Home ဆောင်းပါးသတင်းဆောင်းပါး အိမ်ထောင်ရေးကြိုးဝိုင်းထဲက သတ္တိခဲအိမ်ထောင်ရှင်မတွေ

အိမ်ထောင်ရေးကြိုးဝိုင်းထဲက သတ္တိခဲအိမ်ထောင်ရှင်မတွေ

ရှင်ငြိမ်း ။ ။

စစ်အာဏာသိမ်းထားတာ ၁၀ လနီးပါးရှိလာသည့်တိုင်အောင် စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲတွေဟာ ရပ်တန့် မသွား ဘဲ ပစ်ခတ်ပေါက်ကွဲသံတွေက နေ့စဉ်လိုလို နေရာဒေသအနှံအပြားမှာ ပဲ့တင်ထပ်အောင်ကြားနေရဆဲပါ။

ဒါဟာစစ်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်ချေမှုန်းမှုတွေကို လက်မခံတဲ့ပြည်သူတွေဟာ ရရာလက်နက်စွဲကိုင်ကာ အာဏာ သိမ်း စစ်တပ်ကို ချေမှုန်းတိုက်ခိုက်နေကြတာပဲ ဖြစ်တယ်။  

အကြမ်းဖက်စစ်တပ်ကလည်း ရန်ကုန်မြို့ရဲ့နေရာအနှံအပြားတွေမှာ ပိတ်ဆို့ရှာဖွေတာ တားဆီးစစ်ဆေးတာတွေ လုပ်လာ တဲ့အတွက် ဝင်ငွေမရှိလို့ စားသောက်နေထိုင်ဖို့ခက်ခဲနေတဲ့ပြည်သူတွေအနေနဲ့ သွားလာ လုပ်ကိုင်ဖို့ခက်ခဲလာခဲ့တယ်။

ဒါ့အပြင် ဖေဖော်ဝါရီအာဏာသိမ်းပြီးကတည်းက နိုင်ငံရေး၊ လူမူရေး၊ စီးပွားရေးမတည်ငြိမ်မှုတွေကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါးလာပြီး အဖက်ဖက်က ခက်ခဲကျပ်တည်းတာတွေ၊ ဆင်းရဲနွမ်းပါးမှုအခြေအနေတွေဆိုးလာတဲ့ အခါမှာ အိမ်ထောင်သည်တွေမှာ ဒီလိုရိုက်ခတ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်နေရပါတယ်။

အထူးသဖြင့် အမျိုးသမီးတွေမှာ အိမ်တွင်း စီးပွားရေးကျပ်တည်းမှုတွေကြား စိတ်သောကရောက်နေရသလို မိမိခင်ပွန်း သည်တွေရဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေကိုလည်း ခံစားနေကြရပါတယ်။ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ မမေစံပယ်ဖြူက ဒီကာလမှာ အိမ်တွင်းအကြမ်းဖက်မှုတွေဟာပိုပြီးတော့ များလာနိုင်တယ်လို့ ထောက်ပြပါတယ်။

“ကိုဗစ်ကာလမှာ အိမ်တွင်းအကြမ်းဖက်မှုက သုံးဆထိုးတက်သွားတာဆိုတော့ အခုစစ်အာဏာသိမ်းပြီးနောက်မှာတော့ အဲ့ဒီထက်အဆပေါင်းများစွာပိုပြီးမြင့်တက်လာမယ်လို့ယူဆပါတယ်” လို့  သူက တွက်ဆပြောပါတယ်။

နဂိုကတည်းက သုတေသနတွေအရ အမျိုးသမီးသုံးယောက်မှာတစ်ယောက်က အကြမ်းဖက်မှုပုံစံတစ်ခုမဟုတ် တစ်ခုနဲ့ နေ့စဉ် ကြုံနေရတယ်ဆိုတဲ့တိကျတဲ့သတင်းအချက်အလက်တွေကြောင့်ပြောနိုင်တာပါလို့ မမေစံပယ်ဖြူက ဆိုပါတယ်။

ယခင်NLDအစိုးရလက်အောက်ရှိ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်ထား တဲ့စာရင်းအရ ၂၀၁၉ ခုနစ်မှာ တိုင်ကြားလာတဲ့အိမ်တွင်းအကြမ်းဖက်မှုဟာ ၃၁ မှုသာရှိခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ ၁၄၉ မှုအထိရှိ ခဲ့ပါတယ်။ 

