Home ဆောင်းပါး အရေးယူမှုအားနည်းနေသည့် အွန်လိုင်းပေါ်က ရာဇဝတ်မှုများ

အရေးယူမှုအားနည်းနေသည့် အွန်လိုင်းပေါ်က ရာဇဝတ်မှုများ

သန့်ရှင်းထွန်း။ ။

ပထမနှစ်တက္ကသိုလ်တက်ရောက်ရမည့် သမီးငယ်အတွက် ဒေါ်ခိုင်ခိုင်(အမည်လွှဲ)မှာ စိုးရိမ်ပူပန်နေမိသည်။

“ နောက်ထပ်သမီးငယ်ကလည်း ကျောင်းတက်ဖို့လာမယ်။ သူ့အတွက်ပိုစိုးရိမ်နေတယ်” ဟု သမီးနှစ်ဦး၏မိခင်ဖြစ်သူ ဒေါ် ခိုင်ခိုင်က ပြောသည်။

ဒေါ်ခိုင်ခိုင်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် သမီးကြီးဖြစ်သူမစိုးစိုး(အမည်လွှဲ)နှင့်အတူ နေထိုင်ကာ သမီးငယ်မှာ မြောက်ဦး မြို့ရှိ အဘိုးအဘွားနေအိမ်တွင် နေထိုင်နေသူဖြစ်သည်။ ဒေါ်ခိုင်ခိုင်၏ခင်ပွန်းဖြစ်သူမှာ ပြည်သူ့ဝန်ထမ်းတစ်ဦးဖြစ်၍ စစ်တွေမြို့ နှင့် မြောက်ဦးမြို့ကို သွားလိုက်လာလိုက်နေထိုင်သည်ဟု ဆိုသည်။

သမီးငယ် တက္ကသိုလ်တက်ရောက်ဖို့အရေး ဒေါ်ခိုင်ခိုင်တစ်ယောက် စိုးရိမ်ပူပန်နေသည်မှာ ငွေကြေးအခက်ခဲကြောင့် မဟုတ် သလို စားဝတ်နေရေးအခက်အခဲကြောင့်လည်း မဟုတ်ပါ။ သမီးကြီး ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အဖြစ်ဆိုးလို သမီးငယ်ကို မကြုံ ရစေချင်သောကြောင့်ဖြစ်သည်ဟု ဒေါ်ခိုင်ခိုင်က ပြောသည်။

ဒေါ်ခိုင်ခိုင်၏ သမီးကြီးဖြစ်သူ မစိုးစိုးမှာ ရည်းစားဟောင်း၏ အွန်လိုင်းပေါ်မှ မဖွယ်မရာ ပြောဆိုခြိမ်းခြောက်မှုကို ကြုံတွေ့ခဲ့ရ သည့်အတွက် သမီးငယ်အတွက်လည်း စိုးရိမ်ပူပန်နေခြင်းဖြစ်ကြောင်း ဆိုသည်။

အသက် ၂၄ နှစ်အရွယ် မစိုးစိုးမှာ ယခင်ချစ်ကြိုက်ခဲ့သည့် ရည်စားဟောင်းက ချိန်းခြောက်ကာ သူ၏ အဖော်အချွတ် ဓာတ်ပုံ များကို ပေးပို့ပေးရန် တောင်းဆိုမှုများရှိခဲ့ပြီး ဖုန်းဆက်၍လည်း အမျိုးသမီး ကာယိန္ဒြေပျက်စေသည့် အတူအိပ်ရန် ဖုန်းဆက်ခေါ် ယူခြင်း၊ မလာရောက်လျှင် မစိုးစိုး၏ဓာတ်ပုံများကို ဖိုတိုရှော့ဖြင့်လုပ်၍ အွန်လိုင်းပေါ်တွင် တင်မည်ဆိုကာ ခြိမ်းခြောက်ခဲ့သည် ဟု မစိုးစိုးက ပြောပြသည်။

မစိုးစိုးအနေဖြင့် သမီးရည်စားဘဝတွင် ရည်းစားဟောင်းနှင့်အတူ သာမန်ဓာတ်ပုံတစ်ချို့ကိုသာ ရိုက်ဖြစ်ခဲ့သည်ဟုဆိုသည်။

