နန်းကြည်ဖြူ။ ။
အရပ်ခပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးနဲ့အမျိုးသမီးတစ်ယောက်ဟာ သူ့ရဲ့အနက်ရောင်ဆိုင်ကယ်နဲ့ အလုပ်များနေပါတယ်။ ရပ်ကွက်ထဲလှည့်ရောင်းမယ့် ကြက်ဥကတ်တွေကို ဆိုင်ကယ်နဲ့သယ်လာလိုက်၊ ဖုန်းသံမြည်ရင် ခရီးသည်ကို ပြေးလွှားသွားကြိုလိုက်နဲ့ပါ။
သူကတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့က အမျိုးသမီးဆိုင်ကယ် ကယ်ရီ မနွယ်နီပါ။ မြန်မာနိုင်ငံမှာ ဆိုင်ကယ်ကယ်ရီမောင်းတဲ့အလုပ်မျိုးကို အမျိုးသားတွေကသာ အများဆုံး လုပ်လေ့ရှိကြပါတယ်။ ဒါပေမယ့် မနွယ်နီကတော့ ဒီအစဉ်အလာကနေထိုးဖောက်ခဲ့တဲ့ အမျိုးသမီးဖြစ်ပါတယ်။ တောင်ကြီးမြို့နဲ့ ဒီဒေသတခွင်မှာ ပထမဆုံးနဲ့တစ်ဦးတည်းသော အမျိုးသမီးဆိုင်ကယ် ကယ်ရီမောင်းတဲ့သူလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
မနွယ်နီဟာ ဘွဲ့ရပညာတတ်အမျိုးသမီးတစ်ဦးဖြစ်ပြီး ကယ်ရီဆွဲဖြစ်ရတဲ့ နောက်ခံအကြောင်းအရင်းတွေလည်း ရှိပါတယ်။ တောင်ကြီးမှာမွေး၊ တောင်ကြီးမှာကြီးတဲ့သူဟာ ၂၀၀၅၊ ၂၀၀၆ ခုနှစ် ပညာသင်နှစ်မှာ တောင်ကြီးမြို့ မှာ ဘူမိဗေဒဘွဲ့ B.Sc ( Geology ) ရခဲ့ပါတယ်။
ဘွဲ့ရပြီးတဲ့နောက် အစိုးရဝန်ထမ်းဖြစ်ဖို့ကြိုးစားခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် ဖြစ်မလာခဲ့ပါဘူး။ အစိုးရပိုင်လုပ်ငန်းတွေမှာ လုပ်ချင်ပေမယ့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲနဲ့ အဆက်အသွယ်မရှိတာကြောင့် ရည်မှန်းချက်နဲ့ဝေးခဲ့ရပါတယ်။ သူနာပြု၊ ဝန်ထမ်းတို့ ဝင်လျှောက်တဲ့ အချိန်မှာလည်း နေပြည်တော်ကို သွားပြီး အင်တာဗျူးဖြေရတာ ဖြစ်တာကြောင့် သွားဖို့ခရီးစရိတ်တွေ မရှိတာ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် အစိုးရဝန်ထမ်းဖြစ်ဖို့ အခွင့်အလမ်း မရရှိခဲ့ပါဘူး။
ဒီလိုနဲ့တောင်ကြီးမြို့ရှိ ဆေးဆိုင်တစ်ဆိုင်မှာ အရောင်းဝန်ထမ်းအဖြစ် အလုပ်ဝင်လုပ်ခဲ့ပြီး မိဘတွေကို ရှာဖွေကျွေးမွေးစောင့်ရှောက်ရင်း အသက်မွေးဝမ်းကြောင်း ပြုခဲ့ပါတယ်။ သူ့အသက် ၃၂ နှစ်အရွယ်၊ ၂၀၁၆ ခုနှစ်မှာတော့ အိမ်ထောင်ပြုခဲ့ပြီး မိဘအိမ်ကနေ ခွဲထွက်ပြီး အိမ်သပ်သပ်ငှားနေခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ မနွယ်နီ သားလေးတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။
