Honest Information (HI)။ ။
ခလုပ်ကန်သင်းနဲ့ ဆူးညှောင့်ပြွမ်းတဲ့ တောလမ်းကို နာရီပေါင်းများစွာ ခရီးနှင်ရမယ်လို့ မသီရိဘယ်တုန်းကမှ မတွေးမိခဲ့။
အရွယ်ရောက်ပြီဆိုကတည်းက ကျော့ကျော့လေးနေ လှလှလေးဝတ်ပြီး ကြီးပြင်းခဲ့ရသူ မသိရီအဖို့ ကြမ်းတမ်းတဲ့တောလမ်း ခရီးဆိုတာ တစ်ကယ့်ကို စွန့်စားခန်းတစ်ခုပါပဲ။
ဒါကြောင့်လည်း ရှေ့ကိုအားယူလှမ်းနေရတဲ့ ခြေလှမ်းတိုင်းဟာ ခဲစွဲထားသလို လေးလံနေတယ်။ အားတင်း လျှောက် နေရင်းက တစ်ချက်တစ်ချက် လဲပြိုကျလုမတတ် အားအင်တွေကုန်ခမ်းလာတယ်။
သို့ပေမယ့်သူ အားလျှော့စိတ်ပျက်နေလို့မဖြစ်သေး။ သားလေးဆီအရောက်သွားရဦးမယ်။ ရှစ်နှစ်အရွယ်သားလေးနဲ့သူ ခွဲနေရတာ ခုဆို သုံးလကျော်လာပြီ။
ခေတ်ဆိုးခေတ်ကျပ်ထဲ မိတကွဲဖတကွဲနေနေရတဲ့ တစ်ဦးတည်းသောသားလေးကို သူသနားမိတယ်။ သည်တော့ အခြေ အနေဆိုးတွေ ဖန်တီးခဲ့တဲ့ အာဏာသိမ်းစစ်တပ်နဲ့ သူတို့ရဲ့အပေါင်းအပါတွေကိုပဲ မသီရိ စိတ်နာမိပြန်တယ်။
ပြောမယ်ဆို မသီရိတို့မိသားစုအပါအဝင် စစ်အာဏာရှင်နဲ့ အပေါင်းအပါတွေရဲ့ အန္တရာယ်ပြုမှာကို စိုးထိတ်နေကြရတာ မိသားစုတိုင်းနီးပါးပါပဲ။ ဒါကြောင့် ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ရဲ့အိမ်ရာတွေစွန့်ခွာပြီး တိမ်းရှောင်နေရသူလည်း ထုနဲ့ဒေး ရှိနေ ပါတယ်။
အာဏာရှင်ရန်က တိမ်းရှောင်ရသူတွေ
ဖေဖော်ဝါရီ ၁ ရက် စစ်အုပ်စု အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်အာဏာရှင်ကိုတွန်းလှန်နေသူတွေနဲ့ သူတို့ကို ထောက်ပံ့ ကူညီသူတွေကို ပုံစံမျိုးစုံနဲ့ နှိပ်ကွပ်လာခဲ့ပါတယ်။ ဖမ်းဆီးတာ နှိပ်စက်တာ သတ်ဖြတ်တာတွေအထိ စစ်အာဏာရှင်တွေက လက်ရဲဇက်ရဲ ကျူးလွန်လာကြတယ်။
သည်တော့ နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်သူမှန်သမျှ နောက်ကျောလုံလုံနဲ့ ခေါင်းပြားအောင်အိပ်ဖို့ အခြေအနေမပေး တော့ပါဘူး။ ဒါကြောင့် တော်လှန်ရေးရဲဘော်တွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေ တန်လှန်ရေးကို တစ်ဖက်တစ်လမ်းက ကူညီထောက်ပံ့သူတွေဟာ နေရပ်စွန့်ခွာဖို့ ဖြစ်လာပါတော့တယ်။