ထို့သို့ အဖြစ်အပျက်ကြောင့် ဒေါ်ခိုင်ခိုင်မှာ သမီးငယ်ကို စိုးရိမ်နေခြင်းဖြစ်သည်။ သမီးကြီးကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်အား သမီးငယ်ကိုပြောပြမထားသေးသော်လည်း လူငယ်သဘာဝ ချစ်ကြ၊ ကြိုက်ကြသည့်အခါ ဆင်ခြင်ရမည့်အကြောင်းအရာများကို နားလည်သဘောပေါက်အောင် ရှင်းပြဖို့တွေးထားသည်ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် အမျိုးသားများက အမျိုးသမီးငယ်များကို အွန်လိုင်းပေါ်မှ ခြိမ်းခြောက်မှုများသည် ယခင်ထက် ပိုမိုများပြား လာပြီး သမီးရည်စားဘဝတွင် တစ်ဦးနှင့်တစ်ဦး ပွင့်ပွင့်လင်းလင်း ပြောဆိုနေထိုင်ခဲ့မှုများကို အမျိုးသားများက လက်နက်တစ်ခု သဖွယ် အသုံးချလာကြသည်ဟု ရခိုင့်ရှေ့ဆောင်အမျိုးသမီးသမီးအဖွဲ့(RWIO)က ဒေါ်စောစံငြိမ်းသူက ပြောသည်။

ထိုသို့အွန်လိုင်းပေါ်မှ ခြိမ်းခြောက်မှုသည် ရခိုင်ပြည်နယ်တွင် ယခင်ကထက် သုံးဆခန့်ပိုများလာပြီး တရားဝင်တိုင်တန်းမှုထက် အလွတ်သဘော ပြောဆိုတိုင်တန်းမှုများသာ ရှိသည်ဟု ဒေါ်စောစံငြိမ်းသူက ဆက်ပြောသည်။

မစိုးစိုးမှာ ရည်းစားဟောင်းဖြစ်သူကို လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်ကစ၍ အွန်လိုင်းပေါ်မှ စတင်သိခဲ့ကြပြီး ယင်းမှတဆင့် စစ်တွေ မြို့သို့ တက္ကသိုလ်တက်ရောက်ရန် လာသည့်အခါ လူချင်းတွေ့ခဲ့ခြင်းဖြစ်ကြောင်း ပြောပြသည်။

ထို့နောက် မစိုးစိုး၏ ရည်းစားဖြစ်သူမှာ တခြားအမျိုးသမီးငယ်များကိုလည်း ရည်းစားဆက်ထားနေသည့်အတွက် အဆက်ဖြတ်ခဲ့ သည်။ ထိုသို့အဆက်ဖြတ်ခဲ့ခြင်းကို မကျေနပ်ခြင်းကြောင့် မစိုးစိုးကို နာမည်ဖျက်ရန် ရည်ရွယ်ချက်နှင့် ခြိမ်းခြောက် ခဲ့ခြင်းဖြစ် ကြောင်း ပြောပြသည်။

မစိုးစိုး၏ ရည်းစားဟောင်းမှာ အင်တာနက် ပလက်ဖောင်းမျိုးစုံကနေ ဖုန်းဆက်၍ မစိုးစိုး၏ အဖော်အချွတ်ဓာတ်ပုံကို ၎င်းထံသို့ ပေးပို့ရန် ပြောဆိုခဲ့ခြင်းဖြစ်ပြီး အဖော်အချွတ်ဓာတ်ပုံမပေးလျှင် ယခင်ရိုက်ထားသည့် ဓာတ်ပုံကို ဖိုတိုရှော့ဖြင့် ပြုပြင်၍ အွန်လိုင်း ပေါ်တွင် တင်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ခြင်းဖြစ်သည်။ သို့သော် ကံကောင်းထောက်မသည်မှာ မစိုးစိုး၏ ဓာတ်ပုံများမှာ အွန်လိုင်းပေါ်ကို မရောက်ရှိခဲ့ဟု ဆိုသည်။

“ အဓိက ညီမကဖြတ်လိုက်တဲ့အတွက် ညီမကိုနာမည်ဖျက်မယ်ဆိုတဲ့ရည်ရွယ်ချက်ပါ။” ဟု မစိုးစိုးက ပြောသည်။

