မဗေဒါ။ ။
(မြန်မာ့အမျိုးသမီးသမဂ္ဂမှ ထုတ်ဝေခဲ့သော ချိုးလင်းပြာ အမျိုးသမီးစာစောင်မှ ပြန်လည်ဖော်ပြသည်)
ကျမချစ်သူဟာ ကျမယောကျာ်းဖြစ်လာချိန်မှာ ဘဝကိုရုန်းကန်ရမယ်ဆိုတဲ့ အသိနည်းပါးတယ်လို့ထင်ပါတယ်။ လူကဲခတ်ညံ့လိုက်တာဟုပြောလျှင်လည်းကျမခံပါမည်။ လူပျိုဘဝကတည်းက ဝါသနာပါတဲ့စာရေးခြင်းနဲ့စာပေ လိုက်စားရင်းနေသာသလို(အနေချောင်စွာ)နေတတ်သည်ကို အိမ်ထောင်ကျပြီး(၁)နှစ်လောက်ကျမှ ကျမသတိ ထားမိခဲ့ခြင်းပါ။ မိန်းမအပေါ်မဆိုထားနှင့် မိမိစားဖို့ရန်ပင် တာဝန်မယူတတ်ခြင်းသည် လူ့တာဝန်ကျေပြွန်ပါ၏ လော။
ကျောင်းဆရာမ လခဖြင့် ထမင်းရှာစားနေရသည့် ကျမတွင် ပထမ ကိုယ်ဝန်စလွယ်ရသည့်အချိန်မှစ၍ ဝန်ပိုများ ဖြစ်လာခဲ့ခြင်းသည် လက်ခံရမည့် ပကတိ အမှန်တရားများဖြစ်ခဲ့သော်လည်း သူက ထိုလက်တွေ့အမှန်တရား များနှင့် အဝေးကြီးဝေးကွာနေခဲ့ပါသည်။ လူက မတုန်လှုပ်သော်လည်း ဖတ်ဖတ်မောနေရသည့် ကျမအတွက် မ ပြောမဖြစ် ပြောရပါသည်။(မိန်းမမို့စကားများသည်ဟုပြောရင်လည်းခံပါမည်။ စကားနည်းသော ကျမ စကားများ လာရခြင်းမှာ အိမ်ကမောင်တော်ကြောင့်ဖြစ်သည်ဆိုလျှင်လည်းမမှားပါ)။
ဗိုက်ကြီးကတကားကားဖြင့် အအား မနေ အလုပ်နှင့် လက်မပြတ် ကျမအလုပ်လုပ်နေရသည့်အချိန်တွင် ကိုဇော်လှိုင်ဦးသည် အိမ်ရှိတလုံးတည်း သော ကုလားထိုင်ပေါ်တွင် စာဖတ်မပျက်ခဲ့ပါ။ ပေးရမည့် အိမ်လခအတွက် ငွေမရှိ၍ ကျမစိတ်ညစ်သည့်အခါ ပြူးကျယ်သောမျက်လုံးများဖြင့်သာ ကြည့်နေခဲ့သဖြင့် ကျမအံ့သြခဲ့ရသည်မှာလည်း အကြိမ်ကြိမ်ရှိခဲ့ပါပြီ။ သူ သည် ဘွဲ့တခုသာရခဲ့သော်လည်း ဘာအလုပ်မှ မလုပ်တတ်၊ လုပ်လိုစိတ်လည်း ရှိပုံမပေါ်ဟု ကောက်ချက်ချ လျှင် မှားမည်မထင်ပါ။ စာပေကိုလေ့လာဆည်းပူးပြီးစာများရေးသားနေသော်လည်း သူရေး၊ သူဖတ်သည့် စာပေသဘောတရားများကို ကျမနှင့်သူ၏ လက်တွေ့ဘဝထဲသို့ခေါ်ယူမလာနိုင်ခြင်းသည် ကျမအတွက်တော့ မလှမပသော အိပ်မက်များသာ အစဉ်ဖြစ်နေခဲ့ပါသည်။
