Home ဆောင်းပါးသတင်းဆောင်းပါး ၂၀၂၁ ကိုကိုင်လှုပ်ခဲ့သောမြန်မာအမျိုးသမီးများ

၂၀၂၁ ကိုကိုင်လှုပ်ခဲ့သောမြန်မာအမျိုးသမီးများ

၂၀၂၁ ခုနှစ်ဟာ သွေးစွန်းတဲ့နေ့ရက်များအဖြစ် ကုန်ဆုံးခဲ့လေပြီ။

စစ်အာဏာသိမ်းမှုကြောင့် လွှတ်တော်ထဲခြေလှမ်းစမယ့် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ နိုင်ငံရေးအိပ်မက်တွေဟာလည်း ဖေဖော်ဝါရီလ(၁)ရက်နေ့မှာ ပြယ်လွှင့်ခဲ့ရပါတယ်။

အမျိုးသမီးတွေဟာ အကြမ်းဖက်မှု၊ ဖိနှိပ်မှုတွေကို ခါးစည်းခံခဲ့ရသလို အမျိုးသမီးတွေရဲ့ အင်အားကလည်း ထင်မထား လောက်အောင် တော်လှန်ရေးမှာ ကြီးမားခဲ့ကြပါတယ်။၂၀၂၁ ကို အလှည့်အပြောင်းအချိုးအကွေ့ဖြစ်စေခဲ့တဲ့ အမျိုးသမီးတွေ အကြောင်း Hi သတင်းဌာန ကစုစည်းဖော်ပြလိုက်ပါတယ်။

(၁) တော်လှန်ရေးတပ်ဦးကအလုပ်သမများ

အာဏာသိမ်းပြီး ငါးရက်အကြာ ဖေဖော်ဝါရီ ၆ ရက်မှာ ရန်ကုန်မြို့စွန်စက်ရုံတွေက အလုပ်သမတွေဟာ ထမင်းချိုင့် ကိုယ်စီဆွဲရင်း လမ်းမပေါ်ထွက်လာခဲ့ကြပါတယ်။ သူတို့တွေဟာ ရန်ကုန်-အင်းစိန် လမ်းမဆီချီတက်သွားခဲ့ကြပြီး လမ်းတလျှောက်မှာလည်း စစ်ကောင်စီကိုဆန့်ကျင်ဖို့ ပြည်သူလူထုကို စည်းရုံးခဲ့ကြပါတယ်။

သူတို့ရဲ့အဆိုပါလှုပ်ရှားမှုက  စစ်တပ်အာဏာသိမ်းပြီးနောက် ငြိမ်သက်နေခဲ့သည့် ပြည်သူလူထုကို လှုပ်နှိုးသလိုဖြစ်ခဲ့ပြီး နွေဦးတော်လှန်ရေးကို အရှိန်အမြင့်ဆုံးဖြစ်အောင် တွန်းတင်ခဲ့ကြပါတယ်။ အဆိုပါလှုပ်ရှားမှုနောက်ပိုင်း သန်းနဲ့ချီတဲ့ ပြည်သူလူထုဟာ လမ်းမတွေပေါ်ထွက်လာခဲ့ကြပါတယ်။

