Home ဆောင်းပါး “ရန်ကုန်မြေကမီးအိမ်ရှင်ဆရာမလေး”

“ရန်ကုန်မြေကမီးအိမ်ရှင်ဆရာမလေး”

ဒေဝီ။ ။

ကိုဗစ်တတိယလှိုင်းကာလတွေမှာ ကပ်ရောဂါကိုအမှီပြုပြီး စီးပွားရှာခဲ့ကြသူတွေလည်းရှိခဲ့ပါတယ်။ ကြက်ဥကအစ၊ အိမ်သုံးဆေးဝါးအလယ်၊ အောက်စီဂျင်အဆုံး ကိုဗစ်လူနာတွေလိုအပ်တာတွေကိုအစမတန် ဈေးမြှင့်ပြီးရောင်းခဲ့ကြတာပါ။

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ထဲက အသက် ၂၁ နှစ်အရွယ်၊သူနာပြုဆရာမလေး မရတနာဦးကတော့ အထက်ပါလူတွေနဲ့ ပြောင်းပြန်ပါ။ ကျောင်းပြီးစ သူနာပြု ဆရာမလေးဟာ ကိုဗစ်ကာလမှာ ငွေကြေးထက်လူနာတွေအသက်ရှင်ဖို့ကို ဦးစားပေးပြီး ကျန်းမာရေးဝန်ဆောင်မှုတွေကို အိမ်တိုင်ရာရောက်အခမဲ့ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

ရန်ကုန်မြို့မှာ ကိုဗစ်တတိယလှိုင်းအမြင့်ဆုံးကို ရောက်ခဲ့ချိန်မှာတော့ ရောဂါကူးစက်ခံရသူအများစုဟာ ဆေးရုံဆေးခန်းတွေမှာ ကုသခွင့်မရခဲ့ကြသလို လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုလည်း မရခဲ့ကြပါဘူး။ ဆေးရုံဆေးခန်းတွေမသွားရလို့ အိမ်မှာဆေးဝါးကုသချိန်မှာလည်း ဆေးပညာနဲ့အကျွမ်းတဝင်မရှိကြတာကြောင့် လူနာတွေဟာ မလိုလားအပ်တဲ့ပြဿနာတွေနဲ့ရင်ဆိုင်ခဲ့ကြရပါတယ်။

ဒီဟာတွေကို မြင်တွေ့ခဲ့ရတဲ့နောက်မှာတော့ မရတနာဦးဟာ သူတတ်ကျွမ်းတဲ့ဆေးပညာနဲ့ လူ့အသက်တွေကို တတ်နိုင်သမျှ ကယ်တင်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။

“အခုကာလမှာ ပြည်သူတွေက ငွေရေးကြေးရော အခြားအကြောင်းရင်းတွေကြောင့်ရော ဒုက္ခရောက်နေရတာ၊ ကိုဗစ်လူနာတွေကို ဒီချိန်မှာအခြားဘယ်ဆေးရုံကမှ လက်မခံဘူးဆိုတော့ တတ်နိုင်တဲ့ဘက်ကနေ အခမဲ့ကူညီဖြစ်တာ” လို့ မရတနာဦးက ပြောပါတယ်။

ကိုဗစ်ဖြစ်ပွားနေတဲ့ လူနာတွေက ဆရာဝန်နဲ့ အွန်လိုင်းကနေဖြစ်ဖြစ် ဖုန်းဆက်ပြီးတော့ဖြစ်ဖြစ် ကုသမှု ခံယူထားပေမယ့် ဆေးထိုးဖို့လိုအပ်တာ အောက်ဆီဂျင်ရှုဖို့လိုအပ်တဲ့အခါ ကိုယ်တိုင်လုပ်ဆောင်ဖို့ ခက်ခဲတဲ့အတွက် မရတနာဦးကိုဖုန်းဆက် အကူအညီတောင်းလာတာတွေရှိပါတယ်။

ဒီလိုအကူအညီတောင်းလာတဲ့အခါ မရတနာဦးကလူနာတွေဆီ သွားရောက်ပြီး ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးဝါးတွေ ထိုးပေးတာ၊ အောက်ဆီဂျင်စနစ်တကျရှူနိုင်အောင် ပြသပေးတာ၊ လူနာတွေဆောင်ရန်ရှောင်ရန် နဲ့ စိတ်ဓာတ်မကျစေဖို့ အားပေးစကားပြောတာတွေကို ပြုလုပ်ပေးပါတယ်။

