ရက္ခ။ ။
“ စစ်ယူနီဖောင်းဝတ်တွေကိုမြင်ရင် ဒူးတွေ တဆတ်ဆတ်တုန်လာတယ်…. သူတို့ကို သမီးသိပ်ကြောက် တယ်…. ပြီးတော့ စစ်လက်နက်ပေါက်ကွဲသံတွေကိုကြားရင် ကြောက်တယ်…. ဖြစ်ပျက်ခဲ့သမျှအဖြစ်အပျက်တွေ က သမီးရဲ့ အိပ်မက်ထဲအထိရောက်လာပြီး မကြာခဏ ခြောက်လှန့်နေတယ်…. သမီး သိပ်ကြောက်တယ်..”
ရခိုင်သံမပီကလာဖြင့်ပြောဆိုနေသော ခမီလူမျိုး မခင်မေဦး တစ်ယောက် စကားပြော နေစဉ်အတောအတွင်း၌ပင် အသံများတဆတ်ဆတ်တုန်ရီလာကာ တစ်ဆို့တိမ်ဝင်သွားတော့သည်။ နံဘေးနား တွင်ထိုင်နေသောမိခင်ဖြစ်သူက ချက်ချင်းဆိုသလို မခင်မေဦးကို သူ၏ရင်ခွင်ထဲသို့ဆွဲသွင်းကာ ပွေ့ဖက်ထား လိုက်၏။ ထို့နောက် “ သမီးလေးရဲ့ စိတ်ဒဏ်ရာကိုအချိန်ပေးပြီး ကုစားရဦးမယ်” ဟု ညီးရှာသည်။
စင်စစ် အသက် ၁၂ နှစ်ခန့်အရွယ်ဆိုသည်မှာ ပုံမှန်အားဖြင့် အရာရာကို စူးစမ်းတတ်သောအရွယ်၊ သွက်လက်ဖျတ်လတ်သောအရွယ်၊ ရဲရင့်တက်ကြွသောအရွယ်ပင်ဖြစ်သည်။ လောကဓံလေဆန်လမ်းကိုရင်ဆိုင် ကျော်ဖြတ်ရန်အတွက် အတောင်ပံများ တဖျတ်ဖျတ်ခတ်နေသောအရွယ်ပင်ဖြစ်သည်။ ကလေးဘဝမှ လူငယ် ဘဝသို့စတင်တက်လှမ်းရန် တာစူနေချိန်ဖြစ်သည်။ ထိုအချိန်သည် လူသားတိုင်းအတွက် အလန်းဆန်းအတက် ကြွဆုံးအချိန်အရွယ်ပင် ဖြစ်၏။ သို့သော် ထိုကဲ့သို့အခြေအနေမျိုးသည် မခင်မေဦးနှင့်တော့ လားလားမျှမသက် ဆိုင်သကဲ့သို့ဖြစ်နေသည်။
မဝေးလှသေးသော အတိတ်ကာလတစ်ခုက မခင်မေဦး သည် စစ်တလင်းပြင်၏ မြေစာပင်တစ်ပင်ဖြစ် ခဲ့ရပြီး သူ့တစ်ကိုယ်လုံး သေကောင်ပေါင်းလဲဒဏ်ရာများအလိန်းလိန်းရရှိခဲ့ဖူးသည်။ ထိုအချိန်မှစတင်ကာ စတု တ္ထတန်းကျောင်းသူကလေး မခင်မေဦး ၏အတွင်းစိတ်ထဲ၌ ကြောက်မက်ထိတ်လန့်ဖွယ်ရာ အရိပ်ဆိုးကြီးတစ်ခု စွဲကပ်လာခဲ့ပြီး အချိန်တိုင်း သူ့ကို ခြောက်လှန့်နေတော့သည်။
သွေးစွန်းသွားခဲ့သော မြန်မာ့ကလေးများနေ့
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ-၁၃ ရက်နေ့။ ထိုနေ့သည် မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ (၁၀၅)နှစ်မြောက်မွေးနေ့ဖြစ်ပြီး (၇၃) နှစ်မြောက် မြန်မာ့ကလေးများနေ့လည်းဖြစ်၏။ ထိုနေ့က NLDအစိုးရမှဦးဆောင်ကာ မြန်မာနိုင်ငံအနှံ့အပြားတွင်ပျော်ပွဲရွှင်ပွဲများပြုလုပ်ဆင်နွှဲလျှက်ရှိနေခဲ့သည်။သို့သော် မြန်မာနိုင်ငံအနှံ့အပြားမှ ပျော်ပွဲရွှင်ပွဲများနှင့်ဆန့်ကျင်စွာပင် ရခိုင်ပြည်နယ်ထဲတွင်တော့ စစ်လက်နက်ပေါက် ကွဲသံများနှင့် စစ်တလင်းထဲမှ မြေစာပင်တို့၏ ငိုယိုညီးတွားသံများ ဆူညံနေခဲ့ရသည်။