ရည်းစားဟောင်း၏ ခြိမ်းခြောက်မှုကို ကြုံတွေ့နေရသောမစိုးစိုးမှာ သူ၏ဖုန်းကိုမဖွင့်ရဲသည့်အထိ ဖြစ်ခဲ့ရပြီး ဖုန်းလာသံကြား တိုင်း စိုးရိမ်ထိတ်လန့်မှုနှင့် စိတ်ဖိစီးမှုဒဏ်ကိုကြုံခဲ့ရပြီး အဆိုပါဒဏ်များကိုမခံနိုင်သည့်အဆုံးတွင် မစိုးစိုးမှာ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) သို့ တိုင်တန်းခဲ့သည်။

ထိုသို့တိုင်တန်းခဲ့ပြီးနောက် တစ်ရက်အကြာတွင် ULA/AA တာဝန်ရှိသူများက မစိုးစိုးတို့ သားမိနှစ်ယောက်နှင့် ရည်းစား ဟောင်း ကို မျက်နှာချင်းဆိုင်တွေ့ဆုံ၍ နောက်ထပ်ခြိမ်းခြောက်မှုမလုပ်ရန် ညှိနှိုင်းပေးခဲ့သည်ဟု မစိုးစိုးက ရှင်းပြသည်။

ပြသနာကိုမရှည်ချင်သည့် ဒေါ်ခိုင်ခိုင်က နောက်ထပ်နှောက်ယှက်မှုမျိုး ထပ်မလုပ်လျှင် ကျေနပ်သည်ဟုဆိုကာ ပြေလည်မှု ယူခဲ့ သည်ဟု ဒေါ်ခိုင်ခိုင်က ပြောသည်။

“ ကိုယ့်သမီးကို နာမည်ထုတ်ပြီးပြောရင် ကောင်းမလားလို့ စိုးရိမ်ခဲ့တယ်။ အဖေဖြစ်သူ သိမှာကိုလည်း စိုးရိမ်ခဲ့တယ်။ ပြသနာကို အရှည်ကြီးမသွားချင်တော့ဘူးပေါ့နော်” ဟု မစိုးစိုး၏ မိခင်ဒေါ်ခိုင်ခိုင်က ပြောသည်။

အလားတူ ပေါက်တောမြို့နယ်ဇာတိဖြစ်ပြီး စစ်တွေမြို့တွင်နေထိုင်လျက်ရှိသော အသက် ၂၀ ကျော်အရွယ် အမျိုးသမီးငယ် တစ်ဦးမှာလည်း ခင်မင်ရင်းနှီးသည့် အမျိုးသားတစ်ဦးနှင့် မက်ဆင်ဂျာမှ Video Call ပြောဆိုမိခဲ့ရာမှ ယင်းသို့ပြောဆို နေမှုများ ကို Screenshotရိုက်ယူထားကာ နောက်ထပ်စကားမပြောလျှင် အွန်လိုင်းပေါ်တွင်တင်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ပြောပြ သည်။

ထို့ကြောင့် အမျိုးသမီးငယ်မှာ သူငယ်ချင်းအမျိုးသမီးများနှင့် အသိမိတ်ဆွေအမျိုးသားများကို ဖွင့်ပြောကာ နောက်ထပ် နှောက် ယှက်မှုများ မပြုလုပ်ရန် ဝိုင်းဝန်းတားဆီးခဲ့ရသည်ဟု ဆိုသည်။

“ သူငယ်ချင်း အသိမိတ်ဆွေတွေ ဝိုင်းပြီးတော့တိုင်မယ် တန်းမယ်ပြောတော့မှ နှောက်ယှက်တာ ရပ်တန့်သွားတယ်” ဟု ၎င်းကြုံ တွေ့ခဲ့ရသည့် အတွေ့အကြုံကို ပြောပြသည်။

အမျိုးသမီးငယ်များအနေဖြင့် ယခုကဲ့သို့ အနိုင်ကျင့်မှုမျိုး ကြုံတွေ့လာရပါက တာဝန်ရှိအဖွဲ့အစည်းများကို တိုင်တန်းဖို့ လိုအပ် သလို အမျိုးသမီးအရေးလှုပ်ရှားနေသည့် အဖွဲ့အစည်းများကိုလည်း တိုင်တန်းရန်နှင့် ဥပဒေအရလည်း ထိရောက်သည့် အရေး ယူမှုမျိုးလုပ်ရန် လိုအပ်သည်ဟု တက္ကသိုလ်ကျောင်းသူတစ်ချို့က ပြောသည်။

