Home ဆောင်းပါးသတင်းဆောင်းပါး စစ်အာဏာရှင်ခေတ်၏ ဓားစာခံရင်သွေးများ

စစ်အာဏာရှင်ခေတ်၏ ဓားစာခံရင်သွေးများ

ဖူးအိအိနွယ်။ ။

“ အချုပ်ထဲမှာ ထမင်းဝအောင်မစားရဘူး။ အိမ်သာရေနဲ့ရေချိုးရတယ်။ ပုံစံထိုင်ခိုင်းတဲ့သူတွေကိုမုန်းတယ် ” ဟု စစ်သားများ၏ ဓားစာခံဖမ်းဆီးခံခဲ့ရသူ အသက် ငါးနှစ်အရွယ် မိန်းကလေးငယ်က ဖခင်ကို ပြန်ပြောပြသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းလိုက်သည့် စစ်တပ်၏လက်အောက်ခံ စစ်သားများက မိုးကုတ်မြို့ သပိတ်ခေါင်းဆောင်ဦးစိုးဌေးကို ဖမ်းမမိသည့်အတွက် အသက် ငါးနှစ်အရွယ် မစုထက်ဝိုင်းအပါအဝင် ဦးစိုးဌေး ၏ ဇနီးနှင့်သားသမီးများကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မစုထက်ဝိုင်းမှာ မိုးကုတ်မြို့သပိတ်ခေါင်းဆောင် ဦးစိုးဌေးနှင့်ဒေါ်ကြည်ကြည်ခိုင်တို့၏ သားသမီးလေးဦးအနက် သမီးအငယ်ဆုံးဖြစ်သည်။

မစုထက်ဝိုင်းအပါအဝင် မိုးကုတ်မြို့သပိတ်ခေါင်းဆောင် ဦးစိုးဌေးတို့ မိသားစုမှာမိုးကုတ်မြို့ စစ်အာဏာရှင် ဆန့် ကျင်ရေး ဆန္ဒပြပွဲများတွင် မိသားစုလိုက်တက်တက်ကြွကြွပါဝင်ခဲ့သည်။

စစ်တပ်၏ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်း ကာ “Free our Leader” ဟူသည့် ဆိုင်းပုဒ်ကိုင်ဆောင်ပြီး သပိတ်စစ်ကြောင်း၏ ရှေ့ဆုံးမှ လမ်းလျှောက် ချီတက်ဆန္ဒပြခဲ့သည့် မိုးကုတ်မြို့မှ အသက်ငါးနှစ်အရွယ် မစုထက်ဝိုင်းကို အင်တာနက်လူမှုကွန်ရက်တွင် တက်လာသည့် ပုံမှတစ်ဆင့် နိုင်ငံတဝှမ်းက သတိထားမိခဲ့သည်။

“ အဓိကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သူသိတယ်။ နိုင်ငံရေးတော့ အများကြီးမသိပါဘူး။ ဒေါ်အောင်ဆန်း စုကြည်အဖမ်းခံရတယ်ဆိုတာတော့ သူ့အရွယ်နဲ့ ခံစားတတ်တဲ့ သဘောရှိတာပေါ့” ဟု ဦးစိုးဌေးက ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူ့ဆန္ဒပြပွဲများ နိုင်ငံတဝန်း ကျယ်ကျယ် ပြန့်ပြန့်ပေါ်ပေါက်ခဲ့ချိန် မိုးကုတ်မြို့၌ လူထောင်သောင်းချီပါဝင်သည့် ဆန္ဒပြပွဲများကို ဦးဆောင်သူ သပိတ် ခေါင်းဆောင် ဦးစိုးဌေးကို စစ်ကောင်စီတပ်က ပုဒ်မ ၅၀၅ (က) ဖြင့်ဖမ်းဝရမ်းထုတ်ခဲ့ပြီး နေအိမ်တွင် မကြာခဏ လာရောက်ရှာဖွေခဲ့သည်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ ဦးစိုးဌေးတို့ နေအိမ်ကို စစ်ကောင်စီတပ်များက နှစ်ကြိမ်အထိ လာရောက် ရှာဖွေ ခဲ့သော်လည်း ဦးစိုးဌေးကို မတွေ့သည့်အတွက် တတိယအကြိမ်လာရောက်ရှာဖွေရာတွင် ဇနီး၊ အသက် ၁၉ နှစ်အရွယ် သမီးကြီးနှင့် အသက် ငါးနှစ်အရွယ် သမီးငယ် မစုထက်ဝိုင်းတို့ကိုဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့သည်။

