်တစ်စီးဟာ ရုတ်တရက်ဆို သလို သူ့အနား တိုးကပ်လာတာနဲ့တပြိုင်ထဲ နောက်မှာပါလာသူက သူ့ဝမ်းဗိုက်ကို စကေဘာနဲ့ထောက်ကာ လုယက်တိုက်ခိုက်ခဲ့ တယ်။
ဒီအဖြစ်အပျက်ဟာ ဇန်နဝါရီ ၃ ရက်၊ ရန်ကုန်-အင်းစိန်လမ်းမကြီးအနီးက ရပ်ကွက်လမ်းတစ်ခုထဲမှာ ဖြစ်သွား ခဲ့တာပါ။
“လမ်းထိပ်မှာ စစ်သားသုံးယောက်ရှိတယ်။ လှမ်းမြင်နေရတယ်။ လူလည်းသိပ်မပြတ်ဘူး။ နောက်နေ့ခင်း ၁၂ နာရီကလင်း လင်းထင်းထင်းရှိနေချိန်လေ။ ဒါတောင်လုပ်ရဲတယ်။ စစ်သားတွေက ဒါကျတော့မဖမ်းဘူး”လို့ မမြ သီတာက ပြစ်တင်ပြော ဆိုပါတယ်။
မမြသီတာဟာ စားသောက်ဆိုင်တစ်ခုမှာ စာရင်းကိုင်တစ်ယောက်ဖြစ်ပြီး အင်းစိန်မြို့နယ်မှာနေထိုင်သူဖြစ်တယ်။ လုယက် မှုမှာ ငွေကြေးနဲ့ ဖုန်းအပြင် ကာလတန်ဖိုးငွေကျပ် ၁၀သိန်းကျော်ရှိတဲ့ရွှေလက်စွပ်ပါ လုယူခံလိုက်ရတာ ပါ။
ဒီအဖြစ်အပျက်ဟာ မထင်မှတ်ထားတဲ့အနေအထားမှာ မြန်မြန်ဆန်ဆန်ကြီးဖြစ်သွားတဲ့အတွက် သူ့အနေနဲ့ အော် ဖို့နေနေ သာသာ အိမ်ကိုတောင် ဘယ်လိုပြန်ရောက်လာမှန်းမသိအောင် တုန်လှုပ်သွားခဲ့ရပါတယ်။
သာမာန်အချိန်တွေမှာဆိုရင် လုယက်မှုအများစုဟာ ညအမှောင်ကိုအားပြုပြီး လူအသွားအလာနည်းတဲ့ ရပ်ကွက် တွေနဲ့လမ်းတွေမှာ ပစ်မှတ်ထားလှုပ်ရှားကြတာကြောင့် အခုလိုလူနေထူထပ်တဲ့မြို့လယ်တွေမှာမရှိသလောက် နည်းခဲ့ပါတယ်။
စစ်အုပ်ချုပ်မှုအောက်မှာတော့ အာဏာရှင်က ပြည်သူတွေဖိနှိပ်တိုက်ခိုက်ဖို့ကိုသာအာရုံစိုက်နေတဲ့အတွက် ယိုင်နဲ့ နေတဲ့ လုံခြုံရေးကို အခွင့်ကောင်းယူကာ လုယက်၊ ဓါးမြတိုက်တာတွေအထိလုပ်လာကြတာဖြစ်တယ်။
ဒါတွေဟာ ကိုဗစ်နဲ့ တိုင်းပြည်မငြိမ်သက်တာတွေရဲ့ဆိုးကျိုးတွေကြောင့်ဖြစ်ရသလို စစ်အာဏာရှင်ရဲ့ အကြမ်း ဖက်မှုတွေကလည်း မီးလောင်ရာလေပင့်သလိုဖြစ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ယောက်က ထောက်ပြပါတယ်။