သည်လိုအခြေအနေမျိုးကြုံလာရသူတွေထဲမှာ မသီရိတို့လည်း ပါဝင်လာတယ်။ အာဏာသိမ်းပြီး တစ်လကျော်ကြာတဲ့အထိ မသီရိတို့မိသားစုလေး ဥမကွဲသိုက်မပျက် အတူရှိနေနိုင်ခဲ့သေးတယ်။ ဒါပေမဲ့ ကံကြမ္မဟာ သူတို့မိသားစုလေးကို အချိန် ကြာကြာ မျက်နှာသာ မပေးခဲ့ဘူး။
အဖွဲ့အစည်းတစ်ခုမှာ တာဝန်ယူထားတဲ့ သူ့အမျိုးသားကို စစ်အာဏာရှင်တွေက ဖမ်းဝရမ်းထုတ်ခဲ့တယ်။ အသက် ၃၆ နှစ်သာရှိသေးတဲ့ သူ့အမျိုးသားကလည်း ပါတီတာဝန်ရှိသူတစ်ဦးဖြစ်ရုံမျှမက နွေဦးတော်လှန်ရေးမှာ စီးမြော နေတဲ့ တိုင်းရင်းသားလူငယ်တွေနဲ့ လက်ပွန်းတတီး ရှိနေပြန်တယ်။
အဲဒီအခါ အာဏာရှင်နဲ့ အာဏာရှင်ရဲ့လက်ပါးစေတွေဟာ မသီရိရဲ့အမျိုးသားကို ဖမ်းဆီးဖို့ စုံစမ်းထောက်လှမ်းတာတွေ ကြုံလာတယ်။ ဒါကြောင့် ပထမဆုံးအကြိမ်အဖြစ် မသီရိတို့ အိမ်ပြောင်းရတယ်။
နေရာသစ်ရောက်ပြီး ရက်ပိုင်းမှာပဲ နေရာဟောင်းက မိသားစုအိမ်လေးဆီ အာဏာရှင်ရဲ့လက်ပါးစေတွေ လာရောက်ရှာဖွေ တဲ့အကြောင့် အိမ်နီးချင်းမိတ်ဆွေတွေထံကတဆင့် သတင်းစကားပြန်ကြားရတယ်။
” ကျွန်မတို့ကံကောင်းသွားတယ်။ ဒီဘက်(နေရာသစ်)ကို ပြောင်းလာတော့မှ အရင်အိမ်ကိုသွားရှာတယ်ပြောတယ်။ ဖမ်းမမိသွားဘူး”လို့ မသီရိက ပြန်ပြောပြတယ်။
နေရာဟောင်းကိုလာရှာပြီး နောက်ပိုင်းရက်တွေမှာတော့ နေရာသစ်ကို စုံစမ်းလာတာရှိသလို နယ်ကမိဘတွေ နေထိုင်ရာ ဒေသအထိပါ အရှာခံရတယ်လို့ မသီရိက ပြောပါတယ်။ အကြိမ်ရေအတိအကျနဲ့ပြောရင် နေရာဟောင်းကို တစ်ကြိမ် နေရာ သစ်ကိုတစ်ကြိမ်နဲ့ မိဘရပ်ရွာကို ခုနစ်ကြိမ်အထိ ရှာဖွေခံခဲ့ရတာလည်း ဖြစ်ပါတယ်။
မသီရိတို့ မိသားစုဟာ တိုင်းရင်းသားဒေသ ပြည်နယ်မြို့တော်တစ်ခုမှာ နေထိုင်ကြတာပါ။
မြွေပူရာ ကင်းမှောင့်
တစ်ကယ်တော့ စစ်အာဏာရှင်တွေဟာ ပြည်နယ် ပြည်မရယ်လို့ ခွဲခြားမနေပါဘူး။ သူတို့ရဲ့ အာဏာတည်မြဲရေးအတွက် တစ်နိုင်ငံလုံးက ပြည်သူတွေကို ဓားမိုးအုပ်ချုပ်သလို လက်နက်အားကိုးနဲ့ အနိုင်ကျင့်တာပါပဲ။