အိမ်ငှားနေသည့် အဆင့်မှ ဈာန်လျောပြီး ယောက္ခမအိမ်ကို ပြန်တက်နေရမည့်အခြေအနေတွင် ကျမအလွန် စိတ်မကောင်းဖြစ်ခဲ့ပါသည်။ ကျမသည် မည်သူ့မျက်နှာမှမကြည့်ဘဲ ကိုယ့်အိမ်ကိုယ့်ယာတွင် ဘုရင်မ မဖြစ် တောင် မိဖုရားလောက်တော့ ဖြစ်ချင်သူဖြစ်သည်။ ယခုတော့ ကျမသည် တံခါးမှူးလုပ်ရင်းရသမျှပိုက်ဆံများကို သားသမီးနှင့် မိသားစုဝင်များ ကြည်ဖြူအောင် ပေးကမ်းရင်းလူမွှေးမှ မပြောင်ခင်မှာပင် ပထမသားလေး “ဝါဆိုဦး” ကိုမွေးဖွားခဲ့ခြင်းဖြစ်သည်။ သားလေးကိုယ်ဝန်ရသည့်အချိန်တွင် ကိုယ်ဝန်သဘာဝအရ အနေခက်မှု၊ နာကျင်မှု၊ ကိုယ်ဝန်အဆိပ်တက်မှုများကို ပြောသည့်အခါ ကျမချစ်ယောကျာ်းက “အားအားရှိငြီးနေတာပဲ၊ မိန်းမ တိုင်း ဗိုက်ကြီးရင်ဖြစ်တဲ့ သဘာဝတရားလို့ရှင်းရှင်းလေးခံယူစမ်းပါ” ဟု ဆိုပါသည်။ ကျမမျက်ရည်ကျသည်ကို အဖေအသိ၊ အမေမသိ သူလည်း မသိခဲ့ပါ။ ကျမ၏ ဒုက္ခ ကျမပဲခံမည်၊ ဖြစ်သမျှရင်ဆိုင်၊ မိဘအိမ်ပြန်ရန် လမ်း မရှိ၊ မည်သူ့အကူအညီမှမရှိ။ ကိုယ်ဝန်ကြောင့် စာသင်တာနားလိုက်ရသည့် အချိန်မှစ၍ ယောကျ်ား၏ဆူပူမှု၊ ယောကျ်ား၏မိသားစုဝင်များ၏ အလိုမကျမှုများအောက်တွင် ကိုယ်ဝန်လစေ့ခဲ့ခြင်းဖြစ်ပါသည်။
အရပ်လက်သည်နှင့်သားလေးကို မွေးသည့်အချိန်တွင် ကြေကွဲမျက်ရည်ကျရပါသေးသည်။ ကျမ၏ယောကျာ်း သည် နိုင်ငံရေးသမားများနှင့် တရားဟောပွဲတခုကို မပြောမဆို မတိုင်ပင်ပါဘဲ လိုက်သွားပါသည်။ ကျမကို သူ၏ သားချင်းများနှင့် ယုံကြည်စွာထားခဲ့ပြီး သူတို့ကြားမှာ သားကိုမွေးဖွားခဲ့ရခြင်းဖြစ်သည်။ ကလေးမွေးပြီးနှစ်ပတ် လောက်ကြာမှ သူပြန်ရောက်လာပါသည်။ သားကို တချက်ကြည့်ပြီး ထမင်းဆာသည်ဟုဆိုကာ ထမင်းဝင်စား နေပေသည်။ မြိုသိပ်ခဲ့ရသည်များကို မထိန်းနိုင်သည့်အတွက် “ကလေးမွေးတုန်း သန့်အနားမှာ ကိုကို ဘာ လို့မရှိရတာလဲ” ဟုမေးမိပါသည်။ တခွန်းတည်းသော သူ့စကားသည် ဂုဏ်ယူစရာပင်။ “မင်းကွာ စစ်သား မယားတွေ ဘယ်လိုလုပ်မလဲ၊ ဒီလိုပဲမွေးနေကြရတာပဲ၊ အမေတို့မင်းအနားမှာရှိနေတယ်မဟုတ်လား” တဲ့လေ။ သူအမေနှင့် အပ်နှံထားခဲ့သည်ကိုလည်း သူပြောမှ သိရသလို ယောက္ခမအနားမှာရှိခြင်းနှင့် ယောကျ်ားအနားရှိ ခြင်း၏ ခြားနားကွာဟချက်ကို သူမနားလည်ခဲ့ချေ။
