Home ဆောင်းပါး “ပုခက်လွဲသောလက်ဖြင့်အာဏာရှင်ကို တိုက်ထုတ်မည့် စစ်သည်တော်များ”

“ပုခက်လွဲသောလက်ဖြင့်အာဏာရှင်ကို တိုက်ထုတ်မည့် စစ်သည်တော်များ”

ခင်ဘုန်းမို့။ ။

“ အရေးတော်ပုံအောင်ရမည်…. အောင်ကိုအောင်ရမည်” ဆိုတဲ့ ကြွေးကြော်သံကို ဟစ်ကြွေးနေတဲ့အမျိုးသမီးတွေရဲ့ အသံဟာ အားအပြည့်မာန်အပြည့်ရှိလှပါတယ်။

ဒီကြွေးကြော်သံက ပုံမှန်ကြားနေကြ သပိတ်စစ်ကြောင်းရဲ့ အသံတော့မဟုတ်ပါဘူး။ ကွင်းပြင်တစ်ခုထဲမှာ စစ်ရေးလေ့ကျင့် နေကြတဲ့ အမျိုးသမီးတွေဆီက ပြန့်လွင့်လာတဲ့ ကြွေးကြော်သံပါ။

အဲ့ဒီအမျိုးသမီးတွေဟာ အင်္ကျ ီအနက်ရောင်ဆင်တူ ဝတ်ဆင်ထားကြပြီး တချို့ကဆံပင်အရှည်တွေကိုစုချည်ထားကြသလို တချို့မျက်နှာမှာတော့ သနပ်ခါးမပြယ်တစ်ပြယ်ဖြစ်နေပေမယ့် စစ်ရေးလေ့ကျင့်မှုကို ခွန်အားအပြည့်နဲ့ လေ့ကျင့်နေကြပါ တယ်။

ဒီမြင်ကွင်းကတော့ မြောင်အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့ရဲ့ စစ်ရေးလေ့ကျင့်မှုမြင်ကွင်းပဲဖြစ်ပါတယ်။ မြောင်မြို့ဟာ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင်မှာ တည်ရှိပါတယ်။

အမျိုးသမီးတွေဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်တဲ့နောက်ကစပြီး သပိတ်စစ်ကြောင်းတွေ၊ CDM ပြုလုပ်တာတွေ စစ်အာဏာရှင်ကိုဆန့်ကျင်ဖို့ နည်းပေါင်းစုံဘက်ပေါင်းစုံကနေ တိုက်ပွဲဝင်လာကြရာ အခုဆိုရင် လက်နက် ကိုင်တဲ့အထိပါဝင်လာကြပါပြီ။

မြောင်မြို့နယ် အမျိုးသမီးပြောက်ကျားစစ်သစ်တော်များအဖွဲ့ကတော့ ထူးခြားစွာနဲ့ အမျိုးသမီးတွေ သီးသန့်ဖွဲ့စည်းထား တဲ့အဖွဲ့တစ်ခုပါ။ စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်မှာပထမဆုံးထွက်ပေါ်လာတဲ့ အမျိုးသမီးပြောက်ကျားစစ်သည် တော်အဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။

တော်လှန်ရေးမှာ အမျိုးသမီးတွေကိုယ်တိုင် အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ပြန်လည်မြှင့်တင်နိုင်စေဖို့ ရည်ရွယ်ပြီး အမျိုးသမီးသီးသန့်အဖွဲ့အဖြစ် ပေါ်ပေါက်လာခဲ့တာပါ။ အဖွဲ့ဖြစ်ပေါ်လာဖို့ လွန်ခဲ့တဲ့(၁)လခွဲလောက်ကတည်းက ပြင်ဆင်မှု တွေပြုလုပ်ခဲ့ကြတာဖြစ်ပြီး အောက်တိုဘာလ ၂၆ မှာတော့ ပြည်သူလူထုကို ရှေ့မှောက်ကိုထွက်လာခဲ့ပါတယ်။

“ ကျွန်မတို့သည် ပုခတ်လွှဲတဲ့ လက်ပိုင်ရှင်တွေဖြစ်ကြတယ်။ ဒါ့အပြင် လက်နက်ကိုင်လမ်းစဉ်ကိုလည်း လုပ်ဆောင်နိုင် တယ်။ ဒီအချက်တွေကို ဖော်ပြတဲ့အနေနဲ့ အမျိုးသမီးစစ်သည်တော်များအဖွဲ့ (မြောင်)ဆိုပြီးဖြစ်ပေါ်လာခဲ့တယ်”လို့ အဖွဲ့ ဝင်တစ်ဦးဖြစ်တဲ့ အမရာက အဖွဲ့ပေါ်ပေါက်လာပုံကိုပြောပြပါတယ်။