ကလေး အသုံးစရိတ်၊ စားဝတ်နေရေးအတွက် ဝင်ငွေပိုမို ရရှိတဲ့ တခြားလုပ်ငန်းခွင်မှာ စာရင်းကိုင်အလုပ်များ ရမှာလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဆေးအရောင်းဝန်ထမ်းဘဝကနေ အနားယူခဲ့ပြီး စာရင်းကိုင်အလုပ်ကို ဝင်လျှောက်ခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ စာရင်းကိုင်အလုပ်ကို မရရှိခဲ့ဘဲ အလုပ်လက်မဲ့ ၂ နှစ်နီးပါး ဖြစ်သွားခဲ့ပါသေးတယ်။
အဲဒီ (၂) နှစ် ကြားထဲမှာလည်း မနွယ်နီက စုဆောင်ထားတဲ့ ငွေကြေးနဲ့ တဖက်မှာလည်း ကြုံရာကျပန်း လုပ်လိုက်နဲ့ ရရှိလာတဲ့ ဝင်ငွေအနည်းငယ်ဖြင့်သာ မိသားစု သုံးယောက်လုံး ချွေချွေတာတာနဲ့ သွားလာ စားသောက်ခဲ့ရပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ စားဝတ်နေရေးအခက်အခဲကြောင့် တောင်ကြီးမှာ ရှိသမျှအလုပ်ခေါ်စာတွေကို လိုက်လျှောက်ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ မနွယ်နီဟာ ဆေးဆိုင်တစ်ဆိုင်မှာ တစ်လလစာ တစ်သိန်းကျော်နဲ့ ဒုတိယအကြိမ်မြောက် ဆေးဆိုင်အရောင်းဝန်ထမ်းပြန်ဖြစ်လာခဲ့ပြန်ပါတယ်။
မနွယ်နီရဲ့ အလုပ်ချိန်ကတော့ မနက် ၉ နာရီကနေ ညနေ ၅ နာရီထိဖြစ်ပါတယ်။ ညနေ ၅ နာရီမှာ ဆင်းတယ်ဆိုပေမယ့် အိမ်ပြန်လာတဲ့ လမ်းမှာနဲ့က ၆ နာရီလောက်မှ ပြန်ရောက်တာပါ။ မနွယ်နီကတော့ အလုပ်ဆင်းတဲ့ အချိန်တွေမှာ ကလေးထိန်းမရှိတာကြောင့် အလုပ်ခွင်ထဲထိ ကလေးကို ခေါ်ရပါတယ်။
“ကလေးတစ်ဖက် အလုပ်တစ်ဖက်နဲ့ အဆင်ပြေတယ်လို့ကို မရှိဘူး” လို့ ကလေးထိန်းရင်း အလုပ်လုပ်ရတဲ့ သူ့ရဲ့အခက်အခဲကို ပြောပါတယ်။
နေ့လယ်ပိုင်းတွေမှာလည်း အလုပ် ပင်ပင်ပန်းပန်းနဲ့ လုပ်ခဲ့ရတာကြောင့် ညနေပိုင်း စောစောအနားယူချင်ပေမယ့် မနားခဲ့ရပါဘူး။ အိမ်ရောက်ပြီဆို မိသားစုသုံးယောက်လုံးရဲ့ အဝတ်စားတွေကို လျှော်ဖွတ်၊ ထမင်းဟင်းချက်ရင်းနဲ့ တဖက်မှာလည်း ကလေးထိန်းတဲ့အလုပ်ကို လုပ်ရပြန်တယ်လို့ သူကဆိုပါတယ်။ သူ့အမျိုးသားကတော့ အလုပ်အကိုင်အဆင်မပြေတဲ့အတွက် ဝင်ငွေမရှိတာကြောင့် သူ့ရဲ့ဝင်ငွေအပေါ်မှာသာ မိသားစုတခုလုံး မှီခိုနေရတယ်လို့လည်း မနွယ်နီက ဆိုပါတယ်။