ကျမညံ့လွန်း၍သာဖြစ်မည်။ ကျမယောကျ်ား၏ အတွေးအခေါ်များကို လိုက်၍မမှီခဲ့။ သူ့အတွေးအခေါ်တခု ထုတ်ဖော်ပြောဆိုတိုင်း ကျမအတွက် နာကျည်းစရာတခုထပ်ရသကဲ့သို့ခံစားရကာ ကြာတော့ အိမ်ထောင်ရေး ၏ အဓိပ္ပါယ်ကိုပင် နားမလည်ချင်တော့။ သူစာပေတွင် ဝါသနာပါခြင်းကို မတားဆီးခဲ့သော်လည်း နိုင်ငံရေးသ မားတော့အဖြစ်မခံနိုင်ခဲ့ခြင်းသည် ကျမ၏အတ္တနှင့် အသိနည်းမှုကြောင့်ဖြစ်မည်။
နိုင်ငံရေးလုပ်ခြင်းကို တားဆီးရခြင်းအတွက်လည်း ကျမတွင် ခိုင်လုံသော အကြောင်းများရှိနေသောကြောင့် ဖြစ်ပါသည်။ ရပ်ကွက်ထဲတွင် နိုင်ငံရေးလုပ်သောကြောင့်ဟု ဆိုကာ အဖမ်းခံရသူများ၊ ပျောက်သွားသူများရှိနေ သောကြောင့် ကျမအနားမှ ကျမယောကျ်ားပျောက်သွားမည့်အဖြစ် နှစ်ရှည်လများ ခွဲသွားမည့်အဖြစ်များကို ရင်မဆိုင်လို၍ နိုင်ငံရေးမလုပ်စေလိုခြင်းသည် ကျမ၏ စိတ်ဆန္ဒပင်ဖြစ်ပေသည်။
“ကိုကိုနိုင်ငံရေးတော့ လုံးဝမလုပ်ပါနဲ့။ ထောင်နှုတ်ခမ်းနဲ့နီးလို့ပါ” ဟူ၍ ကျမတတ်သလို ပြောသည့်အခါ ကျမအပေါ် တုန့်ပြန်မှုက ဝမ်းသာစရာပင်။ “မင်းက မင်းကိုယ်မင်းရယ်၊ ဘာမှ မသိတဲ့ကလေးတွေကို စာသင် ဖို့နဲ့ မင်းမိသားစုကလွဲရင်၊ ဘာမှ သိတာမဟုတ်ဘူး” ဟုဆိုပါသည်။ ကျမလက်တွေ့ဘဝတွင် မိသားစုကိစ္စများ သည် ကျမ အတွက် “ပထမ”ဖြစ်သလို အရေးအပါဆုံးလည်း ဖြစ်ပေသည်။ ကျမ၏ကလေးများဝမ်းဝမှ ကျမ ပျော်နိုင်မည်ဖြစ် သလို မိသားစု၏ဖြည့်တင်းနိုင်မှသာလျှင် ကျမပျော်နိုင်မည်ဖြစ်သောကြောင့် မိသားစုရေးသည် ကျမအတွက် ပထမ ကိစ္စများသာဖြစ်နေသည်ဟု ယနေ့တိုင် ယုံကြည်နေဆဲပင်။
ကျမအပြောမတတ်သောကြောင့် လင်ကိုစော်ကားသလိုဖြစ်နေသည်ဟု ယောက္ခမက စွပ်စွဲသလို သူကလည်း သူ့ကို “ဘာမှမလုပ်တတ်လို့နိုင်ငံရေးလုပ်တာလား” ဟုမေးမိသည့်အပေါ် စိတ်ခုပြီး အိမ်ပေါ်မှ ဆင်းသွားခဲ့ပါ သည်။ ကျမသည် နေစရာမရှိသလိုဖြစ်ကာ ဘယ်သွားရမှန်းလည်းမသိဖြစ်ခဲ့ပါသည်။ တသက်နှင့်တခါ လူ့ခန္ဓာ ကိုယ်တခုလုံးရှိနေပါလျှက်နှင့် မျက်နှာပျောက်နေခြင်းမျိုး ပထမဆုံးခံစားရသလို