မြောင်အမျိုးသမီးပြောက်ကျားစစ်သည်တော်အဖွဲ့အနေနဲ့ အမျိုးသားတွေနဲ့တန်းတူ အာဏာရှင်ကို တော်လှန်တဲ့ နေရာတွေမှာ အားအင်အပြည့်ပါဝင်သွားမှာဖြစ်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ရပ် ပေါ်ပေါက် လာရေးအတွက် စွမ်းစွမ်းတမံပါဝင်မယ့်အပြင် အနာဂတ်မှာ ကျား-မတန်းတူညီမျှမှုနဲ့ ခွဲခြားဆက်ဆံခြင်းကင်းပြီး အမျိုးသမီး တွေရဲ့ အခန်းကဏ္ဍကိုမြှင့်တင်သွားမယ်လို့ ဆုံးဖြတ်ထားကြပါတယ်။

အမျိုးသမီးပြောက်ကျားစစ်သည်တော်အဖွဲ့အနေနဲ့ အမျိုးသမီးများအပေါ် ညှင်းပန်းနှိပ်စက်နေတဲ့လုပ်ရပ်တွေကိုလက်မခံ၊ လူသားချင်းစာနာမှုမရှိတဲ့လုပ်ရပ်တွေကို လုပ်ဆောင်နေတဲ့ စစ်ကောင်စီကို အသက်ပေးပြီးခုခံတော်လှန်သွားမယ်လို့လည်း ကြေညာထားပါတယ်။

photo credit- Myaung Women Warriors

လက်ရှိမှာလည်း မြေပြစ်စစ်ဆင်ရေးလုပ်ငန်းတွေကို အမျိုးသားတွေပါဝင်တဲ့ တခြားသောမဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေကြတာကိုတွေ့ရပါတယ်။

မြောင်အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့မှာ တက္ကသိုလ်ကျောင်းသူတွေ၊ CDM ကျောင်းဆရာမတွေ၊ သာမာန် ပြည်သူအမျိုးသမီးတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီးတော့ အသက် ၁၆နှစ်ကနေ ၄၅နှစ်အရွယ်အမျိုးသမီးတွေ ပါဝင်ကြပါ တယ်။

အဖွဲ့ဝင်အမျိုးသမီးတွေထဲမှာ အိမ်ထောင်ရှိသူတွေပါဝင်သလို သားသမီးရှိသူတွေအထိပါဝင်ကြပါတယ်။ အိမ်ထောင်ရှိသူ အမျိုးသမီးက (၁၀)ရာခိုင်နှုန်းဝန်းကျင်ပါဝင်ပါတယ်။ သူတို့ရဲ့သားသမီးတွေကို အဖိုးအဘွားတွေလက်ထဲအပ်နှံပြီး ကလေးတွေ အနာဂတ်အတွက် ရှေ့တန်းကို ထွက်လာကြတာဖြစ်ပါတယ်။

“ အိမ်မပြန်နိုင်မှာကို ကြောက်ကြတယ်ဆိုတာထက် သားသမီးတွေလက်ထဲမှာ နိုင်ငံပျက်ကြီးကို လက်ဆင့်ကမ်းပေးရမယ့် အလုပ်အတွက် သူတို့အဖို့ကကြောက်စရာ နာကျည်းစရာမရှိတော့ပါဘူး”လို့ အမရာကမှတ်ချက်ပေးပါတယ်။

အမျိုးသမီးပြောက်ကျားစစ်သည်တော်အဖွဲ့ကိုပံ့ပိုးပေးနေတဲ့အဖွဲ့ကတော့ မြောင်မြို့နယ်ပြည် သူ့ကာကွယ်ရေးနဲ့ လုံခြုံရေး အဖွဲ့ (CDSOM)ဖြစ်ပြီး အဲ့ဒီအဖွဲ့ကပဲ မြောင်အမျိုးသမီးပြောက်ကျားစစ်သည်တော်အဖွဲ့ကို စစ်ရေးပညာတွေကို သင်ကြား ပို့ချပေးနေပါတယ်။