(၂) နွေဦးတော်လှန်ရေးမှာပထမဆုံးအသက်ပေးခဲ့ရသူမမြသွဲ့သွဲ့ခိုင်

အသက် (၁၉) နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်ဟာ နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ပထမဆုံးအသက်ပေးခဲ့ရတဲ့ အမျိုးသမီးငယ်ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၉ ရက်က နေပြည်တော် သပြေကုန်းအဝိုင်း ဗိုလ်ချုပ်ကြေးရုပ်အနီးမှာ ငြိမ်းချမ်းစွာဆန္ဒပြသူနေတဲ့လူအုပ်ကို စစ်ကောင်စီတပ်တွေက ပစ်ခတ်ဖြိုခွင်းခဲ့ရမှာ မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းကျည်ထိမှန်ခံခဲ့ရပြီး သေလုမြောပါးဒဏ်ရာရခဲ့တာပါ။ အဆိုပါနေ့ကစတင်ပြီး မမြသွဲ့သွဲ့ခိုင်ဟာ သတိမရတော့ဘဲ နောက်ထပ် ၁၀ ရက်အကြာ ဖေဖော်ဝါရီ ၁၉ မှာ နေပြည်တော် ကဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းဌာနများကတော့ မမြသွဲ့သွဲ့ခိုင် ထိမှန်ခဲ့တဲ့ကျည်ဆံဟာ သူတို့တပ်ဖွဲ့ဝင်တွေ သုံးလေ့ ရှိတဲ့ ကျည်ဆံမဟုတ်ဘူးလို့ငြင်းဆိုပါတယ်။ ဒါပေမယ့်ရုပ်သံပြကွက်တွေနဲ့ မျက်မြင်တွေကတော့ စစ်ကောင်စီ တပ်တွေ ပစ်ခတ်တာကြောင့် မမြသွဲ့သွဲ့ခိုင် သေဆုံးရတာလို့ဆိုပါတယ်။

(၃) မကြယ်စင် (သို့မဟုတ်) “Everything will be OK” တီရှပ်နဲ့မိန်းကလေး

မန္တလေးမြို့မှာ မတ်လ ၃ ရက်နေ့က စစ်ကောင်စီတပ်သားတွေ သတ်ဖြတ်ခဲ့တဲ့ အသက် (၁၉) နှစ်အရွယ် မကြယ်စင်ကို “Everything will be OK” တီရှပ်နဲ့မိန်းကလေး အဖြစ် နိုင်ငံတကာကသိရှိသွားခဲ့ပြီး စာနာသနားခဲ့ကြပါတယ်။

“အားလုံးအဆင်ပြေသွားမှာပါ” လို့အဓိပ္ပါယ်ရတဲ့ “(Everything will be OK)”  ဆိုတဲ့စာသားပါ အနက်ရောင်တီရှပ်ကို ဝတ်ဆင်ရင်း ဆန္ဒပြလူအုပ်ကြားမှာ တက်တက်ကြွကြွပါဝင်နေတဲ့ သူ့ရဲ့ရုပ်ပုံတွေဟာ ဒီမိုကရေစီအရေးလှုပ်ရှားသူ တွေ အကြား ယနေ့အချိန်အထိ အမှတ်တရရှိခဲ့ကြပါတယ်။

ကျားရှီ၊ အိန်ဂျယ် စတဲ့အမည်တွေနဲ့လူသိများပြီး တရုတ်သွေးပါတဲ့ ဆယ်ကျော်သက်အမျိုးသမီးငယ်ဟာ မန္တလေးမြို့ ၈၄ လမ်း နဲ့ လမ်း၃၀ကြားမှာ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာဆန္ဒပြဖို့ ဆုံးဖြတ်လိုက်ကတည်းက စစ်ကောင်စီတပ်တွေကြောင့် ထိခိုက်နိုင်တယ်ဆိုတာ ကြိုတင်တွက်ဆထားပုံရခဲ့ပြီး သွေးအမျိုးအစားနဲ့၊ သူတခုခုဖြစ်ရင် ဆက်သွယ်ရမယ့် အရေးပေါ်ဖုန်းနံပါတ်တွေကိုလည်းရေးလာပြီး လက်မှာချိတ်ဆွဲထားခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေက အကြမ်းဖက်ဖြိုခွဲဖို့ ပြင်ဆင်နေတာကိုတွေ့ပေမယ့် နောက်မဆုတ်ဖို့ သူကအော်ပြောရင်း ဆန္ဒပြလူ အုပ်ကြားပြေးလွှားနေချိန်  ဦးခေါင်းကိုကျည်ဆံထိမှန်ပြီး အသက်ပေးခဲ့ရပါတယ်။ ထိုနေ့ဟာ နွေဦးတော်လှန်ရေး ကာလမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်ချက်နဲ့ သေဆုံးခဲ့သူအများဆုံးရှိခဲ့တဲ့ နေ့တွေထဲက တနေ့ဖြစ်ပြီး မကြယ်စင် အပါအဝင် အရပ်သား ၄၀ ခန့် သေဆုံးခဲ့ပါတယ်။

