Home ဆောင်းပါး ကျွန်မက ဘယ်အိမ်ကို ပြန်ရမှာလဲ

ကျွန်မက ဘယ်အိမ်ကို ပြန်ရမှာလဲ

Honest Information (HI)။ ။

လေးမြို့မြစ်ရေသည် ကမ်းစပ်ကုန်းမြေကိုကျော်လွန်ကာ စင်းဘောကိုင်း တိုက်ပွဲရှောင်စခန်းဆီသို့ တစ စနှင့် တိုးဝင်လာခဲ့လေပြီ။ မခင်လှိုင်ဦး တစ်ယောက် ဆယ်လသားအရွယ် သမီးငယ်ကလေးကို နို့တိုက်နေရင်း တိုက်ပွဲရှောင်စခန်း၏အပြင်ဘက်သို့ ငေးကြည့်နေမိသည်။ ရွှံ့နှစ်များပျော်ဝင်နေသော အဝါရောင်ညက်ညက်မြစ် ရေများက သူထိုင်နေရာ တိုက်ပွဲရှောင်တဲအိမ်ငယ်ကလေးဆီ တဖြေးဖြေးချင်း ဝင်ရောက်လာနေ၏။ ဝါဆိုမိုးက လေပြင်းကလေးများနှင့်ရောနှောကာ သည်းသည်းမည်းမည်းရွာသွန်းလျှက်ရှိနေ၏။ ဒီရေကြီးရက်နှင့်တောင်ပေါ် မိုးသည်းချိန်တို့ တိုက်ဆိုင်နေသဖြင့် သည်လိုအချိန်မျိုးတွင် မြစ်ရေလျှံခြင်းဖြစ်ပေါ်လာနိုင်သည်ကို အတွေ့အ ကြုံအရ မခင်လှိုင်ဦးတစ်ယောက်သိနေသည်။ ကိုဗစ်ကပ်ဘေးနှင့် စားဝတ်နေရေးအခက်အခဲတို့ကြားတွင် လောကဓံကို ကြံ့ကြံ့ခံနေရရှာသော စင်းဘောကိုင်း တိုက်ပွဲရှောင်စခန်းအတွက် သဘာဝဘေးကိုပါ ထပ်မံ ကြုံ တွေ့ရဦးမည်လားဟုတွေးရင်း မခင်လှိုင်ဦးတစ်ယောက် သက်ပြင်းမောတစ်ချက်ကို ချလိုက်မိလေတော့သည်။

စင်းဘောကိုင်း တိုက်ပွဲရှောင်စခန်းသည် မြောက်ဦးမြို့နယ်၊ ဘုရားကြီးကျေးရွာအနီးတွင် တည်ရှိသည်။ လေးမြို့မြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိသော တိုက်ပွဲရှောင်စခန်းတစ်ခုပင်ဖြစ်သည်။ စင်းဘောကိုင်း တိုက် ပွဲရှောင်စခန်းထဲတွင် ဘုရားကြီးကျေးရွာ၊ မော်ရွာသစ်၊ မော်ရွာဟောင်း၊ ပန်းမြောင်းနှင့် ကုလားတန်မြစ်ဖျားပိုင်း အရပ်ရှိ အထက်တင်းမ၊ အောက်တင်းမ စသော ကျေးရွာများမှ ရွာသူရွာသားများ ခိုလှုံလျှက်ရှိသည်။ လက်ရှိအ ချိန်တွင် အိမ်ထောင်စု (၇၇၅) စုနှင့် တိုက်ပွဲရှောင်လူဦးရေ (၃၉၀၁) ဦး နေထိုင်လျှက်ရှိနေသည်။

