နန်းကြည်ဖြူ။ ။
မောက်မယ်မြို့နယ်၊ ပအိုဝ်းနဲ့ ရှမ်းရောနေတဲ့ ကျေးရွာတစ်ရွာမှာရှိတဲ့ နှစ်ထပ်အိမ်တစ်လုံးရဲ့ ဝရံတာပေါ်မှာ အမျိုးသမီးငယ် ခြောက်ယောက် ဝိုင်းဖွဲ့ထိုင်နေပြီး တီးတိုး စကားဆိုနေကြပါတယ်။
ထိုခြောက်ယောက်ထဲက ပအိုဝ်းဝတ်စုံ အရောင်ခပ်နွမ်းနွမ်းဝတ်ဆင်ထားပြီး ခန္ဓာကိုယ် သေးသေးညှပ်ညှပ်နဲ့ အသက် ၁၈ နှစ်အရွယ် နန်းခမ်းထွန်းရဲ့ ရှေ့မှာ အထုပ်အပိုးတွေကိုချထားပါတယ်။
နန်းခမ်းထွန်းဟာ မိမိနေရပ်မှာ အလုပ်အကိုင် အဆင်မပြေတဲ့အတွက် ထိုင်းနိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပြီး အဆင်မပြေ ဘဲ ပြန်ရောက်လာခဲ့သူပါ။ သူက သူငယ်ချင်းတွေကို ထိုင်းနိုင်ငံကိုသွားတဲ့ ခရီးလမ်းတစ်လျှောက် သူတွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေ အဆင်မပြေတာတွေကို အံကိုကြိတ်ပြီး ကျလာမယ့် မျက်ရည်စတွေကို ချုပ်တည်းရင်း အသံတုန်တုန်ရီရီနဲ့ ပြန်ပြောပြနေတာပဲဖြစ်ပါတယ်။
နန်းခမ်းထွန်းဟာ မိသားစုလေးယောက်မှာ အကြီးဆုံးသမီးဖြစ်ပါတယ်။ အတန်းအားဖြင့် ကိုးတန်းအောင် ၁၀ တန်း တက် ရမယ့်အချိန်ပါ။ ဒါပေမယ့် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကြောင့် ကျောင်းတွေပိတ်ထားရပြီး နန်းခမ်းထွန်း ကျောင်းမတက်ရတာ နှစ်နှစ် ရှိနေပါပြီ။
ဒီအထဲ စစ်အာဏာသိမ်းမှုပါ ထပ်ဖြစ်လာတော့ တောင်ယာလုပ်ငန်းနဲ့ လုပ်ကိုင် စားသောက်နေကြတဲ့ ပအိုဝ်း၊ ရှမ်းတိုင်း ရင်းသားတွေမှာ တောင်ယာထွက်ကုန်တွေဖြစ်တဲ့ ပြောင်း၊ ငရုတ်သီး၊ မြေပဲ၊ သနပ်ဖက်၊ ခရမ်းချဉ်သီးစတဲ့ သီးနှံဈေးတွေ ကျဆင်းလာပြီး စားရေးသောက်တာအတွက်တောင် အတော်လေး ကြိုးစားရုန်းကန်နေကြရပါတယ်။
ဒါကြောင့် နန်းခမ်းထွန်းတို့လို ကျောင်းနေအရွယ် လူငယ်အများစုဟာ ကျောင်းပညာရေးဘက်ကို လှည့်မကြည့်နိုင်တော့ဘဲ မိသားစု စားဝတ်နေရေးပြေလည်ဖို့ ပြည်ပကို အလုပ်ထွက်လုပ်ဖို့ ရွေးချယ်ခဲ့ကြပါတော့တယ်။ မိတ်ဆွေတွေဆီမှာ ငွေကို အတိုးနဲ့ချေးယူပြီး ပွဲစားတွေနဲ့ ချိတ်ဆက်ကာ ထိုင်းနိုင်ငံကို တရားမဝင်တဲ့ အောက်လမ်းနည်းဖြင့် သွားနေကြတာပါ။