ဒါကို အာဏာသိမ်းပြီးကတည်းက ယနေ့အချိန်ထိ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခံရသူ ဘယ်လောက်ရှိလာပြီဆိုတဲ့ စာရင်း ဇယားတွေက သက်သေခံနေပါတယ်။
ခုဆိုရင် ဖေဖော်ဝါရီ ၁ ရက်ကနေ သြဂုတ် ၂၈ ရက်အထိ သေဆုံးသူ (၁,၀၂၆)ဦး ဖမ်းဆီးခံရသူ(၇,၆၂၇)ဦးရှိပြီး ချုပ်နှောင် ခံထားဆဲ (၆,၀၀၅)ဦးနဲ့ ဝရမ်းထုတ်ခံထားရသူ(၁,၉၈၄)ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)က ထုတ်ပြန်တဲ့စာရင်းမှာ ဖော်ပြပါ တယ်။
တိမ်းရှောင်နေရသူတွေထဲမှာ ဖမ်းဝရမ်းထုတ်ခံထားရသူတွေရှိသလို အာဏာရှင်က တစ်စုံတစ်ရာ အန္တရာယ်ပြုလာနိုင် တယ်ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ရှောင်နေရသူတွေလည်း ရှိနေပါတယ်။ စိုးရိမ်စိတ်နဲ့ ရှောင်ရသူတွေထဲမှာ ရန်ကုန်မြို့က မခင်ထား တို့ ဇနီးမောင်နှံလည်း ပါဝင်ကြပါတယ်။
မခင်ထားဆိုရင် အာဏာရှင်တွေအန္တရာယ်ကရှောင်နေရတဲ့အထဲ အိမ်ကိုသူခိုးဝင်လို့ ရှိစုမဲ့စုလေး ကုန်ရတဲ့အဖြစ်နဲ့ ထပ်ကြုံ ရပြန်တယ်။
ရန်ကုန်ကနေခွာပြီး နယ်မြို့လေးတစ်မြို့ဆီ တိမ်းရှောင်နေရစဉ်က ဖြစ်ပါတယ်။ သည်အဖြစ်ကို မခင်ထားတို့ ဘယ်လိုမှ မေ့ မရနိုင်ဘူး။ ဖြစ်ချင်တော့ အဲသည်တုန်းက သူ့အမျိုးသားက အလုပ်ကိစ္စပေါ်လာလို့ ရန်ကုန်ခဏပြန်နေရချိန် ဖြစ်ပါတယ်။
ကိုယ့်ရပ်ကိုယ့်ရွာမဟုတ်တဲ့ တခြားဒေသမှာ မိန်းမသားတစ်ယောက်ထဲ ကျန်နေရစ်ဖို့ မခင်ထား တွေးပင်မတွေးဝံ့။ ဒါကြောင့် မိခင်နဲ့ အစ်မဖြစ်သူတို့ကို သူ့ဆီခဏလာနေပေးဖို့ လှမ်းခေါ်ရတယ်။
သည်စဉ်က မခင်ထားမှာ အလုပ်ရှိနေသေးတယ်။ အာဏာသိမ်းတဲ့အစောပိုင်းကာလမို့ ခုလို အလုပ်တွေမနားသေးဘူး။ ဒီလိုနဲ့ တစ်ရက်မှာ မခင်ထားတို့ သားအမိသုံးယောက်လုံး မြို့ပေါ်တက်ဖို့ အကြောင်းဖန်လာတယ်။
မခင်ထားတို့ခေတ္တနေထိုင်တဲ့ နယ်ဘက်ကျေးဘက်မှာ လိုင်းသိပ်မမိတော့ အွန်လိုင်းသုံးအလုပ်လုပ်ဖို့ အဆင်မပြေဘူး။ ပိုဆိုးတာက အဲသည်ကာလမှာ စစ်အာဏာရှင်တွေက မိုဘိုင်းအင်တာနက်လိုင်းတွေကို ယခုထက်ပိုပြီး ထိန်းချုပ်ထားတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