ဇူလိုင်လ (၁၂) ရက်နေ့က စင်းဘောကိုင်း တိုက်ပွဲရှောင်စခန်းထဲမှ အသက်(၄၀) ကျော်အရွယ် အမျိုး သမီးတစ်ဦးထံတွင် ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည်။ ထိုမှတစ်ဆင့် ရောဂါပိုးတွေ့ရှိသူ (၆) ဦးအထိ ထပ် မံ စစ်ဆေးတွေ့ရှိခဲ့သဖြင့် စခန်းကို Lock down ချခဲ့ရသည်။ ကိုဗစ် ရောဂါပိုးတွေ့ရှိထားသူများကို ကိုယ်ထူ ကိုယ်ထပြုလုပ်ထားသော သီးသန့်နေရာတွင်ထား၍ စောင့်ကြည့်လျှက်ရှိကြောင်း တိုက်ပွဲရှောင်စခန်း၏ ကော် မတီအဖွဲ့ဝင် ဦးစိုးသိန်းက ပြောပြသည်။ လက်ရှိအချိန်တွင် တိုက်ပွဲရှောင်စခန်းတွင်း၌ နှာစေး၊ ချောင်းဆိုးနှင့် ရာသီတုတ်ကွေးကဲ့သို့ ဖျားနာမှုများရှိနေသဖြင့် စိုးရိမ်ပူပန်နေရပြီး စင်းဘောကိုင်း တိုက်ပွဲရှောင်စခန်းထဲမှ တိုက်ပွဲရှောင်ပြည်သူများမှာ ကိုဗစ်ရောဂါကပ်ဘေးဒဏ်၊ စားဝတ်နေရေး ခက်ခဲမှုပြဿနာနှင့် သဘာဝဘေးအန္တရာယ်များကြားထဲ၌ ဒုက္ခပင်လယ် ဝေနေကြရကြောင်း ဦးစိုးသိန်းမှ ရင်ဖွင့်သည်။

ဦးစိုးသိန်းပြောပြသကဲ့သို့ပင် လက်ရှိ စင်းဘောကိုင်း တိုက်ပွဲရှောင်စခန်းထဲတွင် သက်ကြီးရွယ်အိုများ၊ ကိုယ် ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များသည် အလွန်ခက်ခဲကြမ်းတမ်းသောနေ့ရက်များကို ရင်ဆိုင်ကျော် ဖြတ်နေကြရသည်။ ထိုအထဲတွင် မွေးကင်းစ ဆယ်လအရွယ် သမီးကလေးတစ်ဦးနှင့် လောကဒဏ်ကို ကြံ့ကြံ့ ခံရင်ဆိုင်နေရရှာသော မခင်လှိုင်ဦး တစ်ယောက်လည်း အပါအဝင်ဖြစ်သည်။

“ကျွန်မက ဒီတိုက်ပွဲရှောင်စခန်းကိုရောက်နေတာ နှစ်နှစ် ကျော်ပါပြီ။ တိုက်ပွဲရှောင်စခန်းထဲကို ရောက် ကတည်းက အခက်အခဲတွေအမျိုးမျိုးနဲ့ ကြုံတွေ့လာခဲ့ရပါတယ်။ အခု ကိုဗစ် ရောဂါကပ်ဘေးကြောင့် စခန်း တစ်ခုလုံးကို Lock down ချခံထားရလို့ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ပြီးတော့ အခု လို မိုးရာသီမှာ တိုက်ပွဲရှောင်စခန်းထဲကို ရေကြီးရေလျှံတာတွေ၊ လေပြင်းမုန်တိုင်း တိုက်တာတွေ ကြုံနေကျပါ။ အခုလက်ရှိအခြေအနေမှာလည်း လေးမြို့မြစ်ရေလျှံပြီးတော့ ရေကြီးမယ့်အခြေအနေကို ရင်ဆိုင်ကြုံတွေ့ နေရ ပါတယ်။ ကျွန်မတို့ရဲ့ အခက်အခဲက တကယ့်ကိုပဲ ဆိုးဝါးလွန်းလှပါတယ်”

၂၀၁၉ ခုနှစ် ဆောင်းတွင်းကာလက မခင်လှိုင်ဦး နေထိုင်ရာ မြောက်ဦးမြို့နယ်၊ ဘုရားကြီးကျေးရွာအနီး၌ စစ် တပ်နှင့် ရခိုင့်တပ်တော် (AA) တို့ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ကြသဖြင့် ကျေးရွာသားများမှာ ဘေးလွတ်ရာ သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရသည်။ မခင်လှိုင်ဦးတို့ဇနီးမောင်နှံနှစ်ယောက်နှင့် မခင်လှိုင်ဦး၏ အဘိုးအို တို့သည်လည်း ပြေးလွှားရင်းဖြင့် စင်းဘောကိုင်း တိုက်ပွဲရှောင်စခန်းဲတွင် ခိုလှုံနေထိုင်ခဲ့ကြရကြောင်း ဆိုသည်။