ဆရာဝန်နဲ့ပြသထားခြင်းမရှိတဲ့ လူနာတွေကိုတော့ မရတနာဦးက သူနဲ့ သိကျွမ်းတဲ့ ဆရာဝန်နဲ့ချိတ်ဆက်ပြီး လူနာအခြေအနေ ပြောပြဆွေးနွေးကာ လိုအပ်တာတွေကို ဆရာဝန်ပြန်လည် ညွှန်ကြားတဲ့အတိုင်း လုပ်ဆောင်ပေးပါတယ်။

“အဓိကက ဆရာဝန်ကုသပေးတဲ့ အပိုင်းတွေကိုပြန်ပြီး Care(ကူညီစောင့်ရှောက်မှုတွေ)လုပ်ပေးတာ “လို့ မရတနာဦးက ပြောပါတယ်။

အလုပ်တစ်ဖက်နဲ့ သူနာပြုဆရာမလေး မရတနာဦးဟာ ဒီလိုလူနာတွေကို အကူအညီပေးတာကို သူ့ရဲ့အားလပ်ချိန်ထဲကနေ ဖဲ့ပြီး လုပ်ကိုင်ပေးနေခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်က ပုဂ္ဂလိကဆေးရုံတစ်ခုမှာ တာဝန်ထမ်းဆောင်ရင်း သူ့ရဲ့အားလပ်ရက်တွေမှာ အနားမယူဘဲ လူနာတွေဆီ အချိန်ပေးခဲ့ပါတယ်။

မရတနာဦးက လတစ်လရဲ့ “၂၊၄၊၆” စတဲ့ စုံဂဏန်းရှိတဲ့ ရက်တွေမှာ တာဝန်ကျပြီး “၁၊၃၊၅” စတဲ့ ဂဏန်းရှိတဲ့ ရက်တွေမှာတော့ အားလပ်ရက်ရပါတယ်။ အလုပ်ချိန်ပြီးလို့ မနက် ၈ နာရီဂျူတီထွက်ချိန်ကစလို့ မရတနာဦးတယောက် ကြိုတင်ဖုန်းဆက်ပြီး အကူအညီတောင်းထားတဲ့ လူနာတွေဆီ တအိမ်ဝင်တအိမ်ထွက် ကူညီဖို့ခရီးဆက်ပါတော့တယ်။

ကြိုတင်အကူအညီတောင်းထားတဲ့ လူနာတွေဆီသွားရင်း တခါတရံမှာကြားဖြတ်အကူအညီတောင်းတဲ့ လူနာတွေပေါ်လာတာကြောင့် မိုးချုပ်ခဲ့ရတဲ့နေ့တွေ၊ နေ့လည်စာကိုတစ်အိမ်နဲ့တစ်အိမ်ကူးရင်း ကားပေါ်မှာပဲ စားသောက်ရတဲ့ နေ့တွေလည်းရှိတယ်လို့သူကဆိုပါတယ်။

“ဒီနေ့တော့ တစ်ရက်လောက်နားမယ်ဆိုပြီး အဲ့နေ့ကျမှ အရေးကြီးလို့ပါဆိုပြီး လူနာတွေတက်လာရော။ ဒီနေ့ရမှဖြစ်လို့ပါဆိုတော့ သွားရပြန်ရော။ အခုတော့ နားရက်မရှိသေးဘူး “လို့ မရတနာဦးကပြောပါတယ်။

အစပိုင်းမှာ သူ့အလုပ်ရှိရာ ရွှေပြည်သာ မြို့နယ်အတွင်းက လူနာတွေကိုပဲ ကူညီနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ လူနာတွေကို အခမဲ့ကူညီပေးနေတဲ့ သူ့အကြောင်းဟာ လူမှုကွန်ယက်မှာလူသိများလာပြီးတဲ့နောက်မှာ အခြားမြို့နယ်တွေက အကူအညီတောင်းတဲ့ လူနာတွေကိုလည်း သွားပြီးအကူအညီပေးခဲ့တယ်လို့ဆိုပါတယ်။

ပုံမှန်အားဖြင့် တစ်ရက်ကို လူနာရှိတဲ့အိမ် လေးအိမ်လောက်ကို သွားရောက်အကူအညီပေးခဲ့ပြီး အချို့ရက်တွေမှာဆိုရင် ၁၂ အိမ်အထိ သွားရောက်ကူညီနိုင်ခဲ့တယ်လို့သူကဆိုပါတယ်။ ဇူလိုင် ၂၁ရက်ကနေစတင်ပြီး ကိုဗစ်လူနာတွေကို အကူအညီပေးလာတာ အချိန်တစ်လကျော်အတွင်းလူနာ ၁၀၀ ကျော် ကိုကူညီနိုင်ခဲ့တယ်လို့လည်း သူကဆိုပါတယ်။