မမေစံပယ်ဖြူက“ကိုဗစ်ကာလမှာတောင်မှ နဂိုအခြေအနေထက် အိမ်တွင်းအကြမ်းဖက်မှုက သုံးဆလောက်ပိုပြီးမြင့်တက် လာတာဆိုရင် ကိုဗစ်နဲ့စစ် နှစ်ခုပေါင်းခံစားရတဲ့အခါမှာ ဘယ်နှဆတက်သွားတယ်လို့တော့ ကျမတို့အတိအကျပြောလို့မရ ဘူး။ ဒါပေမယ့်လည်း နဂိုပုံမှန်ထက်အိမ်တွင်းအကြမ်းဖက်မှုကအဆပေါင်းများစွာမြင့်တက်လာမယ်ဆိုတာက သေချာ တယ်လို့ ကျမတို့ ပြောလို့ရတယ်”လို့ ရှင်းပြပါတယ်။

ဒါရဲ့အကျိုးဆက်ကတော့ အိမ်ထောင်ပြိုကွဲတာတွေ၊ မိသားစုပြိုကွဲတာတွေဖြစ်လာနိုင်တယ်ဆိုပေမယ့် ဘယ်လောက်ဖြစ် နေတယ်ဆိုတဲ့သုတေသနလုပ်ဖို့ကလည်းခက်ခဲတော့ တိကျတဲ့သတင်းအချက်အလက်တွေ၊ ကိန်းဂဏန်းတွေကတော့ ရည်ညွန်းစရာမရှိဘူးလို့ မမေစံပယ်ဖြူက ဆိုပါတယ်။

စစ်ဘေး၊ ကပ်ဘေးတွေမတည်မငြိမ်မှုကြားထဲမှာ အလုပ်အကိုင်ရှားပါးကာ ဝင်ငွေနည်းလာတဲ့အပေါ်မှာ မူတည်ပြီး အိမ် ထောင်ရေးပြဿနာတွေဖြစ်ကာ အိမ်ထောင်ပြိုကွဲရသူအများစုက ဝင်ငွေနည်းအခြေခံလူတန်းစားတွေဖြစ်တယ်။

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်ဘက်ကနေ ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုံရှိ စားသောက်ကုန်ထုတ်လုပ်ရေးစက်ရုံတစ်ခု မှာ အလုပ်လာလုပ်နေတဲ့မမြင့်စန်းတို့လင်မယားဆိုရင် ဝင်ငွေနည်းလာလို့စကားများရန်ဖြစ်ရာမှ အိမ်ထောင်ပြိုကွဲခဲ့ရ တယ်။

“ကိုဗစ်ဖြစ်တော့ စုထားတဲ့ရွှေငွေလေးပေါင်းနှံစားနေတဲ့အချိန် သူကလည်း အလုပ်လေးမရတချက်၊ ရတချက်ပဲ။ အလုပ်ရ လာရင်တော့အပေါင်းအသင်းတွေနဲ့အရက်သောက်တယ်။ ပြီးရင်ကျမတို့သားအမိတွေကိုနှိပ်စက်ပြီး သူ့မိဘအိမ်ပြန်သွား တာ”လို့ သူက ဆိုပါတယ်။

အသက် ၂၅ နှစ်သာရှိသေးတဲ့ မမြင့်စန်းဟာ ပြည်တွင်းရွေ့ပြောင်းအလုပ်သမားတစ်ယောက်ဖြစ်ပြီး သူ့အမျိုးသားကိုဇော် ထွန်းကတော့ ရန်ကုန်ဇာတိဖြစ်ကာ လှိုင်သာယာထဲမှာအုံနာကြေးနဲ့ ဆိုင်ကယ်ကယ်ရီဆွဲကာ အသက်မွေးဝမ်းကျောင်းပြု နေသူတစ်ယောက်ပါ။

သူတို့လက်ထပ်ပြီးစက မောင်နှမများတဲ့ကိုဇော်ထွန်းရဲ့မိဘအိမ်ကျဉ်းကျဉ်းလေးထဲမှာ သူတို့လင်မယားခိုကပ်နေခဲ့ရတယ်။ အဲ့ဒီအချိန်ကတည်းက မမြင့်စန်းအမျိုးသားကိုဇော်ထွန်းဟာ အလုပ်ပင်ပန်းတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ရံဖန်ရံခါ အရက် သောက်လာပြီး မမြင့်စန်းကိုရန်ရှာတတ်ပါတယ်။

မမြင့်စန်းကတော့ သူ့မိဘအိမ်မှာခိုနေရသေးတာကတကြောင်း၊ နေ့တိုင်းပုံမှန်ငွေအပ်နေသေးတာမို့ အရက်သောက်၊ ရန် ရှာတဲ့ကိစ္စကို ပိတ်ပင်တားဆီးတာမလုပ်ခဲ့ဘူး။ အဲ့ဒီလိုနဲ့ သူတို့လင်မယားနှစ်ယောက် တက်ညီလက်ညီအလုပ်လုပ်နိုင်တာ ကြောင့် ကိုယ်ပိုင်အိမ်ဌားနေနိုင်သလို ဆိုင်ကယ်တစ်စီးနဲ့ငွေကြေးအနည်းငယ်စုဆောင်းလာနိုင်ပါတယ်။

