Home ဆောင်းပါးသတင်းဆောင်းပါး “အမျိုးသမီးတွေမပါရင် ဒီတိုက်ပွဲကမအောင်နိုင်ပါဘူး”

“အမျိုးသမီးတွေမပါရင် ဒီတိုက်ပွဲကမအောင်နိုင်ပါဘူး”

ခင်ဘုန်းမို့။ ။

“မုဒိမ်းမှုသည်ပြုသူ၏ အပြစ်သာဖြစ်သည် ငါတို့ရဲ့ဝတ်စားဆင်ယင်မှုနှင့်မဆိုင်”

“ဝတ်ချင်တာဝတ်မယ် မုဒိမ်းလာမကျင့်နဲ့” ဆိုတဲ့ဆောင်ပုဒ်တွေနဲ့ ထဘီအလံတွေကို ကိုင်ဆွဲကာ အင်အားအပြည့်နဲ့ချီတက် နေကြတဲ့ သပိတ်စစ်ကြောင်းတွေကို နိုဝင်ဘာလအစက မြန်မာပြည်အထက်ပိုင်းက မြို့နယ်တချို့နဲ့ ကျေးရွာတွေမှာ အမျိုး သမီးတွေဦးဆောင်ကာချီတက်ခဲ့ကြပါတယ်။

သနပ်ခါးပါးကွက်ကြားလိမ်းခြယ်ကာ ကြွေးကြော်သံကိုအားမာန်အပြည်နဲ့ လက်သီးဆုပ်ရင်း ကြွေးကြော်နေတဲ့ အမျိုးသမီး တွေ၊ စံပါယ်ပန်းပန်ထားတဲ့အမျိုးသမီးတွေအပြင် ကလေးငယ်ချီထားတဲ့ အမျိုးသမီးတွေကစလို့ အသက်(၆၀)ကျော်အရွယ် အမျိုးသမီးကြီးတွေအထိ အသက်အရွယ်စုံအမျိုးသမီးတွေကို ဒီသပိတ်စစ်ကြောင်းတွေမှာ တွေ့နိုင်ပါတယ်။

ဒါဟာစစ်အာဏာသိမ်းပြီးကိုးလကြာတဲ့အထိ အားကောင်းနေဆဲဖြစ်တဲ့ အမျိုးသမီးထုဦးဆောင်တဲ့ သပိတ်စစ်ကြောင်း တွေပါ။

အမျိုးသမီးသပိတ်တွေမှာ တပ်ဦးအလံနဲ့ဆောင်ပုဒ်စာသားတွေကို အမျိုးသမီးတွေကရှေ့တန်းကကိုင်ဆောင်ကာ ကြွေး ကြော်သံတွေကို အမျိုးသမီးတွေကတိုင်ပေးပြီး အမျိုးသမီးထုကဦးဆောင်ချီတက်ကြပါတယ်။

အမျိုးသမီးထုဦးဆောင်တဲ့ အမျိုးသမီးသီးသန့်သပိတ်တွေဟာ စစ်အာဏာသိမ်းပြီး(၅)လအကြာ ဇူလိုင်လက စတင်ပေါ် ပေါက်ခဲ့တာပါ။

“အမျိုးသမီးတွေမပါရင် ဒီတိုက်ပွဲကမအောင်နိုင်ပါဘူး”ဆိုတဲ့ မန္တလေးကသပိတ်စစ်ကြောင်းကအစပြုကာ ရန်ကုန်က “၂၁ရာစုရဲ့ ပန်ထွာဘုရင်မများ” သပိတ်စစ်ကြောင်း၊ “ပုခက်လွှဲသောငါတို့လက် အာဏာရှင်ကိုအမြစ်ဖြတ်”ဆိုတဲ့ ဆောင်ပုဒ်တွေ ကြွေးကြော်သံတွေနဲ့အတူ၊ မုံရွာ၊ ကလေး၊ ဒီပဲယင်း၊ တန့်ဆည်၊ ဂန့်ဂေါ၊ သရက်ချောင်း၊ ချင်းတွင်းမြစ် အနောက်ဘက်ကျေးရွာတွေမှာ အမျိုးသမီးသပိတ်တွေ ထွက်ပေါ်လာကြပါတယ်။