ဖေဖော်ဝါရီ-၁၃ ရက်နေ့၊ နံနက်ခင်း-၁၀ နာရီကျော်အချိန်က ဖြစ်သည်။ ဆောင်းနှောင်းရာသီ၏မနက် ခင်းသည် နှင်းကြွင်းနှင်းကျန်ကလေးများဖြင့်အေးအေးမြမြရှိနေ၏။ ရခိုင်မျိုးနွယ်စုဝင် ခမီ(ခမွီ/ခမွေ) လူမျိုးများ နေထိုင်လျှက်ရှိသော ဘူးသီးတောင်မြို့နယ်၊ စံညင်းဝေကျေးရွာအုပ်စုထဲမှ ခမွေချောင်းကျေးရွာကလေးသည် လည်း ပုံမှန်အတိုင်းပင် ငြိမ်းငြိမ်းချမ်းချမ်းရှိနေသည်။
ထိုအချိန်၌ပင် ကျယ်လောင်လွန်းလှသော လက်နက်ကြီးပေါက်ကွဲသံတစ်ခုကိုကြားလိုက်ရပြီး ခမွေ ချောင်းကျေးရွာမူလတန်းကျောင်း၏ခေါင်မိုးတစ်ခုလုံး ဖွာလန်ကြဲထွက်သွားသည်။ ထိုလက်နက်ကြီးကျည်ဆံ ကျ ရောက်ပေါက်ကွဲမှုကြောင့် စာသင်ကျောင်းထဲတွင်စာသင်နေကြသော ကျောင်းသူကျောင်းသားကလေးငယ် (၁၇) ဦးကျော်မျှကို ထိခိုက်ဒဏ်ရာရရှိသွားစေခဲ့သည်။ ခမွေချောင်းကျေးရွာစာသင်ကျောင်းသည် ကျောင်းသူ ကျောင်းသားပေါင်း (၆၅) ဦးတက်ရောက်စာသင်နေသော စာသင်ကျောင်းတစ်ကျောင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရ ရှိသွားကြသောအလေးငယ် (၁၇)ဦးမှာ KG တန်းမှ စတုတ္ထတန်းအထိ ကျောင်းသူကျောင်းသား ကလေးငယ်များ ပင် ဖြစ်သည်။
ကျည်ဆန်စထိမှန်ခဲ့ကြသော ကလေးငယ်အများစုမှာ ပွန်းပဲ့ရှနာရုံဒဏ်ရာဒဏ်ချက်မျှကိုသာ ရရှိခဲ့သော် လည်း အသက် -၁၁ နှစ်ခန့်အရွယ်၊ စတုတ္ထတန်းကျောင်းသူကလေး မခင်မေဦး တစ်ယောက်ကတော့ ကံဆိုး လွန်းစွာပင် ညာဖက်လက်မောင်း၊ ဝဲဖက်ပါး၊ မေးစေ့၊ လည်ပင်းနှင့် နောက်စေ့တို့ကို ပြင်းပြင်းထန်ထန်ထိခိုက် ဒဏ်ရာရရှိသွားခဲ့သည်။
“ အဲဒီနေ့ မနက်ပိုင်း (၅) နာရီကျော်လောက်ကတည်းက ကျွန်တော်တို့ ခမွေချောင်းကျေးရွာရဲ့မြောက် ဖက်တောင်တန်းတွေပေါ်မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်တပ်တော်(AA) တို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေ ကြသံကို ကြားရပါတယ်… မနက် ၁၀ နာရီကျော်လောက်အချိန်မှာတော့ ကျွန်တော်တို့ရွာရဲ့စာသင်ကျောင်းပေါ်ကို လက်နက်ကြီး ကျပါ တယ်… ကျွန်တော်တို့ စာသင်ကျောင်းကိုရောက်သွားချိန်မှာ သမီးလေး ခင်မေဦး ဟာ ဒဏ် ရာတွေနဲ့ သွေးအိုင်ထဲမှာ သတိမေ့မျောနေပါပြီ…. ” ဟု မခင်မေဦး၏ဖခင် ဦးထွန်းမောင်က ပြန်ပြောပြသည်။