စစ်ကောင်စီတပ်သားအင်အားတစ်ရာဝန်းကျင်က နေအိမ်ပတ်ဝန်းကျင်ကို ဝိုင်းပိတ်ဆို့ ရှာဖွေမှုများပြုလုပ်ခဲ့ပြီး နောက် ဇနီးနှင့်သမီးနှစ်ဦးတို့ကိုဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်များက ဖမ်းဆီးရာတွင် “စစ်ခွေးကား၊ ရဲခွေးကားမစီးဘူး” ဟု မစုထက်ဝိုင်းက ငိုယိုကာ အော် ပြောသည့်အတွက် အချေအတင်ဖြစ်ခဲ့ကြပြီး မစုထက်ဝိုင်းကို ဒရွတ်တိုက်ဆွဲကာ ကားပေါ်တင်သွားကြကြောင်း ဦးစိုးဌေးက ဆိုသည်။

“အဲ့ဒီအခြေအနေကို အစအဆုံးမြင်နေရတာက အခုအဖမ်းခံထားရတဲ့ ကျွန်တော့်သားအကြီးပေါ့နော်။သူက အိမ်ကို ခဏပြန်လာတဲ့အချိန် အိမ်မှာစစ်ကားတွေလည်း တွေ့တော့ရုတ်တရက်သူရှောင်လိုက်တယ်။ အိမ်ကို တော့ အစအဆုံးမြင်နေရတာပေါ့။ ကလေးကိုလည်းဆွဲတင်သွားတာမှ ဒရွတ်တိုက်ဆွဲတင်သွားတာ အဓိကက တော့ ကလေးက စစ်ခွေးကား၊ ရဲခွေးကားမစီးဘူးလို့ ပြောတာကို နာတဲ့ သဘောရှိတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်များက ဓားစာခံဖမ်းဆီးလာသည့် သားအမိသုံးယောက်ကို မိုးကုတ်မြို့၊ မြို့မရဲစခန်း အချုပ် ထောင်တွင် ဖမ်းဆီးထားခဲ့သည်။

မစုထက်ဝိုင်းမှာ အချုပ်ထောင်တွင် မိခင်၊ အစ်မဖြစ်သူတို့နှင့်အတူ ၁၈ ရက်ကြာဖမ်းဆီးခံရပြီးနောက် တစ်ဦး တည်းပြန်လွတ်လာသည်။

ငယ်ရွယ်နုနယ်သည့် မစုထက်ဝိုင်းမှာ အချုပ်ထောင်မှ ပြန်လွတ်လာပြီးနောက်ပိုင်း စိတ်ဒဏ်ရာကြီးကြီး မားမား ရရှိခဲ့ကြောင်း ဖခင် ဦးစိုးဌေးက ပြောသည်။

မိခင်နှင့် အစ်မဖြစ်သူတို့ကို စစ်ကြောမေးမြန်းရန် ခေါ်ထုတ်သွားသည်ကို မစုထက်ဝိုင်းက မြင်တွေ့ခဲ့ရသည်။

“ ကျွန်တော်ဘယ်မှာလဲဆိုတာကိုပဲ အဓိက စစ်မေးကြတယ်တဲ့။ ကလေးကတော့ သူ့အမေကို စစ်ဆေးဖို့ လာ ခေါ်ရင်လည်း မလိုက်သွားဖို့ပြောတာရှိတယ်။ သူ့အမေပြန်လွတ်လာပြီးပြောပြတာပေါ့”ဟု ဦးစိုးဌေးက ပြော သည်။