“စစ်သားတွေက လမ်းမှာမထင်ရင်မထင်သလို စစ်ဆေးငွေတောင်းရိုက်နှက်တာတွေ လုပ်တော့ တော်ရုံအပြင် မထွက်ကြတော့ဘူး။ လူသွားလူလာနည်းသွားတော့ အေးဆေးလုယက်ဖို့ပိုအခွင့်ရသွားတာပေါ့”လို့ သူက ရှင်းပြ ပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာ ၃၀ ရက်က ရန်ကုန်-အင်းစိန်လမ်းမပေါ်ရှိ သမိုင်းလမ်းဆုံမှာဗုံးပေါက်ကွဲလို့ဆိုပြီး စစ်တပ်က ရမ်းသမ်း ပစ်လိုက်တဲ့အတွက် YBS ဘတ်စ်ကားပေါ်က ခရီးသည်တစ်ယောက်ကျည်ထိပြီး ဒဏ်ရာရသွားခဲ့ပါ တယ်။
အဲ့လိုပဲဇန်နဝါရီလ ၃ ရက်ကလည်း ရန်ကုန်ဆေးရုံကြီးနားမှာ လမ်းသွားနေသူပြည်သူကို စစ်တပ်က အကြောင်း မဲ့ရိုက်နှက်ခဲ့သလို လမ်းတွေမှာလည်း မထင်ရင်မထင်သလို တားဆီးစစ်ဆေးရိုက်နှက်တွေလုပ်လေ့ရှိပါတယ်။
ဇန်နဝါရီ ၇ ရက်ကဆိုရင် နေ့လယ် ၁ နာရီလောက်မှာ ရွှေပြည်သာတံတားအဆင်းနားမှာ ဆိုင်ကယ်နဲ့ ပြန်လာတဲ့ လင်မယား နှစ်ယောက်ကို ဆိုင်ကယ်နှစ်စီးနဲ့လူလေးယောက်က ဓါးထောက်နဲ့ထောက်ကာ ဆိုင်ကယ်နဲ့ဖုန်း၊ ငွေ တွေပါ လုယူသွားတာ ကြောင့် ကာလတန်ဖိုးငွေကျပ် သိန်းလေးဆယ်ကျော်ပါသွားခဲ့တယ်။
ဒါကြောင့် “လူခြေတိတ်တဲ့ညအမှောင်မပြောနဲ့ နေ့လယ်နေ့ခင်းတွေမှာတောင် လမ်းမှာလူရှင်းရင်လုယက်ကြလို့ အပြင်တခါ ထွက်ဖို့ဆိုတာ ဘယ်လိုမှမစဉ်းစားရဲတော့ဘူး”လို့ မမြသီတာကဆိုပါတယ်။ သူတင်မဟုတ်ပါဘူး။ Hi သတင်းဌာနက မေးမြန်းခဲ့တဲ့အမျိုးသမီး ၁၀ ယောက်က အလားတူ စိုးရိမ်စကားဆိုကြပါတယ်။
နိုင်ငံရေးအကျဉ်းသူဟောင်းတယောက်ကတော့ ဒီလိုဖြစ်လာတာတွေ ကာလကြာရှည်လာမယ်ဆိုရင်တော့ လူ သတ်၊ မုဒိမ်းကျင့်တဲ့ အဆင့်ဖြစ်လာနိုင်တဲ့အတွက် အမျိုးသမီးတွေအနေနဲ့ အန္တရာယ်ပိုများလာနိုင်တယ်လို့ ထောက်ပြပါတယ်။
“နောက် ကျမစိုးရိမ်တာတခုက နိုင်ငံကိုအုပ်ချုပ်ချင်တဲ့စစ်တပ်က နေစရာမရှိတဲ့သူခိုးတွေကို သူတို့ကို သတင်း ပေး၊ ကျန်တာလုပ်ချင်တာလုပ်လို့ ခွင့်ပေးထားတာဆိုရင်တော့ ဒါကအန္တရာယ်ပိုကြီးသွားပြီ”လို့ သူက စိုးရိမ်တ ကြီးနဲ့သတိပေးပါတယ်။
မကြာမီကပဲ ရန်ကုန်မြို့ကို ကမ္ဘာပေါ်မှာအန္တရာယ်အရှိဆုံးနဲ့ မလုံခြုံဆုံးမြို့တော်အဖြစ် သတ်မှတ်ခဲ့တယ်လို့ Safe City Index ရဲ့ထုတ်ပြန်တဲ့အညွှန်းကိန်းသတ်မှတ်မှုတွေအရ ဖော်ပြထားပါတယ်။
