သန့်ရှင်းထွန်း။ ။
“အမရေ…အမရေ…လူမှုကူညီမှုအသင်းကို ဖုန်းဆက်ပြီးတော့ လူနာတင်ယာဥ်ကို အမြန်ဆုံးခေါ်ပေးပါ” ဆိုသော အမျိုးသမီး တစ်ဦး၏ အသံကြောင့် ဒေါ်မစောယိုင်မှာ ပျာယာခတ်သွားခဲ့သည်။
အဆိုပါ အကူညီတောင်းခံသော အသံကိုကြားကတည်းက စခန်းထဲမှလူတဦးဦး အရေးပေါ်အခြေနေဖြစ်နေပြီ ဆိုသည်ကို ဒေါ်မစောယိုင် သဘောပေါက်ခဲ့သည်။ ထို့နောက်ဖုန်းမှတ်တမ်းစာအုပ်ကို ကဗျာကယာရှာဖွေကာ လူမှုကူညီရေးအသင်းကို ဖုန်းဆက်၍ လူနာတင်ယာဥ်ကို ငါးစိုင်းရိုင်းချောင်း စစ်ဘေးရှောင်စခန်းသို့ လာရောက်ပေးဖို့ တောင်းဆိုခဲ့သည်။
လူနာတင်ယာဥ်ကို ဖုန်းဆက်အကြောင်းကြားပြီးသည်နှင့်တပြိုင်နက် ဒေါ်မစောယိုင်မှာ စခန်းထဲရှိ လူတစ်ချို့ကို ခေါ်ယူစုဝေးလိုက်ပြီး အရေးပေါ်လူနာကိုအကူအညီပေးနိုင်ရန်အတွက် ပြင်ဆင်ရပြန်သည်။ လူနာအတွက် လိုအပ်သည့် ဆေးဖိုးဝါးခကိုမျှဝေအကူအညီပေးကြသည့် ဘဝတူစစ်ရှောင်များထံမှ တစ်ဦးလျှင် ငွေကျပ်သုံးရာ၊ ငါးရာ စသဖြင့်ကောက်ခံပေးကာ ရလာသည့်ငွေကို လူနာရှင်ထံလွှဲပြောင်းပေးရသည်။
ထို့နောက် အိပ်ယာခင်း၊ စောင်နှင့် ခြင်ထောင်များအပါအဝင် ဆေးရုံတွင်လိုအပ်မည့်အရာများကို မမေ့ဖို့ သတိပေးရင်းလူနာကို ကားပေါ်ရောက်သည်အထိ တာဝန်ယူကြီးကြပ်ခဲ့ရသည်။
အထက်ပါအဖြစ်အပျက်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ငစိုင်းရိုင်းချောင်းဘုန်းကြီးကျောင်း စစ်ဘေးရှောင်စခန်းက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဗိုက်နာ၍ မီးဖွားရန် ၎င်းကိုအကြောင်းကြားလာသည့်အခါ စီမံရသည့် အခြေနေကို ဒေါ်မစောယိုင်က ပြန်ပြောပြခြင်းဖြစ်သည်။ ထိုအစီအမံများကြောင့် အရေးပေါ်အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည့် မိခင်သည် ကလေးကို ကောင်းမွန်စွာ မွေးဖွားနိုင်ခဲ့သည်ဟု ဒေါ်မစောယိုင်က ဖြည့်စွက်၍ ပြောသည်။
“စစ်ဘေးရှောင်စခန်းက ကိုယ်ဝန်ဆောင်တွေ ကလေးမမွေးနိုင်ရင် ဆေးရုံ၊ ဆေးခန်းတွေကို ဖုန်းအဆက်အသွယ်လုပ် ပေးရတယ်။ ကလေးမွေးဖို့ ငွေရေးကြေးရေးအဆင်မပြေလို့ရှိရင် ကိုယ့်စခန်းက လူတွေနဲ့ ပူးပေါင်းပြီးတော့ ပိုက်ဆံ ၃၀၀၊ ၅၀၀ ကောက်ခံပြီးတော့ နည်းလမ်းမျိုးစုံနဲ့ ကလေးမွေးမယ့်မိခင်အတွက် နည်းလမ်းတွေရှာရတယ်။” ဒေါ်မစောယိုင်က ပြောသည်။