မစုထက်ဝိုင်း၏ မိခင်နှင့် အစ်မဖြစ်သူတို့မှာ ပြီးခဲ့သည့် အောက်တိုဘာလက လွတ်ငြိမ်းခွင့်ဖြင့်ပြန်လည် လွတ် မြောက်လာသော်လည်း မိသားစုဝင်များ တကွဲတပြားဖြင့် တိမ်းရှောင်နေကြရသည်။

“ အိမ်မှာတုန်းကတော့ ညအိပ်ခါနီးဆိုရင် သူ့အမေနားရွက်လေးပွတ်ပြီးမှ အိပ်တတ်တာပေါ့။ အခုတော့ညဆို နားရွက်လေးကိုင်ပြီး ဖျတ်ကနဲ ဟိုဘက်လှည့်သွားပြီး မအိပ်တော့ဘူးပေါ့နော်။ ပြီးတော့အသံမထွက်ဘဲ မျက်ရည်ကျနေတတ်တာပေါ့။ အဲ့လိုရက်တွေက အများကြီးပဲ။ တစ်ရက်နှစ်ရက်လည်းမဟုတ်ဘူး” ဟု ဦးစိုးဌေး က ဆိုသည်။

စစ်ကောင်စီတပ်များက အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်သည့်နိုင်ငံ့ဝန်ထမ်းများ၊ သပိတ် ခေါင်းဆောင်များအပါအဝင် ၎င်းတို့ကို ဆန့်ကျင်သူများအား ဖမ်းမမိသည့်အခါ မိသားစုဝင်များကို ဓားစာခံ အဖြစ်ဖမ်းဆီးလေ့ရှိပြီး ကလေးသူငယ်များပင် မချန်ဖမ်းဆီးနေသည်။

ရန်ကုန်မြို့မှ အသက် ၇ နှစ်အရွယ် ကလေးတစ်ဦးမှာလည်း မစုထက်ဝိုင်းကဲ့သို့ပင် စစ်ကောင်စီတပ်များ၏ ဖမ်းဆီး ခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသော်လည်း မိခင်ရင်ငွေ့နွေးနှင့်ဝေးကွာနေရသည်။

သင်္ဃန်းကျွန်းပို့စ်သတင်းဌာန အယ်ဒီတာမထက်ထက်နှင့် သတင်းထောက်ကိုဝေလင်းယုတို့ကို စစ်ကောင်စီ တပ်များက လာရောက်ဖမ်းဆီးချိန် မထက်ထက်၏ သမီးဖြစ်သူ အသက် ၇ နှစ်အရွယ်ကလေးကိုပါ ဖမ်းဆီး သွားခဲ့ပြီး လှိုင်သာယာစစ်ကြောရေးတွင် နှစ်ရက်ကြာခေါ်ယူမေးမြန်းခဲ့သည်။

မိခင်ဖြစ်သူ မထက်ထက်၊ မထက်ထက်၏ညီမနှင့် ကိုဝေလင်းယုတို့ စစ်ကောင်စီတပ်များ၏ ဖမ်းဆီးခံရချိန် ရိုက်နှက်ခံရသည်ကို ကလေးက မြင်တွေ့ခဲ့ရသည်။

“ ဦးဝေလင်း အရိုက်ခံရတယ်၊ မေမေထက်ထက်အရိုက်ခံရတယ်၊ မမနှင်းနှင်းအရိုက်ခံရတယ်၊ သမီးကိုတော့ မရိုက်ဘူး။ ကလေးက အဲ့လိုပြောတယ်” ဟု မိသားစုနှင့် နီးစပ်သည့် သတင်းရင်းမြစ် မဖြူဖြူ (အမည်လွှဲ) က ဆိုသည်။