အမျိုးသမီးသပိတ်တွေမှာ ဖိနှိပ်ခံ၊ဖမ်းဆီးခံ အမျိုးသမီးရဲဘော်တွေရဲ့အခွင့်အရေး၊ ဆက်လက်တိုက်ပွဲဝင်ကြမယ့် တော်လှန် ရေးခံယူချက်တွေနဲ့ သက်ဆိုင်တဲ့ကြွေးကြော်သံတွေအပြင် အမျိုးသမီးတွေအပေါ် ဖိနှိပ်ဆက်ဆံမှုတွေ ခွဲခြားဆက်ဆံမှုတွေ ကို စစ်အာဏာရှင်နဲ့အတူ တွန်းလှန်တိုက်ထုတ်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အမျိုးသမီးတွေနဲ့ သက်ဆိုင်တဲ့ ကြွေးကြော်သံ တွေဆောင်ပုဒ်တွေကိုင်ဆောင်ကာ ချီတက်ကြတာဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေဟာရှေ့တန်းကရဲရဲတောက်ပါဝင်နေကြတာ ဖြစ်ပါတယ်။ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း အေအေပီပီ ရဲ့စာရင်းတွေအရ နိုဝင်ဘာလ ဒုတိယသတင်းပတ်အထိ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံရသူ ၁သောင်းကျော်ရှိခဲ့ပြီး ၇ထောင်ကျော်ဟာ ချုပ်နှောင်ခံနေရဆဲ ဖြစ်တယ်လို့ဆိုပါတယ်။ ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၇ထောင် ကျော်ထဲမှာ အမျိုးသမီး အရေအတွက်ဟာ ၁၉ ရာခိုင်နှုန်းနီးပါးရှိပြီး ၁၃၇၀ ဦးဖြစ်တယ်လို့ဆိုပါတယ်။

Photo Credit -Women Alliance Burma

ဒါ့အပြင် ဖမ်းဝရမ်းထုတ်ခံထားရသူ ၂ထောင်ကျော်မှာလည်း အမျိုးသမီးအရေအတွက်ဟာ ၄၀ ရာခိုင်နှုန်းအထိရှိတယ်လို့ အေအေပီပီ စာရင်းတွေကဆိုပါတယ်။

ရှေးရိုးစွဲအယူအဆတချို့ကြောင့် အမျိုးသမီးတွေဆိုတာ ဦးဆောင်သူမဖြစ်နိုင်ဘူး၊ နောက်လိုက်ပဲဖြစ်နိုင်တယ်စတဲ့ အမျိုး သမီးတွေအပေါ် နှိမ့်ချဆက်ဆံတာတွေရှိနေကြတဲ့အတွက် ဒါတွေကိုတွန်းလှန်ဖို့နဲ့ စစ်အာဏာရှင်ကို တွန်းလှန်ရာမှာ လည်း အမျိုးသမီးတွေကပါ ဦးဆောင်ပါဝင်နေကြောင်းကိုပြသဖို့ အမျိုးသမီးသပိတ်တွေ ထွက်ပေါ်လာတာဖြစ်တယ် လို့မုံရွာက အမျိုးသမီးသပိတ်စစ်ကြောင်းတွေမှာ ပါဝင်နေသူတစ်ဦးဖြစ်တဲ့ မမေသန့်ဇင်(အမည်လွှဲ)က ပြောပါတယ်။

မမေသန့်ဇင်ဟာ စစ်အာဏာစသိမ်းစဉ်ကတည်းက သပိတ်စစ်ကြောင်းတွေမှာပါဝင်ခဲ့တာဖြစ်ပြီး အခုလိုအမျိုးသမီး ထုဦးဆောင်တဲ့ သပိတ်စစ်ကြောင်းတွေ ပေါ်ပေါက်လာတော့လည်း နောက်ကျကျန်မနေဘဲ တက်တက်ကြွကြွပါဝင်နေသူပါ။

စစ်အာဏာသိမ်းစသပိတ်စစ်ကြောင်းတွေမှာပါဝင်တုန်းက လူအင်အားများတဲ့အတွက် သပိတ်စစ်ကြောင်းတွေမှာ ပူးပေါင်း ပါဝင်ရတာ မမေသန့်ဇင်အတွက် အခုလောက်စိုးရိမ်စိတ်တွေမရှိခဲ့ပါဘူး။

