Home ဆောင်းပါး “အာဏာသိမ်းမှုက အမျိုးသမီးအခွင့်အရေးများကိုပါဖျက်ဆီးပစ်ခဲ့သည်”

“အာဏာသိမ်းမှုက အမျိုးသမီးအခွင့်အရေးများကိုပါဖျက်ဆီးပစ်ခဲ့သည်”

Honest Information (HI)။ ။

တတိယအကြိမ်မြောက် လွှတ်တော်စမယ့်နေ့၊ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့မှာစစ်အာဏာသိမ်း လိုက်တဲ့အတွက် အမျိုးသမီးအဖွဲ့တွေ ၂၀၁၃ ကစလို့ ရှစ်နှစ်ကြာကြိုးစားခဲ့တဲ့ ဥပဒေကြမ်းတစ်ခုဟာ စမ်းတဝါးဝါးဖြစ်ပြီး ပျောက်ကွယ်သွားပါတယ်။

အကယ်၍များ အာဏာမသိမ်းခဲ့ပါက ‘အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေမူကြမ်း (PoVAW)’ ကို လာမယ့်လွှတ်တော်သစ်မှာ တင်သွင်းပြီး အတည်ပြုနိုင်ဖို့အလားအလာရှိမယ်လို့မျှော်လင့်ခဲ့ကြပါတယ်။

အခုတော့ အမျိုးသမီးတွေကို ဥပဒေကြောင်းအရ အကာအကွယ်ပေးရေး အစီအစဉ်တွေဟာ ကမ်းမမြင်လမ်းမမြင် ဖြစ်နေခဲ့ပါပြီ။

၂၀၁၀ ခုနစ်နောက်ပိုင်း အရပ်သားအစိုးရပြောင်းလဲလာတဲ့နောက် အမျိုးသမီးအဖွဲ့အစည်းတွေ အစဉ်တစိုက် ကြိုးစားလာခဲ့တဲ့ ကျား-မတန်းတူညီမျှရေး၊ အကြမ်းဖက်မှု ကာကွယ်တားဆီးရေးဥပဒေတွေပေါ်ထွက်ဖို့အရိပ်အယောင်ရှိလာပြီး၊ အမျိုးသမီးအရေးကိစ္စတွေ အားကောင်းလာနေဆဲအချိန်မှာပဲ စစ်တပ်အာဏာသိမ်းမှုရဲ့ခြောက်လတာကာလအတွင်း အရာအားလုံးပျက်စီးသွားပါတော့တယ်။

စစ်အာဏာရှင် ရှိနေသမျှ အမျိုးသမီး အဖွဲ့အစည်းတွေ ဆောင်ရွက်နေတဲ့ ကျား- မတန်းတူညီမျှရေး၊ အမျိုးသမီးအခွင့်အရေးတွေဟာ ဘယ်လိုနည်းနဲ့မျှ ဆောင်ရွက်လို့ မရနိုင်တဲ့ ကိစ္စရပ်ဖြစ်နေကြောင်း အမျိုးသမီးအရေး ဆောင်ရွက်နေသူ မမေစံပယ်ဖြူက ပြောဆိုလိုက်ပါတယ်။