ဒါကြောင့် အွန်လိုင်းသုံးလို့ရလေမလားတွေးပြီး မြို့ပေါ်တက်စုံစမ်းဖို့ အိမ်တံခါးပိတ်ပြီး သားအမိတစ်တွေ မနက်ခင်းပိုင်း ထွက်လာခဲ့တယ်။ အွန်လိုင်းလည်းသုံး လိုတာလေးတွေလည်းဝယ်ခြမ်းပြီး သူတို့သားအမိ ပြန်လာတဲ့အခါ နေ့လယ်ပိုင်း လောက် ရှိနေပြီ။
အိမ်ရှေ့ရောက် တံခါးမကြီးဖျက်ဆီးခံထားရတာကို မခင်ထားတို့ တွေ့ရတယ်။ အခြေအနေကို ရိပ်စားမိပြီး ရင်ထဲဗလောင် ဆူသွားတယ်လို့ မခင်ထားက ဆိုတယ်။
“အိမ်အဖောက်ခံလိုက်ရတော့ ပါလာသမျှ(ငွေကြေး)အကုန်ပါသွားတယ်။ ရန်ကုန်မှာ မနေရတော့ဘူးဆိုတော့ ရှိသမျှငွေ အကုန်စုထုတ်ခဲ့တာ”လို့ သူက ပြန်ပြောပြတယ်။
လက်ထဲရှိတဲ့ ဒေါ်လာလေးတွေကအစ ကျပ်ငွေနဲ့လဲထားတော့ ငွေအားလုံး သိန်း ၅၀ လောက်ပါသွားတယ်။ မိန်းမသား တွေပဲရှိတဲ့အချိန် ခုလိုအိမ်အဖောက်ခံရတော့ ကျောထဲစိမ့်တဲ့အထိ ကြောက်စိတ်ဝင်မိတယ်လို့ ပြန်ပြောပြနေတဲ့ မခင်ထားရဲ့ အသံတွေဟာ အနည်းငယ်တုန်ရီနေပါတယ်။
သူတို့အနေနဲ့ သည်အရပ်မှာ ဆက်နေဖို့ရာ မဖြစ်နိုင်တော့ဘူးလို့ မခင်ထား မှတ်ယူလိုက်တယ်။ အကြောင်းက လူမရှိတဲ့ အချိန် အိမ်ဖောက်ခံရလို့သာ မဟုတ်ရင် လူကိုပါ အနုကြမ်းစီးရင် ဒုက္ခလို့ မခင်ထား တွေးဆမိလို့ပါပဲ။ သည်လိုနဲ့ လုံခြုံမဲ့ တခြားနေရာတစ်ခုကိုပြောင်းဖို့ ဆုံးဖြတ်လိုက်ရပါတယ်။
ဒုတိယမြောက်နေရာဆီပြောင်းရတော့ သူ့အမျိုးသားလည်း ခရီးကပြန်ရောက်ပြီ။ ဒါကြောင့် အမေနဲ့ အစ်မကို နေရပ်ပြန် စေခဲ့ပါတယ်။
နေရာသစ်ရောက်တဲ့အခါ တခြားအပူတစ်ခုနဲ့ မခင်ထားတို့ ထပ်ကြုံရတယ်။ အဲဒါက ကျန်းမာရေးပြဿနာပါ။ မခင်ထားနဲ့ သူ့အမျိုးသားတို့ဟာ အသက် ၄၀ စွန်းစွန်းရှိကြပြီ။
ခုချိန်ထိ သားသမီးရတနာမထွန်းကားသေးတော့ သားသမီးလိုချင်စိတ်ဟာ ပိုမိုစွဲမြဲလာခဲ့ပါတယ်။ သည်လိုနဲ့ ပြေးရင်း လွှားရင်း ရှောင်ရင်းတိမ်းရင်းကပဲ မခင် ထားမှာ ကိုယ်ဝန်ရလာတယ်။