(၄) မပန်းသီး နှင့် မြို့ပြတော်လှန်ရေးအမျိုးသမီးများ

စစ်ကောင်စီတပ်တွေ ဖမ်းဆီးတာကိုမခံဘဲ ရန်ကုန်မြို့လယ်မှာရှိတဲ့ တိုက်ပေါ်ကနေခုန်ချသွားခဲ့တဲ့ မပန်းသီး (ခေါ်) မဝေဝေမြင့် (၂၉ နှစ်) ဟာ မြို့ပြတော်လှန်ရေးအမျိုးသမီးတွေထဲက တယောက်ပါ။

မပန်းသီးလို ရဲရင့်ပြီးသတ္တိရှိတဲ့ အမျိုးသမီးတွေဟာ စစ်ကောင်စီတပ်တွေ မျက်စိဒေါက်ထောက်ကြည့်နေတဲ့ကြားကနေ အန္တရာယ်များလှတဲ့ လှုပ်ရှားမှုတွေကို ရန်ကုန်၊မန္တလေး၊ မုံရွာ စတဲ့မြို့ကြီးတွေမှာပြုလုပ်ခဲ့ကြပါတယ်။

စစ်ကောင်စီတပ်တွေက မပန်းသီးနဲ့သူ့ရဲဘော်တွေကို ခြေရာခံမိသွားခဲ့ပြီး သြဂုတ်လ ၁၀ ရက်မှာ ရန်ကုန်မြို့လယ် ၄၄ လမ်းက သူတို့စခန်းချရာတိုက်ခန်းကို ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။ စစ်တပ်ဖမ်းတာမခံလိုတဲ့ မပန်းသီးအပါအဝင် လူငယ်ငါးဦးဟာ သုံးလွှာအမြင့်ရှိတဲ့ တိုက်ခန်းကနေ ခုန်ချခဲ့ကြပါတယ်။ အသက်ငါးနှစ်အရွယ်သမီးငယ်ရဲ့မိခင် မပန်းသီး (ခေါ်) မဝေဝေမြင့် နဲ့ သူ့ရဲဘော်တွေရဲ့ အဖြစ်အပျက်ကို “ကောင်းကင်ဆီ ခုန်ချသွားတဲ့ ပန်းသီး” “၄၄ လမ်းတွင် ကြွေလွင့်ခဲ့ရသော ပန်းသီး” စသဖြင့် သတင်းဌာနတွေက ရေးသားဂုဏ်ပြုခဲ့ကြပါတယ်။

မပန်းသီး ကြွေလွင့်သွားခဲ့ပေမယ့် မပန်းသီးရဲ့ ရဲရင့်သတ္တိရှိတဲ့တော်လှန်ရေးစိတ်ဓာတ်တွေကတော့ ကျန်ရစ်နေဆဲဖြစ်ပြီး စစ်ကောင်စီကို တော်လှန်နေကြတဲ့ မြို့ပြတော်လှန်ရေးအမျိုးသမီးတွေဟာ ယနေ့အထိ လှုပ်ရှားနေကြဆဲဖြစ်ပါတယ်။

(၅) ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံးစာရင်းထဲကမြန်မာအမျိုးသမီးသုံးဦး

ကမ္ဘာကျော် TIME မဂ္ဂဇင်းရဲ့ ၂၀၂၁ နှစ်အတွက် ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ မြန်မာအမျိုးသမီးသုံးဦးကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။ သူတို့ကတော့ အမျိုးသမီးတော်လှန်ရေးသမားနှစ်ဦးဖြစ်တဲ့ အက်စတာဇေနော နဲ့ မအိသဉ္ဇာမောင်၊ NASA က မြန်မာပြည်ဖွားသိပ္ပံပညာရှင် ဒေါက်တာမီမီအောင် တို့ဖြစ်ပါတယ်။