“အာဏာရှင်အောက်မှာ ကျား-မတန်းတူညီမျှမှုကိစ္စတွေ လူ့အခွင့်အရေးကိစ္စတွေက ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ အာဏာရှင်နဲ့ ဒီမိုကရေစီစံချိန်စံနှုန်း၊ ကျား-မတန်းတူညီမျှရေးဆိုတာက အတူတူနေလို့ရတဲ့ကိစ္စမဟုတ်ဘူး” လို့ မမေစပယ်ဖြူ က ပြောပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ အမျိုးသမီးအရေး လှုပ်ရှားသူတွေဟာ အာဏာရှင်လက်အောက်မှာ ပစ်မှတ်ထား ဖမ်းဆီးတိုက်ခိုက်ခံရမယ့် အရေးကြောင့် မြန်မာနိုင်ငံထဲကသူတို့ရဲ့ အခြေစိုက်ရာ ရုံးတွေကိုစွန့်ခွာပြီး လွှတ်မြောက်ရာကို ကိုယ်စီထွက်ပြေးတိမ်းရှောင်နေရပါတယ်။ သူတို့ထဲကတချို့ဟာ စစ်အာဏာရှင်ဖြုတ်ချရေးအတွက် လမ်းပေါ်ထွက် ဆန္ဒပြတောင်းဆိုကြရမှာ ဦးဆောင်ခဲ့ကြတာကြောင့် ဖမ်းဆီးခံရမယ့်အရေးလည်း ကြုံနေရပါတယ်။

မြန်မာနိုင်ငံထဲက စစ်အာဏာရှင်တွေရဲ့အုပ်ချုပ်မှုက ကင်းလွှတ်နယ်မြေ၊ ဒါမှမဟုတ် ပြည်ပနိုင်ငံတခုခုမှာ အခြေစိုက်ပြီး ပြည်တွင်းလူ့အခွင့်အရေးတိုးတက်ဖို့လုပ်ဆောင်တဲ့ပုံစံဟာ ယခင်ဆယ်စုနှစ်များစွာကလည်းက လုပ်ဆောင်ခဲ့ကြရတဲ့ ပုံစံလည်းဖြစ်ပါတယ်။

၂၀၁၀ တုန်းက စစ်အုပ်ချုပ်ရေးကနေ အရပ်သားအုပ်ချုပ်ရေးအဖြစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ခဲ့တာကြောင့် နှစ်ပေါင်းများစွာ အမျိုးသမီးအရေး၊နိုင်ငံရေးနဲ့ ဖက်ဒရယ်အရေးကို ထိုင်းနိုင်ငံမှာအခြေစိုက်ပြီး လုပ်ဆောင်ခဲ့တဲ့ တိုင်းရင်းသူအမျိုးသမီး (၁၃)ဖွဲ့ဟာဆိုရင်လည်း ရန်ကုန်မြို့နဲ့ အခြား ၎င်းတို့ရဲ့ တိုင်းရင်းသားနယ်မြေအသီးသီးကို ပြန်လည်အခြေချခဲ့ကြပါတယ်။ သူတို့ဟာ အမျိုးသမီးအရေးကို ထိထိရောက်ရောက် ပြန်လည်လုပ်နိုင်ဖို့နဲ့ အမျိုးသမီးတန်းတူညီမျှရေးကို ပိုလုပ်ဆောင်နိုင်ဖို့အတွက် မျှော်လင့်ချက်ကိုယ်စီနဲ့ပြည်တော်ပြန်ခဲ့ကြခြင်းဖြစ်ပါတယ်။

ဒါ့ပေမယ့် ၂၀၂၀ခုနစ် ဖေဖော်ဝါရီ ၁ရက်မှာ စစ်အာဏာသိမ်းပြီးနောက်မှာတော့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB အဖွဲ့ဝင်အမျိုးသမီးတွေဟာ မြန်မာနိုင်ငံထဲကသူတို့ရဲ့ အခြေစိုက်ရုံးကိုစွန့်ခွာခဲ့ရပြီး လွှတ်မြောက်နယ်မြေတွေဆီ တကျော့ပြန်လည် အခြေစိုက်ခဲ့ရပြန်ပါတယ်။

“နိုင်ငံရေး အပြောင်းအလဲပေါ်မူတည်ပြီးတော့ ကျမတို့ လုပ်ဆောင်နေရတယ်။ အမျိုးသမီးအရေးနဲ့ နိုင်ငံရေး အရေးကိစ္စတွေကို ဘက်ပေါင်းစုံပါဝင်နိုင်အောင် ကျမတို့နည်းလမ်းရှာဖွေပြီး ကြိုးပမ်းနေပါတယ်။ အရင်ကလို ပြန်ဖြစ်သွားတာပေါ့ ” လို့ WLB အထွေထွေ အတွင်းရေးမှူး နော်ဆဲဆဲ ကဆိုပါတယ်။