ဘာမှမသိသည့် သားကလေး က ကျမမျက်ရည်ကို နားလည်နိုင်မည်လည်းမဟုတ်ပေ။ သူ့မျက်နှာနှင့်နေရသည့်အိမ်တွင် ကျမဆက်၍ မနေ လိုသော်လည်း လက်တွေ့တွင် နေစရာမရှိသောကြောင့် တအိမ်လုံးမကြည်ဖြူသည့်ကြားမှ မျက်နှာပြောင်တိုက် ၍ဆက်နေခဲ့ရခြင်းသည် ကျမဘဝတွင် မမေ့နိုင်သော ဒုက္ခများပင်ဖြစ်ပေသည်။
စိတ်ဆင်းရဲမှုများကို ရင်ဆိုင်ရင်းမျှော်လင့်ထားခဲ့သည့်အတိုင်းပင် သတင်းတခုရောက်ရှိလာခဲ့သည်။ ယင်းကား သူထောင်ကျသွားပြီဟူသည့် အမင်္ဂလာသတင်းပင်ဖြစ်သည်။ အတန်တန်ပြောနေသည့်ကြားမှ သူလုပ်ချင်တာ ကို လုပ်သွား၍ ကျမတွင် မျက်ရည်မရှိတော့သော်လည်း သားကလေးက တီတီတာတာနှင့် “ပေပေ” ဟုပြော သည့်အခါတွင် မျက်ရည်ကျခဲ့ရပါသည်။ အဆိုးထဲက အကောင်းဖြစ်မည်ဖြစ်သည်။ သားလေး(၃)နှစ်ပြည့်ကာနီး တွင် ကျောင်းမှ လုပ်ဖော်ကိုင်ဖက်များ၏ အဆက်အသွယ်ဖြင့် သင်္ချာနှင့် အင်္ဂလိပ်စာများသင်ပြပေးရန် အလုပ် ရခဲ့ပါသည်။ ကျမအတိုင်းမသိ ပျော်ရွှင်ခဲ့ရပါသည်။ မျက်နှာငယ်ငယ်နှင့်ကပ်နေရသည့်အချိန်လည်းဖြစ်၊ နေ့စဉ် ဝတ်နေသည့် ထမီစိမ်းနှင့် အင်္ကျ ီဖြူတို့မှာလည်း စိမ်းရာမှပြာ၊ ဖြူရာမှ ဝါညစ်ရောင်ဖြစ်နေသောကြောင့်ဖြစ် သည်။ စာပြသည့်အလုပ်ဖြင့် ပိုက်ဆံဝင်ငွေကောင်းလာသောကြောင့် ယောက္ခမကို ပေးသင့်သလောက်ပေးကာ အင်းစိန်ထောင်နှင့်နီးသည့် စော်ဘွားကြီးကုန်းတွင် အိမ်ငှားနေ၍ ယောကျ်ားအတွက် ပုံမှန်ထောင်ဝင်စာတွေ့ ခြင်းဖြင့် သားလေးနှင့် ရုန်းကန်လှုပ်ရှားခဲ့ရပေသည်။ သားလေးသည် အရွယ်ရောက်လာသည့်အတွက်ရော အတူနေ ကလေးများက “အဖေ”ဟူ၍ပြောနေသည့်အတွက် သူကလည်း အဖေကိုမေးတတ်လာပါသည်။ သား လေးကအဖေကိုမေးမေးနေသည့်အတွက် ထောင်ဝင်စာသွားတွေ့သည့်အခါခေါ်သွားမိပြန်သဖြင့်လည်း “ အ လုပ်မဟုတ်တာတွေ မင်းလုပ်လုပ်မလာနဲ့” ဟုငေါက်သောကြောင့် နောင်အခါများတွင် သားကို ခေါ်မသွားဘဲ နေခဲ့ရပါသည်။