ပအိုဝ်းဒေသတွင်းတွေမှာ ပြည်ပနိုင်ငံ၊ ထိုင်းနိုင်ငံတွေမှာ အလုပ်သွားကြတာက ယခင်ကတည်းက ရှိပါတယ်။ သို့ပေမယ့် ကိုဗစ်-၁၉ ရောဂါပျံန့ှံမှု၊ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ အလုပ်အကိုင်ရှားပါးတာ၊ ကုန်ကြမ်းတန်ဖိုးမရှိတာ၊ စားဝတ်နေရေးအဆင်မပြေတာတွေကြောင့် ပြည်ပထွက်သူတွေ ယခင်ကထက် နှစ်ဆ၊ သုံးဆအထိ ပိုမိုများပြားလာခဲ့ တယ်လို့ မောက်မယ်မြို့နယ်ရှိ ပအိုဝ်းကျေးရွာတစ်ခုက ရွာသူကြီးတစ်ဦးကပြောပါတယ်။
တချို့ကျေးရွာတွေမှာ တစ်လကို ၁၀ ယောက်နှုန်းနဲ့ သွားနေကြပြီး ကျေးရွာတွင်းမှာ သာရေး၊ နာရေး ပြုလုပ်တဲ့အချိန် တွေ မှာဆိုရင် လူပျို၊ အပျိုအင်အားဟာ သိသိသာသာလျော့နည်းလာနေပါတယ်။ နောက်ဆုံးကျေးရွာမှာ လူပျို၊ အပျို စာရင်း တွေနဲ့ ကျေးရွာ သာရေး ၊နာရေး ကိစ္စတွေကိုပြုလုပ်ဖို့ ခန့်ထားတဲ့ လူငယ်ခေါင်းဆောင်တွေကပါ ထိုင်းဖက်ကို ထွက်သွား ခဲ့တဲ့ အခြေအနေဖြစ်နေပြီလို့ ရွာသူကြီးက ပြောပါတယ်။
ဒါပေမယ့် သွားသူတွေဟာ တရားမဝင်သွားကြတာဖြစ်တဲ့အတွက် ကံကောင်းထောက်မလို့ အဆင်ပြေပြေရောက်သွား သူဟာ နည်းပါးပြီး ကံမကောင်းလို့ လမ်းမှာ အဖမ်းခံရ ၊ နေရပ်ပြန်ပို့ရသူတွေဟာလည်း ဒုနဲ့ဒေးပါပဲ။ အဲ့ဒီလိုနေရပ်ပြန်ပို့ခံရ တဲ့အထဲ နမ်းခမ်းထွန်းလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
နန်းခမ်းထွန်းတို့ မိသားစုဟာ ပြောင်း၊ နှမ်းတို့ကို အဓိက စိုက်ပျိုးပြီး အသက်မွေးဝမ်းကျောင်းပြုပါတယ်။ ကိုဗစ်-၁၉ ရောဂါ ဝင်လာပြီးကတည်းက ပြောင်း၊ နှမ်းတို့ ဈေးကောင်းနဲ့ မရောင်းရခဲ့ရပါဘူး။ ကုန်ဈေးနှုန်း မကောင်းတာကြောင့် တစ်နှစ်လုံး နေပူမိုးရွာ မရှောင်၊ ကြိုးစားလာခဲ့သော်လည်း ဝင်ငွေအများအပြား မရရှိခဲ့။ ဆန်၊ ဆီ၊ ဝယ်ဖို့တောင် ခက်ခဲလာခဲ့ပါ တယ်။ လက်ထဲ သုံးစရာ ငွေကြေး နည်းပါးတာကြောင့် မိသားစုတွင်းမှာ စကားများရန်ဖြစ်တာတွေလည်း ရှိလာပါတယ်။
ဒါကြောင့် နန်းခမ်းထွန်းဟာ မိသားစုရဲ့ စားဝတ်နေရေး သူများအထင်မသေးရအောင်ဆိုပြီး သူကိုယ်တိုင် ပိုက်ဆံရှာမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုနဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မနက်မှာတော့ ဖေ့ဘုတ်သုံးနေရင်း ထိုင်းနိုင်ငံရှိ စက်ရုံ တစ်ခုမှာ လူလိုနေကြောင်းနဲ့ လက်မှတ်မရှိရင် လက်မှတ်လုပ်ပေးကြောင်း၊ တစ်နေ့ကို ဘတ် ၃၅၀ (မြန်မာငွေ ကျပ် ၁၈,၅၅၀ ) ကျပ်ရကြောင်း စိတ်ဝင်စားပါက ဖုန်းဆက်နိုင်ကြောင်း ဆိုပြီး ပိုစ့်တစ်ခုကို တွေ့လိုက်ရပါတယ်။