အာဏာသိမ်းခဲ့တာကြောင့် အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုတွေ၊ လှုပ်ရှားသူတွေဟာ အကန့်အသတ်တွေ ရှိလာခဲ့တဲ့အချိန်မှာဘဲ တခြားတစ်ဖက်မှာလည်း မြန်မာနိုင်ငံအတွင်းမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုလို ပြဿနာမျိုးတွေကလည်း တိုးတိုးလာနေပါတယ်။

မြန်မာနိုင်ငံ မှာ စစ်အာဏာမသိမ်းခင် နဂိုကတည်းက ကိုဗစ်-၁၉ ကူးစက်မှုကို အလူးအလိမ့်ခံနေရပြီး ကိုဗစ် ပထမလှိုင်းကစလို့ နေအိမ်ကနေအပြင်မထွက်ကြဖို့ ကန့်သတ်မှုတွေ လုပ်ခဲ့တဲ့အချိန်မှာ အမျိုးသမီးတွေအပေါ် အိမ်တွင်းအကြမ်းဖက်မှုတွေဟာ နဂိုရှိရင်းစွဲထက် ပိုမြင့်တက်လာခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါကာလမှာ အမျိုးသမီးတွေအပေါ် အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုစတဲ့ အမှုအခင်းတွေဟာ တရားမျှတမှုရဖို့ခက်ခဲနေခဲ့ပါတယ်။ အခုတော့ ပြည်တွင်းက အမျိုးသမီးတွေဟာ ကိုဗစ်နဲ့စစ်အာဏာသိမ်းမှုအောက်မှာ ပိုပြီး ခံစားနေရကြောင်း မြန်မာ့အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ပြောဆိုလိုက်ပါတယ်။

“အမျိုးသမီးတွေရဲ့ စိတ်ဒဏ်ရာက ကိုဗစ်စဖြစ်ကတည်းခံစားနေရတာ။ စစ်အာဏာသိမ်းပြီးနောက် စိတ်ဒဏ်ရာရော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုရော ကျမတို့က အရင်လို့ မဖြေရှင်းပေးနိုင်တော့ဘူး။ ဒီချိန်က တရားမျှတမှု ဘယ်လိုမှ ရှာဖွေလို့မရတဲ့ အနေအထားဖြစ်နေတယ်” လို့ နော်ဆဲဆဲ က အမျိုးသမီးတွေလက်ရှိ ကြုံတွေ့နေရတာကို ပြန်ပြောပြပါတယ်။

အာဏာသိမ်းပြီးနောက် အရာရာအားလုံး ယိုယွင်းပျက်စီးသွားပြီး စစ်ကောင်စီ လက်အောက် လည်ပတ်နေတဲ့ အစိုးရယန္တရားကြီးလည်း မြန်မာပြည်သူတွေက အယုံကြည်မရှိကြတော့ပါဘူး။

ကိုဗစ်ကာလအတွင်း မြင့်တက်နေပြီး မပြီးပြတ်သေးတဲ့ အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု စတာတွေနဲ့သက်ဆိုင်တဲ့ တရားစီရင်ရေးကိစ္စတွေဟာ လက်ရှိမှာတော့ ရပ်တန့်နေရပြီး၊ ထိုသူတွေ အတွက် ဥပဒေ အရ အကူအညီ မပေးနိုင်ကြောင်းလည်း စစ်ကိုင်းတိုင်းဒေသကြီးမှာ အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ မငြိမ်းငြိမ်းထွန်းက ဆိုပါတယ်။