မရတနာဦး ကူညီပေးနေတဲ့ လူနာတွေကလည်း အရေးပေါ်အခြေအနေဖြစ်တော့ တခါတရံ ညပိုင်းအကူအညီ တောင်းတာတွေလည်း ရှိပါတယ်။ဒါပေမယ့် ညမထွက်ရအမိန့်ကြောင့် ဖုန်းထဲကနေပဲ လိုအပ်တာတွေကို လုပ်ဆောင်ဖို့ပြော ပေးတယ်လို့ဆိုတယ်။

“တခါ ညကိုးနာရီလောက်ကြီး Oxygen Concentrator မလုပ်တတ်လို့ အကူညီတောင်းတာနဲ့ သွားကြည့်ပေးတယ်။ မာရှယ်လော(ညမထွက်ရအမိန့်) ရှိတော့ စစ်သားတွေစစ်တာခံရသေးတယ်။ အဲ့နောက်တော့မလိုက်တော့ဘူး၊ လိုတာဖုန်းထဲကပဲ ပြောပြီးလုပ်ပေးတယ်လို့ မရတနာဦးကပြောတယ်။

မရတနာဦးကြည့်ရှု ကူညီပေးရတဲ့ လူနာအများစုက ကိုဗစ်လူနာတွေဆိုတော့ ကိုယ့်ကို ကူးစက်မလားဆိုတာ စိုးရိမ်မိပေမဲ့ လူနာတွေ အရေးတကြီးလိုအပ်နေတဲ့အတွက် စိုးရိမ်ပူပန်စိတ်ကိုဖျောက်ပြီး လိုအပ်တာတွေကူညီဖို့ပဲတွေးတယ်လို့ဆိုတယ်။

“ကိုဗစ်ကူးမှာတော့ နည်းနည်းစိုးရိမ်တာတော့ရှိပေမယ့် အဲ့ဒါကို စိတ်ထဲမထားတော့ဘူး။ ဒီနေ့၊မနက်ဖြန် ဘယ်သူ့ကို သွားကူညီရမလဲပဲတွေးတော့တယ် “လို့ မရတနာဦးကပြောပါတယ်။

ဒါပေမယ့် ကိုယ့်ကိုယ်ရော လူနာအတွက်ရောကူးစက်တာကို ကာကွယ်တဲ့အနေနဲ့ လူနာအိမ်သွားတဲ့အခါ၊ လက်အိတ် ဝတ်တာ၊ Mask နှစ်ထပ်ဝတ်တာ၊ အရက်ပျံကိုသုံးတာ၊ လက်ခဏခဏ ဆေးတာတွေတော့ လုပ်ရတယ်လို့ဆိုတယ်။

ကိုဗစ်တတိယလှိုင်းကာလမှာ မရတနာဦးကူညီပေးခဲ့တဲ့ အိမ်တိုင်ရာရောက် ကျန်းမာရေးစောင့်ရှောက်မှုပေးတာဟာ ဝင်ငွေကောင်းတဲ့အလုပ်တစ်ခုဖြစ်ပါတယ်။ ကိုဗစ်လူနာဖြစ်တော့ ရောဂါကူးစက်နိုင်ခြေမြင့်မားတဲ့အတွက် ပုံမှန်ချိန် သောင်းဂဏန်း ကျသင့်တာ ကနေ ကိုဗစ်ကာလမှာ သိန်းဂဏန်းဝန်းကျင်ထိ ယူပြီးလူနာကြည့်ရှုတာတွေလည်းရှိလာပါတယ်။

ဒီလိုအချိန်မှာ အခကြေးငွေပေးပြီး ကြည့်ရှုပေးဖို့ တောင်းဆိုသူတွေ ရှိပေမယ့်ငြင်းဆန်ပြီး အခက်အခဲဖြစ်နေသူတွေအတွက် အခမဲ့ကူညီဖို့ရွေးချယ်ခဲ့တာလို့ မရတနာဦးကဆိုပါတယ်။ ညအကျိုးအမြတ်မယူဘဲ လူနာတွေကို အခမဲ့ ကူညီတော့ ငွေရေးကြေးရေး လိုအပ်ချက်ရှိပေမယ့် တဖက်မှာ ဆေးရုံကပုံမှန်ရနေတဲ့ဝင်ငွေနဲ့ပဲ နေထိုင်ဖြေရှင်းပါတယ်။