အဲဒီပိုစ့်မှာတွေ့တဲ့ ဖုန်းနံပါတ်ကို ဖုန်းဆက်လိုက်တဲ့အခါ ပွဲစားခ၊ ခရီးစရိတ်အပြီးအစီးကို ၁၂ သိန်း ပေးရမယ် ၊ အလုပ်က အဆင်သင့်ရှိပြီး သွားမယ်ဆိုရင် ဒီဖုန်းနံပါတ်ကို ငွေလွှဲလာပါလို့ ပြောခဲ့ပါတယ်။
နန်းခမ်းထွန်းဟာ လက်ထဲမှာ ၁၂ သိန်းမရှိပေမယ့် အချိန်ကုန်တာချင်းအတူတူ ကိုယ့်ဒေသမှာ နေပူထဲ ပင်ပင်ပန်းပန်း လုပ်မှ တစ်ရက် သုံးထောင်၊ လေးထောင်ပဲ ရနေမယ့်အစား ထိုင်းနိုင်ငံကို သွားခဲ့မယ်ဆိုရင် အရိပ်လေးထဲမှာ အေးအေး ဆေးဆေး ထိုင်လုပ်နေရင်တောင် နှစ်သောင်းနီးပါးရနေပြီလို့ တွေးကာ မိဘဆီမှာ ခွင့်တောင်းခဲ့ပြီး သွားဖို့ဆုံးဖြတ်ခဲ့တယ်။
ပွဲစားခပေးဖို့ လက်ထဲမှာ ငွေမရှိတာကြောင့် အသိမိတ်ဆွေဆီမှာ အတိုးနဲ့ချေးခဲ့ပေမယ့် ဒီလိုကာလမှာ လူတိုင်းလိုလို ခက်ခဲနေကြတဲ့အတွက် ဘယ်သူမှ မပေးခဲ့ပါဘူး။ မတတ်နိုင်တော့တဲ့အဆုံးမှာတော့ မိဘပိုင်ဖြစ်တဲ့ တောင်ယာကို ရောင်းခဲ့ ပြီး ပွဲစားကို ငွေလွှဲခဲ့ပါတယ်။
ပအိုဝ်းဝတ်စုံကို အရမ်းမြတ်နိုးတဲ့ နန်းခမ်းထွန်းဟာ ထိုင်းနိုင်ငံကို သွားဖို့ နှစ်ရက်အလိုမှာတော့ ဝတ်နေကျ မဟုတ်တဲ့ ဂျင်းဘောင်းဘီ၊ တီရှပ်၊ ကျောပိုးအိတ် စတဲ့ လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ဖို့ “အမေပေးတဲ့ နားကပ်လေးကို ရောင်းပြီး ဝယ်ရတယ်” လို့ ဆိုတယ်။
၂၀၂၁ ခုနှစ် နိုဝင်ဘာ လလယ်လောက်မှာတော့ နန်းခမ်းထွန်းတို့ သူငယ်ချင်း ငါးယောက်နဲ့ ပင်လုံမြို့ဖက်ကို တက် သွားခဲ့ပါတယ်။ သူတို့လို အောက်လမ်းကနေ ထွက်သွားဖို့ လမ်းပြခေါင်းဆောင်နှစ်ဦးနှင့်အတူ လူ အယောက် ၂၀ လောက် လည်း ပါလာခဲ့ပါတယ်။
နန်းခမ်းထွန်းတို့ အုပ်စုမှာ အမျိုးသမီး ၁၄ ယောက်၊ အမျိုးသား ၁၁ ယောက်၊ စုစုပေါင်း ၂၅ ယောက်ဟာ နိုဝင်ဘာ ၂၈ မှာတော့ မိုင်းတုံမြို့၊ နားကောင်းမှုးကနေ စတင်ထွက်ခွာခဲ့ပါတယ်။ ကားစီးတဲ့အချိန်မှာလည်း “သူ့ပေါင်ပေါ် ငါထိုင်၊ ငါ့ပေါင်ပေါ် သူထိုင်နဲ့ ပြွတ်သိပ်ထိုးနေအောင် စီးခဲ့ရတယ် ဘယ်တွေရောက်လို့ ရောက်မှန်းမသိဘူး” လို့ နန်းခမ်းထွန်းက ပြန်ပြောပြပါတယ်။
