ရှင်ငြိမ်း။ ။
လက်နက်ကိုင်စစ်သားနဲ့ရဲတွေ နေရာမလပ်စောင့်ကြည့်နေတဲ့ကြားထဲကလူငယ်တစုဟာ “ပြည်သူ့အာဏာ ပြည်သူပြန်ပေး” ဆိုတဲ့ကြွေးကြော်သံနဲ့အတူ ဒီဇင်ဘာ၅ နံနက်ခင်းမှာ လျှပ်တပြတ်သပိတ်ဆင်နွှဲဖို့ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်ထဲက ပန်းပင်ကြီးလမ်းမထက်မှာ စုဝေးလမ်းလျှောက်နေခဲ့ကြပါတယ်။
ရန်ကုန်ဆောင်းရဲ့နေပူပူအောက်မှာ အကြမ်းမဖက်ဘဲ ဆန္ဒဖော်ထုတ်နေကြတဲ့လူငယ်အုပ်ထဲကို အခြားသူတွေ ကလဲလမ်းကြားက အသီးသီးထွက်လာကြပြီးပူးပေါင်းတဲ့အတွက် ကြွေးကြော်သံဟာ ပိုလို့ကျယ်လောင် လာပါတယ်။
မကြာပါဘူး။ ဆန္ဒပြပွဲစပြီး မိနစ်အနည်းငယ်မှာပဲ စစ်ကားတစီးဟာ ဆန္ဒပြလူအုပ် နောက်ကျောကနေ အရှိန်ပြင်းပြင်းမောင်းဝင်လာပြီး လူအုပ်ကိုဝင်တိုက်လိုက်ပါတယ်။ ဆိုရှယ်မီဒီယာကနေ ပျံ့နှံ့လာတဲ့ ရုပ်သံဖိုင် တွေထဲမှာတော့ ကားနဲ့တိုက်ခံရတာကြောင့် ဆန္ဒပြသူတချို့သွေးအိုင်ထဲလဲကျနေပြီး ပြင်းထန်တဲ့ဒဏ်ရာတွေ ရခဲ့ဟန်လည်းရှိပါတယ်။
ကြွေးကြော်သံတွေနဲ့မြိုင်ဆိုင်ခဲ့တဲ့လမ်းမထက်မှာ ကားတိုက်မိလို့လဲကျကျန်ခဲ့သူတွေ၊ သွေးစွန်းနေတဲ့ မျက်မှန်၊ ဦးထုတ်၊ ဖိနပ်တွေနဲ့ သွေးကွက်တွေဟာ ဟိုနား၊ ဒီနားမှာစွန်းကျန်ရစ်ခဲ့တယ်။
ကနဦးသတင်းတွေမှာတော့ ဒီသတ်ဖြတ်မှုကြောင့် လူငယ်ငါးယောက်ကျဆုံးခဲ့တယ်လို့ဆိုပေမယ့် စစ်ကောင် စီဘက်ကတော့ သေဆုံးမှုမရှိဘူးလို့ ငြင်းဆိုထားပါတယ်။
လူသေဆုံးမှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ငြိမ်းချမ်းစွာဆန္ဒပြထုတ်ဖော်နေတဲ့ နိုင်ငံသားတွေကို ကိုယ့်နိုင်ငံ ရဲ့စစ်တပ်က ကားနဲ့တိုက်သတ်တဲ့သတင်းကတော့ မီဒီယာတွေကတဆင့် နိုင်ငံတကာထိအောင် ပျံ့နှံ့သွားခဲ့ ပါတယ်။
ယခင်ကတော့ နိုင်ငံတကာသတင်းစာမျက်နှာတွေမှာ တွေ့ရလေ့ရှိတဲ့ လူအုပ်ကိုကားနဲ့တိုက်တယ်ဆိုတဲ့ သတင်းတွေက အကြမ်းသမား(ဒါမှမဟုတ်) အကြမ်းဖက်သမားတွေနဲ့ဆက်နွယ်နိုင်တဲ့သူတွေ ကျူးလွန်တဲ့ လုပ် ရပ်မျိုးဖြစ်ပါတယ်။ နိုင်ငံတခုရဲ့စစ်တပ်က ကိုယ့်ပြည်သူတွေကို ပြန်ပြီးကားနဲ့တိုက်ပြီး ဖမ်းဆီးဖို့ကြိုးစားတဲ့ ပန်းပင်ကြီးလမ်းကဖြစ်ရပ်မျိုးကတော့ ရှားပါးလှပါတယ်။
တမင်ရည်ရွယ်ပြီး လူအုပ်ထဲကားနဲ့ဝင်တိုက်တဲ့အကြမ်းဖက်မှုဟာ ဥရောပတလွှားမှာ တနေ့တခြား မြင့်တက် လာတဲ့ အကြမ်းဖက်မှုပုံစံဖြစ်လာခဲ့ပါတယ်။ အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့တွေကတော့ အဆိုပါနည်းလမ်း ဟာ အသေခံဗုံးခွဲတာထက်ပိုပြီးကာကွယ်ရခက်တဲ့အကြမ်းဖက်သမားတွေသုံးတဲ့ နည်းလမ်းလို့ဆိုကြပါတယ်။