လစာတစ်သိန်းကျော်ဖြင့် တစ်လ တစ်လ ရလာတဲ့ လစာတွေကို မိသားစုသုံးယောက် မှီခိုနေရတာကြောင့် အိမ်လခပေး ပေးလိုက် ဆန်၊ ဆီ၊ ဆားဝယ်လိုက်နဲ့ ချွေတာစွာ စားသောက်ရင်းနဲ့ အဆင်ပြေလိုက် မပြေလိုက်နဲ့ပဲ ဖြစ်သလို ဖြတ်သန်းလာခဲ့ရတာပါ။ အိမ်လခကလည်း တစ်လကို ငါးသောင်း လောက်ပေးနေရတာကြောင့် ပိုလျှံတယ်လို့ကို မရှိဘူးလို့ သူကဆိုပါတယ်။
“ ပြေတလှည့် မပြေတလှည့်နဲ့ပဲ နေနေရတာပေါ့ ပိုက်ဆံတော့ မစုရဘူးပေါ့”လို့ မနွယ်နီက ပြောပါတယ်။
ဒီလို အဆင်ပြေတလှည့် မပြေတလှည့်နဲပဲ အလုပ်ဆင်းလိုက် အိမ်ပြန်လာလိုက်နဲ့ သူ့ဘဝကို နိစ္စဓူဝ ဖြတ်သန်းပြီး ခြောက်လ ကြာတဲ့အချိန်မှာတော့ မနွယ်နီတို့ မိသားစု ကံဆိုးမိုးမှောင်ကျသွားသလိုပါပဲ။ လစာ ဝင်ငွေနဲ့ ဖြတ်သန်းနေရတဲ့ မနွယ်နီတို့ မိသားစုဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိုပြီး အခက်တွေ့စေခဲ့ပါတယ်။
ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှုကြားထဲ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးကတည်းက အသွားအလာကန့်သတ်ကာ၊ ဆိုင်ခန်းတွေ၊ ဈေးတွေလည်း နေ့လယ် ၁၂ နာရီအထိသာ ဖွင့်ခွင့်ပြုပါတယ်။ နာရီပိုင်းနဲ့သာ ဖွင့်ခွင့်ပြုထားပြီး သွားလာကန့်သတ်ထားတော့ ဝယ်သူနည်းပါးတာတွေ၊ လုံခြုံရေးအရတွေကြောင့်လည်း ဆိုင်ရှင်တွေက ဝန်ထမ်းဦးရေကို လျှော့ချတာ ပြုလုပ်လာကြတာပါ။ တချို့ဆိုလျှင် စက်ရုံ၊ အလုပ်ရုံတွေကိုပါ ပိတ်ချလိုက်ရတာကိုလည်း တွေ့မြင်ရပါတယ်။
ဝယ်ယူသူနည်းပါးတာတွေကြောင့် ဆိုင်ရှင်တွေက ဝန်ထမ်းဦးရေကို လျှော့ချတာတွေ ပြုလုပ်တဲ့ထဲမှာ မနွယ်နီ အလုပ်ဆင်းနေတဲ့ ဆေးဆိုင်လည်းပါပါတယ်။ ဝန်ထမ်းသက်တမ်း ငါးလ ပြည့်တဲ့ အချိန်မှာ ဆိုင်ရှင်က ဆိုင်ကဝန်ထမ်းတွေကို လျှော့ချကြောင်း၊ လျှော့ချခံတဲ့သူထဲမှာ မနွယ်နီလည်းပါကြောင်း ပြင်ဆင်ချိန်တွေရအောင်ဆိုပြီး တစ်လကြိုတင် အကြောင်းကြား ပြောခဲ့ပါတယ်။