ကား နှစ်နာရီ၊ သုံးနာရီလောက် စီးခဲ့ရပြီး ညနေစောင်းအချိန်မှာတော့ လမ်းစလျှောက်ခဲ့ရပါတယ်။ တိတ်ဆိတ်နေတဲ့ တောကြီးထဲမှာ လမ်းလျှောက်လို့ မောပန်း၊နွမ်းနယ်ကျပြီး ဆက်မလျှောက်နိုင်တော့ရင် အဲဒီနေရာမှာပဲ အဆင်ပြေသလို ထိုးအိပ်ခဲ့ရပါတယ်။ အရမ်းတိတ်ဆိတ်လွန်းလှတာကြောင့် တစ်ဦးနဲ့တစ်ဦး အသက်ရှူသံကအစ ကြားနေရတဲ့ အထိပါပဲ။ စောင်တွေ မရှိတာကြောင့် သစ်ရွက်တွေကို လိုက်ကောက်ပြီး ခင်းအိပ်ရသလို အကျီ်ကို ခြုံပြီး ဖြစ်သလို အိပ်ခဲ့ရပါတယ်။
ထိုညမှာ ဘာမှမစားရတာကြောင့် တစ်ညလုံး ဗိုက်ဆာဆာနဲ့ အတင်းကြီး အိပ်ခဲ့ရပါတယ်။ “ မုန့်လည်း မဝယ်ထားမိဘူး။ ထမင်းလည်း တစ်ယောက်မှ မစားရဘူး ။ ဗိုက်အရမ်းဆာလို့ အသံတောင်ထွက်တယ်” လို့ နန်းခမ်းထွန်းက ဆိုပါတယ်။
မနက် သုံးနာရီကျော်လောက်မှာတော့ လူတွေ သစ်ရွက်ခြောက်ကို ဖြတ်နင်းလာကြတဲ့ အသံကို နီးနီးကပ်ကပ်ကြီး ကြားရ ပါတယ်။ ဘယ်သူဆိုတာ မသိပေမယ့် အင်္ကျီကို မြင်လိုက်တာနဲ့ နန်းခမ်းထွန်းတို့ အုပ်စု လန့်ဖြန့်သွားခဲ့ပါတယ်။
ထိုလူတွေကတော့ ထိုင်းနယ်ခြားစောင့်တပ်တွေပါ။ နန်းခမ်းထွန်းတို့လည်း မြင်မြင်ချင်း ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်သွား ခဲ့ပြီး ထိုင်းနယ်ခြားစောင့်တပ်တွေက လမ်းပြခေါင်းဆောင် နှစ်ဦးနဲ့ နန်းခမ်းထွန်းတို့ အုပ်စု ၂၅ ဦးကို အောင်ကွဲမြို့၊ ချင်းမိုင် ခရိုင်ဖက်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
ထိုနေ့မှာပဲ အဖျားရှိ မရှိ အပူချိန်တွေတိုင်းတာတွေ ပြုလုပ်ပြီး တစ်ည ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ နိုဝင်ဘာလ ၃၀ ရက်နေ့ မနက်မှာတော့ နန်းခမ်းထွန်းတို့ နယ်စပ်ကို ပြန်ပို့ခံခဲ့ရပြီး မိဘရှိရာ မြန်မာနိုင်ငံကို ပြန်ရောက်လာခဲ့ပါတယ်။
တောင်ယာလေးကိုရောင်း၊ နားကပ်လေးကိုရောင်းပြီး ထိုင်းနိုင်ငံဖက်ကို ထွက်သွားခဲ့ပေမယ့် ပြန်လာတဲ့အချိန်မှာတော့ ဘာမှပြန်မရလာခဲ့ပါဘူး။ ပိုက်ဆံထွက်ရှာဖို့ သွားခဲ့ပေမယ့် “ဘာမှမမပါလာဘူး၊ တွေးတိုင်း ဝမ်းနည်းတယ်” လို့ နမ်းခမ်းထွန်း ကဆိုပါတယ်။ ဒါပေမယ့် တိုင်းတစ်ပါးမှာ အကြာကြီး အဖမ်းဆီးမခံရတာက ကံကောင်းတယ်လို့ပဲ ပြောရမှာဖြစ်တယ်လို့ သူကဆက်ဆိုတယ်။
လက်ရှိမှာတော့ နန်းခမ်းထွန်းဟာ ခြံသွားလိုက် နေ့စားလိုက်လိုက်နဲ့ပဲ နိစ္စဓူဝ ပြန်လည် ဖြတ်သန်းနေပါတယ်။ ကျောင်း တွေ ပြန်ဖွင့်ခဲ့ရင်လည်း စားဝတ်နေရေးအတွက် ကျောင်းထွက်ပြီး အလုပ်ပဲလုပ်တော့မယ်လို့ သူကပြောပါတယ်။