ထင်ရှားတဲ့ လူအုပ်ထဲကားနဲ့တမင်ဝင်တိုက်တဲ့အကြမ်းဖက်မှုကတော့ လူ ၉၀ နီးပါးသေဆုံးခဲ့တဲ့ ပြင်သစ်နိုင်ငံ နိစ် မြို့မှာ ၂၀၁၆ ဇူလိုင်လမှာ ကုန်တင်ကားနဲ့ဝင်တိုက်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပါတယ်။
ပန်းပင်ကြီးလမ်းဖြစ်ရပ်ရုပ်သံကိုမြင်တွေ့ရပြီးနောက် လူတချို့ဟာ ဝမ်းနည်းဒေါသထွက်ခဲ့ကြပြီး လူတယောက် ရဲ့လွတ်လပ်ခွင့်အပေါ်ဒီလောက်အထိလုပ်ရသလားလို့လည်း Facebook ကနေတဆင့် မေးခွန်းထုတ်နေ ပါတယ်။
အကြမ်းမဖက်ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေတဲ့ပြည်သူတွေကို စစ်တပ်က သေစေလောက်တဲ့အထိ အင်အား အလွန်အကျွံသုံး ဖြိုခွင်းမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် လူ့အခွင့်အရေးတက် ကြွလှုပ်ရှားသူများ၊ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်သူတရပ်လုံးကပါ အပြင်းအထန်ဝေဖန် ရှုတ်ချခဲ့ပါတယ်။
အခုလိုအမျိုးသမီးတွေအပေါ်မှာ အကြမ်းဖက်ဖမ်းဆီး၊ သတ်ဖြတ်ချေမှုန်းမှုတွေက မြန်မာနိုင်ငံကလက် မှတ်ထိုးထားတဲ့အမျိုးသမီးများအပေါ်နည်းမျိုးစုံဖြင့်ခွဲခြားထားမှုပပျောက်ရေးဆိုင်ရာခွဲခြားထားမှုသဘောတူစာချုပ် (CEDAW) ပါအချက်တွေကို မထီမဲ့မြင်ပြုနေတာပဲဖြစ်တယ်။
ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကလည်း လွတ်လပ်စွာစုဝေးခွင့်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်တို့ဟာ နိုင်ငံသားတွေရဲ့အခြေခံအခွင့်အရေးတရပ်ဖြစ်လို့ အခုလိုအကြမ်းဖက်ကျူးလွန်မှုက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါအချက်တွေကို လိုက်နာမှုမရှိဘဲ ပြောင်ပြောင်တင်း တင်းချိုးဖောက်နေတာလို့ ထောက်ပြခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရကလည်း စစ်တပ်ဟာအခုလိုသတ္တိကြောင်ပြီး ယုတ်မာရိုင်းစိုင်းတဲ့ ပြစ်မှုမျိုးကို ကျူးလွန်ခဲ့တာက ယခုအကြိမ်ကပထမဆုံးအကြိမ်မဟုတ်ပါလို့ ထုတ်ဖော်ပြောဆိုလာပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက်က မြိတ်မြို့မှာ ဆန္ဒပြသူတယောက်ကားနဲ့ဝင်တိုက်ပြီးဖမ်းဆီးခံခဲ့ရပါတယ်။ မြစ်ကြီးနားမှာလည်း တက်ကြွလှုပ်ရှားသူ မဆိုင်းနူးပန်နဲ့ ကိုလွမ်းဇောင်းအပါအဝင် ၃ ယောက်ကို စစ်တပ်က သေနတ်နဲ့ ပစ်၊ ကားနဲ့တိုက်ပြီး ဖမ်းဆီးခဲ့တာပါ။