စစ်ကောင်စီက ကလေးကို စစ်ကြောရေးတွင် နှစ်ရက်ကြာခေါ်ယူမေးမြန်းပြီးနောက် ပြန်လွှတ်ပေးခဲ့ပြီး မိခင်ဖြစ် သူ အယ်ဒီတာမထက်ထက်နှင့် သတင်းထောက်ကိုဝေလင်းယုတို့ကို ဖောက်ခွဲရေးဆိုင်ရာ ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ထားခဲ့သည်။

စစ်ကြောရေးတွင် စစ်ကောင်စီတပ်များက လက်နက်ပစ္စည်းများနှင့်ပတ်သက်ပြီး ကလေးကို ခေါ်ယူမေးမြန်း ခဲ့သည်။

“ စစ်ကြောရေးထဲ ကလေးကို မေကြီးဆီမှာ သေနတ်တွေတွေ့လား။ မေကြီးက သေနတ်တွေ ဝယ်တာ တွေ့ လားလို့ မေးတယ်။ ကလေးက မေကြီး သမီးကို တစ်ခါမှဝယ်မပေးဖူးဘူး။ သမီးလည်း သေနတ်တစ်ခါမှ မမြင် ဖူးဘူးလို့ ပြန်ပြောတယ်။ ရိုက်နှက်တာတော့ မရှိဘူး” ဟု မဖြူဖြူက ပြောသည်။

ကလေးမှာ စိတ်ခံစားချက်ကို အလွယ်တကူမဖော်ပြတတ်သော်လည်း မိခင်ဖြစ်သူ ပြန်လွတ်မြောက်လာမည့် နေ့ကို မျှော်လင့်တကြီး စောင့်စားနေတတ်သည်။

ပြီးခဲ့သည့် သီတင်းကျွတ်ကာလတွင် စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားအချို့ကို လွတ်ငြိမ်းခွင့်ဖြင့် လွှတ်ပေး ခဲ့ရာ မိခင်ဖြစ်သူ ပြန်လွတ်လာမလားဟု မျှော်လင့်ခဲ့သေးသည်။

အင်းစိန်ထောင်ရှေ့တွင် လူအုပ်ကြီးထဲတိုးဝှေ့ကာ မိုးလင်းမှမိုးချုပ်အထိ သုံးရက်တိုင် သွားရောက်စောင့် ကြို ခဲ့သော်လည်း လွတ်မြောက်လာသည့်အထဲတွင် မိခင်ဖြစ်သူမပါဝင်ခဲ့ပေ။

“ မနက်အစောကြီးထပြီးတော့ နိုးတာနဲ့ သွားမယ်လေ ထောင်ကို မေကြီးများ လွတ်မလားလို့ဆိုပြီး အဲ့ခံစားချက် လေးတော့ သူ ရှိတာပေါ့” ဟု မဖြူဖြူက ပြောသည်။

“ဘုရားရှိခိုးရင်တောင် မေကြီးမြန်မြန်လွတ်ပါစေလို့ ဆုတောင်းတတ်တယ်” ဟု ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ စာရင်းပြုစုချက်အရ စစ်အာဏာ သိမ်းလိုက် သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၂ဝ ရက်နေ့အထိ အာဏာသိမ်းစစ်ကောင်စီ၏ ဓားစာခံဖမ်း ဆီးခံရသည့် ကလေးငယ် ၂၉ ယောက်ရှိပြီး ၁၉ ယောက်မှာ ဖမ်းဆီးခံထားရဆဲဖြစ်သည်။

ယင်းအရေအတွက်မှာ AAPPမှ လက်လှမ်းမီသလောက် ကောက်ယူနိုင်ခဲ့သည့်အရေအတွက်သာဖြစ်ပြီး အမှန် တကယ် ဓားစာခံဖမ်းဆီးခံရသည့် ကလေးအရေအတွက်မှာ ပိုများနိုင်ကြောင်း AAPP က ဆိုသည်။