အမေရိကန် အမျိုးသားအာကာသနဲ့ လေကြောင်းဦးစီးဌာန (NASA) က အင်ဂျင်နီယာ ဒေါက်တာမီမီအောင်ဟာ အင်္ဂါဂြိုဟ်ဆီ ပို့လွှတ်ထားတဲ့  မောင်းသူမဲ့ စူးစမ်းရေး ရဟတ်ယာဉ်စီမံကိန်း ဦးဆောင်သူအဖြစ်ပါတယ်။ ဒေါက်တာမီမီအောင် နဲ့ သူ့အဖွဲ့သား ပညာရှင်တွေ တီထွင်ထားတဲ့ ရဟတ်ယာဉ်ဟာ ၂၀၂၁ ဧပြီလမှာ အင်္ဂါဂြိုဟ်ပေါ်ရောက်ရှိခဲ့ပြီး စူးစမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။

မအိသဥ္ဇာမောင်ဟာ နိုင်ငံရေးအကျဉ်းသားဟောင်းနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကနေ ရွေးကောက်ပွဲဝင်ခဲ့တဲ့ အမတ်လောင်းလည်းဖြစ်ပါတယ်။ နွေဦးတော်လှန်ရေး အစပိုင်းမှာ ရန်ကုန်မြို့ကစက်ရုံအလုပ်သမားတွေနဲ့အတူတွဲပြီး စစ်ကောင်စီကိုဆန့်ကျင်ဖို့ လမ်းမတွေပေါ်ထွက်ခဲ့တဲ့သူ ဖြစ်ပါတယ်။ ၂၀၁၅ တုန်းက ဒီမိုကရေစီပညာရေးသပိတ်မှာပါဝင်လှုပ်ရှားခဲ့တဲ့သူဟာ လက်ရှိအချိန်မှာ အမျိုးသားညီညွှတ်ရေး အစိုးရရဲ့ အမျိုးသမီး၊လူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနရဲ့ ဒုဝန်ကြီးဖြစ်ပါတယ်။ ကချင်လူမျိုး လူ့အခွင့်အရေး လှုပ်ရှားသူ အက်စတာဇေနော ဟာလည်း မအိသဥ္ဇာမောင်နဲ့အတူ ရန်ကုန်မြို့က စစ်အာဏာသိမ်းမှုဆန့်ကျင် ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့သူလည်းဖြစ်တယ်။

(၆) နွေဦးတော်လှန်ရေးကအနုပညာရှင်များ

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ရာမှာ ရှေ့တန်းကပါဝင်သူများထဲမှာ အနုပညာရှင်တွေနဲ့ ထင်ရှားကျော်ကြားတဲ့ အမျိုးသမီးတွေ လည်း ပါဝင်ပါတယ်။ စစ်ကောင်စီကိုဆန့်ကျင်ရင် ဝင်ငွေကောင်းတဲ့သူတို့ရဲ့အနုပညာနဲ့ကြော်ငြာလုပ်ငန်းတွေ ပိတ်ပင်ခံရမယ် ဆိုတာသိကြပေမယ့် နောက်မဆုတ်ဘဲပါဝင်ခဲ့ကြပါတယ်။

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ရာမှာပါဝင်ခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး စစ်ကောင်စီက ပုဒ်မ ၅၀၅ နဲ့ဖမ်းဝရမ်း ထုတ်ခံထားရ သူလည်းဖြစ်တဲ့ ထားထက်ထက်ဟာဆိုရင် စစ်အာဏာရှင်ကိုလက်နက်ကိုင်ဆန့်ကျင်ဖို့ တော်လှန်ရေး နယ်မြေကိုရောက်ရှိ ကြောင်း ပထမဆုံးဖွင့်ဟခဲ့တဲ့ အနုပညာရှင်တစ်ဦးပါ။