ဆိုင်ကယ်နဲ့ဆန္ဒပြနေတဲ့မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်လည်း အလားတူကားနဲ့တိုက်ပြီး ဖမ်းဆီးခဲ့သလို ဆိုင်ကယ်လဲသွားချိန်မှာ ဝိုင်းရိုက်ခဲ့ပါသေးတယ်။
လွန်ခဲ့တဲ့အောက်တိုဘာ ၂ ရက်က မန္တလေးမြို့မှာ LGBT အရေးတက်ကြွလှုပ်ရှားသူတယောက်ဖြစ်တဲ့ မစူးရှရှင်းသန့်ကို ဆိုင်ကယ်မောင်းနေစဉ် ကားနဲ့တိုက်ကာ ဖမ်းဆီးခေါ်သွား တဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
ဒါကြောင့်စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေဟာ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ၊ လူ့အခွင့်အရေး ဆုံးရှုံးရမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးလေ့လာသူတွေက ဝေဖန်ထောက်ပြကြ တယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ကတော့ “စစ်အာဏာရှင်တွေ အာဏာသိမ်းဖို့ကြိုးစားနေတဲ့ ကာလပတ်လုံးမှာတော့ ဘယ်သူမှလုံခြုံမှုမရှိဘူး။ ဒါပေမဲ့တိုးမြှင့်လာတဲ့ စစ်တပ်ရဲ့စစ်ဆင်ရေးလုပ်ငန်းထဲမှာ အမျိုးသမီးတွေက ပိုမိုပြီးတော့၊ လုံခြုံမှုကင်းမဲ့ ပြီးတော့ လိင်ပိုင်းဆိုင်ရာ ပိုပြီးတော့ အန္တရာယ်ကျရောက်ပါတယ်” လို့ ရှင်းပြပါတယ်။
ပန်းပင်ကြီးလမ်းဖြစ်စဉ်မှာဆိုရင် အမျိုးသမီးသတင်းထောက်တဦးဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီး အရေးပေါ်ဆေးဝါးကုသမှုခံယူနေရဆဲဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသူတယောက်ကတော့ “စစ်အာဏာသိမ်းတဲ့နေ့စပြီး စစ်တပ်လက်ချက်နဲ့ လူတွေသေတယ်။ အဖမ်းခံရတယ်။ ဒါ့အပြင်ပိုဆိုးတာ သံပုံးတီးလို့ဆိုပြီး အမျိုးသမီးတွေကို ကခိုင်းတာ၊ အမျိုးသမီးချည်း ပဲရှိတဲ့အိမ်ကို ဧည့်စာရင်းဆိုပြီး အတင်းဝင်ရောက်တာ၊ အရှက်ရအောင်လုပ်တာတွေ အများကြီးပဲ ”လို့ ရှင်းပြပါတယ်။
လူ့အခွင့်အရေးကြေညာစာတမ်းကို အတည်ပြုထောက်ခံခဲ့တဲ့မြန်မာနိုင်ငံက စာတမ်းပါအပိုဒ် ၂၈ နဲ့ ၃၀ မှာဖော်ပြထားတဲ့ လူတိုင်းဟာ ဒီစာတမ်းပါအခွင့်အရေးတွေကို လေးစားရမယ်။ မည်သူမျှမချိုးဖောက်ရဆိုတဲ့ အချက်ကို စစ်တပ်က မထီမဲ့မြင် ပြုနေတာလို့ သူကဆိုပါတယ်။