သူတို့လက်ထပ်ပြီးခြောက်လအကြာမှာ ကိုဗစ်ရောဂါဝင်လာတော့ သူတို့နှစ်ယောက်ဝင်ငွေလည်းရပ်သွားခဲ့ရတယ်။ အဲ့ဒီ နောက်ဝင်ငွေထွက်ငွေမညီမမျှဖြစ်လာတဲ့အပေါ်မှာ မကြာခဏစကားများ၊ ရန်ဖြစ်ရာကနေ အိမ်ထောင်ရေးအက်ကြောင်း ထင်ပါလာတော့တယ်။

“ ဒီအချိန်မှာအလုပ်တစ်ခုရဖို့ကမလွယ်တော့ ရတဲ့အလုပ်လေးကို ကြိုးကြိုးစားစားလုပ်စေချင်တယ်။ ဒါကိုပြောတာကို သူက ကျွန်လားဆိုပြီး ကျမကျောကိုခြေထောက်နဲ့ကန်တယ်။ ခေါင်းလည်းရိုက်တယ်”လို့ မမြင့်စန်းက ရှင်းပြပါတယ်။

မမြင့်စန်းရဲ့သဘောက သူလည်းကိုယ်ဝန်နဲ့မို့ အလုပ်ရှားနေချိန်မှာငွေကို ချိုးခြံချွေတာပြီးသုံးစေချင်ပေမယ့် ကိုဇော်ထွန်းက တော့ အဲ့လိုသဘောထားမရှိဘဲငွေရှိရင်သုံးမယ်ဆိုတာကြောင့် သူတို့ရန်ပွဲဟာ နေ့တိုင်းလိုလိုဖြစ်ခဲ့ရတယ်။

မွေးခါနီးဖြစ်တဲ့မမြင့်စန်းကို သူ့ခင်ပွန်းက ကြည့်မရလို့ဆိုကာ အိမ်ပေါ်ကတွန်းချလို့ မွေးဖွားရက်မရောက်မီ နှစ်ပတ်စော ကာမွေးလိုက်ရလို့ ကွာရှင်းဖို့လုပ်တော့ ကိုဇော်ထွန်းနဲ့သူ့ဆွေမျိုးတွေက နှစ်သိမ့်ကြလို့မကွာရှင်းဖြစ်ခဲ့ကြဘူး။

ဒီနောက်ပိုင်းမှာတော့ ကိုဇော်ထွန်းဟာ အရက်မသောက်ဘဲ၊ အကြောင်းမရှိဘဲ သူ့စိတ်အဆင်မပြေတိုင်း မမြင့်စန်းကို ရိုက် လေ့ရှိပါတယ်။ ဒီလိုနှိပ်စက်မှုတွေကို သက်ဆိုင်ရာကိုတိုင်တန်းချင်ပေမယ့် ဘယ်ကိုတိုင်ကြားရမှန်းမသိလို့ဆက်ပြီး သည်း ခံပေါင်းသင်းနေခဲ့ရတယ်။

ဒါ့အပြင် မီးတွင်းကမထွက်ရသေးတဲ့မမြင့်စန်းရဲ့ခေါင်းကိုတုတ်နဲ့ရိုက်ပြီး ဗိုက်ကိုလည်း ခြေထောက်နဲ့ကန်တာကြောင့် သွေး တွေဒလဟောဆင်းလာလို့ ဆေးရုံသွားပြတာကို သူ့အရှက်ကိုခွဲတယ်လို့ဆိုကာ ထပ်မံရိုက်နှက်ပြန်ပါတယ်။

“အရင်က ဒီလိုအိမ်ထောင်ကွဲချင်ရင် ရပ်ကွက်ရုံးတိုင်လို့ရသေးတယ်။ ခုကစစ်သားတွေရှိနေတော့ သွားမပြောရဲတာနဲ့ ကျမ လည်းဘာဖြစ်ဖြစ်ဆိုပြီး ကလေးပိုက်ပြီးထွက်လာလိုက်တာ။ အရင်ကတော့ကလေးနဲ့လည်းဖြစ်၊ မိဘကလည်းလက်မခံ တော့ နာတာကိုသည်းခံခဲ့ရတယ်” လို့ သူက ပြောပါတယ်။

အိမ်ထောင်ကွဲလာတဲ့မမြင့်စန်းကို သူ့မိဘတွေက လက်မခံနိုင်ဘူးလို့ဆိုတဲ့အတွက် ကလေးတစ်ယောက်နဲ့ အိမ်ပေါ်က ဆင်းလာခဲ့ပြီး လက်ရှိသူဟာလှိုင်သာယာလိုင်းခန်း တစ်ခုမှာ ဌားနေပါတယ်။