အသက် ၃၁ နှစ်အရွယ် ဒေါ်မစောယိုင်မှာ စစ်တွေမြို့ ငါးစိုင်းရိုင်းချောင်းဘုန်းကြီးကျောင်း စစ်ဘေးရှောင်စခန်းရှိ လူဦးရေ ၁၆၀ ကျော်ကို စီမံခန့်ခွဲနေရသည့် စစ်ရှောင်စခန်းခေါင်းဆောင် အမျိုးသမီးဖြစ်သည်။
ဒေါ်မစောယိုင်မှာ ငါးစိုင်းရိုင်းချောင်း စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည်မှာ နှစ်နှစ်ကျော်ကြာပြီဖြစ်သော်လည်း စစ်ရှောင်စခန်းခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်မှာ လေးလလောက်သာရှိသေးသည်ဟု ဆိုသည်။ သူ့မတိုင် ခင်ကလည်း အဆိုပါစစ်ရှောင်စခန်း၏ ခေါင်းဆောင်မှာလည်း အမျိုးသမီးပင်ဖြစ်သည်။ စခန်းခေါင်းဆောင်နေရာ အပြောင်း အလဲအတွက် လူမှုကူညီရေးအဖွဲ့တာဝန်ရှိသူများနှင့် စစ်ဘေးရှောင်မိသားစုများ၏ ထောက်ခံမှုဖြင့် ဒေါ်မစောယိုင် ရွေးချယ်ခံခဲ့ရခြင်းလည်းဖြစ်သည်။
“ကျမတို့ကို စခန်းတာဝန်ခံအဖြစ်ရွေးချယ်တာကတော့ စခန်းမှာရှိတဲ့ စစ်ဘေးရှောင်တွေနဲ့ လူမှုကူညီရေးအဖွဲ့တွေက ဖြစ်ပါတယ်” ဒေါ်မစောယိုင်က ဆိုသည်။
စစ်ရှောင်စခန်းခေါင်းဆောင်တစ်ဦးအနေဖြင့် စခန်းထဲရှိ လူများ၏ ကျန်းမာရေး၊ ပညာရေးနှင့် နေထိုင်စားသောက် ရေးအတွက် လိုအပ်သည်များကို သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများထံသို့ တင်ပြပေးရသည်ဟု ဒေါ်မစောယိုင်က ဆိုသည်။
“စေတနာနဲ့လုပ်တဲ့အတွက် ပင်ပန်းသလိုမခံစားရဘူး။ တခါတလေ ကိုယ်ပြောပြတာတွေကို သဘောမပေါက်ရင် စိတ်တိုရ တာတွေရှိတယ်။ စခန်းတာဝန်ခံဆက်မလုပ်ချင်တဲ့ စိတ်တွေ ဖြစ်ပေါ်လာတယ်”ဟု ပြောပြသည်။
ထို့အပြင် စစ်ရှောင်စခန်းခေါင်းဆောင်တစ်ဦးအနေဖြင့် စစ်ရှောင်အချင်းချင်း စကားများရန်ဖြစ်ကြသည့် အခါတွင်လည်း စေ့စပ် ညှိနှိုင်းပေးရန်တာဝန်ယူရသည်။ သို့သော် စစ်ရှောင်အချင်းချင်း စကားများခြင်း၊ ရန်ဖြစ်ခြင်းမှာ မရှိသလောက်နည်းကြောင်း ဒေါ်မစောယိုင်က ပြောသည်။
“ငယ်ငယ်တည်းက အတူနေလာကြတဲ့သူတွေမဟုတ်တော့ ပြသနာက အနည်းနဲ့ အများတော့ ရှိကြတာပဲ” ဟု သူကဆိုသည်။
ငါးစိုင်းရိုင်းချောင်းစစ်ဘေးရှောင်စခန်းတွင် ဒေါ်မစောယိုင် ခေါင်းဆောင်ဖြစ်လာသည်က လပိုင်းသာရှိသေးသော်လည်း သူ၏စီမံခန့်ခွဲမှုများကို သဘောကျသည်ဟု အဆိုပါစခန်းက အသက် ၂၃ နှစ်အရွယ် မခင်သန်းကဆိုသည်။ စစ်ရှောင်စခန်း ခေါင်းဆောင်သည် တရားမျှတမှုရှိပြီး တခြားစစ်ရှောင်များနှင့် အတူအတူ ထောက်ပံ့မှုရရှိသည်ဟုလည်း၎င်းက ပြောသည်။