စာသင်ကျောင်းကိုလက်နက်ကြီးကျပြီးနောက် နှစ်နာရီခန့်မျှအကြာ၊ နေ့လယ်ခင်း ၁၂ နာရီ ကျော်ခန့်အချိန်တွင် ခမွေချောင်းကျေးရွာတွင်းသို့တပ်မတော်စစ် ကားတစ်စီးရောက်ရှိလာခဲ့ပြီး ထိုစစ်ကားဖြင့် ဒဏ်ရာရရှိသောကလးငယ်များကို ဘူးသီးတောင်မြိဲ့နယ် ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။ ဒဏ်ရာပြင်းထန်သော မခင်မေဦး သည် ဘူးသီးတောင်ဆေးရုံသို့ ရောက်ရှိပြီး နာရီအနည်းငယ်ခန့်ကြာသည်အထိ ဆက်လက်သတိမေ့မျောနေခဲ့သည်။
ရခိုင်စစ်ပွဲဆိုးမွေထဲက မြေစာပင် မျိုးနွယ်စုများ
လက်နက်ကြီးကျည်ဆန်ထိမှန်ဒဏ်ရာရရှိခဲ့သူ အသက်(၁၂) နှစ်ခန့်အရွယ် မခင်မေဦးတို့မိသားစု သည် ရခိုင်မျိုးနွယ်စုဝင် ခမီလူမျိုးများ ဖြစ်ကြသည်။ ဖခင် ဦးထွန်းမောင်နှင့် မိခင် ဒေါ်မဖြူတို့တွင် မခင်မေဦး မပါအဝင် သားသမီး (၃) ဦးရှိပြီး မခင်မေဦးမှာ အကြီးဆုံး သမီးကြီး ဖြစ်သည်။ မခင်မေဦး၏မိဘများသည် ဘိုး စဉ်ဘောင်ဆက် ခမီချောင်းကျေးရွာတွင်နေထိုင်လာခဲ့ကြသူများဖြစ်ပြီး မိသားစုပိုင် တောင်ယာလုပ်ငန်းဖြင့် အသက်မွေးကြ၏။
ဦးထွန်းမောင်နှင့် ဒေါ်မဖြူတို့နေထိုင်ရာ ခမွေချောင်းကျေးရွာပတ်ဝန်းကျင်တွင် ရှေးယခင်က မည် သည့်တိုက်ပွဲများမှ ဖြစ်ပွားခြင်းမရှိခဲ့သော်လည်း ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင်မူ မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ် တော် (AA) တို့၏ တိုက်ပွဲဖြစ်ပွားသံများကိုမကြာခဏကြားလာခဲ့ရသည်။ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ(၁၃) ရက် နေ့နောက်ပိုင်းအချိန်များတွင်တော့ ခမွေချောင်းကျေးရွာအနီးအနားတွင် တိုက်ပွဲကြီးများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့ပြီး ကျေးရွာထဲတွင် ဆက်လက်မနေထိုင်နိုင်အောင် ဖြစ်သွားခဲ့ရသည်။ ထို့ကြောင့် အိမ်ခြေ (၆၅) အိမ်နှင့် လူဦးရေ (၃၀၀) ကျော်ခန့်မျှရှိသော ခမွေချောင်း ကျေးရွာတစ်ခုလုံး ဘေးလွတ်ရာသို့ထွက်ပြေးတိမ်း ရှောင်ခဲ့ကြရသည်။ လက်ရှိအချိန်တွင် မခင်မေဦးတို့မိသားစုသည်ဘူးသီးတောင် မြို့နယ်ရှိ ဂန္ဓာရီ ခမီတိုက်ပွဲ ရှောင် ကယ်ဆယ်ရေးစခန်းထဲတွင် ခိုလှုံနေထိုင်နေကြရသည်။ ဂန္ဓာရီ ခမီတိုက်ပွဲ ရှောင်ကယ်ဆယ်ရေးစခန်း သည် အစိုးရမှသတ်မှတ်ပေးထားသော ဘုန်းတော်ကြီးကျောင်း တိုက်ပွဲရှောင်စခန်း တစ်ခုဖြစ်ပြီး ထိုစခန်းထဲ တွင် ခမီလူမျိုး တိုက်ပွဲရှောင်အိမ်ထောင်စု (၂၀၆) စုနှင့် လူဦးရေ(၁၂၀၀) ခန့် ခိုလှုံလျှက်ရှိသည်။
လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်း၌ မြန်မာ့တပ်မတော်နှင့် ရခိုင်တပ်တော်(AA) တို့၏ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲများ ငြိမ်သက်နေခဲ့ပြီဖြစ်သော်လည်း မြေမြုှပ်မိုင်းအန္တရာယ်များက တောတောင်နှင့်အနီးပတ်ဝန်း ကျင်တို့၌နေထိုင်လုပ်ကိုင်စားသောက်နေကြသော ဒေသခံမျာ၏အိမ်ပြန်ရေးအိပ်မက်ကို ခြိမ်းခြောက်နေဆဲပင် ဖြစ်သည်။ အထူးသဖြင့် တောင်တန်းများနှင့် တောင်ခြေဒေသများတွင် မှီတင်းနေထိုင်ကြသူအများစုမှာ ရခိုင်မျိုး နွယ်စုဝင်လူမျိုးများဖြစ်သဖြင့် ထိုသူများသည် ရခိုင်တိုက်ပွဲ၏ဆိုးမွေကိုအများဆုံး ရင်ဆည်းခံနေကြရသူများပင် ဖြစ်၏။
ရခိုင်တိုက်ပွဲကြားထဲက မှတ်တမ်းဝင်မည့် နေ့တစ်နေ့
ရခိုင်ပြည်နယ်သည် မြန်မာ့တပ်မတော်နှင့် AA တို့ ပြင်းပြင်းထန်ထန်တိုက်ပွဲများ နှစ်နှင့်ချီကာ ဖြစ်ပွား ခဲ့ရာ ပြည်နယ်တစ်ခု ဖြစ်သည်။ ရခိုင်အခြေစိုက် နိရဉ္စရာဂျာနယ်၏ မှတ်တမ်းများအရ မြန်မာ့တပ်မတော်နှင့် AA တို့သည် ၂၀၁၅ ခုနှစ်၊ မတ်လ-၂၉ ရက်နေ့မှစတင်ကာ ရခိုင်ပြည်နယ်အတွင်း၌ ထိတွေ့တိုက်ပွဲများစတင်လာ ခဲ့ကြောင်းဆို၏။ ထိုစဉ်အချိန်မှစတင်ကာ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်များအတွင်း၌ တိုက်ပွဲသံများကို ခပ် စိပ်စိပ်ကြားလာခဲ့ရပြီး ၂၀၁၈ ခုနှစ်အလွန်ကာလများတွင်မူ ရခိုင်တိုက်ပွဲနယ်မြေသည် ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်များကိုသာမကတော့ပဲ ရခိုင်အလယ်ပိုင်းနှင့် တောင်ပိုင်းမြို့နယ်များအထိတိုင်း ပြင်းပြင်းထန်ထန်ပျံ့နှံ့ သွားတော့သည်။
၂၀၁၉ ခု နှစ်၊ ဇန်နဝါ ရီလ -၄ ရက်နေ့တွင် ရခိုင်တပ်တော်(AA) သည် ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်း စခန်းလေးခုကို တစ်ပြိုင်နက်တည်းဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့သည်။ သည်နောက်တွင်တော့ နိုင်ငံတော်မှ ရ ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်သောင်းကြမ်းသူအဖွဲ့အစည်းအဖြစ်သတ်မှတ်ကြေငြာခဲ့ပြီး