ထောင်(၄)နှစ်ကျပြီး ပြန်လွှတ်လာသောအခါ ကျမတို့မိသားစုလေး ကိုယ့်အိမ်ကိုယ့်ယာတွင် အချုပ်အနှောင် ကင်းစွာ နေရသဖြင့် အတိုင်းမသိပျော်ရွှင်ခဲ့ရပါသည်။ သူကတော့ထောင်ကထွက်လာပြီးမှ ပိုတွေးပိုမှိုင်နေခဲ့ ပါသည်။ (၄)နှစ်နီးပါးသိမ်းဆည်းခဲ့ရသည့်အတွက် သူမရှိစဉ်က ကြုံတွေ့ရသည့် အခက်အခဲများကို ပြောပြမိပါ သည်။ အခက်အခဲများထဲတွင် ကျမအပေါ် အထင်သေးအမြင်သေးဖြင့် ဆက်ဆံပြောဆိုစော်ကားခဲ့သည့် အမျိုး သားများ၏ အနိုင်ကျင့်မှုများလည်း ပါဝင်ပေသည်။ ကျမ၏ ထိကပါးရိကပါး အလုပ်ခံရသည်များကို နားထောင် ပြီး “မင်းအနေအထိုင်အဟုတ်လို့ဖြစ်မှာပေါ့”ဟူ၍ တုံ့ပြန်သောကြောင့် မျက်ရည်ကျလွယ်သော ကျမသည် သည်းခံစိတ်များပျောက်ကာ ရန်စကားဖြင့် ပြန်တုံ့ပြန်မိ၏။
ကျမဘဝတွင် ယောကျ်ားအတွက် သားကလေးကို လူတလုံးဖြစ်အောင် လုပ်နေရချိန်တွင် ဘယ်တစိမ်းယောကျ်ားကိုမှ စိတ်မဝင်စားခဲ့သလို ကိုယ့်ဘဝကို ကောင်း အောင်လုပ်ရမည်ဟူတေသာ အသိတွေသာ အမြဲစိုးမိုးခဲ့သည်။ ဒီအခြေအနေတွေ ဘယ်လို ရင်ဆိုင်ရုန်းကန်ခဲ့ရ သည်ကိုပင်မမေးပဲ ထင်ရာမြင်ရာ စွပ်စွဲပြောဆိုခြင်းသည် သည်းခံစရာကိစ္စဟု ကျမလက်မခံနိုင်ပါ။ သူ့ကို ရှင်းပြ သော်လည်း “ရှင်းပြခြင်းသည် အမှားလုပ်သည့်သူများ၏အလုပ်” ဟုဆိုပြန်သောကြောင့် သူ့ပုံသေနည်းဒဿန များအောက်တွင် ကျမသာ အလူးအလှိမ့်နာကျင်ရပြန်ပါသည်။
ထောင်က ထွက်လာပြန်တော့လည်း အရင်လိုပင် မိသားစုတာဝန်အလျဉ်းမယူပဲ နိုင်ငံရေးဆက်လုပ်နေသည့် အတွက် ကျမလည်း အမှတ်မရှိနိုင်ဘဲ ဒုတိယအကြိမ်တားမိပြန်သည်။ “ နိုင်ငံရေးသမားဆိုတာ ပိုက်ဆံမရှာဘူး ကွ” ဟုကြွေးကြော်သောကြောင့် ကျမကလည်း “နိုင်ငံရေးသမား ပိုက်ဆံရှာမရှာတော့ သန့်မသိဘူး၊ ထမင်းပုံ မှန်စားတတ်တာတော့ သန့်သေချာပေါက်သိတယ်။ ဒီလိုနိုင်ငံရေးလုပ်မယ်ဆိုတာ အစကတည်းကသိရင်မယူ ဘူး” ဟုရင့်သီးစွာပင်ပြန်ပြောမိပါသည်။
သူ့ကို ပြန်၍ခံပြောသောကြောင့် ဒေါသမထွက်စဖူး ထွက်၍ အိမ်ရှိ ရှိစုမဲ့စုပစ္စည်းများကို ပေါက်ခွဲပစ်ပါသည်။ အနေအေးသော သူလိုလူတယောက်ဒီလိုဖြစ်ရခြင်းမှာ “ကျမကြောင့်” ဟု ပတ်ဝန်းကျင်က မေးငေါ့ကြပြန်ပါ သည်။ ကျမတို့လင်မယားနှစ်ယောက်တွင် ကျမသည်သာ မိန်းမဆိုးကြီး အမြဲဖြစ်ခဲ့ရပါသည်။ သူ့အသိုင်းအဝန်း ကလည်း “ယောကျ်ားနိုင်ငံရေးလုပ်တာကို ဂုဏ်မယူဘဲ အားအားရှိ ငွေရှာခိုင်းဖို့ပဲသိသည်” ဟုစွပ်စွဲမေးငေါ့ကြ ပြန်ပါသည်။