“သူကကောင်းပါတယ်။ အစစအရာရာ ကူညီပေးတယ်။ မိန်းမသားဆိုတော့ အမျိုးသမီးတွေရဲ့ အခက်ခဲကို ပွင့်ပွင့် လင်းလင်း ပြောလို့ရတာပေါ့” ဟု ဒေါ်မစောယိုင် အပေါ် မခင်သန်းကမှတ်ချက်ပေးသည်။
အလားတူ အမျိုးသားစစ်ဘေးရှောင်တစ်ဦးကလည်း “စခန်းမှာက ရွာပေါင်းစုံကလူတွေရှိတယ်။ စခန်းခေါင်းဆောင် အမျိုးသမီး ကတော့ အလုပ်လုပ်တဲ့အခါ ကိုယ့်ရွာ၊ သူ့ရွာ မခွဲခြားဘူး။ တန်းတူလုပ်ပေးတယ်။ စစ်ရှောင်စခန်း ခေါင်းဆောင်ဆိုပေမယ့် ထောက်ပံ့မှုတွေကို တခြားစစ်ရှောင်တွေနဲ့ အတူတူပဲ ယူတယ်”ဟု မှတ်ချက်ပြုသည်။
ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နှစ်နှစ်ကျော်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အိုးပစ် အိမ်ပစ်ဖြင့် ထွက်ပြေးရသူ နှစ်သိန်းနီးပါးရှိသည်ဟု ဒေသတွင်းကယ်ဆယ်ရေးအဖွဲ့များက ခန့်မှန်းကြသည်။ မြို့နယ်အသီးသီးတွင် စစ်ဘေးရှောင်စခန်းပေါင်း ၁၄၈ ခုရှိခဲ့ပြီး ထိုအထဲတွင် စခန်းတာဝန်ခံအများစုမှာ အမျိုးသားများဖြစ်ကြပြီး အမျိုး သမီးခေါင်းဆောင်မှာ လက်ချိုးရေတွက်၍ ရသည့်အနေအထားဖြစ်သည်။
ထိုသို့ စစ်ရှောင်စခန်းခေါင်းဆောင် အမျိုးသမီးများထဲတွင် ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင်စခန်းခေါင်းဆောင် ရခိုင်မျိုးနွယ်စုဝင် မြိုအမျိုးသမီး ဒေါ်မလှဦးလည်း အပါအဝင်ဖြစ်သည်။
ဒေါ်မလှဦးသည် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှစ၍ ဝါးတောင်စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိလာခဲ့ပြီး စစ်ရှောင် စခန်းခေါင်းဆောင်အဖြစ် လက်ရှိအချိန်ထိ တာဝန်ယူထားသူဖြစ်သည်။
“စစ်ရှောင်စခန်းမှာ နေရတဲ့ အမျိုးသမီးတွေက လုံခြုံမှုလုံးဝမရှိဘူး။ ရေချိုးဖို့အတွက် ချောင်းကိုဆင်းရတယ်၊ ချောင်းထဲမှာက အမျိုးသားနဲ့ အမျိုးသမီး အတူတူရေချိုးရတယ်၊ အဲလိုအခြေနေမျိုးမှာ အမျိုးသမီးတွေအတွက် အဆင်မပြေကြဘူး။ ရေချိုးရတာတစ်ခုတည်းတော့ မဟုတ်ပါဘူး စစ်ရှောင်စခန်းမှာရှိတဲ့ ယာယီတဲတွေက အမျိုးသမီးတွေအတွက် မလုံခြုံပါဘူး၊” ဟု သူမတာဝန်ယူထားရသည့် စစ်ဘေးရှောင်စခန်း၏ အနေအထားကို ပြောပြသည်။
