Home ဆောင်းပါးသတင်းဆောင်းပါး သောကမျက်ရည်တွေကြားက ဂုဏ်ယူနေတဲ့မိခင်

သောကမျက်ရည်တွေကြားက ဂုဏ်ယူနေတဲ့မိခင်

နွေဦးမောင်။ ။

PDF လူငယ်လေးတွေ ရှေ့နောက်တန်းစီပြီး စစ်ကြောင်းချီလာတာကို မြင်ရတော့ ဒေါ်မြင့်နွယ် အလိုလို ငိုချင်လာသည်။ စိတ်ကို တင်းထားသော်လည်း မျက်ရည်ကြည်များက ပါးပြင်ထက်သို့ လိမ့်ဆင်းလာ၏။

လက်နက်ကိုင်ထားသည့် ထိုလူငယ်များကို မြင်ရသည့်အခိုက် သားဖြစ်သူကို အမှတ်ရသွားမိ၍ဖြစ်သည်။ ယခင်အတိုင်း သာဆို ဒေါ်မြင့်နွယ်၏သားသည်လည်း ထိုလူငယ်များနှင့်အတူ ထွေးရောယှက်တင် မြင်တွေ့ရမည်ဖြစ်သည်။

ယခုမူ ထိုမြင်ကွင်းမျိုး ဒေါ်မြင့်နွယ် တွေ့မြင်နိုင်ခွင့်မရှိတော့ပြီ။ အကြောင်းမှာ သူ့သားမောင်အောင်မြင့်မြတ်မှာ စစ်ကောင် စီနှင့် တိုက်ပွဲတွင် ကျဆုံးသွားခဲ့၍ ဖြစ်ပါသည်။

သူအနေနှင့် သားဖြစ်သူကို သတိရနေမည်ဆိုလည်း သတိရချင်စရာပင်။ သူ့သားလေး ကျဆုံးခဲ့သည်က ယခုမှ တစ်လပင် မပြည့်တတ်သေး။ ပူပူနွေးနွေးအခြေအနေသာ ရှိသေးသည်။

ဒီဇင်ဘာ ၁၁ ရက်ကမှ အခြား PDF ရဲဘော်နှစ်ဦးနှင့်အတူ ကျဆုံးခဲ့ခြင်း ဖြစ်ပါသည်။ တိုက်ပွဲမှာ မကွေးတိုင်းနယ်စပ် ရေစကြိုမြို့နယ်အစွန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်၏။ ထိုတိုက်ပွဲတွင် PDF ရဲဘော်များဘက်မှ ဒေါ်မြင့်နွယ်၏သား မောင်အောင် မြင့်မြတ်အပါဝင် သုံးဦးကျဆုံးခဲ့သည်။

ပြေးရင်းလွှားရင်း ကြားတဲ့သတင်း

အဲသည်နေ့က ဒေါ်မြင့်နွယ်တို့ရွာလေးရှိ ဒေသခံများမှာ စစ်ကောင်စီရန်ကိုကြောက်သောကြောင့် ပြေးလွှားနေကြရသည်။ အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဒေါ်မြင့်နွယ်တို့ တစ်ဖက်ရွာတွင် ရောက်နေကြပြီဖြစ်သည်။

ထို့ကြောင့် တစ်ရွာလုံးလိုလို ကိုယ့်အစုလေးနှင့်ကို ရွာမှထွက်ကာ တိမ်းရှောင်နေကြရသည်။ သူ့သား မောင်အောင်မြင့်မြတ် ကတော့ ဒေါ်မြင့်နွယ်တို့နှင့်အတူပါမလာ။ မနက် ၉ နာရီလောက်ကတည်းက အိမ်ကထွက်သွားသည်။

အခြားသို့ သွားသည်မဟုတ်။ စစ်ကောင်စီတပ်စစ်ကြောင်းကို စီးကြိုတိုက်ထုတ်ရန် အခြားသော PDF ရဲဘော်များနှင့်အတူ ရှေ့တန်းသို့သွားခြင်း ဖြစ်၏။

စစ်ကြောင်းထိုးလာသည့်နေရာနှင့် ဒေါ်မြင့်နွယ်တို့ရွာက သိပ်မဝေးလှ။ သုံးမိုင်းခန့်သာ လှမ်းသည်။ ထို့ကြောင့် ပြေးရင်း လွှားရင်းဖြင့်ပင် သေနတ်သံများကို နားစွင့်နေရသည်။