အမျိုးသမီးစစ်သည်တော်တွေဟာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီးစစ်ရေးလေ့ကျင့်မှုတွေကို သင်ယူရတဲ့အခါမှာ အခက်အခဲပေါင်းစုံရင် ဆိုင်ခဲ့ကြရပါတယ်။ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ထားကြသူတွေဖြစ်တဲ့အတွက် တိုက်ပွဲ အတွင်းမှာ အသက်ပါ စတေးလိုက်ရနိုင်တယ်ဆိုတာကိုသိရှိပြီး အဆိုးဆုံးအခြေအနေတွေအထိ မျှော်လင့်ထားကြသူ တွေလည်းဖြစ်ပါတယ်။

“ ငါတို့တိုက်မှ နိုင်မယ့်ပွဲဖြစ်တာမို့ ငါတို့ရှေ့တန်းထွက်ကြတယ်။ ဘယ်လို ဖြစ်လာ ဖြစ်လာ ရင်ဆိုင်ကျော်လွှားနိုင်ဖို့အတွက် အသင့်အနေအထားပါပဲ”လို့ အမရာကဆိုပါတယ်။

အမျိုးသားတွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ရမှာဖြစ်တဲ့အတွက် သန်မာမှုမှာ အားနည်းကောင်း အားနည်းနိုင်ပေမယ့် အမျိုးသမီးတွေ ဖြစ်တဲ့အတွက် စေ့စပ်သေချာပြီး ယုတ္တိကျကျတွေးခေါ်တုန့်ပြန်နိုင်မှုမှာတော့ အားသာချက်ဖြစ်တယ်လို့ အဖွဲ့ဝင် အမျိုးသမီးတွေကယုံကြည်ထားကြပါတယ်။

photo credit- Myaung Women Warriors

ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်အောင် ခန္ဓာကိုယ်ကျန်းမာကျစ်လစ်ဖို့အတွက် လေ့ကျင့်မှုများစွာပြုလုပ်ကြရသလို စိတ်ပိုင်းဆိုင်ရာ ကြံခိုင်အောင် ခွန်းအားဖြစ်စေမယ့် အပြုအမှုတွေ အချင်းချင်းရိုင်းပင်းကူညီမှုတွေနဲ့ ရပ်တည်ခဲ့ကြတယ်လို့ အမရာက ဆိုပါ တယ်။

“ မလုပ်ဖူးတဲ့လေ့ကျင့်မှုမျိုးတွေအတွက် နာကျင်မှုတွေနဲ့ ခန္ဓာကိုယ်က သက်တောင့်သက်သာဖြစ်မနေခဲ့ဘူး” လို့အမရာက ဖွင့်ဟပါတယ်။

အမျိုးသမီးတွေဖြစ်တဲ့အတွက် လစဉ်ဓမ္မတာလာတဲ့ အချိန်တွေမှာ အခက်အခဲအချို့ကစောင့်ကြိုနေပြန်ပါတယ်။

“ ဓမ္မတာလာစဉ် စိတ်ကစဉ့်ကလျားတွေကြုံရတတ်တဲ့အပြင် ဝမ်းနည်းကြေကွဲစရာမြင်ကွင်းတွေ မြင်လာရတဲ့အခါ စိတ်တွေက လျော့ကျသွားသလိုခံစားကြရပါတယ်။ ခွန်အားပြန်ဖြစ်လာဖို့ ကိုယ့်စိတ်ကိုတော့ ပြောင်းလဲရတာပေါ့လေ။ ခွန်အားဖြစ်စေမယ့်မြင်ကွင်းတွေ၊ စာတွေဖတ်ခြင်းအားဖြင့်။ ခန္ဓာကိုယ်နာကျင်မှုကိုတော့ နမော်နမဲ့ဖြစ်သွားမိပါတယ်။ နာတယ်ဆိုတာ သတိမမူတော့ဘဲ ငါဘယ်လိုတိုက်ပွဲဝင်ရမလဲဆိုတဲ့ ပြင်ဆင်မှုတွေကပဲ အနိုင်ယူသွားတယ် ထင်ပါတယ်” လို့ အမရာက သူ့အတွေ့အကြုံကိုပြောပါတယ်။

အမျိုးသမီးသီးသန့်ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် အားပေးသူတွေရှိသလို ဝေဖန်မှုတွေကိုလည်း ရင်ဆိုင်ကြရပြန်ပါတယ်။