မနွယ်နီက အလုပ်ကနေ နားရမယ်လို့ ကြားလိုက်တဲ့အချိန်မှာ ‘ရှေ့ဆက် ဘယ်လို အသက်ဆက်ရှင်မှာလဲ’ ‘သားလေးကို ဘယ်လိုပုံစံမျိုးနဲ့ ရှာဖွေကျွေးမွေးရမှာလဲ’ ‘ဘယ်လိုရှေ့ဆက်ရပ်တည်သွားမှာလဲ’ ဆိုတာတွေကို တွေးပြီး စိတ်ပူပင်သောက ရောက်နေခဲ့ပါတယ်။ အိမ်မပျော်တဲ့ ညတွေ၊ စိတ်သောကရောက်ရတဲ့ ညတွေလည်း များလှပါပြီလို့ မနွယ်နီက ဆိုပါတယ်။
သောကစိတ်တွေနဲ့ စားဝတ်နေရေးအတွက် တစ်လအတောတွင်းမှာ တခြားအလုပ်အသစ်ကို ရှာခဲ့ပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အလုပ်မရခဲ့ပါဘူး။ အလုပ်အသစ်လည်း မရှိတာကြောင့် ဆေးဆိုင်ကနေ ၆ လပြည့်တာနဲ့ ကလေးအမေဖြစ်တဲ့ မနွယ်နီက ဆေးဆိုင်အရောင်းဝန်ထမ်း ဘဝကနေ အနားယူပြီး အလုပ်လက်မဲ့ ဖြစ်သွားခဲ့ပါတယ်။
“ကိုယ်က ကလေးအမေဖြစ်တော့ သူများမလိုချင်ဘူးလေ။ အသက်လည်း ရလာပြီဆိုတော့ (အလုပ်ရှင်တွေက) သိပ်ပြီးမခေါ်ချင်ကြတော့ဘူး။ ကလေးကလည်း အရမ်းဆော့တော့ မကြိုက်ကြဘူး” လို့ မနွယ်နီက ဝမ်းနည်းစွာနဲ့ ဆိုပါတယ်။
မနွယ်နီ အလုပ်ကနေ နားလိုက်ရပြီးနောက်ပိုင်းမှာ ဝင်ငွေမရှိတော့တာကြောင့် စားဝတ်နေရေး အခက်အခဲ၊ ငွေရေးကြေးရေး အခက်အခဲနဲ့ ကြုံတွေ့လာခဲ့ရပါတယ်။အဲဒီကစပြီး လင်မယားနှစ်ယောက် နေ့တိုင်းလိုလို စကားများရန်ဖြစ်တာမျိုးတွေကြောင့် သူ့အမျိုးသားနဲ့ ကွာရှင်းဖို့ တောင်းဆိုခဲ့ပါတယ်။ သူ့အမျိုးသားကတော့ မကွာရှင်းပေးပဲနဲ့ သူ့ကို ဘာမှမပြောပဲနဲ့ ဘုန်းကြီးဝတ်သွားခဲ့ပါတယ်လို့ သူကပြောပါတယ်။
တခါကသူ့အမျိုးသားကသူ့ကို သွေးထွက်အောင်အထိ နှာခေါင်းကို ထိုးနှက်ခဲ့ဖူးတယ်လို့လည်း မနွယ်နီကဆိုပါတယ်။ သူကြုံခဲ့ရတဲ့ ပြဿနာကို မိဘတွေ၊ အုပ်ချုပ်ရေးမှူးတွေဆီ သွားရောက်တိုင်ကြားတာမျိုး လုပ်ခဲ့ပေမယ့် ထိရောက်တဲ့အကူအညီမရခဲ့ဘူးလို့လည်း ဆိုပါတယ်။