သူတို့မိသားစု ရွာကထွက်လာပြီး သိပ်မကြာ မွန်းတည့်ချိန်လောက်တွင် ပစ်ခတ်သံများ ကြားလာရတော့သည်။ သေချာ သည်၊ သူ့သားလေးတော့ တိုက်နေရော့မည်ဟု ဒေါ်မြင့်နွယ် တွေးမိသေး၏။

နေ့ နှစ်ချက်တီးလောက်ရောက်တော့ PDF အချို့ နောက်ကြောင်းပြန် ဆုတ်လာခဲ့ပြီဟု သတင်းစကားကြားရသည်။ ထို့အတူ တိုက်ပွဲအတွင်း ဒဏ်ရာရခဲ့သူများရှိ၍ ဆေးကုသပေးရသူများလည်းရှိနေသည်ဟု သိလာရသည်။ အချို့မှာမူ တိုက်ပွဲတွင်း ပိတ်မိနေသည်ကိုလည်း ကြားသိလာရ၏။

” အဲအချိန်မှာ သားကိုဖုန်းခေါ်တော့ ခေါ်မရဘူး။ စက်ပိတ်ထားတယ်။ သူနဲ့အတူသွားတဲ့တစ်ယောက်ဆီခေါ်တော့လည်း အဲလိုပဲ၊ ပိတ်ထားတယ်ပဲအော်နေတယ်။ ဘယ်သူမှဖုန်းခေါ်မရဘူး” ဟု ထိုနေ့က အခြေအနေကို ဒေါ်မြင့်နွယ်က ပြန်ပြော ပြသည်။

သည်တွင် သူ့စိတ်ထဲ တစ်ခုခုကို စိုးရိမ်လာသလို ခံစားလာရသည်။ ‘ငါ့သားလေး သေများသွားပလား’ဟူသော အတွေးက ခေါင်းထဲချားရဟတ်လှည့်သလို ချာချာလည်စေသည်ဟု ဒေါ်မြင့်နွယ်က ရင်ဖွင့်သည်။

တပ်ပြန်ဆုတ်လာသူများနှင့် တဖြည်းဖြည်းအဆက်အသွယ်ရလာတော့ သူ့သား မောင်အောင်မြင့်မြတ် တိုက်ပွဲမှာ ကျဆုံး သွားပြီဆိုတာ သေချာသိလိုက်ရသည်။

အလောင်းမြေချဖို့ စွန့်စားခဲ့ရ

ယောကျ်ားဖြစ်သူကို သူ့သားအလောင်းသွားသယ်ဖို့ ဒေါ်မြင့်နွယ်ပြောရသည်။ ဖြစ်ပြီးသွားမှတော့ ဘာတတ်နိုင်ဦးမည်နည်း။ ကောင်းမွန်စွာ သြဂိုုလ်ပေးရန်သာ ရှိတော့သည်။

သို့သော် ကျဆုံး PDF ရဲဘော်များ၏ရုပ်အလောင်းများကို ချက်ချင်းသွားမကောက်နိုင်။ တိုက်ပွဲဖြစ်သည့်နေရာအနီးတွင် စစ်ကောင်စီတပ်များ ရှိနေ၏။

ထို့ကြောင့် နေ့လယ် နှစ်နာရီခန့်က ကျဆုံးသွားသည့် သားဖြစ်သူနှင့် PDF ရဲဘော်သုံးဦး၏ရုပ်အလောင်းများကို ညနေ လေးနာရီတွင်မှ သွားသယ်ရသည်။

သို့တိုင် တိုက်ပွဲဖြစ်သည့် ရွှေလှံရွာထဲ ပေါ်ပေါ်တင်တင်မဝင်ရဲ၊ ခိုးကြောင်ခိုးဝှက် ဝင်ရောက်ကြရကြောင်း ဒေါ်မြင့်နွယ်က ပြောပါသည်။ ရွာထဲရောက်တော့ မောင်အောင်မြင့်မြတ်နှင့် အခြားရဲဘော်နှစ်ဦး၏ ရုပ်အလောင်းများကို တွန်းလှည်းပေါ် တင်ကာ သယ်ထုတ်လာခဲ့သည်။

ရုပ်အလောင်းများတင်လာသည့်တွန်းလှည်းမှာ ရွှေလှံရွာအထွက်နားသာရောက်သေးသည် ဆက်မသွားနိုင်ပြန်။ အကြောင်း က စစ်ကြောင်းမှာ ထိုအနီးဝန်းကျင်၌ ရှိနေသေး၍ ဖြစ်သည်။