သည်တော့လည်း အမှောင်ကမ္ဘာထဲ အလင်းလေးတစ်ပွင့် လင်းလက်သွားသလို သူတို့ဇနီးမောင်နှံ ပျော်မဆုံး ဖြစ်ရတယ်။ ဒါပေမဲ့ မခင်ထားတို့ ပျော်ရချိန်ဟာ ဘယ်လောက်မှ မကြာလိုက်ဘူး။
အကြောင်းက ကိုယ်ဝန်ရှိနေပြီလို့ သိရပြီး သိပ်မကြာခင်မှာပဲ မခင်ထားရဲ့ ကိုယ်ဝန်ပျက်ကျခဲ့လို့ပါပဲ။ နှစ်ဦးသား ဂရု တစိုက်ရှိနေပါလျက် ရှင်သန့်ခွင့်မရလိုက်တဲ့ သန္ဓေသားလေးကိုတွေးပြီး စိတ်ဓာတ်ကျ အားငယ်ဖြစ်ရ ပြန်ပါတယ်။
ပိုးဆိုးတာက ကိုယ်ဝန်ပျက်ကျခြင်းရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာကို မခင်ထား ရင်ဆိုင်ရပါတော့တယ်။ ပျက်ကျ ပြီးချိန်နောက်ပိုင်းမှာ မခင်ထား သွေးတွေသွန်လာတယ်။ ပထမတစ်ရက်။ ဒုတိယရက် တစ်ရက်နဲ့ သုံးရက်မြောက်လောက် ရောက်တော့ အိမ်ထဲနေပြီး ကျိတ်ကုနေဖို့ အဆင်မပြေတော့ဘူး။
“ညနေထဲက သွေးဆင်းလိုက်တာ မနက် ၃ နာရီထိုးတဲ့အထိ မရပ်သေးဘူး။ ဗိုက်ကလည်း အရမ်းအောင့်တယ်။ အဲချိန်မှာ အမျိုးသားလည်း အိပ်ရာကနိုးလာတော့ ဘယ်လိုလဲ အခြေနေဆိုတော့ ဆင်းတုန်းပဲ မရပ်သေးဘူး။ ဗိုက်ကလည်း အောင့် တယ်လို့ပြောလိုက်တော့ ဟာဒါဆိုမဖြစ်ဘူး၊ ဆေးရုံသွားမှရမယ်ဆိုပြီး ဆေးရုံသွားရတယ်”လို့ မခင်ထားက အဲသည်နေ့က အခြေအနေကို ပြန်ပြောပြတယ်။
သူတို့အနေနဲ့ ကျန်းမာရေးကိစ္စမို့သာ အရဲစွန့်ပြီးသွားရမှာ ဒေသအခြေအနေက ကောင်းလှသည်မဟုတ်။ သူတို့နေထိုင်ရာ နေရာလေးနဲ့ မြို့ဆေးရုံက ကားနဲ့တစ်နာရီလောက် သွားရတယ်။ လမ်းခရီးမှာလည်း စစ်ဆေးရေးဂိတ်တစ်ခုက ရှိနေလေတော့ အစပိုင်းမှာ ချီတုံချတုံပဲ။ သွားရနိုးနိုး မသွားဘဲနေရနိုးနိုးနဲ့ နောက်တော့ အပြင်ထွက်ခွင့်ကဒ်တွေ ဘာတွေ လည်း လုပ်ပြီးသားအဆင်သင့်ရှိတော့ “ကျန်းမာရေးအရ”ဆိုတဲ့ခေါင်းစဉ်နဲ့ပဲ ဆေးရုံရှိရာ သွားလိုက်ကြတယ်။
စစ်ဆေးရေးဂိတ်ရောက်တော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သူတို့ကို စစ်ဆေးမေးမြန်းတာတွေ လုပ်တယ်။ သူတို့ကလည်း ဖြစ်ကြောင်းကုန်စင် အမှန်တိုင်းပြောပြတယ်။ သည်တော့ သူတို့အပြောကိုသာမဟုတ် မခင်ထားရဲ့ ဖြူဖပ်ဖြူရော်ဖြစ်နေတဲ့ အခြေအနေကိုပါ အ ကဲခပ်သလို ကြည့်ပြီးကာမှ ဂိတ်ကိုဖြတ်သန်းခွင့်ပေးပါတယ်။