မနွယ်နီက စိတ်ညစ်စရာတွေ အရမ်းများတာကြောင့် သူ့ကိုယ်သူ လူနဲ့တောင် တူသေးရဲ့လား ဆိုပြီး ကိုယ့်ကိုယ် မေးနေမိတယ်လို့ ဆိုပါတယ်။ တခါတလေ စိတ်အရမ်းညစ်တာကြောင့် “ ဆေးကို အလွန်အကျွံ သောက်ပြီး ကိုယ့်ကိုယ့် သေကြောင်းကြံစည်ချင်ခဲ့တဲ့ စိတ်တောင် ပေါက်တယ်” လို့ မနွယ်နီက ခေါင်းငုံ့ထားပြီး ခပ်တိုးတိုး ပြောပြပါတယ်။ မနွယ်နီက ဒီကိစ္စကို ထပ်မပြောချင်တော့လောက်အောင် နာကျင်နေခဲ့ရတယ်လို့ ဆိုပါတယ်။
အမျိုးသား ဘုန်းကြီးဝတ်သွားတာကြောင့် အိမ်မှာမနွယ်နီနဲ့လေးနှစ်အရွယ် သားလေးသာ ကျန်ခဲ့ပါတယ်။ သားလေးနဲ့သူ စားဝတ်နေရေးအတွက်၊ အိမ်ဌားခအတွက် မနွယ်နီ တစ်ယောက်တည်း ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပါတယ်။ အလုပ်လည်း မရှိတာကြောင့် အိမ်လခ၊ စားဝတ်နေရေးအတွက် မနွယ်နီကတော့ မရှိတဲ့အလုပ်ကို ရှိအောင်၊ ဝင်ငွေရအောင် လိုက်ရှာတော့မှာပါ။
တစ်နေ့တော့ ‘ဒီတိုင်းထိုင်နေရင် ငတ်ဖို့ပဲ ကျန်တယ် ဘာအလုပ်လုပ်ရင် ကောင်းမှာလဲ’ ဆိုတာကို ထိုင်စဉ်းစားနေရင်း သူ့အဖေ ဆိုင်ကယ်ကို သွားသတိရခဲ့ပါတယ်။ အဖေဆိုင်ကယ်နဲ့ နေ့ဖက်မှာ ဆိုင်ကယ်ကယ်ရီဆွဲတာ၊ ပစ္စည်းပို့တာ၊ ပစ္စည်းယူတာ၊ ဈေးသုံးပေးတာမျိုးတွေလုပ်ပြီး ညဖက်မှာတော့ ရပ်ကွက်ထဲကို ကြက်ဥလိုက်ရောင်းမယ် လို့ ဆုံးဖြတ်လိုက်ပါတယ်။
မနွယ်နီ အပျိုတုန်းက ကျော့ကျော့မော့မော့ နေခဲ့တော့ ဒီလိုကယ်ရီဆွဲရမယ်လို့လည်း သူမထင်ထားခဲ့ပါဘူး။ ဆိုင်ကယ်ကယ်ရီစဆွဲတဲ့ နေ့မှာဆိုလည်း ကယ်ရီဆွဲတဲ့အလုပ်က အမျိုးသမီးတွေက တော်ရုံနဲ့ မလုပ်ကြတော့ “အရမ်းရှက် နေမိတယ်” လို့ မနွယ်နီက ဆိုပါတယ်။
“ညည်းကယ်ရီဆွဲမှ ဖြစ်မှာလား”
“ဆိုင်ကယ် ကယ်ရီဆွဲတယ်ပေါ့” အစရှိတဲ့ ပတ်ဝန်းကျင်ကမေးလာတဲ့မေးခွန်းတွေကို ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတာက ရှက်စရာမဟုတ်ဘူး မရှက်သင့်ဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ်အားပေးရင်း ဖြတ်သန်းခဲ့တယ်လို့လည်း ဆိုပါတယ်။
အချိန်ကြာလာတာနဲ့အမျှ မနွယ်နီရဲ့ ဆိုင်ကယ်ကယ်ရီဟာ အမျိုးသမီးတွေသွားလာဖို့အတွက် အားကိုးစရာတခုဖြစ်လာခဲ့ပါတယ်။
“မိန်းခလေးတွေပဲ တင်ရဲတယ် ယောင်္ကျားလေးတွေဆို မတင်ဘူး” လို့ ဆိုပါတယ်။