အမြစ်ဖြတ်ချေ မှုန်းရန် စစ်ဆင်ရေးများကို စတင်ခဲ့သည်။ ၂၀၁၉ မှ ၂၀၂၀ အထိကာလများအတွင်း ရခိုင်ပြည်နယ်ထဲ၌ ကြည်း၊ ရေနှင့် လေကြောင်းပစ်ကူပါသောတိုက်ပွဲကြီး အမြောက်အများ ဖြစ်ပွားခဲ့သည်။ AA ၏ ထုတ်ပြန်ချက်အရ ၂၀၁ ၉ ခုနှစ်အတွင်း မြန်မာ့တပ်မတော်နှင့် AA တို့သည် မိနစ်-၃၀ အထက်ကျော်လွန်သောတိုက်ပွဲပေါင်း (၆၈၁) ပွဲ အထိ ထိတွေ့မှုရှိခဲ့ကြကြောင်း ဆိုသည်။
AA နှင့် စစ်တပ်တို့၏ နှစ်ဖက်ပြင်းထန်တိုက်ပွဲများကြောင့် သေကြေပျက်စီးမှုများ၊ ထိခိုက်ဏ်ရာရရှိမှု များ၊ နေရပ်အိုးအိမ်ကို စွန့်ခွာထွက်ပြေးကြရသော တိုက်ပွဲရှောင်များနှင့် ကျေးရွာလုံးကျွတ် မီးလောင်ပြာကျ ခဲ့မှုပေါင်းများစွာ ရှိခဲ့သည်။ တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရရှိကြသူများနှင့် သေကြေကြသူများထဲတွင်အမျိုး သမီးများ၊ ကလေးငယ်များနှင့် ကျောင်းသူ ကျောင်းသားလူငယ်လူလတ်ပိုင်း အများအပြား ပါဝင်ခဲ့သည်။ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ-၁၃ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ ခမွေချောင်းကျေးရွာစာသင်ကျောင်းပေါ်သို့ လက် နက်ကြီးကျရောက်ပေါက်ကွဲခဲ့မှုဖြစ်စဉ်မှာလည်း ရခိုင်တိုက်ပွဲများ၏ သမိုင်းဝင်မှတ်တမ်းတစ်ခုပင် ဖြစ်သည်။
“ သမီးလေးကို လက်နက်ကြီးကျပြီး ဒဏ်ရာရသွားတဲ့နေ့ဟာ ဖေဖော်ဝါရီ-၁၃ ရက်နေ့၊ အဲဒီနေ့ ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၁၀၅) နှစ်မြောက်မွေးနေ့၊ မြန်မာနိုင်ငံရဲ့ကလေးများနေ့လို့ လူတွေက ပြောကြပါတယ်။ ကျွန်မတို့သမီးကလေးက ကျောင်းတက်နေရင်း လက်နက်ကြီးဒဏ်ရာရပြီး သေလုမျောပါးဖြစ်သွားခဲ့ရတယ်။ သမိုင်းဝင် သွေးစွန်းသွားခဲ့ရတဲ့ ကလေးများနေ့တစ်နေ့ပါပဲ” ဟု မခင်မေဦး ၏ မိခင်ဖြစ်သူ ဒေါ်မဖြူ ကဆိုသည်။
လက်နက်ကြီးကျည်ဆန် ထိမှန်ခဲ့သော မခင်မေဦးကို ဘူးသီးတောင်မြို့နယ်ဆေးရုံတွင် (၃) ရက်၊ စစ်တွေ ဆေးရုံတွင် (၄) ရက်နှင့် ထိုမှ တဆင့် (၁၉.၂.၂၀၂၀) ရက်နေ့တွင် ရန်ကုန်မြို့၊ ေ့မြာက်ဥက္ကလာဆေးရုံသို့ ပြောင်းရွှေ့ကာ (၃) လကျော်ခန့် အထိ ဆက်လက်ကုသခဲ့ရကြောင်း ဆိုသည်။ ်။ သုံးလလျှင်တစ်ကြိမ် ရန်ကုန်ဆေး ရုံသို့ ပြန်လည်သွားရောက်ပြသရမည်ဖြစ်သော်လည်း ငွေကြေးမတတ်နိုင်သဖြင့် လက်ရှိတိုင် ပြန်လည်ပြသ နိုင်ခြင်းမရှိခဲ့ကြောင်း မခင်မေဦး၏ မိခင် ဒေါ်မဖြူကဆိုသည်။