ဆေးရုံရောက်တော့ တာဝန်ရှိသူတွေက မခင်ထားကို လိုအပ်တဲ့ဆေးတွေ သွင်းပေးတဲ့အပြင် သွေးသွန်ထားတာမို့ သားအိမ်ခြစ်ပစ်ရမဲ့အကြောင်းပါ ရှင်းပြလာတယ်။ ဒါကြောင့်ပဲ သားအိမ်ပါ တပါတည်းခြစ်ပစ်ပြီး ကျန်းမာရေးအရ စိတ်ချ ရအောင် ကုသမှုခံယူလိုက်ပါတယ်။
နေ့ နှစ်ချက်တီးလောက်ရောက်တော့ ကုသမှုအားလုံးပြီးစီးတဲ့အခါ မခင်ထားကို ဆေးရုံဆင်းခွင့် ပြုလိုက်ပါတယ်။ ခုတော့ မခင်ထားတစ်ယောက် ရန်ကုန်မြေကို ပြန်ခြေချခွင့်မရသေးပေမဲ့ ကျန်းမာရေးပြန်ကောင်း နေပါပြီ။
သူတို့ဇနီးမောင်နှံဟာ အာဏာသိမ်းပြီး နှစ်လသုံးလအထိ သူ့တို့ရဲ့မူလအလုပ်တာဝန်တွေ လုပ်ကိုင်ခဲ့ကြပါတယ်။ တစ်ချိန် တည်းမှာလည်း နွေဦးတော်လှန်ရေးနဲ့ပတ်သက်လို့ လမ်းပေါ်ထွက်ခဲ့တဲ့အချိန်အချို့ရှိခဲ့သလို ဒီကနေ့အချိန်ထိ လည်း တတ်နိုင်တဲ့ဘက်က နိုင်ရာတာဝန်ထမ်းနေကြဆဲ ဖြစ်ပါတယ်။
အဲသည်လို တော်လှန်ရေးမှာ ပါဝင်ပတ်သက်နေလို့လည်း ခုချိန်ထိ စစ်အာဏာရှင်နဲ့ သူတို့ရဲ့လက်ပါးစေတွေရဲ့ အန္တ ရာယ်ကနေ ရှောင်တိမ်းနေခဲ့ရတာပါ။
မခင်ထားတို့လို မြွေပူရာကင်းမှောင့်တဲ့အဖြစ် ကြုံရသူတွေထဲ အထက်နားမှာဖော်ပြခဲ့တဲ့ မသီရိလည်း ပါဝင်နေပြန်ပါတယ်။ သူကတော့ သူခိုးနဲ့ကြုံရတာမဟုတ်ပါဘူး။
မျှော်လင့်ချက် မနက်ဖြန်
မသီရိတစ်ယောက် ဒုတိယနိုင်ငံရောက်ကတည်းက ကိုဗစ်ကာလနဲ့ကြုံလို့ ကွာရန်တင်း ၂၁ ရက်နေခဲ့ရတယ်။ သတ် မှတ်ရက်ပြည့်လို့ ရက်ပိုင်းသာရှိသေးတယ် သူ့အမျိုးသားက ပိုးတွေ့လူနာနဲ့ ထိတွေ့မှုရှိပြန်တော့ နောက်ထပ် နှစ်ပတ် ကွာရန်တင်းထပ်ဝင်ရပြန်တယ်။
ဒါနဲ့ပဲ ကိုဗစ်စည်းကမ်းအတိုင်း ဘယ်မှမသွားမလာဘဲ အခန်းထဲအောင်းနေခဲ့ရတာ တစ်လကျော် ကြာသွားတယ်။ သည် နောက်မှာတော့ သူ့ထက်အရင် ပြည်ပကိုထွက်သွားတဲ့ သူ့အမျိုးသားနဲ့ ဒုတိယနိုင်ငံမှာ မိသားပြန်လည်စုံစည်းဖို့ စိတ်ကူး ယုံရှိသေး ကံကြမ္မာက မျက်နှာသာမပေးပြန်ပါဘူး။