ယခုကဲ့သို့ လူမှုပတ်ဝန်းကျင်တွင် အမျိုးသားများက အမျိုးသမီးငယ်များကို အွန်လိုင်းပေါ်က ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ အလွတ်သဘော လာရောက်တိုင်တန်းခြင်းများရှိသော်လည်း တရားဝင်တိုင်တန်းမှုက အားနည်းနေသေးသည်ဟု ရခိုင့် ရှေ့ ဆောင် အမျိုးသမီးသမီးအဖွဲ့(RWIO)က ဒေါ်စောစံငြိမ်းသူက ပြောသည်။

အကယ်၍ နိုင်ထက်စီးနင်း ပြုလုပ်လာသည့် အခြေနေမျိုးဖြစ်လာခဲ့လျှင် ကာယကံရှင်ကိုယ်တိုင်က အမျိုးသမီးအရေး ကာကွယ် စောင့်ရှောက်ပေးနေကြသည့် အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပွင့်ပွင့်လင်းလင်းချပြပြောဆိုဖို့လိုကြောင်း ၎င်းကဆက်ပြောသည်။

အသက် ၂၈ နှစ်အရွယ် စစ်တွေမြို့ခံ ကိုစံလင်းက ယခုကဲ့သို့ ရည်းစားဖြစ်သူ ကောင်လေးများက အမျိုးသမီးငယ်များအပေါ် အသရေပျက်စေအောင် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်မှုသည် မိမိကိုယ်ကိုယ် သတ်သေသည့်အဆင့်ထိ ရောက်ရှိနိုင်သည့်အတွက် ထိုသို့သော ပြစ်မှုကျူးလွန်သူများကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူသင့်သည်ဟု ပြောသည်။

လက်ရှိတွင် အမျိုးသားများ၏နည်းမျိုးစုံဖြင့် ခြိမ်းခြောက်နှောက်ယှက်မှုများကို ကြုံတွေ့နေရသည့် အမျိုးသမီးငယ်အများစုမှာ ရှက်ကြောက်သည့်စိတ်ကြောင့် ရေငုံနှုတ်ပိတ်နေကြပြီး သက်ဆိုင်ရာကိုတိုင်တန်းမှုမှာ အားနည်းနေသေးသည်ဟု ၎င်းကဆို သည်။

ထိုသို့ တိုင်တန်းမှု မရှိခြင်းကြောင့် အရေးယူဖို့ခက်ခဲနေပြီး အဆိုပါခြိမ်းခြောက်မှုများက အမျိုးသမီးအရေးလှုပ်ရှားနေသည့် အဖွဲ့ အစည်းများမှတဆင့် တိုင်တန်းကာ အရေးယူမည့်အဖွဲ့အစည်းများကလည်း ထိရောက်စွာ အရေးယူသင့်သည်ဟု ကိုစံလင်းက ပြောသည်။

အမ်းမြို့မှ တရားလွှတ်တော်ရှေ့နေတစ်ဦးကလည်း ရခိုင်ပြည်နယ်တွင် အမျိုးသမီးငယ်များကို အွန်လိုင်းပေါ်မှ ခြိမ်းခြောက် နှောက်ယှက်နေမှုနှင့် ပတ်သက်၍ တိုင်တန်းမှု၊ အရေးယူဆောင်ရွက်မှုမှာ မရှိသလောက် နည်းနေသေးကြောင်း ပြောသည်။

“ ကျနော်လိုက်လာတဲ့ သက်တမ်းတလျှောက်မှာတော့ ဒီလိုတိုင်တန်းမှုတွေကနည်းတယ်။ ပြေလည်ရာပြေလည်ကြောင်း ရှင်း လိုက်ကြများတယ်”ဟု ၎င်းက ဆိုသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများမှာ ကမ္ဘာအနှံ့ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလျက်ရှိပြီး ကမ္ဘာပေါ်ရှိ အမျိုးသမီးဦးရေ သုံးပုံ တစ်ပုံကျော်မှာ ရုပ်ပိုင်းဆိုင်ရာအရဖြစ်စေ လိင်ပိုင်းဆိုင်ရာအရဖြစ်စေ အကြမ်းဖက်မှုခံခဲ့ကြရသည်။ အသတ်ခံရသော အမျိုး သမီးဦးရေ၏ ၃၈ ရာခိုင်နှုန်းမှာ ၎င်းတို့၏ အရင်းနီးဆုံးလက်တွဲဖော်များက သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