ရန်ကုန်မြို့ဟာ ဟောင်းနွမ်းတဲ့အခြေခံအဆောက်အအုံတွေ၊ ဆင်းရဲနွမ်းပါးမှုတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု စနစ်အဆင့် မမီတာတွေကြောင့် အခုလို ကမ္ဘာ့အန္တရာယ်အရှိဆုံး မြို့တော်အဖြစ် သတ်မှတ်ခံခဲ့ရတာလို့ ရှင်းပြ ထားပါတယ်။
မမြသီတာဟာ အခုလိုလုယက်ခံရတာနဲ့ပတ်သက်ပြီး ရပ်ကွက်တာဝန်ရှိသူတစ်ယောက်ကိုတိုင်တန်းပေမယ့် သူ တို့အနေနဲ့ အရေးယူမှုတွေလုပ်မပေးနိုင်သေးလို့ ကိုယ့်လုံခြုံရေးကိုယ်ယူဖို့သာပြောဆိုခဲ့တယ်လို့ ရှင်းပြပါ တယ်။
နိုင်ငံဟာ တရားဥပဒေစိုးမိုးမှုကလည်းမရှိတဲ့အပြင် နိုင်ငံအာဏာကိုရယူထားတဲ့စစ်တပ်ကလည်း ကာကွယ်မှု မပေးနိုင်တဲ့ ကြားမှာ အမျိုးသမီးတွေဟာ အခုလိုအန္တရာယ်တွေနဲ့တွေ့ကြုံနေကြရတာပဲဖြစ်တယ်။
အလားတူအန္တရာယ်မျိုးတွေနဲ့ တွေ့ကြုံခဲ့ရတဲ့သူကတော့ တောင်ကြီးမြို့မဈေးကြီးအနီးမှာ ဆောင်းရာသီဝတ် အထည် မျိုးစုံ ရောင်းတဲ့ အသက် ၃၇ အရွယ် မနန်းစန္ဒာပဲဖြစ်တယ်။
သူဟာ ခင်ပွန်းသည်နဲ့အတူ မြို့မဈေးနားမှာ ဆောင်းတွင်းဝတ် အနွေးထည်မျိုးစုံနဲ့ ခြေအိတ်၊ လက်အိတ်တွေ ရောင်းနေတာ ၁၀ နှစ်နီးပါးရှိပြီ။ ပုံမှန်အတိုင်းဆို ဆောင်းဝင်လာတာနဲ့ သူတို့ပစ္စည်းတွေက ပိုမိုရောင်းရလေ့ရှိတာ ကြောင့် ညနက်မှ ပြန်လေ့ရှိတယ်။
လက်ရှိစစ်အုပ်ချုပ်ရေးကာလမှာတော့ အထည်တွေအရင်လောက်ရောင်းမကောင်းတော့သလို ခေတ်ကာလအရ လုံခြုံရေး အားနည်းတာကြောင့် အရင်လိုအပြင်ထွက် ဈေးလည်ပတ်သူတွေမရှိတဲ့အတွက် ယခင်လိုညနက်အထိ ရောင်းဝယ်တာ မရှိတော့ပါဘူး။
“အဲ့နေ့က ခါတိုင်းလိုပဲသူ (ယောက်ျား) က ဆိုင်ကယ်မောင်း၊ ကျမကပိုက်ဆံအိတ်ကိုလွယ်ထားတာ။ အဲဒါကို ဘေးကနေ ကပ်ပြီး ပိုက်ဆံအိတ်ကြိုးကိုဆွဲတာ။ ကျမကလည်းပြန်ဆွဲဆိုတော့ ဆိုင်ကယ်နှစ်စီးကရမ်းနေတာ။ နောက်တော့အိတ် ကြိုးပြတ်ပြီးပါသွားတယ်။ ကျမတို့ဆိုင်ကယ်လည်းသူတို့ဆွဲတဲ့အရှိန်နဲ့မှောက်သွားတယ်” လို့ မနန်းစန္ဒာက ရှင်းပြပါတယ်။