အဲဒီနိုင်ငံရဲ့ လုံခြုံရေးတပ်တွေက အခန်းတံခါးလာခေါက်ပြီး ခဏဆိုကာ သူ့တို့ဇနီးမောင်နှံကို ရဲစခန်းခေါ်သွားတယ်။ သည်တော့ အခြေနေလေးတည်ငြိမ်ရင် သားလေးကိုပြန်ခေါ်မယ်ဆိုတဲ့ မသီရိရဲ့စိတ်ကူးယဉ် အိပ်မက်လေး ရုတ်ချည်း ပျောက်ဆုံးသွားခဲ့ပြန်တယ်။
အဲဒီနိုင်ငံရဲ့ရဲစခန်းရောက်တဲ့အခါ တာဝန်ရှိသူတွေက သူတို့ကို စစ်ဆေးတာ့ သူတို့နိုင်ငံကိုတရားမဝင်လာရောက် တဲ့အကြောင်း သိသွားကြသလို ကိုဗစ်စည်းကမ်းဖောက်ဖျက်တယ်ဆိုပြီး အမှုဖွင့်မယ်လုပ်တယ်။ ပြောမယ်ဆို အမှုက နှစ်မှုတောင် အဖွင့်ခံရမှာပါ။ သည်လိုမှမဟုတ်ရင်တော့ ရွေးချယ်စရာနည်းလမ်း နှစ်ခုပဲရှိတယ်။
ဒဏ်ကြေး ဆောင်မလား။ ဒါမှမဟုတ် နယ်စပ်ကို ပြန်အပို့ခံမလား။ ဒီနှစ်ခုပဲ။ ဒဏ်ကြေးကိုစုံစမ်းကြည့်တော့ မြန်မာငွေ ကျပ်သိန်း ၂၀ ကျော်လောက် ဆောင်ရမယ်။ ပြီးတော့ ဒဏ်ကြေးဆောင်လို့ စိတ်ချလုံခြုံစွာ နေထိုင်ခွင့်ရှိပြီလားဆိုတော့ အဲသည်လိုလည်း မရှိဘူးလို့ မသီရိ သိလာရတယ်။
သည်တော့လည်း အကြောင်းကမထူးတော့ပြီ။ တပ်ပြန်ခေါက်ကာ နယ်စပ်သာပြန်အပို့ခံတော့မယ်လို့ မသီရိ ဆုံးဖြတ် လိုက်ပါတော့တယ်။ ဒီမှာတင်ပဲ သူယာယီခိုလံှုခဲ့တဲ့မြို့လေးကနေ နယ်စပ်အထိ ပြန်ပို့ခံခဲ့ရအပြီးမှာတော့ မသီရီ ၆ နာရီကြာ ခြေဆန့်ရမဲ့ တောလမ်းခရီးကနေ အစပြုပြန်လာခဲ့ရပါတော့တယ်။
ရင်ဖွင့်သံ
ဒုတိယနိုင်ငံက ရဲစခန်းအချုပ်ထဲ တစ်ညအိပ်ပြီးချိန်မှာ အဖွဲ့အစည်းတစ်ခုရဲ့အကူအညီနဲ့ သူ့အမျိုးသား အချုပ်ခန်းက ထွက်ခွင့်ရသွားတယ်။ မသီရိကတော့ အချုပ်ထဲ တစ်ယောက်ထဲကျန်ခဲ့ရတယ်။ သူ့အမျိုးသားက အချုပ်က လွတ်သွားပေမဲ့ ဇနီးသည်ကိုတော့ အချုပ်ကလွတ်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
သူ့အရပ်နဲ့သူ့ဇာတ် လိုက်နာရမဲ့စည်းကမ်း ဥပဒသတွေရှိနေတော့ လွတ်လမ်းကမမြင်ဘူး။ နယ်စပ်ပြန်ပို့ပေးဖို့သာ အာဏာ ပိုင်တွေကို ခွင့်တောင်းရတယ်။ ဒါကြောင့် ဒုတိယနိုင်ငံရဲ့အာဏာပိုင်တွေဟာ မသီရိကို အချုပ်ချပြီး သုံးရက်မြောက်မှာ နယ်စပ်ပြန်ပို့ခဲ့ပါတယ်။