“လောဆယ်တော့ကလေးကလည်းငယ်သေးတော့ ခွဲထားလို့မရသေးတော့ ကလေးထိန်းတို့၊ အဝတ်လျှော်တာတို့ လိုက်လုပ်တယ်”လို့ မမြင့်စန်းက ပြောပါတယ်။

သူ့အနေနဲ့ ဘဝတူအိမ်ထောင်သည်တွေကို ကိုယ်တိုင်မရပ်တည်နိုင်ဘဲနဲ့ အိမ်ထောင်အလွယ်တကူမပြုကြပါနဲ့လို့ သတိပေး စကားဆိုပါတယ်။ နှိပ်စက်ခံနေရတဲ့အမျိုးသမီးအများစုဟာ သားသမီးတွေရဲ့ရှေ့ရေးနဲ့ မိဘဆွေမျိုးတွေရဲ့ဂုဏ်သိက္ခာက အစငဲ့ညှာနေရတာတွေကြောင့် အိမ်ထောင်ရေးသတ်ကွင်းကနေရုန်းထွက်နိုင်ဖို့ ခဲယဉ်းတတ်ကြပါတယ်။

ဒါပေမဲ့မမြင့်စန်းကတော့ လက်ရှိစစ်အုပ်ချုပ်ရေးကာလမှာ သူလျှောက်လှမ်းချင်တဲ့ တကိုယ်တော်မိခင် (Single mother) ဘဝနဲ့ သတ္တိရှိရှိနဲ့ရပ်တည်နေထိုင်နေပါတယ်။ သူလိုပဲ အိမ်ထောင်ရေးသတ်ကွင်းကနေ ခဲရာခဲဆစ်လွတ်မြောက်လာသူ ကတော့ အသက် ၂၂နှစ်အရွယ် မလင်းပါ။

မန္တလေးတိုင်း၊ မြင်းမူမြို့နယ်ဇာတိဖြစ်တဲ့ မလင်းဟာ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှာ သစ်သီးကောက်ရတဲ့စက်ရုံမှာ လုပ်သက် နှစ်နှစ်ရှိအလုပ်သမားတစ်ယောက်ဖြစ်တဲ့အတွက် တစ်လကိုငွေကျပ်နှစ်သိန်းကျော်ရပါတယ်။

သူ့အမျိုးသားထွန်းထွန်းဝင်းကတော့ ကုမ္ပဏီတစ်ခုမှာအချိန်ပိုင်းညစောင့်အလုပ်သမားဖြစ်ပြီး သူဟာ တနေ့လုပ်ခငါးထောင် ကျပ်ဝင်ငွေရှိခဲ့ပေမယ့် လူလွတ်ဖြစ်တော့တစ်နေ့ရငွေကို အကုန်သုံးဖြုန်းကာအပျော်ကြီးသူတစ်ယောက်ပါ။ 

သူတို့နှစ်ယောက်ဟာ သူငယ်ချင်းရဲ့အောင်သွယ်ပေးမှုနဲ့ သမီးရည်စားသက်တမ်း တစ်နှစ်ကျော်မှာကိုဗစ်ဝင်လာတော့ ဒါကို အကြောင်းပြပြီး တရားဝင်လက်ထပ်ယူတာမျိုးမလုပ်ဘဲ ပေါင်းသင်းနေထိုင်ခဲ့တယ်။

“သူနဲ့ပေါင်းနေတဲ့အချိန်မှာ အလုပ်မရှိ၊ စားစရာမရှိလို့ ကျမကတော့ငတ်တလှည့်ပြတ်တလှည့်နဲ့ ဆာတာကိုကြိတ်မှိတ်နေ ရတယ်။ သူကတော့အမေအိမ်ကစားလာပြီး သူငယ်ချင်းတွေနဲ့ အရက်တောင်သောက်လိုက်သေးတယ်။ မူးလာရင် အသုံး မကျတဲ့မိန်းမဆိုပြီးကျောကို ငရုတ်ကျည်ပွေ့နဲ့ထုတာ”လို့ မလင်းက သူခံစားခဲ့ရတာကို ပြန်ပြောပြပါတယ်။

မလင်းအနေနဲ့အစပထမပိုင်းမှာတော့ သူ့ယောကျာၤးစိတ်အခန့်မသင့်လို့ ရိုက်တာ၊ ဒါဖြစ်တတ်တဲ့သဘာဝပဲဆိုပြီး တစုံတရာ ပြောဆိုဟန့်တားတာမရှိခဲ့ရာကနေ အိမ်တွင်းအကြမ်းဖက်မှုဟာ အစပျိုးလာခဲ့တယ်။

ကိုဗစ်ရောဂါအတန်ငယ်ဖြေလျော့ချိန်မှာ မလင်းဟာအလုပ်ပြန်ဆင်းရပြီး ဝင်ငွေရလာပေမယ့် သူ့အမျိုးသားကတော့ အလုပ်လည်းထွက်မရှာသလို အိမ်စရိတ်လည်းတာဝန်မယူဘဲ ဇနီးသည်ရှာတဲ့ငွေနဲ့အရက်သာသောက်နေပါတော့တယ်။