“ ပတ်ဝန်းကျင်က ပြည်သူတွေက ကြိုဆိုတယ်။အားပေးထောက်ခံတဲ့အပြင် ပံ့ပိုးမှုတွေပါ ပူးပေါင်းပါဝင်လာတယ်။ မြေပြင် ပတ်ဝန်းကျင်က နေဝေဖန်ခံရတာမျိုးတော့မရခဲ့ဘူး။ ဒါပေမယ့် အွန်လိုင်းပေါ်ကနေတော့ မဖြစ်မြောက်တဲ့ မိန်းမတွေက လက်နက်ကိုင်မယ် ဗိုက်ပူလာတာပဲအဖက်တင်မယ်၊ ဒီမိုကရေစီတော့ရမှာ မဟုတ်ဘူးဆိုပြီးတော့ ကြမ်းတမ်းတဲ့စာတွေ ပို့လာတာ တော့မြင်ရပါတယ်” လို့ ဆိုပါတယ်။

အဖွဲ့အနေနဲ့ ကြုံတွေ့ရတဲ့စိန်ခေါ်မှုတွေထဲမှာ လူမှုအသိုင်းအဝိုင်းက မဖြစ်နိုင်ဘူးဆိုတဲ့အမြင်တွေနဲ့ ကျား၊မရေးရာ ခွဲခြား ဆက်ဆံခံရမှုတွေက သူတို့အတွက်အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုဖြစ်ခဲ့တယ်လို့ အမရာကဖွင့်ဟပါတယ်။

“ မလိုလားတဲ့သူတွေက မလိုလားတဲ့အလျောက်တိုက်ခိုက်ခံရမှုတွေရှိခဲ့တယ်။ဒါတွေကို ကျွန်မတို့အနေနဲ့ လစ်လျူရှု ထား ခဲ့ပြီး ကျွန်မတို့ချမှတ်ထားတဲ့ ပန်းတိုင်ကိုရောက်ဖို့ ရည်ရွယ်ချက်ရှိရှိချီတက်နေကြတယ်”လို့ အမရာက ပြတ်သားစွာ ဆိုပါ တယ်။

စစ်အာဏာသိမ်းတဲ့အချိန်ကစပြီး လမ်းပေါ်ထွက်ဆန္ဒပြတာ၊ အွန်လိုင်းသပိတ်တွေဆင်နွဲရာကနေ လက်ရှိအချိန်မှာတော့ လက်နက်ကိုင်လမ်းစဉ်နဲ့ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်နေပြီလို့ ဆိုလာသူကတော့ မြောင်အမျိုးသမီးပြောက်ကျား စစ်သည်တော် အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ မဟူရာခင်ပါ။

မဟူရာခင်ဟာ နွေဦးတော်လှန်ရေးမှာ ကိုယ့်လိပ်ပြာကိုယ် လုံချင်တဲ့အတွက် ရရာနည်းနဲ့ပါဝင်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အသက် ၁၂ အရွယ်သားအကြီးလေးနဲ့ အသက်၈နှစ်အရွယ်သားအငယ်ကို အဖိုးအဘွားဖြစ်သူတွေနဲ့ထားကာ တော် လှန်ရေးခရီးကြမ်းကို လျှောက်လှမ်းခဲ့ပါတယ်။ တော်လှန်ရေးလှုပ်ရှားမှုတွေကို အိမ်မှာနေရင်းလုပ်ကိုင်ခဲ့ပေမယ့် မိသားစုပါ အန္တရာယ်ကြုံလာနိုင်မှာစိုးတာကြောင့် အိမ်ကနေအပြီးထွက်ခဲ့ပါတော့တယ်။

မဟူရာခင်ရဲ့ မိခင်ဖြစ်သူကလည်း သားတွေအတွက်စိတ်မပူဖို့ တော်လှန်ရေးကိုစိတ်ဖြောင့်ဖြောင့်လုပ်ဖို့ အားပေးမှုတွေ၊ ကလေးတွေကို တာဝန်ယူမယ်ဆိုတဲ့ ကတိတွေကြောင့် တော်လှန်ရေးလုပ်ဖို့ ဆုံးဖြတ်ချက်တွေခိုင်မာစေခဲ့ပါတယ်။

photo credit- Myaung Women Warriors

သားဖြစ်သူတွေကလည်း အနည်းငယ်သိတတ်စအရွယ်တွေဖြစ်တဲ့အတွက် သားတွေကို အမှန်အတိုင်းဖွင့်ပြောခဲ့ပြီး သားတွေရဲ့ သဘောတူညီချက်ကိုရခဲ့ပါတယ်။