မခင်လှိုင်ဦးသည် အသက်(၂၂)နှစ်ခန့်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူ့တွင် ဆယ်လသားအရွယ် သမီးငယ်တစ်ဦးရှိသည်။ မခင်လှိုင်ဦး၏ ခင်ပွန်းဖြစ်သူသည် ကလေးမွေးဖွားပြီး လေးလခန့်အချိန်တွင် မခင်လှိုင်ဦးအားစွန့်ခွါသွားခဲ့သည့်အတွက် မွေးကင်းစသမီးငယ်နှင့် သက်ကြီးရွယ်အို အဘိုးအိုတို့ကိုရှာဖွေကျွေးမွေးစောင့်ရှောက်ရင်း ခါးသီးလွန်းသော နေ့ရက်များကို ကျော်ဖြတ်ခဲ့ရသည်။

တိုက်ပွဲရှောင်စခန်းများတွင် စားနပ်ရိက္ခာများ ထောက်ပံ့သည်ဟုဆိုသော်လည်း အစဉ်အမြဲထောက်ပံ့ပေးနေခြင်းမဟုတ်သည့်အပြင် လုံလောက်မှုမရှိကြောင်း တိုက်ပွဲရှောင်များက ဆိုသည်။ လက်ရှိအချိန်တွင် တိုက်ပွဲရှောင်များသည် စခန်း၏ပြင်ပသို့ထွက်ကာ စားဝတ်နေရေးအတွက် အလုပ်အကိုင်များ ရှာဖွေလုပ်ကိုင်နေကြရသည်။ မခင်လှိုင်ဦးသည်လည်း အရွယ်မရောက်သေးသောသမီးငယ် နှင့် သက်ကြီးရွယ်အိုအဘိုးအိုတို့အတွက် ကြုံရာအလုပ်များကိုလုပ်ကိုင်နေရကြောင်း ဆိုသည်။

“ကျွန်မ ကိုယ်ဝန် နေ့စေ့လစေ့အချိန်မှာ တိုက်ပွဲရှောင်စခန်း အနီးအနားကကို ထင်းသွားရှာပါတယ်။ အဲဒီအချိန်မှာပဲ ဗိုက်က နာလာတော့ နီးစပ်ရာအိမ်တစ်အိမ်ကိုဝင်ပြီး ကလေးမွေးခွင့် တောင်းပါတယ်။ အိမ်ရှင်က လက်မခံပါဘူး။ ဒါကြောင့် ယောက္ခမတွေရှိတဲ့ရွာကို အချိန်မီရောက်အောင်သွားပြီးတော့ ကလေးမွေးရပါတယ်။ကျွန်မ ကလေးမွေးတဲ့ရွာမှာ ဆရာဝန်တစ်ယောက်ရှိပေမဲ့ ကံဆိုးချင်တော့ ကျွန်မ မွေးမယ့်နေ့မှာပဲ ဆရာဝန် က မြို့တက်သွားတာမို့ ရွာထုံးစံအတိုင်း ဖြစ်သလို မွေးဖွားခဲ့ရပါတယ်။ ” ဟု မခင်လှိုင်ဦးက နာကြည်းစွာဆိုသည်။