သိပ်ကြာခင်မှာပင် ဒုတိယသမီးလေး“နန္ဒာဦး” ကို မွေးခဲ့ပါသည်။ ကလေး(၂)ယောက်ဖြစ်လာသည့်အတွက် ထုံး စံအတိုင်း ဝန်များပိုလို့သာ လာခဲ့ပါသည်။ သူ့ကိုလည်း သက်သာရာသက်သာကြောင်း အလုပ်တခုကို လုပ်စေ လိုသည့်အတွက် အမျိုးမျိုးနားချရင်း စာပြနေသည့် ကလေးမိဘများ၏ အဆက်အသွယ်ဖြင့် တက္ကစီမောင်းရန် တိုက်တွန်းခဲ့ပါသည်။ တလလောက်ကားမောင်းပြီးတော့ အလုပ်မဖြစ်ဟု ဆိုကာနားလိုက်ပါသည်။ အလုပ်နား ပြီးတော့လည်း ထုံးစံအတိုင်း နိုင်ငံရေးဆက်လုပ်နေခဲ့ပြန်သည်။ လုပ်မြဲလုပ်နေသည့် အလုပ်မှ လွဲ၍ မိသားစု တာဝန်များကို ဘယ်တုန်းကမှ မမေးဖူးသလို တာဝန်လည်းမယူပေ။
တနေ့တွင် စကားစပ်မိသောကြောင့် သူနှင့်ကျောင်းနေဘက် ကိုလွန်းတင်ဆိုသူအကြောင်းပြောမိပါသည်။ ဂျ ပန်တွင် အလုပ်လုပ်၍ ကလေးများကို ကျောင်းကောင်းကောင်းထားကာ လူတန်းစေ့နေနိုင်သည့်အကြောင်းဖြစ် ပါသည်။ “တိုင်းပြည်အတွက် ဘာမှ မစဉ်းစားတဲ့သူတွေအကြောင်း၊ ပညာကို အသုံးမချတတ်တဲ့သူတွေ အကြောင်း၊ ပညာကို အသုံးမချတတ်တဲ့သူတွေအကြောင်းမပြောပါနဲ့” ဟုဆိုသောကြောင့် အမြဲမျက်ရည်ကျ တတ်သော ကျမက ဒီတခါတွင်တော့ ဟက်ဟက်ပက်ပက် ရယ်မောမိပါသည်။ ဟုတ်ပြီ၊ သူများက တိုင်းပြည် မချစ်တတ်ဖူးဆိုလျှင်တောင် အနည်းဆုံးသူ့သားသမီးတွေတင်မက ဆွေမျိုးသားချင်း မိတ်ဆွေသူငယ်ချင်းများမှ ငွေကြေးအဆင်မပြေသူများကို ပညာရေးကိစ္စထောက်ပံ့ခြင်း၊ ကြည့်ရှုပေးကမ်းခြင်းများ လုပ်နေနိုင်သေးတာကို မချီးကျူးသင့်ပေဘူးလား။
သူများက မိသားစုကို တာဝန်ကျေသောအချိန်တွင် မိသားစုတာဝန်မဆိုနှင့် မိမိရှိသည့် ပညာနှင့် မိမိအတွက် ထမင်းတလုပ်ရှာမစားတတ်သော သူ့ကို မရယ်ဘဲမနေနိုင်ခြင်းသည် ကျမအလွန်မဖြစ် တန်ရာ။ သူနိုင်ငံရေးလုပ်ဖို့စိတ်အားထက်သန်တာကို(ကျမတယောက်ကလွှဲ၍)မည်သူမျှသူ့အပေါ်အပြစ်မမြင် ပါ။ သူများတွေကိုရော သူက ဘာလို့များအဆိုးမြင်ရတာလဲ။ ကိုယ့်အားနဲချက်ကို ဖုံးကွယ်ချင်လို့လား။ ဒီ တစ်ခါတော့ ယောက္ခမက “လင်ကိုစော်ကားပါသည်” ဟု နားလည်မှုထပ်လွဲမှာစိုးသဖြင့် ကျမစကားလုံးများကို ကျမပြန်မျိုချလိုက်နိုင်ခဲ့ပါသည်။