မလင်းဟာ အလုပ်ကပြန်လာရင် သူ့အမျိုးသားထားသွားတဲ့အမှိုက်တွေ၊ ပန်းကန်တွေကိုဆေးကျောရှင်းလင်းရတယ်။ ရံဖန် ရံခါပင်ပန်းလို့ မရှင်းလင်းထားရင် အခန်းတံခါးပိတ်ပြီးရိုက်တဲ့အတွက် ပင်ပန်းလည်းမနားဘဲလုပ်ရရှာပါတယ်။

ကိုဗစ်လှိုင်းပြန်ဝင်လာတော့ မလင်းရဲ့အလုပ်ကမမှန်လို့ အရက်ဖိုးလျော့ပေးတော့ ဘယ်လင်ငယ်ကိုပေးနေတာလဲဆိုတာ ကတစ်ဖုံ၊ အပျိုဘဝကစုထားတဲ့ဆွဲကြိုး၊ နားကပ်ပေးဆိုတာကတစ်မျိုးနဲ့ နောက်ပိုင်းမှာဓါးမြတိုက်သလိုငွေတောင်းလာပါ တယ်။

မလင်းအနေနဲ့ သူ့အမျိုးသားနှိပ်စက်တဲ့ဒဏ်ကိုမခံနိုင်တော့လို့ ကွာချင်ပေမယ့် ယောကျာၤးဖြစ်သူက အလုပ်မှာပြဿနာ လာရှာမှာကိုစိုးလို့ တစ်နှစ်ခွဲကျော်လာတဲ့အထိသည်းခံပေါင်းသင်းခဲ့ပြီး ဒီနှစ်ရှစ်လပိုင်းမှာတော့ အိမ်ကနေအပြီးတိုင် ဆင်း လာနိုင်ခဲ့တယ်။

“အခုစစ်အာဏာသိမ်းတော့ အလုပ်မရှိ၊ ရှိတဲ့ငွေကလည်းသုံးရင်းကုန်တော့ သူ့ဇာတိရုပ်ကပေါ်လာတယ်။ ငွေမပေးရင် သေအောင်ရိုက်တယ်။ အိမ်ရှိတဲ့ပစ္စည်း၊ အိုးခွက်ပါမကျန်အကုန်ရောင်းစား အရက်သောက်တယ်။ ကျမသည်းခံနိုင်တာ ကုန်သွားတော့ ကျမအမေအိမ်ပြန်သွားလိုက်တယ်”လို့ မလင်းက ပြောပါတယ်။

မလင်းတို့ဟာ တရားဝင်လက်ထပ်ယူထားတာမဟုတ်တဲ့အတွက် ကလေးနဲ့ပတ်သက်ပြီး ပြဿနာဖြစ်မှာမဟုတ်ဘူးလို့ မလင်းက ယူဆထားပုံရပါတယ်။ လာတောင်းရင်လည်း ဥပဒေအရရင်ဆိုင်မယ်လို့ သူကဆုံးဖြတ်ထားပါတယ်။

မလင်းအိမ်ပြန်သွားချိန်မှာ ကိုယ်ဝန်သုံးလရှိနေပြီဖြစ်ပေမယ့် သူ့အမျိုးသားကိုပြန်ပေါင်းမှာမဟုတ်သလို ရန်ကုန်လည်းပြန်မ လာတော့ဘဲ တောမှာပဲလုပ်ကိုင်စားသောက်ဖို့ သူကဆန္ဒရှိနေပါတယ်။

မလင်းနည်းတူ ခင်ပွန်းသည်မိသားစုတွေရဲ့ ဝိုင်းဝန်းနှိပ်စက်တာကို မခံနိုင်လို့ကွာရှင်းလိုက်ကြတဲ့စုံတွဲတွေထဲမှာ ချောစုတို့ လင်မယားတွေလည်းပါဝင်ပါတယ်။

အသက် ၂၀ သာရှိသေးတဲ့ချောစုဟာ လှိုင်သာယာစက်မှုဇုံရှိ ကိုရီးယားအထည်ချုပ်စက်ရုံမှာ လခစားဝန်ထမ်းတစ်ယောက် ဖြစ်ပြီး တစ်လကိုဝင်ငွေ သုံးသိန်းနီးပါးရနေတဲ့သူပါ။

သူ့ထက် ရှစ်နှစ်ခန့်ကြီးတဲ့ခင်ပွန်းသည်ကိုစိုးဝင်းကတော့ ဖုန်းဆိုင်တခုမှာအရောင်းဝန်ထမ်းတယောက်ဖြစ်ပြီး သူရဲ့လစာက တလကိုငွေကျပ် သုံးသိန်းခွဲရပါတယ်။ သူတို့လက်ထပ်လိုက်တာ စစ်အာဏာသိမ်းပြီး သုံးလအကြာမှာဖြစ်တယ်။