“ မေမေစိတ်ချက်လက်ချသွားပါ သားတို့လိမ္မာနေပါ့မယ်။ အမေကြီး(အဖွား)စကားလည်းနားထောင်ပါ့မယ်လို့သားတွေက ပြောလာတယ်။ မေမေပြန်လာနိုင်သလို ဘယ်တော့မှ ပြန်မလာနိုင်တဲ့အခြေအနေကိုလည်းရောက်သွားနိုင်တယ် အဲ့အတွက်ကြောင့်အမေအသက်ပေးခဲ့ရရင် အမေကတိုင်းပြည်အတွက် သားတို့အတွက် အနာဂတ်အတွက် အရာ အားလုံးကို မြင့်မြတ် တဲ့စိတ်နဲ့ပေးဆပ်သွားတာဖြစ်တဲ့အတွက် အမေအသက်ရှင်ရက်ပြန်မလာနိုင်ရင် သားတို့ဝမ်းနည်း နေမယ့်အစား သားတို့ ဂုဏ်ယူပါ လို့ပြောခဲ့တယ်” လို့ မဟူရာခင်က ငိုကြွေးရင်း သားတွေကိုထားခဲ့စဉ်ကအဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။

ကလေးတွေ နေမကောင်းတဲ့အခါမျိုးမှာ ပြေးတွေ့ချင်စိတ်တွေကိုချိုးနှိမ်နေထိုင်တာ၊ အရမ်းသတိရတဲ့အခါတွေမှာ ဖုန်းဆက်ချင်ရင်တောင် ကြိတ်မှိတ်သည်းခံနေတာ၊ ကလေးတွေကိုသတိရတိုင်း သူတို့ဓာတ်ပုံတွေကြည့် အလွမ်းဖြေတာ၊ သားတွေအနာဂတ် တိုင်းပြည်အနာဂတ်အတွက်လို့တွေးပြီး အသက်ရှင်နေမှဖြစ်မယ်ဆိုတဲ့စိတ်နဲ့ ဖြတ်ကျော်နေထိုင်တယ် လို့ မဟူရာခင်ကဆိုပါတယ်။

“ ကလေးတွေကို အပြီးတိုင်ထားခဲ့ပြီးတော်လှန်ရေးထဲကိုဝင်လာခဲ့တယ်။ နှောင်ကြိုးတွေကိုတခါထဲဖြတ်ထားခဲ့တယ်”လို့ မဟူရာခင်က သူ့ရပ်တည်ချက်ကိုပြောပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်အောင်ကြိုးစားလေ့ကျင့်ရင်း စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုရှိအောင် ကြိုးစားရှင်သန်နေထိုင်တယ်လို့ မဟူရာခင်ကဆိုပါတယ်။

“ အခက်အခဲတွေကြောင့် စိတ်ဓာတ်ကျတိုင်း ငါမှမလုပ်ရင် ဘယ်သူလုပ်မလဲ ငါ့အခွင့်အရေး ငါကိုယ်တိုင်ရအောင်မလုပ်ဘဲ ဘယ်သူကလုပ်ပေးနေမလဲဆိုတဲ့ စိတ်ခေါင်းထဲထည့်ပြီး အားပြန်ဖြည့်ပါတယ်”လို့မဟူရာခင်က ဖွင့်ဟပါတယ်။

အဖွဲ့ဝင်အချင်းချင်း စလိုက်နောက်လိုက်နဲ့ အားနည်းချက် အားသာချက်တွေကို ဝေငှရင်း သူ့အမြင်ကိုယ့်အမြင်တွေ ဖလှယ် ကြပြီး အချင်းချင်းဖေးဖကူညီရင်း ဖြတ်သန်းနေကြပါသေးတယ်။

အမျိုးသမီးတွေသီးသန့်ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် အားပေးသူတွေရှိသလို ဝေဖန်မှုတွေကိုသတ်သေပြဖို့က သူ့ အတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်တယ်လို့ မဟူရာခင်ကပြောပါတယ်။

“ မဖြစ်နိုင်တာလုပ်တယ်ဆိုတဲ့ မလိုလားအပ်တဲ့ လူတစ်စုရဲ့မျက်လုံးအစုံတွေကို သတ်သေအဖြစ်ချပြဖို့ ကြိုးစားအားထုတ်မှု လုပ်ရမယ်ဆိုတာက အကြီးမားဆုံးစိန်ခေါ်မှုပါပဲ”လို့ မဟူရာခင်ကခိုင်မာစွာဆိုပါတယ်။