ထို့အပြင် ဒေါ်မလှဦးအနေဖြင့် စစ်ဘေးရှောင်များအတွက် လူမှုကူညီရေးအဖွဲ့အစည်းများထံမှ ကူညီထောက်ပံ့မှု မရသည့်အချိန်တွင် ကိုယ့်ကိုကိုယ် ရပ်တည်နိုင်ဖို့အတွက် စဥ်းစားထားချက်များလည်း ရှိသည်ဟု ပြောပြသည်။ အဆိုပါ စဥ်းစားချက်မှာ မိုးမကျမည် ယာယီတဲများကို ပြုပြင်ရန်အတွက် သစ်နှင့် ဝါးတချို့ကို အနီးအနားရှိ တောင်များမှ ခုတ်ယူစုဆောင်းထားရန်ဖြစ်သည်ဟု ဆိုသည်။
ဒေါ်မလှဦး တာဝန်ယူထားသော ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် မုဒိမ်းကျင့်ရန် ကြံစည်ခံရသည့်ဖြစ်စဥ်များရှိခဲ့ပြီး သူမအနေဖြင့် သေသေချာချာ ကိုင်တွယ်ဖြေရှင်းခဲ့ရသည်ဟု ပြောသည်။
“စခန်းထဲမှာ မုဒိမ်းကျင့်ဖို့ကြံစည်တဲ့ ဖြစ်စဥ်တွေရှိခဲ့တယ်။ လက်ရှိမှာကလည်း တရားဥပဒေစိုးမိုးမှုမရှိဖြစ်နေတယ်၊ စစ်ကောင်စီကိုပဲတိုင်ရမလား၊ အေအေကိုပဲတိုင်ရမလားဆိုပြီးတော့ ဖြစ်တယ်၊ အဲလိုအခြေနေတွေကြောင့် တစ်ချို့ ကိစ္စတွေက ပေါ်ထွက်မလာဘဲ တိမ်မြုပ်သွားတယ်။ အဲလိုအခြေနေမျိုးမှာ ကျမတို့ရိုးရာဓလေ့အတိုင်း ဖြေရှင်းလိုက်ရတာလည်းရှိတယ်၊ တစ်ချို့လည်း တရားဥပဒေနည်းလမ်းအတိုင်း ဖြေရှင်းရတာလည်းရှိတယ်”ဟု ပြောပြသည်။
ထို့အပြင် စစ်ဘေးရှောင်စခန်းခေါင်းဆောင်သည် ကျေးရွာအုပ်ချုပ်ရေးမှူးထက်ပင်ပိုမိုများပြားသည့် တာဝန်များယူကြရကြောင်း ကျောက်တော်မြို့နယ်၊ တောင်မင်းကုလား စစ်ဘေးရှောင်စခန်းခေါင်းဆောင် ဒေါ်အေးအေးခိုင်က ပြောသည်။
“ရွာမှာက အိမ်ထောင်စု သုံးဆယ်လောက်ပဲ။ ဒီမှာက အိမ်ထောင်စု တစ်ရာကျော်ရှိတယ်။ သူတို့ကို စီမံခန့်ခွဲရတာက ပိုပင်ပန်း တယ်”ဟု ဒေါ်အေးအေးခိုင်က ဆိုသည်။
သို့သော်လည်း ဒုက္ခရောက်နေသူအချင်းချင်း တတ်နိုင်သည့်ဘက်က ကူညီရခြင်းကို ဂုဏ်ယူမိသည်ဟု ၎င်းကပြော သည်။
စစ်ဘေးရှောင်စခန်းခေါင်းဆောင်အဖြစ် တာဝန်ယူထားရသည့် အမျိုးသမီးများမှာ အမျိုးသားခေါင်းဆောင်များထက် စိန်ခေါ်မှုပိုများ နိုင်သော်လည်း စခန်းရှိအမျိုးသားများကိုပါ စီမံကွပ်ကဲနိုင်သည့် အရည်အချင်းကို လေးစားမိသည်ဟု ဘူးသီးတောင်မြို့ လမ်းမကျောင်းစစ်ဘေးရှောင်စခန်းခေါင်းဆောင် ဦးကျော်ဝင်း ကပြောသည်။
“ပြဿနာဖြေရှင်းတဲ့နေရာမှာ အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုပြီးသိမ်မွေ့ကြတယ်။ အမျိုးသမီးခေါင်းဆောင် ဆိုတော့ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ မိခင်တွေအတွက် ပိုပြီးအားကိုးအားထားရတယ်” ဟု ၎င်းကဆိုသည်။