မသီရိအဖို့လည်း ရွေးချယ်စရာအခြားမရှိပြီမို့ ခက်ခဲပင်ပန်းမယ်မှန်းသိလျက်နဲ့ ဆူးညောင့် လျှိုမြောင်တွေ တင်းကြပ် ပြည့်နေတဲ့ တောလမ်းခရီးကို အားတင်းပြီး ရှေ့ဆက်ရပါတယ်။ လမ်းခရီးကြမ်းတာကြောင့် စိတ်ဓာတ်ကျအားငယ်ကာ လက်လျှော့လိုက်ရတော့မလားဆိုတဲ့အတွေးတွေ ခဏခဏဝင်ဝင်လာတယ်လို့ မသီရိက သူ့ခံစားမှုကို ပြောပါတယ်။
အဖြူအမည်း မသဲကွဲသေးတဲ့ သည်ကနေ့အခြေအနေမှာ သူက များများစားစားမျှော်လင့်မထားဘူးလို့ မသီရိက ဆိုပါ တယ်။ ဘာကြောင့်ဆိုတော့ မိသားစုစုံစုံညီညီ ပြန်လည်ပေါင်းစည်းနိုင်ဖို့ရာ နွေဦးတော်လှန်ရေးကြီး အောင်မြင်မှသာ ဖြစ်နိုင်မှာကို သိနှင့်ပြီး ဖြစ်နေလို့ပါပဲ။
လက်ရှိအခြေအနေအတိုင်းဆိုရင် ဖမ်းဝရမ်းအထုတ် ခံထားရတဲ့ သူ့အမျိုးသားသည်လည်း နေရပ်ပြန်လာဖို့ ဘယ်လိုမှ မဖြစ်နိုင်သေးပါဘူး။ ဇနီးသည်ဖြစ်တဲ့ သူကိုယ်တိုင်သော်မှ ဓားစာခံအဖမ်းမခံရမဲ့အရေး ရှောင်ပြေးနေရတာ မဟုတ်ပါလား။
မျှော်လင့်ချက်လေးတစ်ခုတည်းနဲ့ မနက်ကတည်းက တောလမ်းခရီးအပါအဝင် ခြေကျင်တစ်တန် ကားတစ်တန်နဲ့ တစ်နေ ကုန်နှင်လာရတဲ့ ခရီးစဉ်တွေအဆုံး နောက်တစ်နေ့မနက် ၂ နာရီမှာတော့ မသီရိတစ်ယောက် ခရီးစဉ်ကို အဆုံးသတ် နိုင်ခဲ့ပါတယ်။
သူ့အနေနဲ့ သားလေးနဲ့ မနီးမဝေး ယာယီခုံလှုံရမဲ့ နေရာသစ်ဆီ အရောက်လှမ်းနိုင်ခဲ့ပါပြီ။ ဒါပေမယ့် ကိုယ့်ရဲ့ အိုးအိမ် ကိုစွန့်ခွာပြီး မိသားစုတစ်ကွဲတပြားနေထိုင်ရတဲ့အဖြစ်တွေ ဘေးဒုက္ခအမျိုးမျိုးတွေကြောင့် ရရှိလာတဲ့ စိတ်ဒဏ်ရာတွေကို တော့ အချိန်ယူကုစားရဦးမှာပါ။
ဒါ့အပြင် တောလမ်းခရီးမှာ ရှူးဖိနပ်စီးပြီးခရီးနှင်ခဲ့စဉ်က ညိုမဲပုပ်သွားတဲ့ ခြေသည်းတွေကိုမူ လောလောလတ်လတ် ကုသရ ပါဦးမယ်။ သည်လို အခြေအနေတွေကြားကပဲ ခုချိန်မှာ သူအဖြစ်ချင်ဆုံး မျှော်လင့်ချက်လေးတစ်ခုကိုတော့ မသီရိက ရင်ဝယ်ပိုက်ထားလျက်ပါ။
အဲဒါကတော့ “သားလေးနဲ့ အမြန်ဆုံးပြန်တွေ့ခွင့်ရချင်တယ်” ဆိုတာပါပဲ။
(ကာယကံရှင်များရဲ့ဆန္ဒအရ သတင်းရင်းမြစ်များကို အမည်လွှဲဖြင့် ဖော်ပြထားပါတယ်)
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021