ရုပ်အလောင်းများတင်လာသည့် တွန်းလှည်းကို လမ်းဘေးတစ်နေရာတွင် ခေတ္တထားခဲ့ပြီး ဒေါ်မြင့်နွယ်၏ယောကျ်ားနှင့် အခြားရွာခံများမှာ ဘေးလွတ်ရာ တိမ်းရှောင်ကြရပြန်သည်။

ထိုနေ့က မောင်အောင်မြင့်မြတ်နှင့် အခြားရဲ ဘော်နှစ်ဦး၏ ရုပ်အလောင်းများကို မြေချမည့်နေရာသို့ သယ်ဆောင်နိုင်ခြင်း မရှိခဲ့ပါ။ စစ်ကောင်စီတပ်များမှာ တိုက်ပွဲဖြစ်ပွားသည့် အနီးဝန်းကျင်၌ ဆက်လက်တပ်စွဲနေ၍ ဖြစ်သည်။

နောက်တစ်နေ့မနက် ၁၀ နာရီခန့်မှသာ ကျဆုံးရဲဘော်များ၏ ရုပ်အလောင်းများကို သယ်ယူခွင့်ရခဲ့ပြီး ကောင်းမွန်စွာ မြေချခွင့် ရခဲ့တော့သည်။

ခင်ပွန်းသည်နှင့် မောင်ဖြစ်သူတို့တွန်းလှည်းပေါ်တင်ပြီးသယ်လာသည့် သား၏အလောင်းကို ကြည့်ကာ “သားလေး မင်းက တော့ တာဝန်ကျေသွားပြီ။ အမေသားအတွက် ဂုဏ်ယူနေမယ်။ ဒါပေမဲ့ အမေမခံစားနိုင်ဘူးသားရယ်”ဟု ပြောကာ ငိုကြွေး မိသည်ဟု ဒေါ်မြင့်နွယ်က ပြန်ပြောပြသည်။ 

ထိုသို့ပြန်ပြောပြနေချိန် ဒေါ်မြင့်နွယ်၏ အသံများမှာ ပီပီသသထွက်မလာတော့ဘဲ အငိုတဝက်ဖြင့် ရောစွက်နေခဲ့သည်။

ပညာတတ်ကြီး ဖြစ်စေချင်ခဲ့

အကြမ်းဖက်စစ်တပ်အား ခုခံတော်လှန်ရင်း ကျဆုံးသွားရသည့် ဒေါ်မြင့်နွယ်၏သားကြီး မောင်အောင်မြင့်မြတ်မှာ အသက် ၁၇ နှစ်နှစ်သာ ရှိသေးသည်။ ကလေးက အနေအေးပြီး လိမ္မာရေးခြားရှိသူဖြစ်ကြောင်း သူ့မိခင်က သားဖြစ်သူ အကြောင်း ကို ပြန်ပြောပြသည်။

သူတို့လင်မယားတွင် ရှိတာမှ သားသမီးနှစ်ယောက်လေးရှိတာ ခုတော့ သားဦးလေး မောင်အောင်မြင့်မြတ်ကို စွန့်လွှတ်ခဲ့ ရပြီ။ အမှန်တစ်ကယ်ဆိုလျှင် ဒေါ်မြင့်နွယ်က သူ့သားကြီးကို ပညာတတ်ကြီး ဖြစ်စေချင်ခဲ့၏။

သူ့ကလေးက ပညာရေးမှာလည်း ညံသည့်အထဲမပါ။ ဆယ်တန်းကို သင်္ချာဘာသာဂုဏ်ထူးဖြင့် အောင်ထားသူလေး ဖြစ်၏။ ယခုမူ တက္ကသိုလ်ပထမနှစ်တက်ရန် စောင့်ဆိုင်းနေစဉ် တော်လှန် ရေးထဲပါဝင်ကာ ကျဆုံးသူရဲကောင်းအဖြစ် ရောက်ခဲ့ ရသည်။

သူ့သားလေး တိုက်ပွဲထဲကျဆုံးသည့်နေ့က အမူအရာတချို့ ထူးဆန်းနေသည်ကို သတိပြုမိသော်လည်း ဒေါ်မြင့်နွယ် မတားဆီးမိ။ သားရဲ့ဆန္ဒအတိုင်း တိုက်ပွဲရှိရာ လိုက်ပါစေခဲ့သည်။