တစ်ရက် တစ်ရက် ခရီးသည်က ဖုန်းခေါ်ပြီဆို ဝမ်းသာအားရစွာနဲ့ ဘယ်နားလာကြိုရမှာလဲ၊ ဘယ်ကိုသွားပို့ရမှာလဲ ဆိုပြီး အသံချိုချိုလေးနဲ့ ခရီးသည်တွေကို ချိတ်ဆက် ပြောဆိုလေ့ရှိပါတယ်။ ဆိုင်ကယ် ကယ်ရီဆွဲတဲ့နေရာမှာလည်း အမျိုးသမီးတွေကိုသာ ရွေးတင်တာကြောင့် ကယ်ရီဆွဲတာလည်း ထင်သလို ဝင်ငွေ များများစားစား မရရှိခဲ့ပါဘူး။ ကယ်ရီဆွဲတာက တစ်ရက်ကို အများဆုံး သုံးထောင်၊ လေးထောင်တော့ ရပါတယ်။ ဒီလိုကာလမှာ အများစုက အပြင်ထွက်တာမျိုးတွေ သိပ်မလုပ်ကြတော့ တချို့ရက်တွေဆို ကယ်ရီဌားတဲ့ သူမရှိတော့ ငွေမဝင်တဲ့ ရက်တွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ကယ်ရီဆွဲတာကလည်း ဝင်ငွေအနည်းငယ်သာ ရတာကြောင့် ကယ်ရီမဆွဲခင် မနက်ပိုင်းတွေမှာလည်း တခြားသူတွေရဲ့ အဝတ်အစားတွေကို အခကြေးငွေယူပြီး လိုက်လျှော်ပေးသလို ညနေပိုင်း ၄ နာရီကျော်လောက်မှာ ဆိုင်ကယ်ကယ်ရီဆွဲတာကို ရပ်ပြီး လက်တစ်ဖက်မှာ ကြက်ဥနှစ်ကတ်ကို ကိုင်ထားပြီး တဖက်မှာ သားလေးရဲ့ လက်ကို ဆွဲထားပြီး ရပ်ကွက်ထဲကို ကြက်ဥတွေ လိုက်ရောင်းတဲ့ အလုပ်တွေကိုလည်း လုပ်ကိုင်ခဲ့ပါတယ်။
ကြက်ဥရောင်းတဲ့ အမြတ်အနည်းပေမယ့် ထိုင်နေပြီး ဘာမှမရတာထက်စာရင် ၂၀၀ ဆိုလည်း ၂၀၀ ရတယ်ဆိုတဲ့ စိတ်နဲ့ လုပ်နေခဲ့ပါတယ်လို့လည်းဆိုပါတယ်။ လူတကိုယ်ထဲနဲ့ အလုပ်သုံးမျိုးကြိုးစားလုပ်တဲ့ သူ့ရဲ့ဝင်ငွေက တစ်ရက်ကို ပျှမ်းမျှအားဖြင့် ခြောက်ထောင်၊ ခုနှစ်ထောင်လောက်ရတယ်လို့ မနွယ်နီက ဆိုပါတယ်။
ဆိုင်ကယ်ရီဆွဲ၊ ကြက်ဥရောင်း၊ အဝတ်လိုက်လျှော် စတဲ့အလုပ်တွေနဲ့ ရိုးရိုးသားသားလုပ်ကိုင်နေတဲ့ မနွယ်နီက အနာဂတ်မှာလုပ်မယ့် သူ့ရဲ့စီးပွားရေးအိမ်မက်တခုလည်း ရှိနေပါတယ်။ ဒါကတော့ အွန်လိုင်းဈေးသည်ပါ။
အွန်လိုင်းကနေ ဈေးရောင်းဖို့အတွက် အဓိကကျတဲ့ဖုန်းတလုံးရဖို့ သူကြိုးစားနေတာလည်း ဖြစ်ပါတယ်။ လက်ရှိသူ ကိုင်နေတဲ့ ဖုန်းဟာ အားသွင်းကြိုးတန်းလန်းနဲ့ သုံးရတာကြောင့် အွန်လိုင်းကနေဈေးရောင်းဖို့ အဆင်မပြေခဲ့ပါဘူး။
“ ကယ်ရီဆွဲတာ နည်းနည်းပဲရရ များများပဲ ရရ ဆက်လုပ်သွားမယ်။ တစ်ဖက်မှာလည်း အွန်လိုင်းရှော့ လုပ်ချင်တယ် သားလေးကို ကောင်းကောင်းထားချင်တယ်” လို့ မနွယ်နီက သူ့ဆန္ဒကို ဆိုပါတယ်။