သူတို့လက်ထပ်ပြီး အခက်အခဲမှန်သမျှကို ဆိုးအတူကောင်းဘက်နေလာခဲ့ပြီးမှ ချောစုကိုယ်ဝန်ရှိလာတော့ ကိုစိုးဝင်းဗွေ ဖောက်လာတာပါ။ သူဟာအိမ်ထောင်သည်အမျိုးသားဖြစ်ပေမယ့် အလုပ်မလုပ်ဘဲ KTV မှာအချိန်ပြည့်ပျော်ပါးနေခဲ့ပါတယ်။

“ သူက ရည်စားလိုလိုတွဲနေတဲ့မိန်းကလေးတွေလည်း ရှိတယ်။ ကျမက ကွာရှင်းပေးဖို့ပြောတော့ မကွာပေးဘူး။ ကြိုက်သလို လုပ်လို့ပြောတယ်။ သူ့အိမ်ကဒါကိုသိပေမယ့် ဘာတခုမှမပြောဘူး။ သူတို့သားကငွေအကုန်အပ်ထားလို့လေ”လို့ မချောစုက ရှင်းပြပါတယ်။

ချောစုရဲ့အမျိုးသားကိုစိုးဝင်းဟာ ချောစုနဲ့လက်မထပ်ခင်ကတည်းက မကွာရှင်းရသေးတဲ့မိန်းမရှိပါတယ်။ အဲ့ဒီမိန်းမက ချောစုနဲ့ယူတဲ့အထိ ကွာရှင်းခွင့်မတောင်းထားဘူးလို့လည်း သူက ဆိုပါတယ်။

အိမ်ထောင်ဦးစီး သားကြီးဖြစ်တဲ့ကိုစိုးဝင်းက မိသားစုခြောက်ယောက်ကိုလုပ်ကိုင်ကျွေးနေသူဖြစ်တာကြောင့် မိသားစုဝင် တွေက သူ့အမှားကိုဘယ်သူကမှမပြောရဲသလို ချောစုတို့လင်မယားရန်ဖြစ်ရင်လည်း မဆွဲရဲကြပါဘူး။

အလုပ်မရှိတော့တဲ့ချောစုကို သူ့ခင်ပွန်းသည်က ဝင်ငွေမရှိလို့ဆိုပြီး ထမင်းကို ကျွေးတလှည့်၊ မကျွေးတလှည့်ပစ်ထားသလို အိမ်ရှိလူခြောက်ယောက်အလုပ်တွေလည်း မချောစုတစ်ယောက်ထဲဒိုင်ခံလုပ်ရပါတယ်။

ချောစုတို့လင်မယားလက်ထပ်စဉ်က ချောစုဘက်ကနေစုဆောင်းထားတဲ့ငွေကြေးနဲ့ နားကပ်၊ လက်စွပ်တွေကို ကိုစိုးဝင်းက အိမ်ဝယ်ဖို့ဆိုပြီး သိမ်းယူသွားခဲ့လို့ သုံးဖို့ငွေလိုအပ်လို့ပြန်တောင်းရာမှာ ကိုစိုးဝင်း လက်ပါလာပါတယ်။

“ကိုယ်ငွေကိုယ်သုံးချင်လို့ အလုပ်လုပ်တော့လည်း အိမ်အလုပ်တွေကိုနှစ်ဆလုပ်ရတယ်။ အလုပ်ကပြန်လာရင် သူတို့ စားပြီးပုံထားတဲ့ပန်းကန်တွေဆေးရတယ်။ အဝတ်တွေလျှော်ရတယ်။ အိမ်သန့်ရှင်းရေးလုပ်ရတယ်။ သေအောင်လုပ်ရ တယ်” လို့ ချောစုက ဆိုပါတယ်။

အဆိုးဆုံးကတော့ သူတို့လင်မယားနှစ်ယောက် စိတ်အခန့်မသင့်လို့ရန်ဖြစ်တိုင်း ဝင်ရောက်ဖြန်ဖြေတာမရှိဘဲ့ ကိုစိုးဝင်းကို သူရဲ့မိသားစုတွေက မြှောက်ပင့်ပေးကြပါတယ်။

“ လင်မယားရန်ဖြစ်ရင် သူ့သားမထိရင်လှည့်တောင်မကြည့်ဘူး။ ကျမကိုထိုးကြိတ်နေရင်ပိုတောင်ဆိုးသေးတယ်။ မကြား သလိုနေတာ။ သူတို့သားထိရင်တော့ သေတော့မလိုအော်တာ။ ဒါတွေလည်းကျမသည်းခံနိုင်ခဲ့သေးတယ်။ နောက်သည်း မခံနိုင်တော့ သူတို့အိမ်ကနေဆင်းသွားလိုက်တယ်”လို့ ချောစုက ပြောပါတယ်။