ယခုနှစ်လာမယ့်ဒီဇင်ဘာ ၁၀ ရက်ဟာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်ပြီး လူအခွင့်အရေးကြေညာ စာတမ်းကို အတည်ပြုထုတ်ပြန်ခဲ့တဲ့ ၇၃ နှစ်မြောက်နေ့ဖြစ်ပါတယ်။
လူ့အခွင့်အရေးဆိုသည်မှာ လူသားအားလုံးနဲ့ သက်ဆိုင်ပြီး မည်သူအပေါ်မှာ မည်သည့်အကြောင်းကြောင့်နဲ့မှ ခွဲခြားခြင်း မပြုရလို့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁ နဲ့ ၂ မှာ ရေးသား ဖော်ပြထားပါတယ်။
တကမ္ဘာလုံးမှာရှိတဲ့လူသားတွေရဲ့ လွတ်လပ်ခွင့်နဲ့ အခွင့်အရေးတွေကို ဖော်ပြထားတဲ့အပိုဒ် ၃၀ ပါ အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးကြေငြာစာတမ်းကို အတည်ပြုပြဌာန်းနိုင်ခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ခဲ့တာပါ။
ကုလသမဂ္ဂအဖွဲ့ဝင် ၅၆ နိုင်ငံရှိသည့်အနက် ကြေညာစာတမ်းထုတ်ပြန်ဖို့အတည်ပြုထောက်ခံခဲ့တဲ့အဖွဲ့ဝင် ၄၈ နိုင်ငံထဲမှာ ကိုလိုနီလက်အောက်မှ လွတ်မြောက်ခါစဖြစ်တဲ့မြန်မာနိုင်ငံလည်း ပါဝင်ခဲ့တယ်။
ဒီဇင်ဘာ ၁၀ ရက်နေ့ရောက်တိုင်း ကမ္ဘာတဝှမ်းကပြည်သူတွေဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့လှုပ်ရှားမှု တွေကို နှစ်စဉ်ကျင်းပကြသလို မြန်မာနိုင်ငံမှာလည်း မြိုင်မြိုင်ဆိုင်ဆိုင်လုပ်ဆောင်လေ့ရှိတယ်။
ယခုနှစ်မြန်မာနိုင်ငံမှာတော့ လူ့အခွင့်အရေးနေ့ကျင်းပရမယ့်အစား လူ့အခွင့်ရေးချိုးဖောက်မှုတွေ၊ စစ်အာဏာ ရှင်ရဲ့ ရာဇဝတ်မှုကျူးလွန်တာတွေကို တနိုင်ငံလုံး၊ လူတိုင်းလိုလိုတွေ့ကြုံခံစားနေကြရတယ်။
ဝန်ကြီး ဦးအောင်မျိုးမင်းကတော့ “လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူ့အခွင့်အရေးဆုံးရှူံးမှုတွေက တနိုင်ငံလုံးမှာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ ပိုမိုဆိုးရွာလာတယ်။ အထူးသဖြင့်နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေကိုဖမ်းဆီးတဲ့အခါမှာ တကယ့်ကိုရက်ရက်စက်စက်နဲ့ ဖမ်းဆီးမှုတွေ၊ နောက်အမျိုးသမီးမှန်း သိရဲ့သားနဲ့ လိင်ပိုင်းဆိုင်ရာအသားယူပြီးတော့ ဖမ်းဆီးကိုင်ဆွဲပြီးတော့ ပြောဆိုတာလုပ်ဆောင်တာတွေ ရှိခဲ့တယ်”လို့ ရှင်းပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနရဲ့အစီရင်ခံစာမှာ လည်း စစ်အုပ်ချုပ်ရေးအောက်မှာ အမျိုးသမီးတွေဟာ အသက်ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုအမျိုးမျိုးကိုလည်း ကျူးလွန်ခံနေရတယ်လို့ ဆိုထားပါတယ်။