ရုပ်ရှင်နဲ့မော်ဒယ်သရုပ်ဆောင် အိန္ဒြာကျော်ဇင်ဟာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ရာမှာ ရှေ့တန်းကပါဝင်ခဲ့တဲ့ အမျိုးသမီး သရုပ်ဆောင်တစ်ဦးဖြစ်ပြီး အဲ့ဒီလှုပ်ရှားမှုကြောင့်ဘဲ စစ်ကောင်စီကသူ့ကိုဖမ်းဆီးပြီး အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်ချမှတ် ခဲ့ပါတယ်။ အိန္ဒြာကျော်ဇင်လိုဘဲဖမ်းဆီးခံထားရတဲ့ အခြားအမျိုးသမီးအနုပညာရှင်တွေဖြစ်တဲ့ အဆိုတော်ပိုပို နဲ့ Beauty Blogger မဝင်းမင်းသန်း တို့ကိုလည်း စစ်ကောင်စီက ထောင်သုံးနှစ်စီ ချမှတ်ထားပါတယ်။

စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားတဲ့ အခြားသောအမျိုးသမီး အနုပညာရှင်တွေနဲ့ ထင်ရှားကျော်ကြားသူတွေဟာလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

(၇) စစ္စတာအန်းရိုဇားနူးတောင်ရဲ့လူသားဆန်မှုများ

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့က ခရစ်ယာန်သီလရှင် စစ္စတာအန်းရိုဇားနူးတောင်ဟာ ဆန္ဒပြပြည်သူတွေရဲ့အသက်ကို ကယ်တင်ဖို့ သေနတ်ကိုင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှေ့မှာ ဒူးထောက်တောင်းပန်ခဲ့တဲ့သူဖြစ်ပါတယ်။ သူ့ရဲ့လုပ်ရပ်ကြောင့် “ ရဲရင့်သောသီလရှင်” အဖြစ် နိုင်ငံတကာမီဒီယာတွေကြားမှာထင်ရှားခဲ့သူဖြစ်တယ်။

အသက် ၄၆ နှစ်အရွယ် စစ္စတာဟာ မြစ်ကြီးနားမြို့က သီလရှင်တစ်ဦး ဖြစ်သလို “မလိဂင်ဒိုင်” လို့အမည်ပေးထားတဲ့ ပရဟိတဆေးခန်းက တာဝန်ခံလည်း ဖြစ်ပါတယ်။ ငှက်ဖျား၊ ဝမ်းပျက်ဝမ်းလျှောနဲ့ ဖျားနာတဲ့လူနာတွေကို အဓိကထားကုသပေးတဲ့ မလိဂင်ဒိုင်ပရဟိတဆေးခန်းက ဆင်းရဲနွမ်းပါးသူတွေ၊ စစ်ဘေးရှောင်တွေကို အခမဲ့ဖြစ်စေ၊ စရိတ်မျှပေးဖြစ်စေ ကုသပေးပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်က စစ်ဘေးရှောင် စခန်းတွေဆီ သွားရောက်ပြီးလည်း ဆေးဝါးကုသတာ၊ ကိုယ်ဝန်ဆောင် မိခင်တွေကို မီးဖွားပေးတာတွေ ပြုလုပ်ပေးနေတာပါ။ စစ္စတာအန်းရိုဇားနူးတောင်ရဲ့ ပရဟိတဆေးခန်းဟာ ကိုဗစ်ကပ်ရောဂါ ပြင်းပြင်းထန်ထန်ရင်ဆိုင်ရချိန်မှာ ဒေသခံတွေကို အဓိကအကူအညီပေးခဲ့ပါတယ်။