ကျမတို့လင်မယားနှစ်ယောက်သည် လူချင်းနီးကပ်နေရက်နှင့် ပြောစရာစကားမရှိဘဲ စိတ်ချင်းတဖြည်းဖြည်း ဝေးလာခဲ့ကြပါသည်။ နာမည်ခံ လင်မယားအဖြစ်နေထိုင်ရင်း အကြင်နာမေတ္တာယုယမှုများ လုံးလုံးပျောက်ဆုံး လာပါသည်။ သူသည်လည်း နိုင်ငံရေးလုပ်ရင်း ပါတီခေါင်းဆောင်တယောက်၏ သမီးနှင့်လိုလို၊ လုပ်ဖော်ကိုင် ဖက်တယောက်နှင့် လိုလို ဘာဘာညာညာကြားရပါသည်။ အိမ်ထောင်ကျစကလို မနာလိုဝန်တိုမှုများ မည် သည့်အချိန်က ပျောက်သွားခဲ့သည်ကို စဉ်းစားမရနိုင်ဘဲ သူနိုင်ငံရေးသမားဖြစ်နေသောကြောင့်တော့မဟုတ် ကြောင်း ကျမတဖြည်းဖြည်းသိလာပါသည်။ ကျမလေးစားသော နိုင်ငံရေးသမားများလည်း ရှိပါသည်။ သူ့ကို ဒ ဿနများနှင့် နပမ်းလုံးနေသူများတော့ မဟုတ်ပါ။ လက်တွေ့ကျပါသည်။
တဖက်တွင်လည်း ကျမယောကျ်ား က သူနေတတ်သလိုပိုနေလာသည်။ အပေါင်းအသင်းများနှင့် အချိန်ပိုကုန်လာတတ်သည်။ အရင်လို စာအုပ်ကြီး များလည်း သိပ်မဖတ်တော့သည်ကို ကျမသတိထားမိလာသည်။ အပေါင်းအသင်းများနှင့် စကားပြောပြီး ပြန်လာ ချိန်တွင် အရက်မူးလာတတ်သောကြောင့် နိုင်ငံရေးသမားမိန်းမဘဝမှ အရက်သမားမိန်းမဘဝအဆင့် မရောက် ပြန်လိုသောကြောင့် “ကိုကိုအရက်မသောက်ပဲနိုင်ငံရေးလုပ်လို့မရဘူးလား” ဟုမေးမိပြန်ပါသည်။ “အရက် သောက်တာမကောင်းဘူးဆိုတာလောက်ပဲ သိတဲ့အဆင့်နဲ့ငါ့ကို မဝေဖန်ချင်စမ်းပါနဲ့” ဟုဆိုပါ၏။ ကျမသည် င တုံးင ဖြစ်ချင်ဖြစ်မည်။
ဆယ်အိမ်ခေါင်းများ ရပ်ကွက်လူကြီးများ အရက်တမြမြဖြင့် ရပ်ကျေးရွာရေး လုပ်နေခြင်း ကိုလည်း ကျမစိတ်ပျက်၍ အစည်းအဝေးတွင်ပြောမိမေးမိဖူးသည့်အတွက် အစည်းအဝေးတက်သူများ ကျမကို ဘုကြည့်ကြည့်ကြသည်ကို သတိရမိသည်။ ကိုကို့ကိုတော့ သူတို့နဲ့ မတူဟု ကျမ ယုံကြည်ချင်သောကြောင့် အရက်မသောက်စေချင်သလို အရက်သမားလည်း အဖြစ်မခံနိုင်၍ ကျမတားမြစ်ခြင်းကို သူနားမလည်ပေ။ ကျမ ဖြစ်စေချင်သည်များ အမြဲဖြစ်နေခြင်းကိုလည်း ကျမဟန့်တားနိုင်ပါ့မလားဆိုသည်မှာလည်း ညစဉ်တိုင်းလိုတွေး နေကျ အတွေးတခုဖြစ်ခဲ့ပါသည်။