“ကျမတို့ စစ်ကိုင်းတိုင်း ကလေးမှာ ဖြစ်နေတဲ့ ကူညီလက်စ အမှုတွေ အားလုံးရပ်နားလိုက်ရတယ်။ ကျမတို့ကိုယ်တိုင် က ထွက်ပြေးနေရတာလေ။ အမျိုးသမီးတွေကို အချိန်နဲ့ တပြေးညီ မကူညီပေးနိုင်တော့လို့ စိတ်တော့မကောင်းဘူး ” လို့ မငြိမ်းငြိမ်းထွန်း က ဆိုပါတယ်။

ထိုနည်းတူ အာဏာသိမ်းပြီးနောက် တရားစီရင်ရေမဏ္ဍိုင်လည်း အမှန်တရား မရရှိနိုင်တော့တဲ့အတွက် မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) လှုပ်ရှားနယ်မြေအတွင်း လိုက်လံကူညီပေးနေတဲ့ အိမ်တွင်းအကြမ်းဖက်ခံရတဲ့ အမှုတွေ၊ လိင်ပိုင်းဆိုင်ရာအမှုတွေကို ရပ်ဆိုင်းလိုက်ရကြောင်း (BWU) မှ အတွင်းရေးမှူး ဇူးပဒုမ္မာ က ပြောပြပါတယ်။

“စစ်ကောင်စီ လက်အောက်မှာ အမျိုးသမီးတွေ အမှန်တရား ဘယ်တော့မှ ရရှိမှာ မဟုတ်ဘူး အဲ့ဒါကြောင့်မလို့ နစ်နာမှုရှိနေပေမယ့် တရားစီရင်ရေးနဲ့ ပတ်သက်တာမသွားနိုင်ဘူး တရားစီရင်ရေးလည်း မယုံကြည်ဘူး” ဇူးပဒုမ္မာ က ဆိုပါတယ်။

လက်ရှိကာလမှာတော့ အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု စတဲ့အဖြစ်အပျက်တွေအတွက် တရားစီရင်ရေးပိုင်းကို မသွားနိုင်ပေမယ့် တိုင်ကြားထားတဲ့ အဖြစ်အပျက်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို သိမ်းယူထားကြောင်း၊ ဒါ့အပြင် ဖုန်းထဲမှ နှစ်သိမ့်ဆွေးနွေးမှုတွေလည်း ကူညီပေးနေရကြောင်း အမျိုးသမီးအရေး တက်ကြွလှုပ်ရှားတဲ့ အမျိုးသမီးတွေ ပြောဆိုပါတယ်။

“ ကျမတို့ ကိုယ်တိုင်က ထွက်ပြေးတိမ်းရှောင်နေရတာ။ ဒီချိန် ကျမတို့သူတို့ကို တရားရုံးတွေ မပို့နိုင်ပေမယ့် ဖုန်းကနေ တဆင့် နှစ်သိမ့်တာဆွေးနွေးတာ တွေတော့ ကူလုပ်ပေးတယ်။ အချက်အလက်တွေကတော့ ကောက်ထားပါတယ်” လို့ ဇူးပဒုမ္မာ က ဆိုပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းမှုနဲ့အတူ ချင်း၊ ကရင်၊ ကချင်၊ ကရင်နီ (ကယား) နဲ့ ရှမ်း စတဲ့ပြည်နယ်တွေမှာ စစ်ရေးပဋိပက္ခတွေ ပြန်လည်ပြင်းထန်ကာ စစ်ရှောင်အမျိုးသမီးတွေလည်း ရိက္ခာနဲ့ဆေးဝါးပြတ်လပ်မှုတွေ ရင်ဆိုင်နေရပါတယ်။