“သပိတ်စစ်ကြောင်းတွေစတင်တဲ့အခါမှာ စုရပ်နေရာမပေါက်အောင် အရမ်းသတိထားရပါတယ်။ စစ်ကောင်စီဘက်က စုရပ်တွေကို ကြိုမသိနိုင်တာများတဲ့အတွက်ကြောင့် စစ်ကြောင်းတွေအောင်အောင်မြင်မြင် ထွက်နိုင်တာများပါတယ်။ သပိတ်စစ်ကြောင်းပြီးမှသာ ရောက်လာပြီး ထွက်ခဲ့တဲ့နေရာကို ပိတ်စစ်တာ၊ တားစစ်တာတွေလုပ်ကြတယ်။ အဆိုးဆုံး အနေနဲ့ကတော့ ကားနဲ့တိုက်ပြီး သေနတ်နဲ့ပစ်ဖမ်းတာမျိုးကြုံခဲ့ရဖူးပါတယ်” လို့မမေသန့်ဇင်က သူ့အတွေ့အကြုံကို ပြောပြပါတယ်။

ဖေဖော်ဝါရီလတုန်းက သပိတ်စစ်ကြောင်းမစခင် စုဝေးနေကြတုန်းမှာ အဖမ်းခံခဲ့ရပြီး အဲ့ဒီညမှာပဲခံဝန်ထိုးပြီး ပြန်လွတ်ခဲ့ပါ သေးတယ်။

သပိတ်စစ်ကြောင်းတွေမှာအမြဲပါဝင်ပြီး တော်လှန်ရေးလုပ်ငန်းတွေလုပ်ကိုင်နေသူဖြစ်တဲ့အတွက် အာဏာသိမ်းပြီး နောက် ပိုင်းကတည်းက ကိုယ့်လုံခြုံရေးအတွက်ရော မိသားစုလုံခြုံရေးအတွက်ပါစဉ်းစားပြီး အိမ်ကထွက်လာခဲ့ပါတယ်။

“အခက်အခဲတွေကတော့ အိမ်လွမ်းတာအပြင် စိတ်အားငယ်တာတွေ စိတ်ဓာတ်ကျတာတွေ အများကြီးကြုံတွေ့ရပါတယ်။ အဆင်ပြေတဲ့အခါရှိသလို မပြေတဲ့အခါတွေလည်းများစွာကြုံတွေ့ရတယ်။ ဒါပေမယ့် ပန်းတိုင်အတူလျှောက်နေကြတဲ့ ရဲဘော်တွေကိုယ့်ဘေးမှာရှိနေတော့ ဒါတွေဟာ အသေးအဖွဲလိုဖြစ်သွားပြီး အတူတူဖေးမကြလို့ အားအင်တွေ အမြဲရှိရ ပါတယ်” လို့မမေသန့်ဇင်က ခွန်အားအပြည့်နဲ့ဆိုပါတယ်။

ဒီလိုအခက်အခဲတွေရှိနေပေမယ့်လည်း စစ်အာဏာရှင်ကို အမြစ်ဖျက်တွန်းလှန်ပြီး ဒီမိုကရေစီရရှိဖို့နဲ့ အမျိုးသမီးတွေ အပေါ်ဖိနှိပ်မှု ခွဲခြားဆက်ဆံမှုတွေလျော့နည်းပပျောက်ဖို့အတွက် အခက်အခဲတွေကြားက ပါဝင်နေရခြင်းဖြစ်တယ်လို့ မမေသန်ဇင်ကဖွင့်ဟပါတယ်။

မမေသန့်ဇင်နည်းတူ အမျိုးသမီးသပိတ်တွေမှာပါဝင်နေသူတစ်ဦးကတော့ မနွေဦး(အမည်လွှဲ)ပါ။ မနွေဦးဟာ စစ်အာဏာရှင် စနစ်ကို မုန်းတီးပြီးမတရားအာဏာသိမ်းမှုကိုလက်မခံတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ကျရာနေရာကနေ နောက် မဆုတ်တမ်း တော်လှန်ရေးအောင်မြင်တဲ့အထိ တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ အမျိုးသမီးသပိတ်တွေမှာ ပါဝင် နေတာဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းတွေမှာပါဝင်တဲ့အတွက် အဖမ်းခံရလုနီးပါးအခြေအနေတွေ အကြိမ်ကြိမ် ကြုံခဲ့ရသလို ဖမ်းဆီးခံရပြီးပြန်လည်လွှတ်မြောက်ခဲ့ဖူးပါသေးတယ်။