စစ်ကောင်စီတပ်များ၏ ဓားစာခံဖမ်းဆီးခံရသည့်အထဲ အသက်အငယ်ဆုံးကလေးမှာ မန္တလေးတိုင်း၊မြင်းခြံမြို့မှ အသက် ၉ လအရွယ်ကလေးဖြစ်ပြီး ဖခင်ကို ဖမ်းမမိသည့်အတွက် မိခင်နှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း AAPP က စာရင်းကောက်ယူရရှိထားသည်။

အရပ်သားအစိုးရလက်ထက် ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ဦးဆောင်ခဲ့သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်း၏ သားဖြစ်သူအသက် ၇ နှစ်အရွယ် ကလေး မှာ မိခင်နှင့်အတူ ဖမ်းဆီးခံထားရပြီး ခြောက်လကျော်သည်အထိ စစ်ကောင်စီက မည့်သည့်နေရာတွင် ဖမ်းဆီး ထားသည်ကို မသိရပေ။

စစ်ကောင်စီတပ်က ဖမ်းဆီးလိုသည့် ရန်ကုန်မြို့က CDM စည်ပင်သာယာရေးဌာနဝန်ထမ်းတစ်ဦးကို ရှာမတွေ့ သည့်အတွက် ယင်းဝန်ထမ်း၏ ဇနီး၊ ၂ နှစ်အရွယ်သမီးနှင့် ယောက္ခမဖြစ်သူတို့ကို ဓားစာခံဖမ်းဆီးခဲ့သည်။

ခင်ပွန်းဖြစ်သူမှာ PDF သင်တန်းဆင်းတပ်ဖွဲ့ဝင်ဖြစ်သည်ဟု စွပ်စွဲချက်ဖြင့် ပြည်မြို့မှ CDM ကျောင်းဆရာမ ဒေါ်ယုယုအောင်ကို သူမ၏ တစ်နှစ်အရွယ်သားငယ်နှင့်အတူ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်တုန်းက စစ်ကောင်စီတပ်များက ဓားစာခံဖမ်းဆီးသွားခဲ့သေးသည်။

ထားဝယ်မြို့တွင်လည်း CDM သူနာပြုဆရာမ မဖြူပြာအောင်ကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးရာ မတွေ့၍ အသက် ၁၆ နှစ်နှင့် အသက် ၁၄ နှစ်အရွယ် ၎င်း၏မောင်နှစ်ဦးကို ဓားစာခံလုပ်ကာ နိုဝင်ဘာလ ၁၂ ရက်က ရိုက်နှက်ခေါ်ဆောင်သွားပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။

စစ်ကောင်စီတပ်များ၏ ဓားစာခံဖမ်းဆီးခံရသည့် ကလေးများမှာ ကြမ်းတမ်းစွာပြုမှုဆက်ဆံခံရမှု၊ ဖမ်းဆီးအချုပ် ချခံရမှု၊ မိဘဆွေမျိုးများကို မျက်စိရှေ့တွင် ရိုက်နှက်ဖမ်းဆီးမှု အစရှိသော အရွယ်ရောက်ပြီးသူများပင် ထိတ် လန့် တုန်လှုပ်ရသည့် အခြေအနေများဖြင့် ကြုံတွေ့နေရခြင်းဖြစ်သည်။

နားလည်နိုင်စွမ်းနည်းပါးသေးသည့် ကလေးငယ်များအနေဖြင့် ယင်းအခြေအနေများကို ကြုံရသည့်အခါ ခံစား ချက်ကို ထုတ်ဖော်ပြသကာ ရင်ဖွင့်တိုင်ပင်နိုင်စွမ်းမရှိသေးဘဲ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားရလေ့ရှိကြောင်း အမေရိကန်ပြည်ထောင်စုမှ စိတ်ကျန်းမာရေးကုစားရေးပညာရှင် မဂျူးဂျူးမင်းသူက ဆိုသည်။