ငွေကြေးတတ်နိုင်တဲ့လူနာတွေက ငွေကြေးပြန်ပေးတာမျိုးရှိတဲ့အခါ လိုအပ်တဲ့ ဆေးပစ္စည်းတွေဝယ်ပြီး ချို့တဲ့တဲ့ လူနာတွေကို ပြန်လည်ဝေမျှတာမျိုးလုပ်ပေးတယ်လို့ဆိုတယ်။

“အချို့တွေက ပိုက်ဆံတတ်နိုင်တော့ အတင်းပေးတာရှိတယ်။ မယူဘူးဆိုလည်း ဒါလေးတော့ အဆင်ပြေတဲ့ နေရာလှူပါ ဆိုပြီး လုပ်တာရှိရင်လက်ခံပြီး ဆေးဝယ်၊ အောက်ဆီမီတာဝယ်ပြီး ပြန်လှူတယ်” လို့ မရတနာဦးကပြောတယ်။

ဒီလိုကိုဗစ်လူနာတွေကို အခမဲ့ကူညီရင်း မကြာခဏတွေ့ရတာက ဆရာဝန်နဲ့မပြသနိုင်ဘဲ ကိုယ်တိုင် စမ်းတဝါးဝါး လုပ်ဆောင်တဲ့အခါ လူနာတွေအပေါ် ထိခိုက်မှုရှိတာတွေပါ။

လူနာအချို့က ဆရာဝန်နဲ့ ပြသနိုင်ခြင်းမရှိဘဲ ကောင်းနိုးရာရာဆေးတွေသောက်ကြတာ၊ အချို့လူနာတွေကလည်း ဆရာဝန်နဲ့ ပြသတာရှိပေမဲ့ ဆေးဝါးတွေထိုးဖို့လိုတဲ့အခါ တက်ကျွမ်းသူရှာမရတဲ့အတွက် ကိုယ်တိုင် လုပ်ဆောင်ကြတဲ့အခါ လူနာတွေမှာ မလိုလားအပ်တဲ့ ထိခိုက်မှုတွေကြုံရတာ တွေ့ရတယ်လို့ ဆိုတယ်။

“လှိုင်သာယာကလူနာတစ်ဦးဆို ဆရာမခေါ်မရလို့ လူနာစောင့်တွေက သူ့ဟာသူထိုးတာ လက်နှစ်ချောင်းလုံးက ညိုပြီး ယောင်နေတာ၊ ဆေးတွေ ဝင်ပြီဆိုပြီး Vein ထဲမဝင်ဘဲ အသားထဲဝင်ပြီးတော့။ ကိုယ်လည်း ထိုးပေးတော့ ဘယ်နေရာထိုး ပေးရမှန်းမသိတော့ဘူး လက်ကယောင်ပြီး အကြောကပျောက်နေတယ်။ ဒါမျိုးဆိုအန္တရာယ်များတယ်” လို့ မရတနာဦးက ပြောပါတယ်။

ဒါ့အပြင် အောက်ဆီဂျင်ကျတဲ့လူနာတွေလည်း လိုအပ်တဲ့အောက်ဆီဂျင်ပမာဏနဲ့ ပေးတဲ့ ပမာဏမညီတဲ့အခါ အဆုတ်ကိုပိုထိခိုက်နိုင်တဲ့အတွက် တက်ကျွမ်းသူတွေလုပ်ဆောင်ပေးတာ အသင့်တော်ဆုံးဖြစ်ပြီး၊မရတနာဦးဆီ ဆက်သွယ်မေးမြန်းတဲ့ အခါမျိုးဆို ပြောပြတာတွေလုပ်ပေးတယ်လို့ဆိုတယ်။

ကိုဗစ်ကူးစက်ခံရတဲ့ လူနာတွေအတွက် ကူကယ်ရာမဲ့ အခြေအနေမှာ ကျန်းမာရေးနယ်ပယ်က တက်ကျွမ်းသူတွေ အနေနဲ့ လူနာတွေကို တက်နိုင်တဲ့ဘက်ကနေ ကူညီတာတွေပြုလုပ်ပေးစေချင်ပြီး၊ဒါမှသာ ပြည်သူတွေ အဆင်ပြေနိုင်မှာ ဖြစ်တယ်လို့ မရတနာဦးကပြောပါတယ်။

“အခုကာလမှာပိုက်ဆံယူကြတဲ့ အပေါ်မှာလည်းနားလည်တယ်။ဘာမှမပြောလိုဘူး။ ဒါက Risk ယူရတဲ့အလုပ်ကြီးမလို့၊ ဒါပေမယ့် အခမဲ့ ကူညီတဲ့လူတွေလည်းရှိစေချင်တယ်”လို့ ဆိုတယ်။