(၈) PDF ရဲမေများ

အာဏာသိမ်းပြီးနောက်မှာ ပေါ်ပေါက်လာတဲ့ ဒေသအသီးသီးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တွေမှာ အမျိုးသမီးတွေ ရဲမေတွေ အများအပြားပါဝင်ခဲ့ကြပါတယ်။ မြောင်အမျိုးသမီးပြောက်ကျားစစ်သည်တော်အဖွဲ့၊ ကယားနဲ့ချင်းက အမျိုးသမီး PDF အဖွဲ့တွေဟာ လူသိများကြတဲ့ အဖွဲ့တွေလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း မြောင်ဒေသဟာ စစ်အာဏာသိမ်းတာကို အပြင်းထန်ဆုံး ဆန့်ကျင်တဲ့ဒေသ တခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလမှာတော့ မြောင်မှာအခြေစိုက်တဲ့ “မြောင်အမျိုးသမီး ပြောက်ကျားစစ်သည်တော် အဖွဲ့” အမည်ရ အမျိုးသမီးသီးသန့် PDF တပ်ဖွဲ့တဖွဲ့ ပေါ်ပေါက်လာပါတယ်။ အလားတူ ရှမ်း-ကယား နှစ်ပြည်နယ် နယ်စပ်က ဖယ်ခုံ နဲ့ စစ်ကောင်စီကို အစောဆုံးလက်နက်ကိုင်တော်လှန်တဲ့ဒေသဖြစ်တဲ့ ချင်းပြည်နယ်နဲ့ ကလေးက PDF အမျိုးသမီးတွေဟာလည်း ထင်ရှားကြသူတွေဖြစ်ပါတယ်။

PDF ထဲဝင်ရောက်ခဲ့တဲ့ အမျိုးသမီးတွေထဲမှာ သာမန်အမျိုးသမီးတွေ ပါဝင်သလို တက္ကသိုလ်ကထိက ဒေါ်ရတီအုန်း၊ သီလရှင်ဘဝကနေ လက်နက်ကိုင်တော်လှန်ရေးသမားဘဝကို ကူးပြောင်းခဲ့ သီလရှင်ဒေါ်ဝရဉာဏီ တို့ဟာလည်း ထင်ရှားတဲ့ အမျိုးသမီး PDF ရဲမေတွေဖြစ်ကြပါတယ်။

(၉) CDM နဲ့ တပ်တွင်းဖရဲသီးအမျိုးသမီးများ

ကျောင်းဆရာမတွေ၊ သူနာပြုဆရာမတွေ၊ ဘဏ်ဝန်ထမ်းအမျိုးသမီးတွေ အပါအဝင် သိန်းနဲ့ချီတဲ့ အစိုးရဝန်ထမ်း အမျိုးသမီး တွေဟာ စစ်အစိုးကိုအကြမ်းမဖက်တဲ့နည်းနဲ့ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာပါဝင်ခဲ့ကြပါတယ်။ ပင်စင်ယူခါနီးနေပြီဖြစ်ကြတဲ့ အမျိုးသမီးဝန်ထမ်းတချို့ဟာလည်း CDM လှုပ်ရှားမှုမှာပါဝင်ခဲ့ပြီး သူတို့ရဲ့ရပိုင်ခွင့်တွေကို အဆုံးရှုံးခံခဲ့ကြပါတယ်။

စစ်တပ်အတွင်းက နွေဦးတော်လှန်ရေးကိုထောက်ခံသူတွေကို အပြင်မှာစိမ်းပြီးအထဲမှာနီတဲ့ ဖရဲသီးနဲ့တင်စားကြပါတယ်။ တပ်ကြပ်ကြီး ယဉ်လဲ့လဲ့ထွန်းဟာ ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ် မှတ်တမ်းဌာနမှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ပထမဆုံး CDM ပြုလုပ်ခဲ့တဲ့ တပ်မတော်သားအမျိုးသမီးတစ်ဦးလည်းဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံအနှံ့က အမျိုးသမီး ရဲမေတွေဟာလည်း CDM ပြုလုပ်ခဲ့ကြပါတယ်။

ကိုယ်တိုင် CDM လုပ်ခဲ့ကြတဲ့ အမျိုးသမီးတွေရှိသလို အမျိုးသားဖြစ်သူ တပ်မတော်သားတွေကို ပြည်သူ့ဘက်မျက်နှာမူဖို့ တိုက်တွန်းပေးတာ၊ ကူညီအားဖြည့်ပေးတဲ့ ပြည်သူ့စစ်သားဇနီးများအဖွဲ့လည်းပေါ်ပေါက်လာခဲ့ပါတယ်။ ပြည်သူ့ဘက်ကို မျက်နှာမူကာ CDM ပြုလုပ်ခဲ့ကြတဲ့ စစ်သားတွေရဲ့ဇနီးမယားတွေရဲ့ပါရမီဖြည့်မှုဟာလည်း တော်လှန်ရေးအတွက် အထောက်အကူ ဖြစ်စေခဲ့ပါတယ်။