ဒါ့အပြင်မနွေဦးဟာ CDM ပြုလုပ်ထားတဲ့ ပြည်သူ့ဝန်ထမ်းတစ်ဦးလည်းဖြစ်ပါတယ်။ CDM ပြုလုပ်ထားသူတစ်ဦးဖြစ်သလို သပိတ်စစ်ကြောင်းတွေမှာပါဝင်နေသူတစ်ဦးဖြစ်တဲ့အတွက် အခက်အခဲတွေရှိပေမယ့် တော်လှန်ရေးမှာတိုက်ပွဲဝင်ရင်း ပေးဆပ်ခဲ့ကြရတဲ့ အသက်တွေ၊ဘဝတွေနဲ့ယှဉ်ရင် သူအခက်အခဲကမပြောပလောက်ပါဘူးလို့ မနွေဦးကယုံကြည်ပါတယ်။

စစ်ကောင်စီဟာ တိုင်းနဲ့ပြည်နယ်အနှံ့ကသပိတ်စစ်ကြောင်းတွေကို ကားနဲ့တိုက်ဖမ်းဆီတာ၊ သပိတ်မှာပါဝင်သူတွေကို နေအိမ်အထိလာရောက်ဖမ်းဆီးတာ၊ လမ်းသွားလာရင်းဖမ်းဆီးတာစတဲ့ နည်းလမ်းတွေ အသုံးပြုပြီး ဖမ်းဆီးမှုတွေပြုလုပ်ပါတယ်။

ရန်ကုန်၊မန္တလေးလိုမြို့ကြီးတွေမှာ သပိတ်စစ်ကြောင်းတွေထွက်တဲ့အခါ လုံခြုံရေးတင်းကြပ်တဲ့အတွက် သပိတ်တွေကို အချိန်အတိုင်းအတာတစ်ခုလောက်သာ ကြွေးကြော်သံဆို၊လူစုပြီး လူစုခွဲကြရပါတယ်။

နယ်ဘက်တွေမှာတော့ ကျေးရွာတွေစုပေါင်းပြီး ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း၊ ကျေးရွာအလိုက် သပိတ် စစ်ကြောင်းတွေ ချီတက်ကာ အချိန်တခုသတ်မှတ်ပြီး ရွာစဉ်လှည့်ဆန္ဒထုတ်ဖော်ကာ ပြည်သူလူထုကို နိုင်ငံရေးဖြစ်စဉ်တွေ သပိတ်တရားတွေ မျှဝေနိုင်ခဲ့ကြတယ်လို့ မနွေဦးကပြောပြပါတယ်။

“မြို့ကြီးတွေလောက် လုံခြုံရေးအန္တရာယ်မကြီးမားဘူး။ ဒါပေမယ့် သတိတော့ထားရတယ်” လို့သူကဆိုပါတယ်။

ဒီလိုခက်အခဲတွေရှိပေမယ့်လည်း အာဏာရှင်စနစ်ကိုမုန်းတီးတဲ့စိတ်နဲ့ တော်လှန်ရေးကြီးအောင်မြင်တဲ့အထိ တိုက်ပွဲဝင်သွား မယ်ဆိုတဲ့ ခံယူချက်ကတော့ ခိုင်မာနေတုန်းပဲလို့ မနွေဦးကဖွင့်ဟပါတယ်။

မမေသန့်ဇင်နဲ့ မနွေဦးတို့နည်းတူ အမျိုးသမီးထုဦးဆောင်တဲ့သပိတ်တွေမှာ ပါဝင်နေသူတစ်ဦးကတော့ ကလေးမြို့က မလရိပ်မေ(အမည်လွှဲ)ပါ။

မလရိမ်မေဟာ နိုင်ငံသားတစ်ယောက်ရဲ့တာဝန်ကိုထမ်းဆောင်ချင်တဲ့စိတ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ကို ဆန့်ကျင်ခဲ့တာဖြစ် တယ်။ ကိုယ့်ရဲ့လုံခြုံရေး မိသားစုရဲ့ လုံခြုံရေးတွေအတွက် စိုးရိမ်မှုတွေရှိနေပေမယ့် စစ်အာဏာရှင်ကို ဆန့်ကျင်မှုကတော့ လျော့မသွားပါဘူး။