မိသားစု စားဝတ်နေရေးအခက်ခဲပြသာနာ ကြုံတွေ့နေရတာကြောင့် ကျောင်းပညာရေးကို အဆုံးရှုံးခံကာ အခြားသူတွေ ဆီမှာ ငွေအတိုးယူ၊ ပွဲစားနဲ့ ချိတ်ဆက်ပြီး ထိုင်းနိုင်ငံကို တရားမဝင်တဲ့ အောက်လမ်းနည်းဖြင့် သွားခဲ့ပြီး လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံနေရသူတစ်ဦးကတော့ နန်းမိပါ။
နန်းမိဟာ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းအမျိုးသားခေါင်းဆောင်လို့ တင်စားခေါ်ဝေါ်ကြတဲ့ ဦးအောင်ခမ်းထီ နေထိုင်ရာ ဖြစ်တဲ့ ကျောက်တလုံးကြီး၊ ပအိုဝ်းကျေးရွာမှာနေထိုင်တာပါ။ သူဟာ ဒုတိယနှစ်တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်ပါတယ်။
လက်ရှိမှာ ကိုဗစ်ကြောင့် စီးပွားရေးကြပ်တည်းလာတဲ့အထဲ နိုင်ငံရေးအရှုပ်အထွေးဖြစ်နေသည်မှာ တစ်နှစ်လောက် ရှိပြီဖြစ် ပါတယ်။ ဒါကြောင့် နန်းမိဟာ ပြည်ပကို အလုပ်ထွက်လုပ်ဖို့ရွေးချယ်ခဲ့ပါတယ်။
နန်းမိဟာ ခရီးစရိတ်အတွက် အသိဆီက သုံးကျပ်တိုးနဲ့ ကျပ် ၁၅ သိန်းခန့် ချေးယူခဲ့ပါတယ်။ ၂၀၂၁ ၊ အောက်တိုဘာ ၄ ရက်မှာတော့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ နေအိမ်ကနေ လွိုင်ကော်ဖက်ကို ထွက်သွားခဲ့ပါတယ်။ လွိုင်ကော်ရောက်တဲ့ အချိန်မှာတော့ နန်းမိတို့အုပ်စု အယောက် ၂၀ အပါအဝင် နေရာဒေသစုံမှ လာရောက်ကြသူများကိုတွေ့ရပြီး စုစုပေါင်း လူ အယောက် ၁၀၀ လောက် ရှိပါတယ်။ ပွဲစားကိုလည်း တစ်ယောက် ၁၅ သိန်းပေးပြီး ထိုရက်မှာပဲ လွိုင်ကော်ကနေ မြဝတီ ဖက်ကို ကားနဲ့ ထွက်လာခဲ့ကြပါတယ်။
အောက်တိုဘာ ၅ ရက်နေ့ ညနေပိုင်းလောက်မှာတော့ မြဝတီကို ရောက်ရှိခဲ့ပါတယ်။ မြဝတီရောက်ပြီး ထိုင်းဖက်ကို ကူးဖို့ ကိုတော့ လမ်းလျှောက်သွားခဲ့ရပါတယ်။ ကားဖြင့်တလှည့် လမ်းလျှောက်တစ်လှည့်ပါပဲ။ သွားတဲ့ လမ်းတစ်လျှောက်မှာ ပွဲစားက မပါခဲ့ပါဘူး။ သူ့လူဖြစ်တဲ့ ကယ်ရီသမားလို့ခေါ်တဲ့ လမ်းပြခေါင်းဆောင်နဲ့သာ အတူတူသွားရပါတယ်။
လေးနာရီလောက် လမ်းလျှောက်ခဲ့ရပြီး သွားရတဲ့ ခရီးလမ်းမှာလည်း တစ်တောင်တက် တစ်တောင်ဆင်းနဲ့ သွားရသလို ချောက်ကမ်းပါးတွေကို လည်းဖြတ်ကျော်သွားရတဲ့အတွက် အရမ်းမောပြီး ပင်ပန်းခဲ့ရသလို ဒူးတုန်ကာ ကြောက်လန့်ခဲ့ရ တယ်လို့ နန်းမိကဆိုပါတယ်။
“ အမောဆို့ပြီး သေမှာလား၊ ချောက်ကမ်းပါးကနေပဲ လိမ့်ကျသွားလား ရင်တဒိတ်ဒိတ်နဲ့ပဲ” လို့ နန်းမိက ပြောတယ်။