ကိုဗစ်ပထမနဲ့ ဒုတိယလှိုင်းတုန်းက ကိုဗစ်ကူးစက်ခံရတာနဲ့ လူနာနဲ့ ဆက်စပ်သူတွေကို ကိုဗစ်ကုသရေးဆေးရုံတွေ စင်တာတွေကို ခေါ်ဆောင်ပြီး ဆရာဝန် သူနာပြု၊ ဗော်လန်တီယာတွေ ဆေးဝါးအပြည့်အစုံ စားစရာအပြည့်အစုံနဲ့ စနစ်တကျ ကုသစောင့်ရှောက်မှုလုပ်ပေးတော့ လူနာတွေမှာ လိုအပ်ချက်ကြီးကြီးမားမားမကြုံခဲ့ရသလို၊ အသေပျောက်လည်း နည်းခဲ့တယ်။

တတိယလှိုင်းကာလမှာ စနစ်ကျတဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရတဲ့အပြင် ပြင်ပမှာလည်း စနစ်တကျ ကုသနိုင်ခြင်းမရှိလို့ လူနာတွေမှာ ဒုက္ခရောက်ရပါတယ်။အိမ်မှာ မိသားစုလိုက် ကိုဗစ်ကူးစက်ခံရတဲ့အခါ အသက်အရွယ်ကြီးတဲ့ ဖခင်ဖြစ်သူကို ကုသပေးဖို့၊ကြည့်ရှု့စောင့်ရှောက်ဖို့ ဆရာဝန်တွေ သူနာပြုအကူတွေ ကိုအကူအညီ တောင်းငှားရမ်းခဲ့ပေမယ့်လည်း ငြင်းဆိုတာတွေကြုံခဲ့ရတယ်လို့ သန်လျင်မြို့နယ်က မသီတာကပြောပါတယ်။

“အဲ့တုန်းကဆို သူနာပြုရှာတာ ဘယ်လိုမှရှာမရခဲ့ဘူး၊ ကိုဗစ်လူနာဆိုတော့ တော်တော်များများမလာပေးဘူး၊ နောက်ဆုံးဆေးထိုးဖို့အတွက်တောင်ရှာမရလို့ မိတ်ဆွေအကူအညီနဲ့ သူ့အသိသူနာပြုဆရာမလေးတယောက်က လိုတာတွေလာ လုပ်ပေးခဲ့လို့ အဆင်ပြေခဲ့တယ်။ လူနာကိုပြုစုဖို့ကျတော့ ကိုယ်တွေမောင်နှမတွေပဲ တလှည့်စီလုပ်ပေးခဲ့ရတယ်” လို့ မသီတာကပြောပါတယ်။

ကိုဗစ်ကာလမှာ အွန်လိုင်းကနေအခမဲ့ဆွေးနွေးပေးတဲ့ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ အောက်ဆီဂျင်အခမဲ့ကူညီပေးတဲ့သူတွေ၊ အဟာရလှူဒါန်းတာ၊ အပြင်မထွက်နိုင်တဲ့ ကိုဗစ်လူနာအိမ်တွေကို ဈေးဝယ်ပေးတာ စတဲ့ တတ်နိုင်တဲ့နေရာတွေကနေ အခမဲ့ ကူညီပေးတဲ့သူ တွေရှိတာ အရမ်းကျေးဇူးတင်ဖို့ ကောင်းတယ်လို့ မသီတာက ဆက်ပြောပါတယ်။

မရတနာဦးကတော လူနာတွေ အဆင်မပြေမချင်း အခမဲ့ကူညီတာတွေပြုလုပ်မှာဖြစ်ပြီး၊အခြေအနေတည်ငြိမ်တဲ့အခါ ဇာတိဖြစ်တဲ့ဧရာဝတီတိုင်းထဲက ဆေးရုံဆေးခန်းနဲ့ အလှမ်းဝေးတဲ့ ရွာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေလုပ်ဖို့ စီစဉ်ထားတယ်လို့ပြောပါတယ်။

” ပိုက်ဆံက တခါတရံအရေးကြီးရင်ကြီးပါလိမ့်မယ်။ ဒါပေမယ့် လူတိုင်းရဲ့ ရင်ထဲက မေတ္တာကိုရပြီးသွားကြည့်။ ဘဝဟာ ပိုက်ဆံမရှိပေမယ့် ပျော်ရွှင်ရတယ်” လို့ မရတနာဦးကပြောတယ်။

Related Articles