ထိုနေ့က ပါသွားငွေဟာ ငွေကျပ်သုံးသိန်းကျော်တာမို့ ဒီခေတ်အခါ ငွေသုံးသိန်းဟာ ရှာရမလွယ်တဲ့အတွက် မနန်း စန္ဒာ အနေနဲ့နှမြောနေသလို နောက်နေ့ဈေးရောင်းထွက်ဖို့အရေးလည်း တွေးကာစိုးရိမ်ပူပန်လို့နေပါတယ်။
ဒါပေမဲ့ ဈေးမထွက်ဘဲနေလို့ရတဲ့ဘဝတွေမဟုတ်တော့ စိုးရိမ်နေရတဲ့အခြေအနေကြားမှာ ဝမ်းစာရှာဖွေရတော့ တာပါပဲ။ လက်ရှိကာလမှာ ငွေကြေးအဆင်ပြေသူတွေအနေနဲ့ အလုပ်မလုပ်ဘဲနေလို့ရတဲ့အတွက် လုံခြုံမှုရှိတယ် ဆိုပေမယ့် အများစု ကတော့ သူ့အတိုင်းအတာနဲ့သူ အကုန်ကျပ်တည်းဒုက္ခရောက်နေကြတာဖြစ်တယ်။
မနန်းစန္ဒာတို့လို ပျံကျဈေးသည်တွေအနေနဲ့ ဝမ်းစာရှာရမှာ စစ်တပ်ရဲ့တားဆီးစစ်ဆေးမှုတွေနဲ့ ဆက်ကြေးသဖွယ် ငွေပေး နေရတာတွေကြောင့် တစ်ပူပေါ်တစ်ပူဆင့်နေပြန်ပါတယ်။
“နေ့တိုင်းအဲ့လိုစစ်ခံရတော့ စစ်သားတွေနဲ့တောင်မျက်မှန်းတန်းမိနေပြီ။ သူတို့ကဘယ်လောက်ရယ် တောင်းတာ တော့ မဟုတ်ဘူး။ နည်းနည်းပါးပါးတော့ ပေးသွားလို့တောင်းတာ။ မပေးရင်ဘာလုပ်မယ်မှန်းမသိတော့ ပေးရတာ ပေါ့” လို့ မနန်း စန္ဒာက ပြောပါတယ်။
စစ်တပ်ဟာ လုံခြုံရေးအကြောင်းပြကာ ညဘက်ဖြတ်သွားတိုင်းစစ်ဆေးခံနေရတဲ့မနန်းစန္ဒာတို့လို ဈေးသည်တွေ ကို ငွေညှစ် သလိုဆက်ကြေးတောင်းနေတာကြောင့် ဈေးရောင်းထွက်ရဖို့အရေးကို စိုးထင့်နေကြရပါတယ်။
စစ်အာဏာသိမ်းပြီးကတည်းက ပြည်သူတွေဟာ နည်းမျိုးစုံနဲ့ဖိနှိပ်ခြိမ်းခြောက်ငွေညှစ်ခံရတာတွေကြောင့် စိတ် မလုံခြုံမှုနဲ့ အကြောက်တရားတွေအောက်မှာ ခက်ခဲပင်ပန်းစွာနေထိုင်ကြရပါတယ်။
မနန်းစန္ဒာနည်းတူ ဆိုင်ကယ်နဲ့လိုက်လံတိုက်ခိုက်ခံခဲ့ရတဲ့သူ နောက်တစ်ယောက်ကတော့ အသက် ၂၆ နှစ်အရွယ် မအေးမွန်ပဲ ဖြစ်တယ်။ မအေးမွန်တို့မိသားစုတွေဟာ မန္တလေးမြို့ရှိနေအိမ်မှာတစ်ပိုင်တစ်နိုင်စားသောက်ကုန် ရောင်းကြသူတွေဖြစ်တယ်။
မအေးမွန်နဲ့ သူ့မောင်လေးဟာ မြို့တွင်းကမှာထားတဲ့စားသောက်ဖွယ်ရာတွေကို မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ပို့ပေးရပါတယ်။ ပုံမှန်အတိုင်းဆို အေးမွန်ဟာ ညနေ ၆ နာရီထက်နောက်မကျဘဲ အိမ်ပြန်ရောက်နေကြဖြစ် တယ်။