စစ်ကိုင်းတိုင်းမှာ စိတ်ပိုင်းဆိုင်ရာချို့တဲ့နေတဲ့ အမျိုးသမီးတယောက်ကို စစ်တပ်မှ အုပ်စုဖွဲ့အဓမ္မပြုကျင့်တာ၊ မန္တလေးမှာလည်း အသက် ၅ နှစ်အရွယ်မိန်းကလေးကို စစ်တပ်ကဖမ်းဆီးခဲ့တယ်လို့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးတွေဟာ အာဏာသိမ်းစစ်တပ်ကို အလိုမရှိကြောင်း ဆန့်ကျင် ဆန္ဒပြတဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်လှုပ်ရှားခဲ့ကြတယ်။
တချို့အမျိုးသမီးတွေဆိုရင် သပိတ်စစ်ကြောင်းတွေမှာသာမက အကြမ်းဖက်စစ်တပ်ကို ခုခံတော်လှန်ရာမှာ ပါဝင်သလို တချို့က သံတမန်ရေး၊ နိုင်ငံရေးတွေမှာလည်း တက်တက်ကြွကြွနဲ့ ပါဝင်ကြတဲ့အတွက် သူတို့တွေ ရဲ့လုံခြုံရေးဟာ အထူး စိုးရိမ်စရာပါပဲ။
အကြောင်းကတော့ အခုလိုနေရာကဏ္ဍအသီးသီးမှာ ပါဝင်နေကြတဲ့အမျိုးသမီးလေးတွေကို အာဏာသိမ်း စစ်တပ်က ဖမ်းဆီးတဲ့အခါမှာ လမ်းမတွေထက်မှာ လိင်ပိုင်းဆိုင်ရာလှောင်ပြောင်ပြောဆိုတာ၊ အရှက်ရအောင် လုပ်တာ၊ အကြမ်းဖက်ရိုက်နှက်မှုတွေကြောင့်ပဲ ဖြစ်တယ်။
ပြီးခဲ့တဲ့ဇွန်လ ၁၄ရက်က ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ စိန်ရွှေကုန်းရွာ မူလတန်းကျောင်းမီးလောင်တာကို စစ်တပ်က အရပ်သားတွေခေါ်ပြီး ရိုက်နှက်စစ်ဆေးရာမှာ ကိုယ်ဝန်နှစ်လရှိတဲ့အမျိုးသမီးကို ရိုက်ခဲ့လို့ ကိုယ်ဝန်ပျက်ကျခဲ့ရတယ်။
နောက်အဲ့ဒီလ ၂၃ ရက်မှာလည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အကြမ်းဖက်စစ်တပ်က သေနတ်နဲ့ပစ်ခတ် ဖမ်းဆီးမှုကြောင့် အမျိုးသမီးတယောက်သွေးလွန်သေဆုံးရတဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့တယ်။
ဒါတွေဟာ လူခွင့်အရေးကြေညာစာတမ်းမှာပါတဲ့ လူတိုင်း အသက်ရှင်လုံခြုံခွင့်ရှိရမယ်။ ဘယ်သူ့ကိုမှ မတရားနှိပ်စက်တာ၊ လူမဆန်စွာဆက်ဆံခြင်းမရှိရဆိုတဲ့ အချက်တွေနဲ့ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB အတွင်းရေးမှူး နော်ဆဲဆဲက “စစ်အာဏာရှင်လက်ထက်မှာ အမျိုးသမီးတွေ ရဲ့အခွင့်အရေးတွေချိုးဖောက်ခံရမှုက ယခင်ကထက် ၂ ဆ၊ ၃ ဆပိုဆိုးတယ်။ လွန်ခဲ့တဲ့နှစ် ၇၀ ကတည်းက ပဋိပက္ခဖြစ် တဲ့တိုင်းရင်းသားဒေသက အမျိုးသမီးတွေကို ဓါးစာခံလုပ်တာ၊ ပေါ်တာဆွဲတာနဲ့ မုဒိမ်းကျင့်တာတွေလုပ်တာလည်း ဒီ အကြမ်းဖက်စစ်တပ်ပဲ”လို့ ပြောပါတယ်။