မြောင်အမျိုးသမီးစစ်သည်တော်အဖွဲ့ ပေါ်ပေါက်လာတဲ့အပေါ် ကြိုဆိုကြောင်းနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကို ခုခံ တော်လှန်ကြတဲ့အခါမှာ အမျိုးသမီးတွေအနေနဲ့လည်း နွေဦးတော်လှန်ရေးအတွက် နိုင်တဲ့တာဝန်ကိုထမ်းကြတာ ဖြစ်တယ် လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးက မှတ်ချက်ပြုပါတယ်။ ဒေါ်နှင်းနှင်းမွှေးဟာ ရှစ်လေးလုံးအအရေးတော်ပုံကာလထဲက နိုင်ငံရေးလှုပ်ရှားမှုတွေကို ဆောင်ရွက်ခဲ့သူတစ်ဦးပါ။

“ အမျိုးသမီးတပ်တွေက အခြားအဖွဲ့တွေနဲ့ပူးပေါင်းပြီး စစ်ဆင်ရေးလုပ်လာတာဟာ ကျား၊မ မခွဲခြားဘဲ တော်လှန်ရေး တာဝန်တွေကို ထမ်းဆောင်လာတာလို့မြင်မိတယ်။ ကောင်းတဲ့ကိစ္စလည်းဖြစ်ပါတယ်။ အမျိုးသမီးတွေ တော်လှန်ရေးမှာ ပါဝင်လာတာဟာ အားလုံးပါဝင်လာစေဖို့ ဆွဲအောင်နိုင်တဲ့ တွန်းအားတစ်ရပ်လည်းဖြစ်တယ်လို့ မြင်ပါတယ်”လို့ ဒေါ်နှင်းနှင်း မွှေး ကသူ့အမြင်ကိုပြောပါတယ်။

ရှစ်လေးလုံးကာလတုန်းက လွတ်မြောက်နယ်မြေမှာ စစ်သင်တန်းသွားရောက်တက်ဖူးသူ အမျိုးသမီးတစ်ဦးကလည်း “ မြောင်အမျိုးသမီးအဖွဲ့ပေါ်ပေါက်လာတာ တကယ်ရင်ထဲကလှိုက်လှိုက်လှဲလှဲ ဝမ်းသာဂုဏ်ယူတယ်။ ကျေးဇူးလဲတင်တယ်။ အခု ၂၁ နွေဦးတော်လှန်ရေးက ၈၈ ကမပြီးပြတ်ခဲ့တာတွေ အဆုံးသတ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်”လို့ မှတ်ချက်ပြုပါ တယ်။

နွေဦးတော်လှန်ရေး ကိုးလတာကာလရောက်ခဲ့တဲ့အချိန်မှာ အမျိုးသားတွေတန်းတူ လက်နက်ကိုင်တိုက်ပွဲဝင်တဲ့ အမျိုးသမီး တွေထွက်ပေါ်လာသလို အမျိုးသမီးထုဦးဆောင်တဲ့သပိတ်စစ်ကြောင်းတွေကလည်း အရှိန်အဟုန်နဲ ့ရှိနေဆဲပါ။

ဖမ်းဆီးထိန်းသိမ်းခံရတာတွေ အသက်ပေးလိုက်ရတာတွေရှိနေပေမယ့် စစ်အာဏာရှင်ကို အဖက်ဖက်ကတော်လှန်နေတဲ့ အမျိုးသမီးတွေရဲ့ အားကလျော့မသွားတဲ့အပြင် ပိုလို့တောင် ခိုင်မာလာပါတော့တယ်။

နွေဦးတော်လှန်ရေးမှာ ကျရာနေရာက ပါဝင်နေတဲ့အမျိုးသမီးထုကြီးကို “အမျိုးသမီးထုနဲ့အတူ ကျွန်မတို့ရ ည်ရွယ်ချက်အတိုင်း ပန်းတိုင်ကို အတူတူချီတက်နေကြတယ်ဆိုတာကို အပြန်အလှန် ယုံကြည်ထားစေချင်ပါတယ်။ ကျွန်မ တို့အဖွဲ့သည် အမျိုးသမီးထုတစ်ရပ်နဲ့ အတူတူရှိနေပါတယ်။ အားတင်းထားပါ။ အရေးတော်ပုံမုချအောင်ရမည်။” လို့ မဟူရာခင်က သတင်းစကားပါးလိုက်ပါတယ်။

Author:

Related Articles