လက်ရှိမှာတော့ ချောစုဟာ ငွေကြေးခက်ခဲကြတဲ့သူ့မိဘတွေကို ဒုက္ခမပေးချင်တာကြောင့် အလုပ်ပြန်ဖွင့်ရက်လည်းစောင့် ရင်း လှိုင်သာယာမြို့နယ်ထဲက လိုင်းခန်းတစ်ခုမှာဌားရမ်းနေထိုင်နေပြီး မီးဖွားဖို့အတွက်လည်း ရရာအလုပ်လုပ်ဖို့ ဆုံးဖြတ် ထားပါတယ်။

ချောစုအနေနဲ့ ငယ်ရွယ်စဉ်မှာအိမ်ထောင်ပြုခဲ့တာကြောင့် ယောကျာၤးတယောက်ရဲ့လူမူဘဝကိုမသိနားမလည်ဘဲယူမိလို့ အခုလိုမိသားစုရဲ့ဝိုင်းဝန်းနှိပ်စက်ခံရဖြစ်ပြီး ဒီအနိုင်ကျင့်ခံရတာတွေကိုတိုင်တန်းရမှန်းမသိတဲ့အတွက် ကြိတ်မှိတ်သည်းခံ ခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်အာဏာမသိမ်းမီကတော့ ဒီလိုမျိုးအမျိုးသမီးတွေအကြမ်းဖက်ခံရရင် အမျိုးသမီးရေးရာကိုဖြစ်စေ၊ အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေကိုဖြစ်စေ တိုင်ကြားပြီး အကူအညီတွေတောင်းခံနိုင်ပါတယ်။ သို့သော်လည်း လက်ရှိ အနေအထားမှာတော့ လုံခြုံ ရေးအနေအထားအရ ဝန်ဆောင်မှုပေးနေတဲ့ သူတို့တွေကိုယ်တိုင်ကလည်း တိမ်းရှောင် နေရတာဖြစ်တဲ့အတွက် အရင်လိုပုံစံမျိုးထိထိရောက်ရောက်မကူညီနိုင်ကြတော့ပါဘူး။

အမျိုးသမီးအခွင့်အရေးတက်ကြွလှုပ်ရှားသူ မမေစံပယ်ဖြူက“ကိုဗစ်နဲ့ အာဏာသိမ်းမှုကြောင့် နဂိုပုံမှန်အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအပေါ်ပေးနေတဲ့ ဝန်ဆောင်မှုတွေက အရင်လို ပုံမှန်ဆက်မပေးနိုင်တော့ဘူး။ ဥပမာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေရဲ့ခိုနားစရာနေရာတွေ၊ နှစ်သိမ့်ဆွေးနွေးမှုတွေ စတာတွေပေါ့”လို့  ရှင်းပြပါတယ်။

“ နဂိုအခြေအနေကထက် အိမ်တွင်းအကြမ်းဖက်မှုတွေက ပိုပြီးမြင့်တက်လာတယ်။ ဆိုးဝါးလာတယ်ဆိုပေမယ့် တစ်ဖက်မှာ ပြဿနာက အကြမ်းဖက်မှုကြုံရတဲ့အမျိုးသမီးတွေက သူတို့လိုအပ်တဲ့ဝန်ဆောင်မှုကျတော့လည်း လက်လှမ်းမမီတော့ဘူး။ မရတော့ဘူးဆိုရင် ဒီပြဿနာဟာ တော်တော်လေးကိုကြီးမားတဲ့လူမူရေးပြဿနာလို့ မြင်ပါတယ်။ ဒါပေမဲ့ အခက်အခဲက တစ်ဖက်ကကြည့်မယ်ဆိုရင် တောင်မင်းကို မြောက်မင်းမကယ်နိုင်ဖြစ်နေပြီ” လို့ သူက မှတ်ချက်ပြုပါတယ်။

ယခင်NLDအစိုးရလက်ထက်မှာ လူကယ်ပြန်ဝန်ကြီးဌာနအပါအဝင် အမျိုးသမီးအရေးလှုပ်ရှားနေတဲ့အဖွဲ့အစည်းတွေကပါ အမျိုးသမီးတွေနည်းမျိုးစုံနဲ့အကြမ်းဖက်ခံရမှုလျော့ပါးစေဖို့အတွက် အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေနားနေနိုင်ဖို့နဲ့ အကြမ်းဖက်ခံရမှုတွေအကြောင်း နှစ်သိမ့်ဆွေးနွေး၊ ရင်ဖွင့်တိုင်ပင်နိုင်ဖို့အတွက် အမျိုးသမီးစင်တာဖွင့်လှစ်ထားရှိခဲ့တယ်။