ကိုဗစ်အရေးကတဖက် စစ်ရေးကတဖက်ကြောင့် စစ်ရှောင်အမျိုးသမီးတွေ၊ ကလေးငယ်တွေအတွက် သွားရောက် ကူညီထောက်ပံ့ပေးဖို့ရာ မလွယ်ကူပေမယ့်လည်း ရနိုင်သမျှနည်းလမ်းရှာဖွေကာ စွန့်စားပြီး အကူညီတွေပေးနေကြောင်း လက်ရှိရှမ်းပြည်မှာ အမျိုးသမီးအရေးကူညီဆောင်ရွက်နေတဲ့ SWAN မှ နယ်မြေ တာဝန်ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ရှမ်းပြည်နယ်မှာ ဒေသခံတွေအတွက် အခြားဒေသတွေထက် ပိုမိုးဆိုးရွာတာကတော့ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်တဲ့ RCSS/SSA နဲ့ SSPP/SSA တို့အကြား ပြင်းထန်တဲ့တိုက်ပွဲတွေ တောက်လျှောက်ဖြစ်နေတာ ဖြစ်ပါတယ်။

“ရှမ်းတပ်နှစ်တပ်အရေး၊ ကိုဗစ်အရေး၊ စစ်အာဏာအရေး ကပ်(၃)ကပ်ကြား သွားဖို့တော်တော်ခက်တယ်။ တိုက်ပွဲဖြစ်တော့ လုံခြုံရေးကတပိုင်း၊ စစ်ကောင်စီ အဖမ်းအဆီးကို စိုးရိမ်မှုကတပိုင်း၊ ကျမတို့ အဖက်ဖက်ကို ကြောက်နေရတယ်။ ဒါပေမယ့် အမျိုးသမီး ကျန်းမာရေး ပိုင်းကို ပိုပြီးတော့ လုပ်ဆောင်နေရတာ တွေရှိပါတယ်” လို့ SWAN တာဝန်ရှိသူက ဆိုပါတယ်။

တိုင်းရင်းသားနယ်မြေက စစ်ရှောင်ကိုယ်ဝန်သည် အမျိုးသမီးတွေ ၊ မွေးကင်းစ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ အတွက် နည်းလမ်းမျိုးစုံရှာဖွေပြီး WLB အဖွဲ့ဝင်တွေကို ချိတ်ဆက်ပြီး ကူညီပေးနေကြောင်းလည်း WLB မှ နော်ဆဲဆဲ က ဆိုပါတယ်။

“ ကျမတို့ တိုင်းရင်းသားညီအမတွေကို ချိတ်ဆက်ပြီး ကိုယ်ဝန်ဆောင်မိခင်၊မွေးခင်စ ကလေးတွေကို ဦးစားပေးပါတယ်။ အတတ်နိုင်ဆုံး နည်းလမ်းရှာပံ့ပိုး ပေးသွားပါမယ်။။ ကျမတို့ အဖွဲ့တွေက မကူညီရင် ဘယ်သူတွေ ကူညီမှာလဲ။ ကျမတို့ အတတ်နိုင်ဆုံး ပံ့ပိုးနိုင်ဖို့ကြိုးစားနေပါတယ်” လို့ နော်ဆဲဆဲ ကဆိုပါတယ်။

WLB အဖွဲ့ဝင် တိုင်းရင်းသူအမျိုးသမီးအဖွဲ့အစည်းတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ကျော်က တော်လှန်ရေးနယ်မြေမှာ ပေါက်ဖွားလာတဲ့အဖွဲ့ဖြစ်တဲ့အတွက် လက်ရှိမှာလည်း နွေဦးတော်လှန်ရေးကို အခက်အခဲကြားက ပါဝင်နေပြီး အမျိုးသမီးအရေး၊ နိုင်ငံရေး အရွေ့မှာဆက်ပြီး ပါဝင် လုပ်ဆောင်နေကြပါတယ်။