ဒီဇင်ဘာ ၂၉ ရက်က သူဟာ သိပ္ပံလမ်းဘက်မှာပစ္စည်းသွားပို့ရင်း လမ်းမှာစစ်ဆေးခံနေရလို့ ပို့ချိန်ဟာ နောက်ကျ သွားခဲ့တယ်။ ဆိုင်ကယ်မောင်းရင်း တဖြေးဖြေးမှောင်လာတာကြောင့် သတိဝိရိယထားပြီး ဖြတ်လမ်းတွေကနေ မောင်းလာခဲ့တယ်။
အဲ့ဒီအချိန်မှာ သူရုတ်တရက်သတိလွတ်သွားချိန်မှာတော့ ဆိုင်ကယ်နှစ်စီးဟာ သူ့ဘေးနှစ်ဘက်မှာ နေရာယူထား ပါတယ်။ တစ်ဖက်ဆိုင်ကယ်ကလူက သူအကျီကိုလှမ်းဆွဲပြီး ဆိုင်ကယ်နောက်တစ်စီးကတော့ သူရှေ့မှာပိတ်ရပ် လိုက်တာကြောင့် မအေးမွန်ဆိုင်ကယ်ဟာ ရပ်သွားခဲ့ရတယ်။
သူတို့က မအေးမွန်အနွေးထည်အောက်က ပိုက်ဆံအိတ်ကိုတောင်းပြီး အသာတကြည်မပေးရင် သတ်ပစ်မယ်လို့ ခြိမ်း ခြောက်ခဲ့ပါတယ်။ သူကအလွယ်တကူထုတ်မပေးတာကြောင့် တိုက်ခိုက်ခဲ့ရလို့ မျက်နှာ၊ လည်ပင်းမှာ ဒဏ်ရာ အနည်းငယ်သွားခဲ့တယ်။
“အခုဆိုညဘက်ဘယ်မှမသွားရဲတော့ဘူး။ နေ့ခင်းအော်ဒါတွေပဲ ပို့ပေးတော့တယ်။ လူပြတ်တဲ့နေရာတွေ မသွား ဘူး။လမ်း မကြီးတွေကပဲ မောင်းတယ်။ အဲ့ဒါလည်း မလုံခြုံပါဘူး။ စစ်သားရန်ကရှိသေးတယ်” လို့ မအေးမွန်က ပြောပါတယ်။
ဒါပေမဲ့ နေ့ခင်းဘက်သူတို့အော်ဒါပို့တော့လည်း စစ်သားတွေ စစ်ဆေးမှုတွေကြောက်ရတာကြောင့် သွားလာရေး က အခုထိ အဆင်မပြေနိုင်သေးပါဘူး။
အကြောင်းက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့က မအေးမွန်နဲ့ သူ့မောင်လေးဟာ အော်ဒါတစ်ခုသွားပို့ရင်းလမ်းမှာ စစ်သားတွေက ချက်ခြင်းမစစ်ဘဲ နေပူထဲမှာသုံးနာရီနီးပါးမတ်တပ်ရပ်စောင့်ခဲ့ရပြီး ဒဏ်ငွေအနေနဲ့ စစ်သားတစ် ယောက်ကို ငွေကျပ် တစ်ထောင်နဲ့ ငါးယောက်အတွက် ငါးထောင်ပေးမှ ပြန်ခိုင်းခဲ့တာပါ။
“သူတို့ရှိလို့ရှောင်မောင်းပြန်ရင်လည်း သူခိုးတွေနဲ့တွေ့မှာဆိုတော့ ဘယ်မှာမှမလွတ်ဘူး။ ရှာဖွေစားရတာက လည်း မလွယ်ပါဘူး။ မဖြစ်လို့သာ အသက်တွေရင်းပြီးရှာစားနေရတာ။ လမ်းထွက်တာနဲ့ သူများမျက်နှာကြည့် ပြီးနေစားရတဲ့ဘဝတွေ အတော်ဆိုးတယ်” လို့ မအေးမွန်က ညည်းတွားပါတယ်။