ပြန်လည်ကုစားရန်လိုအပ်နေသော မြေစာပင်တို့၏ စိတ်ဒဏ်ရာများ
“ ကျွန်မသမီးလေးရဲ့ ရင်ထဲမှာ ကြောက်စိတ်တွေ အခုထိ စွဲကပ်နေတုန်းပါပဲ… ဖြစ်ပျက်ခဲ့တာတွေက အရိပ်ဆိုးကြီးတစ်ခုလို သူ့ကို အချိန်တိုင်း ခြောက်လှန့်နေပုံပေါ်ပါတယ်… ညဖက်တွေဆိုရင် မကြာခဏ လန့် နိုးတယ်… သူ့ကို နဂိုအတိုင်းပုံမှန်ပြန်ဖြစ်စေချင်ပါတယ်… ပြီးတော့ ကျွန်မသမီးလေးလိုပဲ စစ်ပွဲတွေအတွင်းမှာ အပြင်ဒဏ်ရာ အတွင်းဒဏ်ရာရရှိခဲ့ကြသူတွေအားလုံးလည်း အကာင်းအတိုင်းပြန်ဖြစ်လာဖို့ ဆုတောင်းပါတယ်”
ရခိုင်ပြည်နယ်သည် စစ်တပ် နှင့် ရခိုင့်တပ်တော် (AA)တို့၏ တောက်လျှောက်ဖြစ်ပွားခဲ့ကြသော နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများအတွင်း ထိခိုက် ဒဏ်ရာရရှိသူ (၁၂၁) ဦးနှင့် အသက်သေဆုံးခဲ့ရသူ (၅၃) ဦးရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်း အရုံး(REC) အတွင်းရေးမှူးကိုဇော်ဇော်ထွန်းကဆိုသည်။ စစ်ပွဲအတွင်းထိခိုက်သေဆုံးမှုများထဲတွင် ရခိုင်မျိုးနွယ် စုဝင်များပါဝင်နှုံးမှာ (၂၀) ရာခိုင်နှုံးမှ (၂၅) ရာခိုင်နှုံးအထိရှိနိုင်ကြောင်း ကိုဇော်ဇော်ထွန်း က ခန့်မှန်းပြောဆို၏။ ထို့အပြင် ရခိုင်ပြည်နယ်ထဲတွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသော တိုက်ပွဲရှောင် အရေအတွက်မှာလည်း သိန်းဂဏန်းကျော် အထိရှိနေသည်။
လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အနှံ့၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့သော်လည်း တိုက်ပွဲရှောင်စခန်းမှ တိုက်ပွဲရှောင်များ နေရပ်ပြည်လည်အခြေချနိုင်ရေးအပါအဝင် စစ်ဒဏ်သင့်ခဲ့ကြသူများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာတို့ကို ပြန်လည် ကုစား၊ တည်ဆောက်ရေးတို့မှာ စိန်ခေါ်မှုများရှိနေဆဲဖြစ်သည်။ အထူးသဖြင့် မခင်မေဦး ကဲ့သို့ စစ်တလင်းထဲ၌မြေစာပင်ဖြစ်ခဲ့ရသူများ၏ ယိုယွင်းပျက်စီးသွားသော စိတ်ပိုင်းဆိုင်ရာများကို ပြန်လည် ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများမှာ မရှိမဖြစ် လုပ်ဆောင်ရမည့် လုပ်ငန်းတစ်ခုအဖြစ် ကျန်ရှိနေ ဆဲပင် ဖြစ်လေသည်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021