အိပ်မက်ဆိုးများမက်ခြင်း၊ အိပ်ယာထဲတွင် အပေါ့စွန့်မိခြင်း၊ ကြောက်စိတ်ကြောင့် ဖြစ်ပေါ်လာသည့် စိုးရိမ်ပူပန်မှု မှတဆင့် စာပေသင်ယူနိုင်မှုနှင့် လူမှုပေါင်းသင်းဆက်ဆံရေးတို့ကို နှောင့်နှေးစေခြင်းစသည့် နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားရနိုင်ပြီး မှန်ကန်ထိရောက်သည့် နည်းလမ်းဖြင့် အချိန်မီပြန်လည်ကုစားနိုင်ခြင်းမရှိပါက ကလေးဘဝဖွံ့ဖြိုးတိုးတက်မှုမှ ဘဝတလျှောက်ဖွံ့ဖြိုးတိုးတက်မှုကိုပါနှောင့်နှေးစေနိုင်ကြောင်း University of Hawaii မှ ပရော်ဖက်ဆာလည်းဖြစ်သည့် စိတ်ကျန်းမာရေးကုစားရေးပညာရှင် မဂျူးဂျူးမင်းသူက ပြောသည်။

“ ဦးနှောက်ဖွံ့ဖြိုးမှုနှောင့်နှေးစေတဲ့အပြင် ခန္ဓာကိုယ်ကလည်း စိတ်ဒဏ်ရာရပြီဆိုလို့ရှိရင်နာကျင်မှုတွေကို သွား သိမ်းထားမိတယ်။ ကလေးဘဝက ဖြစ်စဉ်တွေက ကြီးလာတဲ့အထိ တောက်လျှောက်လိုက်လာတတ်ပြီးတော့ ခေါင်းကိုက်တဲ့ ရောဂါရှိတာတို့၊ သည်းခြေဖောက်သလိုမျိုး၊ နှလုံးဖောက်သလိုမျိုး၊ အတွေးအရမ်းလွန်ပြီးတော့ စိတ်ပူပန်မှုတွေ များတာတို့ ဖြစ်တတ်ပါတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ကလေးသူငယ်များကို ဥပဒေနှင့်အညီ ဘက်ပေါင်းစုံမှ ကာကွယ်စောင့်ရှောက်နိုင်ရေး ၁၉၉၃ ခုနှစ်တွင် ကလေးသူငယ်ဥပဒေကို အသစ်ပြန်လည်ရေးဆွဲခဲ့သည်။  ထိုသို့ရေးဆွဲပြီး ၂၆ နှစ်အကြာ၊ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို သမ္မတလက်မှတ်ထိုးကာ အတည်ပြုပြဋ္ဌာန်းခဲ့သည်။

ကုလသမဂ္ဂက ပြဌာန်းထားသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကွန်ဗင်းရှင်းကို ၁၉၉၁ ခုနှစ် သြဂုတ် လ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသည်။

ကလေးများကို ညှဉ်းပန်းနှိပ်စက်မှု၊ အရွယ်ရောက်ပြီးသူများနှင့် အတူတူရောကာ အကျဉ်းချမှု၊ မိဘများနှင့် အဆက်အသွယ်ဖြတ်တောက်မှုတို့ကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗန်းရှင်း (UNCRC) ၏ အပိုဒ် ၃၇ တွင်တားမြစ်ထားသည်။

အကယ်၍ ကလေးတစ်ဦးတွင် အပြစ်ရှိကြောင်း စွပ်စွဲခံရပါက တရားဥပဒေလမ်းကြောင်းအရ ရှေ့နေ ငှားရမ်း နိုင်ရေး စီစဉ်ပေးရပြီး အမှန်တကယ်လွန်ကျူးစွာ ကျူးလွန်သူကိုမှသာ ဖမ်းဆီးချုပ်နှောင်မှုလုပ်သင့်ကြောင်း UNCRC ၏ အပိုဒ် ၄ဝ တွင် ပါရှိသည်။