“အသက်အန္တရာယ်လည်းရှိနိုင်တယ်။ ဆန္ဒပြရင်းနဲ့ဖမ်းတာမျိုးရှိနိုင်သလို အိမ်ကိုလာဖမ်းတာမျိုးလည်းရှိနိုင်တယ်။ စိတ်ခံစား ချက်က စိုးရိမ်မှုတွေနဲ့လုပ်ဆောင်ကြရတာပေါ့ ဒါပေမယ့်လည်းထိုင်ပြီးတော့ စိုးရိမ်နေရတာထက်စာရင် အပြင်မှာ ဒီအတိုင်း နေရင်လည်း စိုးရိမ်နေရတော့ တိုက်ပွဲဝင်ရင်းကိုယ့်ရဲ့အချိန်တွေကို အသုံးချချင်တာ”လို့မလရိပ်မေက သူ့ရပ်တည်ချ က်ကိုဖွင့်ဟပါတယ်။

အဖမ်းမခံရပေမယ့် စစ်ကြောရေးမှာဖမ်းခံရသူတွေနဲ့ ဆက်သွယ်ဖူးတာကြောင့်အိမ်နားကို သူစိမ်းတွေလာစောင့်ကြည့်ခံရတဲ့ အခြေအနေမျိုးတွေရောက်ခဲ့ပါတယ်။

ဒီလိုစစ်အာဏာရှင်ဆန့်ကျင်ရေးမှာပါဝင်နေတဲ့အတွက် အိမ်နဲ့ခွဲနေရတာ၊ စီးပွားရေးလုပ်ငန်းတွေရပ်နားထားရတဲ့အတွက် စီးပွားရေးထိခိုက်တာမျိုးတွေကိုရင်ဆိုင်ရပါတယ်။

“ညရေးညတာဆို လုံးဝကောင်းကောင်းအိပ်လို့မရဘူး။ ကားသံကြားရင် ကိုယ်ကိုလာဖမ်းမလား ဘယ်အချိန်လာဖမ်း မလဲဆိုတာ စောင့်ရတယ်။အခုနောက်ပိုင်းတော့ ညတွေမဖမ်းပေမယ့် ဆယ့်နှစ်ရာသီလုံးကို သတိထားရပါတယ်”လို့ မလရိပ်မေကဆိုပါတယ်။

ဒီလိုကြီးမားတဲ့အခက်အခဲတွေရှိပေမယ့်လည်း မတရားမှုကိုလက်ပိုက်ပြီးကြည့်မနေချင်တာ၊ ပေးဆပ်ခဲ့ရတဲ့အသက်တွေ သတ်ဖြတ်ခံခဲ့ရတဲ့အမျိုးသမီးတွေ ဖျက်ဆီးခံရတဲ့ပစ္စည်းတွေရဲ့တန်ဖိုးတွေနဲ့ မတရားမှုတွေကိုတော်လှန်ချင်တဲ့အပြင်   နောင်လာနောင်သားတွေအတွက်ပါ တော်လှန်နေရခြင်းဖြစ်တယ်လို့ သူကပြောပါတယ်။

Photo Credit -Women Alliance Burma

အမျိုးသမီးသပိတ်တွေအပေါ်ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုက အပြည့်အဝရှိတယ်လို့ အမျိုးသမီးသပိတ်မှာ ပါဝင်နေသူတွေကဆိုပါတယ်။

“လူအင်အားနည်းသည်ဖြစ်စေ များသည်ဖြစ်စေအားပေးပြီးတော့ ပါဝင်ကာကွယ်ပေးတယ်။ဥပမာ ဖုန်းဆက်ပြီးတော့ လုံခြုံရေးအတွက် ပြောပေးတာမျိုးတို့လာနေပြီဆိုပြီး အချိတ်အဆက်လုပ်ပေးတာမျိုးတို့ အဖမ်းမခံရအောင် ထိန်းသိမ်းပေးထားတာမျိုးတို့ အများကြီးကာကွယ်ပေးတယ်” လို့ မလရိပ်မေက သူ့အတွေ့အကြုံကိုပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ဖမ်းဆီးခံရတဲ့အမျိုးသမီးတွေကိုလိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေလည်း ပြုလုပ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ရှိနေတာကြောင့် သပိတ်မှာ ပါဝင်သူအမျိုးသမီးတွေအတွက် စိုးရိမ်စရာအနေအထားတစ်ခုလည်း ဖြစ်ပါတယ်။