ဘာပဲပြောပြော သူနှင့် အိမ်ထောင်သက်တမ်း(၁၅)နှစ်အတွင်း ကလေး(၂)ယောက်ရရှခဲ့ပြီး ကလေးများလည်း တနှစ်ပြီးတနှစ် စာမေးပွဲတွေဖြေရင်း ရပ်လိုက်တက်လိုက်နဲ့အတန်းပညာများကို သင်ကြားနေကြသည်။ ကို ကိုကလည်း သူယုံကြည်သည့် နိုင်ငံရေးအလုပ်ဟူသည့်(စကားထိုင်ပြောသည့်)အလုပ်ကို ဆက်လုပ်နေဆဲ။ ကျမကလည်း ကျမတတ်ကျွမ်းသော ပညာနှင့် ထမင်းရှာစားနေရဆဲပါ။ ကျမကတော့ အိမ်ထောင်ကျစဉ်မှ ခုချိန် ထိ ရုန်းကန်ရလွန်း၍ အသက်(၃၉)နှစ် ရုပ်ရည်သည် အသက်(၅၀)နည်းပါး လူတယောက်နှင့်တူနေပေပြီ။ ဘယ်အရာကိုမှ အာရုံစိုက်၍မရ ဖြစ်လာခြင်းသည် ဘာကြောင့်မှန်းမသိပေ။
ငယ်ငယ်က အပြောင်အပျက်များ ရယ်မောစရာများနှင့်ပျော်နေတတ်သော “ခင်သန့်စင်အောင်” ဆိုသည်မှာ ကျမမှဟုတ်ပါလေစဟုလည်း မကြာ ခဏ တွေးမိတတ်လာသလို ကျမ၏ ဘွဲ့ရဓတ်ပုံကလည်း “သန့်ရေ…မောနေပြီလား” ဟု နံရံပေါ်မှ အစဉ်မေး နေသယောင်ပင်။ ကျမ၏ အိမ်ထောင်ရေးကိုတော့ လွယ်လွယ်နှင့် မရှူံးမပေးလိုပါ။ အမြဲတမ်း အရိုက်အပုတ် ခံနေရသည့် ဟိုဖက်အိမ်က စန်းစန်းမြင့်နှင့်စာလျှင်တော့ ယောကျ်ားကိုရှာကျွေးပြီး သူ့ဒဿနတွေရဲ့ဒဏ်ကို ခံနေရသည့် ကျမအဖြစ်က အပုံကြီးတော်သေးသည်ဟုရောင့်ရဲရမည်လား။ ကျမလို အိမ်ထောင်သည် မိန်းမတ ယောက်၏ ဘဝကို မည်သို့အဓိပါယ်ဖွင့်ရမည်လဲ။ သေချာသည်ကတော့ စိတ်ပျော်ရွှင်မှုတို့ပျောက်ဆုံးခဲ့သည် မှာကြာခဲ့ပြီ။
ဘာပဲပြောပြော မနေ့ညက အိပ်မက်တခုမက်ခဲ့သည်။ အိပ်မက်ထဲတွင် ကျမ၏ ခင်ပွန်းသည် အများအကျိုးအ တွက် ထက်ထက်သန်သန်ဆောင်ရွက်ပြီး ဇနီးသားသမီးများကို ကြင်နာစောင့်ရှောက်သော ပုဂ္ဂိုလ်ထူး တယောက်ဖြစ်နေခြင်းပင်။ တဘဝစာလျှောက်လှမ်းရမည့် ခရီးအတွက် တညတာ အိပ်မက်ကို ကျမအလွန် တန်ဖိုးထားနေမိပါသည်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021