Honest Information (HI)
တောင်ကြီးမြို့ရဲ့ တောင်ဖက်လမ်းမကြီးအတိုင်း နှစ်နာရီကျော်လောက် လာခဲ့မယ်ဆိုလျှင် ပအိုဝ်းအမျိုးသား ခေါင်းဆောင် ကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ ဦးအောင်ခမ်းထီနေထိုင်ရာ ဒေသဖြစ်တဲ့ ကျောက်တလုံးကြီးကို ရောက်ရှိမှာ ဖြစ်ပါတယ်။
ကျောက်တလုံးကြီးမှာ ပအိုဝ်းတိုင်းရင်းသား အများစုနေထိုင်ကြပြီး သနပ်ဖက်၊ပြောင်း၊ စပါး၊ ကြက်သွန်၊လုပ်ငန်းတွေကို လုပ်ကိုင်ကြပါတယ်။ တဖက်မှာလည်း တနိုင်တပိုင် ကိုယ်ပိုင်လုပ်ငန်းဖြစ်တဲ့ ပအိုဝ်းရိုးရာ လွယ်အိတ်၊ ပလိုင်း၊ မုန့်ကျွတ်၊ မုန့်လက်ကောက် စတဲ့ ဒေသထွက်အစားအသောက်တွေကိုလည်း လုပ်ကြပြီး အသက်မွေးဝမ်းကျောင်း ပြုကြပါတယ်။
ကျောက်တလုံးကြီးကနေ အရှေ့ဖက် မိနစ် ၂၀ လောက် မောင်းလာလိုက်မယ်ဆိုရင် နောင်ဟဲင်းကျေးရွာကို ရောက်ရှိ လာမှာ ဖြစ်ပါတယ်။ ရွာအဝင်မှာ ပထမဆုံးတွေ့ရမှာက မိသားစုသုံးယောက် တနိုင်တပိုင်မုန့်ကြွပ်လုပ်ငန်း လုပ်ကိုင်နေ တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
အိမ်တစ်ခုလုံးမှာ အကာတွေကို ဝါးနဲ့ပြုလုပ်ထားတဲ့ ထရံတွေနဲ့ကာထားပြီး လှေကားလည်း ဝါးလုံးတွေနဲ့ ပြုလုပ်ထားတာ သဘာဝဆန်ပြီး လှပနေပါတယ်။ အိမ်မကြီးရဲ့ဘေးမှာကတော့ မုန့်ကျွတ်ပြုနိုင်ဖို့ ပြုလုပ်ထားတဲ့ နေရာပဲ ဖြစ်ပါတယ်။
မုန့်ကြွပ်အပြားလေးရဖို့ ဗမာဆန်ကို အမှုန့်ကြိတ် ရလာတဲ့ဆန်မှုန့်ကို ဆား၊ရေထည့်ပြီး ပျစ်ပျစ်လေးဖြစ်အောင် အရင်ပြု လုပ်ရပါတယ်။ ပျစ်ပျစ်လေးရလာပြီဆိုပါက မြေအိုးကို အသုံးပြုပြီး ဆန်မှုန့်ပျစ်ပျစ်လေးကို ကိုယ်လိုချင်တဲ့ ပမာဏအတိုင်း ကို တချပ်စီ ပြုလုပ်ရပါတယ်။ တစ်နေကုန်လုပ်ရင် အချပ်ပေါင်း ရာကျော်ရပါတယ်။
ရေနဲ့ ဖျော်ထားတာဖြစ်တဲ့အတွက် စိုစိုကြီးဖြစ်နေရင် ကြော်လို့မရပါဘူး။ ဒါကြောင့် မုန့်က ကျွတ်ကျွတ်လေး ရဖို့အတွက် မနက်အစောထပြီး မုန့်ချပ်တွေကို အရင်ထလုပ်ရပါတယ်။ နေထွက်လာပြီဆိုပါက သဘာဝနေရောင်ခြည်အပူချိန်နဲ့ ခြောက်ပြီး မာနေအောင် နေပူလှန်းရပါတယ်။