“သေလူလို့တောင်သဘောထားတာ။ သပိတ်စစ်ကြောင်းထွက်ပြီဆိုရင် အဖမ်းခံရနိုင်တယ်ဆိုတဲ့စိတ်နဲ့ထွက်ကြရတာ ဒီနေ့လွတ်လာခဲ့ရင် ဒီနေ့ကံကောင်းတယ်။ အဲ့လိုမျိုးစိတ်ပဲထားတယ်။ ဖမ်းခံရရင်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမျိုး ဖြစ်နိုင်သလို အသက်ပါ ဆုံးရှုံးနိုင်တယ်” လို့ မလရိပ်မေကဆိုပါတယ်။

အခက်အခဲတွေကြားက အမျိုးသမီးထုဦးဆောင်တဲ့ သပိတ်တွေမှာပါဝင်နေသူတွေက စစ်အာဏာရှင်ပြုတ်ကျရေးအပြင် တော်လှန်ရေးအောင်မြင်ပြီးချိန်မှာ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုကဏ္ဍတိုးတက်ဖို့နဲ့ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှု တွေပပျောက်သွားဖို့ ယုံကြည်မျှော်လင့်နေကြပါတယ်။

“အမျိုးသမီးတွေက နိုင်ငံရေးမှာခေတ်အဆက်ဆက်ကပါ၀င်ခဲ့ပေမယ့် အမျိုးသမီးတွေရဲ့ပါ၀င်မှုကို စနစ်တကျ မှတ်တမ်းတင်ထားခြင်း မရှိနေတာတွေရယ်၊ အမျိုးသမီးပါ၀င်မှုကိုလဲ အလေးထားခြင်းနည်းပါးနေတာတွေကြောင့် အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာပါ၀င်မှုတွေဟာ မှေးမှိန်ခဲ့ရတာများပြီး အခုနွေဦးတော်လှန်ရေးမှာတော့ ခေတ်စနစ် ပြောင်းလဲမှုအရ သတင်းအချက်အလက်စီးဆင်းမှုတွေကိုလဲ လူမှုကွန်ရက်တွေ ကနေတဆင့်သိရှိရတဲ့အခါမှာ အမျိုးသမီးတွေရဲ့ အင်တိုက်အားတိုက်ပါ၀င်လာနိုင်မှုတွေကိုလည်း တွေ့မြင်ရသလိုဒါတွေကိုမြင်ရတဲ့အတွက် ကျန်တဲ့အမျိုး သမီးတွေအတွက်လဲအင်အားဖြစ်စေပါတယ်”လို့ အမျိုးသမီးအရေးလှုပ်ရှားသူတစ်ဦးက မှတ်ချက်ပြုပါတယ်။

“နိုင်ငံရေးအရွေ့တစ်ခုမှာ အမျိုးသမီးတွေတတ်အားသရွေ့ပါ၀င်တာကို မျက်၀ါးထင်ထင်မြင်ရတဲ့အပြင် ဦးဆောင်ပါ၀င်နေတဲ့ အနေအထားကို တွေ့ရတဲ့အတွက် အမျိုးသမီးတွေဟာ အိမ်အလုပ်ပဲလုပ် နိုင်ငံရေး၊ငြိမ်းချမ်းရေးနဲ့ အမျိုးသမီးနဲ့ မဆိုင်ဘူးဆိုတဲ့ ရှေးရိုးစွဲအမြင်တွေကိုလဲ စိန်ခေါ်ပြောင်းလဲမှုတွေ လုပ်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ သူကဆိုပါတယ်။

“စစ်အကြမ်းဖက်အုပ်စုကို အမြစ်ပြတ်ထိုးနှက်မယ့် လက်သီးချက်တွေထဲမှာ ကျွန်မတို့အမျိုးသမီးအင်အားစုတွေရဲ့ ထိုးနှက်ချက်တွေလည်း ပါဝင်နေတယ်ဆိုတာကိုသိစေချင်တယ်” လို့ အမျိုးသမီးသပိတ်မှာပါဝင်သူတစ်ဦးက သတင်းစကား ပါးပါတော့တယ်။

Author:

Related Articles