ကချင်ပြည်နယ်မှာဆိုရင် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ရဲ့ပံ့ပိုးမှုနဲ့ မေတ္တာဖောင်ဒေးရှင်းက စစ်ဘေးရှောင်စခန်းတွေမှာ အိမ်တွင်းအကြမ်းဖက်မှုလျော့ပါးရေးစီမံချက်ဖြင့် ၂၀၁၄ ခုနစ်ကစလို့အမျိုးသမီးစင်တာ ၁၁ ခုထားရှိခဲ့လို့ အကြမ်းဖက်မှု တွေဟာမရှိသလောက်နည်းသွားခဲ့တယ်လို့ ကချင်ပြည်နယ်ရှိစစ်ရှောင်တခုမှ တာဝန်ခံတယောက်က ပြောပါတယ်။

ဒါပေမဲ့အခုကာလမှာလည်းအမျိုးသမီးအရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေဟာ လုံခြုံရေးအရတိမ်းရှောင်နေရပေမယ့် အကြမ်းဖက်ခံရတဲ့အမျိုးသမီးအတွက် Help line ထားရှိပေးထားပါတယ်။ အကြမ်းဖက်ခံရရင် “ဖုန်းခေါ်လိုက်ပါ” ဆိုတဲ့ လူမူကွန်ကွန်ယက်စာမျက်နှာကိုဆက်သွယ်အကူအညီတောင်းခံနိုင်ပါတယ်လို့ အမျိုးသမီးအဖွဲ့တွေက အသိပေးထား ပါတယ်။

သို့ပေမဲ့ နေ့စဉ်ပုံမှန်စားဖို့တောင်အနိုင်နိုင်ဖြစ်နေတဲ့ဝင်ငွေနည်းမိသားစုတွေအတွက်တော့ ဒီနည်းလမ်းက အလှမ်းဝေးလို့ နေပါတယ်။ အကြောင်းကတော့ သူတို့လိုအခြေခံအလုပ်သမားတွေအနေနဲ့ ဝမ်းရေးပူရသလို သူတို့လိုမိသားစုတွေမှာ ဖုန်း တစ်လုံးရှိဖို့တောင်မလွယ်တဲ့အခြေအနေကြောင့်ပါ။

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုများမှ တားဆီးကာကွယ်တဲ့ ဥပဒေသာ ရှိခဲ့မယ်ဆိုရင်တော့

အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေ၊ တရားရင်ဆိုင်ရာမှာ အခက်အခဲတွေရှိနေတဲ့ အမျိုးသမီးတွေ အတွက် အကာအကွယ်ပေးရေးအစီအမံတွေနဲ့အတူ တရားမျှတမှုကို ပိုမိုရရှိနိုင်လိမ့်မယ်လို့ အမျိုးသမီးဥပဒေပညာရှင်တွေနဲ့ အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူတွေကသုံးသပ်ခဲ့ကြပါတယ်။

သို့သော်လည်း ၂၀၁၃ ကစလို့ခုနှစ်နှစ်ကြာ ဆွေးနွေးရေးဆွဲထားခဲ့တဲ့ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေမူကြမ်း (PoVAW)”  ဟာ ၂၀၂၁ လွှတ်တော်အသစ်မှာ အတည်ပြုနိုင်လိမ့်မယ်လို့မျော်မှန်းထားခဲ့ကြပေမယ့်လည်း အာဏာသိမ်းမှုနဲ့အတူ အမျိုးသမီးထုကြီးအတွက် ကတော့ မျှော်လင့်ချက်တွေအလှမ်းဝေးသွားရပြန်ပါတယ်။ 

ဘယ်လိုပဲဖြစ်ပါစေ မမြင့်စန်းကတော့ အမျိုးသမီးတွေအကြမ်းဖက်မခံရအောင် တစုံတရာကာကွယ်ပေးမှုတွေနဲ့ ထောက်ပံ့မှု တွေရှိစေချင်တယ်လို့ သူ့ဆန္ဒကို ဖွင့်ဟပါတယ်။ သူ့လိုပဲ ဘဝတူအမျိုးသမီးတွေနဲ့ ကျန်တဲ့အမျိုးသမီးတွေကို လည်း အခုလိုပဲအားပေးစကားဆိုပါတယ်။

“အကြမ်းဖက်မှုမှန်သမျှ ဘယ်အရာကိုမှ ငုံ့ခံမနေပါနဲ့။ ဘယ်တော့မှလည်း သည်းမခံပါနဲ့။ ဖွင့်ပြောဖို့လိုတယ်။ တခါသည်းခံ လိုက်ရင် တဘဝလုံးနာကျင်ရလိမ့်မယ်။ ဒါကြောင့်အမျိုးသမီးတွေဟာ အမြဲသတ္တိရှိနေဖို့လိုတယ်”

Author:

Related Articles