မုန့်ချပ်တွေကို နေပူလှန်းနိုင်ဖို့ အိမ်ရှေ့မှာ ဒီလိုတဲလေးထိုးပြီး လှန်းကြသလို မြေပေါ်မှာ မိုးကာလေးခင်းပြီး လှန်းတာ မျိုးတွေ ပြုလုပ်ကြပါတယ်။ ခပ်ပါးပါးလေးဖြစ်တယ်ဆိုပေမယ့် နေအရမ်းပူတဲ့နေ့တွေဆို တစ်နေကုန်လောက် လှန်းရပါ တယ်။ မိုးရာသီတွေဆို မုန့်ကမခြောက်တာကြောင့် မရောင်းရ အလုပ်မဖြစ်တဲ့ နေ့တွေလည်း ရှိပါတယ်။
လက်ရှိမှာ မိုးရာသီ ကုန်ဆုံးတော့မယ်ဆိုတော့ အလုပ်က ပိုဖြစ်ထွန်းလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။
နေပူလှန်းထားတဲ့ မုန့်ချပ်လေးတွေ ခြောက်ပြီး မာမာကြီးဖြစ်လာပြီရင်တော့ စလှော်လို့ရပါပြီ။ လှော်တဲ့နေရာမှာ ဆီကို အသုံးမပြုပါဘူး။ ပင်လယ်ကမ်းစပ်တွေမှာ အများစုတွေ့မြင်ရတဲ့ ကျောက်မှုန့်လေးတွေနဲ့ လှော်ရပါတယ်။ ကျောက်မှုန့် လေးတွေကို မီးအပူပေးပြီး ပူလာပြီဆိုပါက ထည့်လှော်လို့ရပါပြီ။ ကျောက်မှုန့်လေးတွေ အေးမသွားအောင် မီးတော့ အဆက်မပြတ် ထည့်ပေးရပါတယ်။ တစ်ခါလှော်ရင် တစ်ချပ်ချင်းစီပဲ လှော်ရပါတယ်။
မုန့်ကြွပ်လှော်တဲ့ဖိုက သနပ်ဖက်လှော်တဲ့ မီးဖိုနဲ့ခပ်ဆင်ဆင်လေးပါ။ ဒီတိုင်းအိမ်မှာ အသုံးပြုတဲ့ မီးဖိုနဲ့တော့ မရပါဘူး။
မုန့်ချပ်လေးတွေကို ကျောက်မှုန့်လေးနဲ့ လှော်ပြီးပြီဆိုပါက ငါးမုန့်ကဲ့သို မုန့်ကြွပ်ကြွပ်လေး ရရှိလာပါတယ်။ လှော်ပြီးတဲ့ ဟာကို ဆယ်ထုတ်လိုက် မုန့်ချပ်အစိမ်းလေး ထပ်ထည့်လိုက်နဲ့ပဲ တစ်လှည့်စီ လုပ်ရပါတယ်။
ကျောက်မှုန့်တွေနဲ့ လှော်ထားတာဖြစ်တဲ့အတွက် မုန့်ကြွပ်တွေကြားထဲ ကျောက်မှုန့်လေးတွေ ပါသွားမှာစိုးတာကြောင့် စုတ်တံလေးနဲ့ ပြန်လည် ဖယ်ရှားပေးရပါတယ်။
မုန့်ကြွပ်လေးတွေ လေနဲထိပြီး ပျော့သွားမှာ စိုးရိမ်တာကြောင့်လည်း လေမဝင်အောင် စောင်လေးနဲ့ ပတ်ရပါတယ်။ တစ်ထုပ်မှာ မုန့်ကြွပ် ၁၀ချပ်စီ ပါဝင်ပြီး တစ်ထုပ်ကို ငွေကျပ် ၅၀၀ နဲ့ ရောင်းချပါတယ်။
တစ်နေ့ကို ဒီလိုတောင်းအပြည့်လှော်ပြီး ကျေးရွာတွေထဲမှာ လှည့်ရောင်းတာရှိသလို အိမ်ထိ လာရောက်ဝယ်ယူတဲ့ သူတွေ လည်း အများပြားရှိပါတယ်။ တစ်ရက်ကို တစ်သောင်းဖိုးလောက်တော့ ရောင်းရတယ်လို့ ဆိုပါတယ်။