အောက်တိုဘာလ ၆ ရက်နေ့ မနက်ပိုင်းမှာတော့ လမ်းလျှောက်ပြီး ကားပြန်စီးမယ်လို့လုပ်တဲ့ အချိန်မှာပဲ တစ်ဖက်က အသင့်စောင့်ဆိုင်းနေတဲ့ ထိုင်းနယ်ခြားစောင့်တပ်တွေက နန်းမိတို့ရဲ့ ကားဆရာကို အရင်ဖမ်းလိုက်ပါတော့တယ်။ ဖမ်းဆီး တဲ့အချိန်မှာ အယောက် ၃၀ လောက်က အမြန်ထွက်ပြေးခဲ့တာကြောင့် လွတ်သွားခဲ့ပြီး အယောက် ၇၀ ကျော်က ဖမ်းဆီး ခံထိသွားခဲ့ပါတယ်။ ဖမ်းမိတဲ့အထဲ နန်းမိလည်း ပါဝင်ခဲ့ပါတယ်။
ဖမ်းဆီးထားတဲ့ လူ အယောက် ၇၀ ကို ဘောလုံးကွင်းလို ကွင်းပြင်ကြီးမှာ ကိုဗစ်-၁၉ ရောဂါ ရှိမရှိ စစ်ဆေးမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ ပိုးတွေ့သူမရှိတာကြောင့် အယောက် ၆၀ကို နယ်စပ်ကို ပြန်ပို့ပြီး မြန်မာနိုင်ငံကို ပြန်လွတ်ခဲ့ပါတယ်။ ကျန် ၁၀ယောက်ကိုတော့ မြဝတီနယ်စပ်က ကွင်းပြင်လိုဖြစ်နေတဲ့ စခန်းမှာပဲ ထိုင်းနယ်ခြားစောင့်တပ်က သက်သေ အနေ နဲ့ ခေါ်ထားခဲ့ပါတယ်။
သက်သေအဖြစ် ခေါ်ထားခံရတဲ့အထဲ နန်းမိ ထပ်ပါဝင်ပြန်ပါတယ်။ နန်းမိတို့ နေထိုင်ရတဲ့ နေရာကတော့ မိုးလုံ လေလုံ နဲ့တော့ မဟုတ်ပါဘူး။ ကွင်းပြင်ကြီးလို့ နေရာမှာရှိတဲ့ သစ်ပင်အောက်မှာ ဘာအကာမှမရှိဘဲ နေထိုင်ရတာပါ။ ထိုင်းရဲ တွေကလည်း နေ့နေ့ညည မပြတ်ဘဲ အစောင့်တွေ ချထားပါတယ်။ တစ်ရက်ကို ထမင်း နှစ်နပ်ကျွေးပြီး အလုပ်တွေ လုပ်ခိုင်းတာမျိုး နှိပ်စက်တာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဘာအကာမှမရှိပဲ သစ်ပင်အောက်မှာ နေထိုင်ရတာ အဆင် မပြေ လည်း ကြာလာတော့ ကျင့်သားရနေပြီမို့ အဆင်ပြေသလောက်တော့ ရှိတယ်လို့ ဆိုပါတယ်။
“ သူသူငါငါ အကာမရှိဘဲ နေတာကြာတော့ ဘာမှတော့မဖြစ်တော့ဘူး” လို့ နန်းမိကဆိုပါတယ်။
နန်းမိတို့ ထိုစခန်းမှာ နေထိုင်ရတာဟာ အောက်တိုဘာလ ၆ ရက်ကတည်း ယနေ့အချိန်အထိပါပဲ။ ထိုစခန်းမှာ ဘယ် လောက် အချိန်ကြာကြာနေရမယ်ဆိုတာ ဘယ်သူမှမသိကြပါဘူး။ အကယ်၍သာ မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့အခါ ကျရင် ကျောင်းမတက်သေးဘဲ အကြွေးတွေ ပြန်ဆပ်နိုင်ဖို့ တောင်ယာလုပ်ငန်း အရင်ဆုံးပြန်လုပ်မယ်လို့ သူစဉ်းစားထား ကြောင်း နန်းမိက ဖုန်းကနေတစ်ဆင့်ပြောပါတယ်။
နန်းမိဖြစ်ချင်တဲ့ ဆန္ဒတစ်ခုကတော့ “ မြန်မာပြည်ကြီး ငြိမ်းချမ်းရေး မြန်မြန်ရစေချင်တယ်။ အလုပ်အကိုင်အခွင့်အလမ်း များပြားစေချင်တယ်” လို့ ပြောတယ်။