ကလေးတိုင်းတွင် အသက်ရှင်သန်မှုဆိုင်ရာအခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအခွင့်အရေး၊ ကာကွယ် စောင့် ရှောက်မှုဆိုင်ရာအခွင့်အရေးနှင့် ပါဝင်ဆောင်ရွက်မှုဆိုင်ရာအခွင့်အရေး “ရှင်၊ ဖွံ့၊ ကာ၊ ပါ” ဟူသည့် အဓိက ကျသော ကလေးအခွင့်အရေးဆိုင်ရာအချက်လေးချက်ကို ရရှိစေရေး UNCRC တွင် ဖော်ပြထားသော်လည်း ယင်းအချက်များအားလုံးကို စစ်ကောင်စီတပ်များက ချိုးဖောက်နေဆဲဖြစ်သည်။

စစ်အာဏာသိမ်းပြီးချိန်မှ ဒီဇင်ဘာလ ၇ ရက်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်ချက်ကြောင့် အသက် ၁၈ နှစ်မပြည့်သေးသည့် ကလေး ၁ဝ၄ ဦး သေဆုံးခဲ့ပြီး နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးသူအားလုံး၏ ၈. ၂ ရာခိုင်နှုန်းမှာ ကလေးများဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမျိုးသမီး၊ လူငယ်နှင့် ကလေး သူငယ်ရေးရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်ကောင်စီမှာ နိုင်ငံတကာလူ့အခွင့်အရေးအပြင် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာစံချိန်စံညွှန်း တို့ကိုပါ ချိုးဖောက်နေပြီး ကြီးမားသည့် ရာဇဝတ်မှုကို ကျူးလွန်သည့် အခြေအနေကို ရောက်ရှိနေကြောင်း အမျိုးသမီးနှင့် ကလေးသူငယ်အရေးလှုပ်ရှားဆောင်ရွက်နေသူ မမွန်းနေလီက သုံးသပ်ဝေဖန်လိုက်သည်။

ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးများအစည်းအရုံး (KWAT) အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် မမွန်းနေလီက “အခုဖြစ်ပျက်နေတဲ့ အခြေအနေကို ကြည့်မယ်ဆိုရင် ကလေးအခွင့်အရေးရဲ့ အရေးကြီးတဲ့ အပိုဒ်တွေနဲ့ ငြိစွန်းမှုကတော့ တော်တော်ဆိုးဆိုးဝါးဝါးဖြစ်နေတာ တွေ့ရတယ်။ ကလေးတွေကို ကာကွယ် စောင့်ရှောက်မှုမလုပ်ဘဲ လုံးဝကို မလုပ်သင့်မလုပ်ထိုက်တဲ့ ကိစ္စရပ်တွေ၊ ကြီးမားတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန် နေတဲ့ အခြေအနေတစ်ခုဖြစ်နေပါတယ်” ဟု ပြောသည်။

စစ်ရာဇဝတ်မှုများကို ကျူးလွန်ပြီး လူ့အခွင့်အရေး၊  ကလေးသူငယ်အခွင့်အရေးနှင့် နိုင်ငံတကာဉပဒေများကို ပြောင်ပြောင်တင်းတင်းဆက်လက်ချိုးဖောက်နေသည့် အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများနှင့် နောက်လိုက် အပေါင်းအပါများမှာ  ၎င်းတို့၏ လုပ်ရပ်အတွက် ထိုက်တန်သည့် အပြစ်ပေးခြင်းမှ ယနေ့တိုင်ကင်းလွတ်နေဆဲ ဖြစ်သည်။

“ သူတို့ကျူးလွန်ခဲ့တဲ့ အပြစ်တွေနဲ့ ထိုက်တန်တာ သေဒဏ်ပဲ ရှိတော့တယ်။ သိပ်မကြာခင်ကာလမှာ သူတို့နဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ခံရဖို့ မျှော်လင့်တယ်” ဟု စစ်ကောင်စီတပ်များ၏ ဓားစာခံဖမ်းဆီးခံခဲ့ရသည့် အသက် ငါး နှစ်အရွယ် မစုထက်ဝိုင်း၏ ဖခင် ဦးစိုးဌေးက ဆိုလေသည်။

Author:

Related Articles