မခင်လှိုင်ဦးက သူသည် ယောက္ခအိမ်၌ မီးဖွားပြီး ရက်ပိုင်းအတွင်း စင်းဘောကိုင်းတိုက်ပွဲရှောင်စခန်းသို့ ပြန်လည်နေထိုင်ခဲ့ကာ မီးဖွားပြီးစအချိန်မျိုးတွင် မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှုများလိုအပ်မည်ဖြစ်သော်လည်း တိုက်ပွဲရှောင်စခန်းထဲ၌ မည်သည့် ကျန်းမာရေးစောင့်ရှောက်မှုမျိုးကိုမျှ လက်ခံရရှိခြင်းမရှိခဲ့ပေ။ ထိုအထဲတွင် စားဝတ်နေရေး အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် သွေးနုသားနုအချိန်၌ပင် တိုက်ပွဲရှောင်စခန်း၏ ပြင်ပ၌ ကြုံရာလုပ်ငန်းများကို လင်နှင့်အတူ ဒိုးတူပေါင်ဖက် လုပ်ကိုင်ခဲ့ရသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်ထဲ၌ မြန်မာစစ် တပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခြင်းများ မရှိတော့သဖြင့် တိုက်ပွဲရှောင်တချို့ နေရပ်ပြန်နေကြသည်များ ရှိနေ၏။ သို့သော် အများစုသော တိုက်ပွဲရှောင်များမှာ နေရပ်ပြန်ရန် စိုးရိမ်ပူပန်မှုများ ရှိနေကြသဖြင့် တိုက်ပွဲရှောင်စခန်း ထဲ၌ပင် ဆက်လက်နေထိုင်လျှက် ရှိနေကြသည်။ တိုက်ပွဲရှောင်များကို အမှန်တကယ်နေရပ်ပြန်စေလိုပါက မြန် မာစစ်တပ်မှ ကျေးရွာအနီးအနားတွင် တပ်စွဲထားခြင်းများကို ရုတ်သိမ်းပေရန် လိုအပ်ကြောင်း တိုက်ပွဲရှောင်များ က ဆိုကြသည်။ လက်ရှိအချိန်တွင် တိုက်ပွဲရှောင်များကို နေရပ်ပြန်မည်ဆိုပါက ထောက်ပံ့ငွေ(ကျပ်-၅၀ ၀၀၀၀) ကျပ်နှင့် ဆန်တစ်လစာ ပေးမည်ဟု ကြေငြာထားကြောင်း စင်းဘောကိုင်းတိုက်ပွဲရှောင်စခန်း ကော်မတီဝင် ဦး စိုးသိန်းမှ ပြောပြသည်။ စင်းဘောကိုင်း တိုက်ပွဲရှောင်စခန်းတွင် ရွာပြန်မည့်သူ (၆၀) ဦးခန့် စာရင်းပေးထား သော်လည်း လက်ရှိအချိန်အထိ တာဝန်ရှိသူများဖက်မှ အကြောင်း မပြန်သေးကြောင်း ဆိုသည်။

စင်းဘောကိုင်းတိုက်ပွဲရှောင်စခန်းမှ နေရပ်ပြန်ကြမည့်မိသားစုများကိုကြည့်ရင်းမခင်လှိုင်ဦးတစ်ယောက် ဝမ်းနည်း ဝမ်းသာ ခံစားရသည်။ အခြေအနေအကြောင်းကြောင်းကြောင့် မိမိတို့၏ ကျေးရွာ အိုးအိမ်တို့ကိုစွန့် ပစ်ကာ တိုက်ပွဲရှောင်စခန်းများတွင် ခိုလှုံနေကြရသော်လည်း လူတိုင်း အိမ်ပြန်ချင်ကြလိမ့်မည်ဟု မခင်လှိုင်ဦး က တွေး၏။

“အခု တိုက်ပွဲရှောင်စခန်းက မိသားစုတစ်ချို့ သူတို့ရဲ့ နေရပ်ကျေးရွာတွေကို ပြန်ကြမယ်ဆိုတော့ ကျွန်မ အရမ်းပဲ ဝမ်းနည်းမိတယ်။ သူတို့လိုပဲ ကျွန်မလည်း အိမ်ပြန်ချင်ပါတယ်။ ဒါပေမယ့် ကျွန်မမှာ ဘယ်အိမ်ကို ပြန်ရမှာလဲ။ ပြန်စရာအိမ်လည်း မရှိတော့ပါဘူး”ဟု မျက်နှာငယ်လေးနှင့်ဆိုလာသည်။

ပြန်စရာ အိမ်မရှိ၊ အားကိုးစရာ ကူရာမဲ့ကယ်ရာမဲ့ဖြင့် တိုက်ပွဲရှောင်စခန်းထဲမှ နေ့ရက်များကို မည်သည့်အချိန် အထိ ဖြတ်ကျော်ရဦးမည်မှန်းကို မခင်လှိုင်ဦး မစဉ်းစားတတ်ပါချေ။ အနာဂတ်သည် အရာရာ မှုန်ဝါးဝါးဟုသာ သူက တွေး၏။ ကံမကောင်းအကြောင်းမလှခဲ့သော သူ့ဘဝထဲတွင် မည်သည့်အချိန်တွင်မှ ကံကောင်းခြင်း တစုံတရာ ဝင်ရောက်လာပါမည်နည်း ဟု သူက မျှော်လင့်မိပြန်သည်။ ကံဆိုးမသွားလေရာတိုင်းကို ကံကြမ္မာမိုး သက်လေပြင်းများ အစဉ်အမြဲတိုက်ခတ်ရွာသွန်းနေဦးမည်လားဟုတွေးရင်း သက်ပြင်းမောများကို မကြာမခဏ ချတတ်နေခဲ့ပြီပင် ဖြစ်လေတော့သည်။

Related Articles