ယခင်ကတည်းက တိုင်းရင်းသားဒေသတလျှောက်မှာ စစ်တပ်အနေနဲ့ တိုင်းရင်းသားအမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို လက်နက်သဖွယ်အသုံးပြုခဲ့ကြပါတယ်။ လက်နက်ကိုင် ပဋိပက္ခဒေသ အတွင်းမှာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုက အမျိုးသမီးတွေကို ပိုပြီးထိခိုက်စေတဲ့ပြစ်မှု ဖြစ်တယ်လို့ ဝန်ကြီး ဦးအောင်မျိုးမင်းကလည်း ရှင်းပြပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်တဲ့ဖေဖော်ဝါရီ ၁ ရက်ကစလို့ ဒီဇင်ဘာ ၃ ရက်အထိ အသက်ပေးသွားရတဲ့ အမျိုးသမီးစုစုပေါင်း (၉၁) ယောက်ရှိပြီး (၁၄၀၁) ယောက်ကတော့ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ် တယ်လို့ WLB စုဆောင်းထားတဲ့မှတ်တမ်းတွေအရ သိရပါတယ်။
တချိန်ထဲမှာပဲ ဖမ်းဆီးခံရတဲ့အမျိုးသမီးတွေ၊ နွေဦးတော်လှန်ရေးရဲမေတွေဟာ စစ်ကြောရေးတွေမှာ နှိပ်စက်ညှင်းပန်းခံနေရပြီး လိင်ပိုင်းဆိုင်ရာနှိပ်စက်ညှင်းပန်းမှုတွေရှိတယ်ဆိုတဲ့ အထောက်အထားတွေ ရရှိထား တယ်လို့ ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
အမျိုးသမီးတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် စစ်တပ်ရဲ့ပစ်မှတ်ထားခြင်းကိုခံရပြီး လိင်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုတွေရှိနေကြောင်းကို လူမူကွန်ယက်စာမျက်နှာတွေပေါ်မှာတက်လာတဲ့ မူရင်း ရုပ်သွင်ပျောက်လောက်အောင်နှိပ်စက်ခံထားရဲ့ဓါတ်ပုံတွေက သက်သေထူနေပါတယ်။
တချို့အမျိုးသမီးတွေဆိုရင် ထောင်ထဲမှာဆိုးဝါးလွန်းတဲ့အဖြစ်အပျက်တွေ တွေ့ကြုံခံစားခဲ့ရတာကြောင့် ပြန်လည်လွတ်မြောက်လာတဲ့အခါ ထောင်တွင်းအဖြစ်အပျက်တွေကို ပြန်မပြောချင်လောက်အောင်အထိ စိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင် ခံစားခဲ့ကြရတယ်။
လက်ရှိအချိန်မှာ အမျိုးသမီးတွေအကြမ်းဖက်ခံနေရတာတွေအတွက် တရားမျှတမှုရဖို့ခက်ခဲပေမယ့်
စစ်တပ်ရဲ့အကြမ်းဖက်ကျူးလွန်မှုတွေကို မှတ်တမ်းတင်ထားတယ်လို့ ဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။
ဒီအချက်အလက်တွေက အာဏာသိမ်းစစ်တပ်ကို ဘယ်လိုမှအသိအမှတ် မပြုဘဲ အာဏာသိမ်းမှုကနေ ဖယ်ရှားနိုင်ဖို့အတွက် လိုအပ်တဲ့နိုင်ငံတကာသံတမန်ရေး၊ စီးပွားရေး၊ လက်နက်ရောင်းဝယ် ရေးစတဲ့ကဏ္ဍ အားလုံး ဖြတ်တောက်ဖို့အတွက်တောင်းဆိုတဲ့ နေရာမှာအဓိကအရေးပါတဲ့ အကြောင်းအရာတရပ်အနေနဲ့ အသုံးပြုလျှက်ရှိတယ်လို့ သူက ဆိုပါတယ်။