ဒါတွေဟာ စစ်အာဏာသိမ်းတာရဲ့နောက်ဆက်တွဲ စီးပွားရေးကျပ်တည်းမှုနဲ့ ကိုဗစ်လှိုင်းကြောင့် လူမူစီးပွား ဘဝ ထိခိုက် ပျက်စီးခဲ့ရသလို စစ်တပ်ရဲ့ဖိနှိပ်အကြမ်းဖက်မှုတွေကြောင့် ရှာဖွေစားသောက်ရေးတွေမှာ ခက်ခဲသွားရ တာဖြစ်တယ်။
ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(UNDP)ကတော့ ၂၀၂၂ ခုနှစ်အဆန်းမှာ နိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော် ခန့်ဟာ ဆင်းရဲမွဲတေမှုမျဉ်းအောက်ရောက်တာနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဇန်နဝါရီလအစောပိုင်းက ထုတ်ပြန်ထားပါ တယ်။
မြန်မာနိုင်ငံဟာ နိုင်ငံရေး၊လူမှုစီးပွား၊လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုတွေမှာ အရင်ကတစ်ခါမှ မကြုံတွေ့ဖူး တဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်ရမယ်လို့ သူက သတိပေးထားပါသေးတယ်။
ကမ္ဘာ့ဘဏ်ကလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့စီးပွားရေးဟာ ၁၈ ရာခိုင်နှုန်းလောက်အထိ ကျုံ့သွား မယ်လို့ ခန့်မှန်းပါတယ်။
ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကို စောင့်ရှောက်ပေးရမယ့် တာဝန်ရှိသူတွေက နိုင်ငံတော်အာဏာရ ယူ ထားသူတွေရဲ့တာဝန်ဖြစ်တယ်။ လက်ရှိမှာအာဏာယူထားတဲ့စစ်တပ်က သူတို့ကိုတော်လှန်နေတဲ့ ပြည်သူ တွေကို တိုက် ခိုက်ဖို့သာအာရုံစိုက်နေတဲ့အတွက် ပြည်သူ့လုံခြုံရေးကို ပြည်သူက ပြန်ယူနေရပါတယ်။
တရားလွှတ်တော်ရှေ့နေတစ်ယောက်ကတော့ တာဝန်ရှိသူတွေအနေနဲ့ ခိုးဆိုးလုယက်နေသူတွေကို အရေးမယူ၊ သတိ မပေးဘဲနေမယ်ဆိုရင် ဒီထက်ဆိုးတဲ့လူသတ်၊ မုဒိမ်းကျင့်တာတွေအထိ ဖြစ်လာနိုင်တယ်။ အချင်းချင်း သတ်ဖြတ်တာဖောက် ထွင်းလုယက်တာတွေပါဖြစ်လာနိုင်တယ်လို့ သတိပေးစကားဆိုပါတယ်။
နိုင်ငံတော်အာဏာရယူထားတဲ့စစ်တပ်ကို စကားထဲထည့်မပြောဘဲ ရပ်ကွက်တာဝန်ရှိသူတွေက ကိုယ်ရဲ့အသိ စိတ်ဓါတ်နဲ့ ကိုယ်ရပ်ရွာ၊ လုံခြုံရေးကို စုပေါင်းလုပ်မယ်။ အချင်းချင်းဝိုင်းဝန်းစောင့်ရှောက်မယ်ဆိုရင် ဒီပြဿနာ ဟာ အတန်သင့်ပြေ လည်သွားပါလိမ့်မယ်လို့ သူက ထောက်ပြပါတယ်။