လတ်တလောမှာတော့ ထိုင်းအစိုးရက ပြည်ပလုပ်သားတွေကို MOU စနစ်ဖြင့် အလုပ်သမား တစ်သိန်းခန့် ခေါ်ယူရန် စီစဉ်ထားတာကြောင့် တရားမဝင် လာရောက်ခြင်းကို မပြုလုပ်ကြဖို့ သတိပေးနိုးဆော်ထားပါတယ်။ ၂၀၂၁၊ ဒီဇင်ဘာ ၁ ရက်နေ့မှစပြီးလည်း တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများကို လိုက်လံစစ်ဆေးသွားမယ်လို့ ဆိုထားပါတယ်။
အကယ်၍သာ တရားမဝင် အလုပ်လုပ်ကိုင်နေသည့် ရွှေ့အလုပ်သမားအား တွေ့ရှိခဲ့ပါက ဒဏ်ငွေ ဘတ်ငါးထောင်မှ ဘတ် ငါးသောင်းအထိ ချမှတ်နိုင်သလို နေရပ်သို့ ပြန်ပို့ခံရမည်အပြင် ပြည်ဝင်ခွင့် ဗီဇာ နှစ်နှစ်ပိတ်ပင်သွားမည်ဖြစ်ကြောင်းလည်း ထိုင်းအလုပ်သမားဝန်ကြီးက သတိပေးထုတ်ပြန်စာ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံဖက်ခိုးဝင်လာသူတွေ နေ့စဉ်ရှိနေတာကြောင့် နယ်စပ်တွေမှာ နေ့စဉ်နေတိုင်း လိုက်လံစစ်ဆေးမှုတွေ ပြုလုပ်ပြီး လုံခြုံရေးတိုးမြှင့်ချထားပါတယ်။
ထိုင်းအစိုးရအနေနဲ့ နယ်စပ်တွေကို လုံခြုံရေး တိုးမြှင့်ထားပေမယ့် တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်လာသူတွေ ကတော့ လျော့မသွားခဲ့ပါဘူး။ ၂၀၂၁၊ ဒီဇင်ဘာလ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ ငါးရက်အတောအတွင်းမှာ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀၀ နီးပါးအထိ ဖမ်းမိကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန် ထားပါတယ်။
အမျိုးသမီးအရေးလှုပ်ရှားနေသူ တစ်ဦးကတော့ “ နိုင်ငံရေးအခြေအနေကြောင့် ပိုသွားကြတာ။ ကျေးရွာတွေကိုဆင်းတော့ ပြည်ပကိုထွက်ဖို့ စိတ်အားထိုက်သန်နေကြတဲ့ လူငယ်တွေအများကြီးတွေ့ရတယ်။ ဟိုဖက်က ဘာအခြေအနေလဲဆိုတာ မသိကြဘူး။ ကျောင်းတွေကိုနားကြ လမ်းစရိတ်အတွက်ရှိတာရောင်းပြီး သွားနေကြတာ အများကြီးတွေ့ရတယ်”လို့ ဆိုပါ တယ်။
လက်ရှိမှာ မိဘပိုင်ဆိုင်တဲ့ တောင်ယာကိုရောင်းချကာသွားခဲ့ပြီး အဆင်မပြေပြန်လာရတဲ့ နန်းခမ်းထွန်းကတော့ ကျောင်းပြီး ဆုံးအောင်တက်ချင်ပေမယ့် စားဝတ်နေရေးအဆင်ပြေဖို့က ပိုအဓိကကျတာကြောင့် ကျောင်းထက် အလုပ်တွေကိုပဲ ပိုဦး စားပေးပြီး ရွေးချယ်မယ်လို့ ဆိုပါတော့တယ်။
“ ကျောင်းတော့ တက်ချင်တယ် ဒါပေမယ့် ပိုက်ဆံကိုတော့ ပိုရှာချင်တယ်”