သို့သော် ကျား-မ အခြေခံ အကြမ်းဖက်မှုများမှာ အများအားဖြင့် လူမသိသူမသိဖြစ်ခဲ့ကြရသည်။ ကျူးလွန်ခံရသူများ၏ ၄၀ ရာခိုင်နှုန်းအောက် ဦးရေကသာ အကူညီတစ်ခုခုတောင်းခံခြင်းမျိုး၊ လေးရာခိုင်နှုန်းခန့်သာ ရဲတိုင်ကြားမှုမျိုးနှင့် ကျန်းမာရေး စောင့်ရှောက်မှုမျိုးလုပ်ကြသည်ဟု အမျိုးသမီးအဖွဲ့ချုပ်(မြန်မာနိုင်ငံ)က ၂၀၁၉ ခုနှစ် မတ်လတွင် ထုတ်ပြန်ခဲ့သော အမျိုးသမီး များအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေး အဆိုပြုဥပဒေအတွက် လုပ်ထုံးလုပ်နည်းဆိုင်ရာနှင့် အဓိကကျသည့်အကြောင်း အရာပိုင်းဆိုင်ရာ အကြံပြုချက်များတွင် ဖော်ပြထားသည်။

နိုင်ငံတကာစာချုပ်အသီးသီးတွင် လက်မှတ်ရေးထိုးထားပြီး အမျိုးသမီးများ အကာအကွယ်ပေးရေးအတွက် မည်သည့် လုပ် ဆောင်ချက်မျှမရှိသော မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ အခွင့်အရေးမှာ ဆက်လက်ဆုံးရှုံးနေဦးမည်ဟု အမျိုးသမီးများအရေး ဆောင်ရွက်ပေးနေသူ မညိုမာလင်းက ပြောသည်။

မြန်မာနိုင်ငံတွင် ပြဌာန်းထားသည့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)တွင်တော့ ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်ဩဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းပြုလုပ်လျင် သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ငွေဒဏ် ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။

သို့သော် ထိုဥပဒေမှာမူ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများကို ဖိနှိပ်ရာတွင်သာ အသုံးပြုနေကြပြီး နစ်နာသူများအတွက် အကူအညီရရှိမှု နည်းပါးသည်။

ရခိုင်ပြည်နယ်ကဲ့သို့ စစ်ကောင်စီနှင့်ရက္ခိုင့်တပ်တော်(AA)တို့၏ အာဏာအားပြိုင်မှုကြားထဲတွင် အမျိုးသမီးငယ်များ အပါအဝင် ပြစ်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ နစ်နာသူများက မည်သည့်အဖွဲ့အစည်းကို တိုင်းတန်းရမည်ကို ရှုပ်ထွေးမှုဖြစ်နေသေးကြောင်း ရခိုင်ပြည်နယ်မှ အမျိုးသမီးငယ်တစ်ဦးက ပြောသည်။

“ တရားဥပဒေစိုးမိုးမှုမရှိတဲ့ ဒီကာလမှ ပြစ်မှုကျူးလွန်ချင်သူတွေက အခွင့်အရေးရနေတယ်”လို့ ၎င်းက ဆိုသည်။

ထိုအခြေနေမျိုးတွင် ပြစ်မှုကျူးလွန်ချင်သူများက အမျိုးသမီးငယ်များကို နှောက်ယှက်မှုများ ဆက်လက် ပြုလုပ်လာနိုင်ကြောင်း မစိုးစိုးက ပြောသည်။

သို့သော် ထိုအခြေနေမျိုး ကြုံတွေ့လာလျှင်လည်း တယောက်တည်း ကြိတ်မှိတ်ဖြေရှင်းခြင်းမျိုးထက် မိသားစုအသိုင်း အဝိုင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းအများကို ရဲရဲဝံ့ဝံ့တိုင်တန်းကြဖို့ မစိုးစိုးက ယခုကဲ့သို့ အကြံပြုသည်။

“ အမျိုးသမီးတွေအတွက် အကာကွယ်ပေးထားတဲ့ ဥပဒေတွေရှိပါတယ်။ ကြုံလာရင် တာဝန်ရှိသူတွေကို တိုင်ပါ။ လက်မနှေးကြပါနဲ့”

Author:

Related Articles