(၁၀)သက်တန့်တွေရဲ့ နွေဦးတော်လှန်ရေး

ဖေဖော်ဝါရီ ၁ ရက်နေ့ မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် LGBTIQ  တွေက အာဏာရှင် ဆန့်ကျင်ရေးနှင့် တော်လှန်ရေးမှာ နောက်ကောက်မကျဘဲ ပုံစံမျိုးစုံနဲ့  ပါဝင်ခဲ့ကြပါတယ်။  ဒါ့အပြင် လက်နက်ကိုင် တော်လှန်ရေးတွေမှာပါဝင်နေတာ၊ တိုက်ပွဲဝင်ဖို့လွတ်မြောက်နယ်မြေတွေမှာ စစ်သင်တန်းသွား ရောက်သင်ကြားတာ၊ ရိက္ခာထောက်ပို့ရေးတွေမှာပါဝင်တာ စတဲ့ တတ်စွမ်းတဲ့ နေရာတွေကနေ ပါဝင်နေတဲ့ LGBTIQ တွေ လည်း အများအပြားရှိသလို အနည်းဆုံး ၁၂ ဦး က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကိုခံခဲ့ရတာ၊  တိမ်းရှောင်နေရဆဲဖြစ်တယ်လို့   အမျိုးသားညီညွှတ်ရေးအစိုးရ၊  လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနနဲ့ အမျိုးသမီး၊ လူငယ်များနှင့် ကလေးသူငယ်များ ရေးရာ ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ဇွန်လအတွင်းက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

LGBT တွေက ဖမ်းဆီးခံရတဲ့အခါ အခြားသူတွေထက်ပိုပြီး နှိပ်စက်ခံရတာ အရှက်ခွဲခံရတာတွေရှိနေပေမယ့်လည်း ယနေ့အထိ သူတို့တွေဟာနောက်မဆုတ်ဘဲ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ဆက်လက်ပါဝင်နေဆဲပါ။

(၁၁)ရှေးရိုးစွဲအယူအဆတွေကိုချေဖြတ်တဲ့ ၂၀၂၁

၂၀၂၁ နွေဦးတော်လှန်ရေးနဲ့အတူအမျိုးသမီးဝတ်ထဘီတွေကိုအလံအဖြစ်အသုံးပြုခဲ့ကြတဲ့ ထူးခြားတဲ့သပိတ်စစ်ကြောင်းတွေပေါ်ပေါက်ခဲ့ပါတယ်။

ဖေဖေါ်ဝါရီ(၂၈) က ကယားပြည်နယ်ရှိ အမျိုးသမီးထု တစ်သောင်းကျော်ကအမျိုးသမီး လစဉ်သုံးပစ္စည်းများနှင့် ဘရာဇီယာတို့ကို ကိုင်ဆောင်ကာ”စစ်အာဏာရှင် ဘဝအောက်မှာနေရတာအမျိုးသမီးတွေအတွက် ကပ်ခွာတစ်ခုလောက်တောင် လုံခြုံမှုမပေးနိုင်ဘူး”ဆိုသည့်စာသားများဖြင့် အမျိုးသမီးထု၏ ဆန္ဒကို ဖော်ထုတ်ခဲ့ကြတယ်။     အဲဒီနောက်မှာတော့ အာဏာရှင်နဲ့အတူ ခွဲခြားဆက်ဆံမှုတွေပပျောက်ဖို့အတွက် အသိပေးစာသားတွေ ကြွေးကြော်သံတွေပါဝင်တဲ့ သပိတ်စစ်ကြောင်းတွေ နိုင်ငံအနှံ့ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်ခဲ့ပါတယ်။

Author:

Related Articles