ရခိုင်ရှိ စစ်ဘေးရှောင်စခန်းများတွင် အမျိုးသမီးခေါင်းဆောင်များရှိနေခြင်းနှင့် ပတ်သက်၍ လူ့အဖွဲ့အစည်းများတွင် အမျိုးသမီးများ အနေဖြင့် မည်သည့်ကဏ္ဍကပါဝင်နိုင်သည်ကို ထည့်သွင်းစဥ်းစားပေးရန် လိုအပ်နေသည်ဟု ရခိုင့်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စောစံငြိမ်းသူက ပြောသည်။
“လူအုပ်စုထဲမှာလည်း တော်တဲ့တတ်တဲ့သူတွေရှိပါတယ်။ သူတို့ရဲ့ စွမ်းဆောင်နိုင်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ အဲဒီလူ အုပ်စုတွေကိုက ဘယ်လိုလူမှုအသိုင်းအဝိုင်းမှာ ရာခိုင်နှုန်းတစ်ခုသတ်မှတ်ပြီးတော့ ဘယ်လိုပါဝင်လာအောင် စဥ်းစားမလဲဆိုပြီး ကျွန်မတို့လူမှုအသိုင်းအဝိုင်းမှာ ပေါ်လစီချမှတ်ပြီးတော့ လုပ်ဆောင်ဖို့လိုအပ်ပါတယ်”ဟု မှတ်ချက် ပြုသည်။
ထိုသို့မူဝါဒပေါ်လစီများချမှတ်ရမည်မှာ ရခိုင်လူမှုအသိုင်းအဝိုင်းတစ်ခုတည်းတွင် မဟုတ်ဘဲ အမျိုးသမီးများ၏ ပူးပေါင်းပါဝင်မှုနှင့် ဆောင်ရွက်နိုင်စွမ်းများကို အသိအမှတ်ပြုရန် လိုအပ်သည်ဟု ဆိုသည်။
သို့သော်လည်း လက်ရှိမြန်မာနိုင်ငံ၏ အနေအထားအရ အဆိုပါပေါ်လစီများချမှတ်ဆောင်ရွက်နိုင်ရေးမှာ မလွယ်သေးဟု ဒေါ်စောစံငြိမ်းသူက ဆက်ပြောသည်။
အခက်အခဲများ၊ စိန်ခေါ်မှုများရှိနေခဲ့သော်လည်း ငစိုင်းရိုင်းချောင်းဘုန်းကြီးကျောင်း စစ်ဘေးရှောင်စခန်းခေါင်းဆောင် ဒေါ်မစောယိုင်က သူ့အလုပ်ကိုအကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ဆောင်နေပြီး စခန်းထဲရှိ မြေကွက်လပ်တွင် ဟင်းသီး ဟင်းရွက်များ စိုက်ပျိုးကြရန် စစ်ဘေးရှောင်များကို ဆော်ဩနေသည်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း အဆမတန်ကုန်ဈေးနှုန်းမြှင့်တက်နေခြင်းကို မိမိနေရပ်ဆီမည်သည့်အချိန်တွင် ပြန်ရမည်ကို တိတိကျကျမသိသေးသော စစ်ဘေးရှောင်များ ကြုံလာရနိုင်သည့်အတွက် စခန်းတွင်းစိုက်ပျိုးရေးလုပ်ခြင်းဖြင့် ကြိုတင်ပြင်ဆင် ရမည်ဟု ဆိုသည်။
ပွင့်လင်းရာသီတွင် သောက်ရေရှားပါးမှုကြုံတွေ့နေရသော စစ်တွေမြို့ ငါးစိုင်းရိုင်းချောင်းဘုန်းကြီးကျောင်း စစ်ဘေးရှောင် စခန်းအတွက် သောက်ရေ လုံလုံလောက်လောက်ရရှိရေးအတွက် ကြိုးစားနေပုံကို ဒေါ်မစောယိုင်က “ကျမတို့စခန်း မှာ သောက်ရေကရှားတယ်။ သောက်ရေလုံလုံလောက်လောက်ရဖို့အတွက် သက်ဆိုင်ရာတွေကို တင်ပြရအုန်းမည်”ဟု ပြောသည်။