“ ကျမတို့ကတော့ နိုင်ငံရေး အရွှေ့တခုဖြစ်လာဖို့အတွက် ဆက်ပြီး တွန်းလှန်ရအုံးမယ်။ စစ်အာဏာရှင်ကို အမြစ်ပြတ် မတိုက်ရင် ကျမတို့ ပြည်သူတွေ ဆက်ရှုံးနေအုံးမှာပါ” လို့ နော်ဆဲဆဲ က ပြောဆိုလိုက်ပါတယ်။

ဒ့ါကြောင့် စစ်အာဏာရှင်ကို အမြစ်ပြတ်မတိုက်သရွေ့ အာဏာသိမ်းမှုဟာ ယခုကဲ့သို့ ပြန်ကြိမ်ဖန်များစွာ ပြန်ရှိလာနိုင်တဲ့အတွက် အားလုံးပြိုင်တူ တွန်းလှန်ဖို့ လိုအပ်ကြောင်းလည်း တိုင်းရင်းသူအမျိုးသမီး အဖွဲ့အစည်းတွေက ပြောပါတယ်။

“ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီးကျမတို့ရှုံးလို့မရဘူး။ ကျမတို့ ရှုံးသွားရင် ဒီလို ပဲ ဖြတ်သန်းနေရမယ်။ စစ်အာဏာသိမ်းလိုက် နည်းနည်းသက်သာလိုက် စစ်အာဏာပြန်သိမ်းလိုက် ဒီလိုနဲ့ ကျမတို့မျိုးဆက်တွေက ဆက်ပြီး ရင်ဆိုင်နေရမယ်။ ကျမတို့ ဝိုင်းပြီး တွန်းလှန်ရမယ်” လို့ နော်ဆဲဆဲ က ပြောပါတယ်။

စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ (၁)ရက်မှ ဇူလိုင် (၁)ရက်ထိ သာအတွင်း စစ်ကောင်စီ အင်အားသုံး အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုကြောင့် သေဆုံးခဲ့ရသူများ ၈၅၀ ကျော်ရှိတဲ့အထဲမှာ အနည်းဆုံးအမျိုးသမီး ၅၇ ဦးပါဝင်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း ( AAPP) ၏ မှတ်တမ်း အရ သိရပါတယ်။

ဖမ်းဆီးခံရတဲ့သူ ၆၃၀၀ နီးပါးအနက် အမျိုးသမီးတွေအရေအတွက်ဟာ (၁,၀၄၉ )ဦး အထိရှိကြောင်းလည်း AAPP စာရင်းအရ သိရပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြသူ၊ နိုင်ငံရေးအရအလိုမတူမှန်သမျှကို အကြမ်းဖက် နှိပ်စက်မှု ဖမ်းဆီးမှု ဆက်တိုက် ရှိနေတဲ့အတွက် အမျိုးသမီး အဖွဲ့အစည်းတွေကလည်း လွတ်မြောက်နယ်မြေမှာ ကိုယ်စီ တာဝန်ထမ်းဆောင်ပြီး ကျားမ တန်းတူညီမျှရေးနဲ့ဖက်ဒရယ်အရေးကို ဆက်လက်ဆောင်ရွက်နေကြပါတယ်။

စစ်အာဏာသိမ်းလိုက်တဲ့အတွက် ပြဌာန်းခါနီး အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်တဲ့ဥပဒေတွေလမ်းစပျောက်ခဲ့တာ၊ လှုပ်ရှားမှုတွေဟာ ကန့်သတ်ခံခဲ့ရတာ၊ ရုံးခန်းတွေပိတ်ခဲ့ရတာတွေရှိခဲ့ပေမယ့် အမျိုးသမီးအရေးလှုပ်ရှားသူတွေကတော့ ရတဲ့နည်းလမ်းနဲ့ သူတို့ယုံကြည်တဲ့ အမျိုးသမီးအခွင့်အရေးတွေအတွက် ဆက်လက် တိုက်ပွဲဝင်နေကြတာပဲဖြစ်ပါတယ်။

Related Articles