အဲသည်နေ့က သူ့သားမောင်အောင်မြင့်မြတ်မှာ မနက် ၈နာရီလောက်ကတည်းက ယခင်နေ့တွေကဝတ်ခဲ့သည့် ဘောင်းဘီ ရှည်နှင့် အကျ်ီလက်ရှည်တွေကို ကိုယ်တိုင်လျှော်သည်။ အဝတ်တွေလျှော်ပြီးသွားတော့ ထမင်းကို ကိုယ်တိုင်ခူးခပ် စားသည်။

ခါတိုင်းဆို သူကိုယ်တိုင် အဝတ်လျှော်သည်က မရှိသလောက် ဖြစ်၏။ ပြီးတော့ ထမင်းစားမည်ဆိုလျှင်လည်း မိခင် ကိုယ်တိုင်ဖြစ်စေ၊ အဒေါ်က ဖြစ်စေ ခူးခပ်ကျွေးမှ စားတတ်သည့်ကလေး။ သို့သော်ထိုနေ့က တိုက်ပွဲသို့မသွားမီ သူကိုယ် တိုင် ခူးခပ်စားသွားကြောင်း ဒေါ်မြင့်နွယ်က သားလေးအားအမှတ်ရသလို ပြောပါသည်။

ယခုတော့ မောင်အောင်မြင့်မြတ်မှာ ဒေါ်မြင့်နွယ်တို့ဖြစ်စေချင်သည့် ပညာတတ်ကြီးတစ်ယောက် ဖြစ်ခွင့်မရတော့ပြီ။ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် တိုင်းပြည်အတွက် အသက်ပေးသွားခဲ့ရပြီ ဖြစ်သည်။

အမေ ဂုဏ်ယူနေတယ်

ယခုတော့ သားလေးကျဆုံးခဲ့သည်မှာ ရက်ပေါင်း ၂၀ ခန့်ရှိလာပြီ။ သူပါဝင်ခဲ့သည့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် တစ်နိုင်ငံလုံးမှ PDF ရဲဘော်များမှာ စစ်အာဏာရှင်ကို ဆက်လက်တိုက်ပွဲဝင်နေရဆဲ ဖြစ်သည်။

ပြောမယ်ဆို တော်လှန်ရေးခရီးသည်က မပြီးဆုံးသေး။ အောင်ပွဲများရသည်အထိ အဆုံးထိ ဆက်သွားရပေဦးမည်။ မသွား လည်းလို့မဖြစ်၊ စစ်ကြောင်းလာသည်ဆိုသည့်နှင့် တစ်ရွာလုံး ဘေးလွတ်ရာ တိမ်းရှောင်နေကြရသည့်ဘဝမျိုးကို ဒေါ်မြင့် နွယ် မနှစ်မြို့ပါ။

လက်နက်ကိုင်တစ်စုက အပြစ်မဲ့ပြည်သူတွေအပေါ် ဖိနှိပ်၊ သတ်ဖြတ်၊ ဖမ်းဆီး၊ ဗိုလ်ကျနေတာ သူမလိုလား။ လူသတ်၊ ပစ္စည်းလုယုံမျှမက နေအိမ်တွေပါ မီးလောင်တိုက်သွင်းတတ်သည့် စစ်တပ်၏စရိုက်ဆိုးကို ရွံမုန်းလှသည်။

“သူတို့(စစ်ကောင်စီတပ်)စိတ်ဓာတ်တွေက တော်တော်အောက်တန်းကျတယ်။ လုပ်ရပ်တွေက ရွံစရာ အော့နှလုံးနာစရာ ကောင်းတယ်”ဟု ဒေါ်မြင့်နွယ်က ရင်ဖွင့်သည်။

ထို့ကြောင့် အာဏာရှင်၏ဆိုးယုတ်မှုကို ခုခံတော်လှန်သည့် ယနေ့တိုက်ပွဲများတွင် အခြားရဲဘော်ရဲဘက်များနှင့်အတူ အတူပါဝင်နိုင်တော့သည့် သားလေးအတွက် စိတ်မကောင်းဖြစ်မိသည်ဟုလည်း ဒေါ်မြင့်နွယ်က ဆက်ပြောသေးသည်။ သို့သော် ဒေါ်မြင့်နွယ်က “တော်လှန်ရေးကို အဆုံးထိလုပ်ခွင့်မရတော့လို့ စိတ်မကောင်းဖြစ်ပေမယ့် ကျွန်မသားအတွက် အမြဲ ဂုဏ်ယူနေတယ်”ဟု ဆိုပါတော့သည်။

Author:

Related Articles