ခင်ဘုန်းမို့။ ။
ဒီကနေ့ မေလ(၉)ရက်နေ့ဟာ အမေများနေ့ဖြစ်ပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့ မိခင်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ်မေလရဲ့ ဒုတိယပတ် တနင်္ဂနွေနေ့ကို အမေများနေ့အဖြစ် အဖြစ်သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။ အမေများနေ့မှာ အမေ့အတွက် ပန်းစည်းတွေ၊ အမေကြိုက်နှစ်သက်တဲ့လက်ဆောင်ပစ္စည်းတွေပေးကာ အမေများနေ့ကိုဖြတ်သန်းကြပါတယ်။ဒီနှစ်မှာကျရောက်မယ့်အမေများနေ့မှာတော့ အမေနဲ့အတူတူမရှိနိုင်ပဲ အဝေးရောက်နေကြသူတွေလည်းရှိပါတယ်။နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကပါဝင်ခဲ့ကြတဲ့အတွက် စစ်ကောင်စီရဲ့ ဖမ်းဆီးမှုမခံရအောင် တိမ်းရှောင်နေကြရတဲ့ အဝေးရောက်သူရဲကောင်းတွေရဲ့ အမေများနေ့ အတွက်ရင်ဖွင့်စကားသံတွေကို စုစည်းထားပါတယ်။
မောင်ထူး
တော်လှန်ရေးစလုပ်တုန်းကဆိုရင် အမေက စိတ်ပူတာပေါ့အမျိုးမျိုး။အမြဲတမ်းပဲစိတ်ပူပေးနေတယ်။ အမေနဲ့နေ့ရက်တိုင်းရှိနေရင်ပိုအဆင်ပြေတာပေါ့။အခုကတော့ အမေနဲ့ဝေးနေရတော့ အမေနဲ့ကျွန်တော်ပိုပြီးရှိချင်တယ်။သူများရဲ့နေရာမှာနေနေရတော့ စိတ်လွတ်ကိုယ်လွတ်တော့မဟုတ်ဘူးပေါ့ စိတ်ကိုထိန်းထားရတယ်။ တခါတလေဆိုအားငယ်တဲ့အချိန်တွေလည်းရှိတယ်။အမေနဲ့ဝေးနေရတော့ အမေ့ကိုသတိရတဲ့အချိန်တွေလည်းရှိတယ်။ အစားအသောက်ဆိုလည်းအမေ့လက်ရာမဟုတ်တော့ တမျိုးဖြစ်တာပေါ့ စားရသောက်ရတာလဲအဆင်မပြေဘူးပေါ့။ အရင်အမေများနေ့တွေတုန်းကဆိုရင်အမေနဲ့ ပဲတူတူရှိနေတယ်။ အတူတူထမင်းအတူတူစားတာတို့ ခရီးတစ်ခုကိုအတူတူသွားတာတို့လုပ်နေရတယ်။
အခုဆိုတော်လှန်ရေးကာလထဲမှာဆိုတော့ အမေနဲ့ဝေးနေရတယ်။ အမေများနေ့ဆိုရင် အမေနဲ့အတူတူရှိချင်တာပေါ့။ကျွန်တော့အတွက်ကတော့ အမေနဲ့ရှိနေရတဲ့နေ့တိုင်းကတော့ အဆင်ပြေဆုံးနေ့တွေပေါ့။ တော်လှန်ရေးကြီးပြီးရင် ပထမဆုံးပြေးတွေ့မယ့်သူက အမေပါပဲ။ အမေ့ကိုလည်းတော်လှန်ရေးတုန်းကအတွေ့အကြုံတွေခံစားချက်တွေကို တဝကြီးရင်ဖွင့်မှာပါ။
ကိုသွေးသစ်
အမေနဲ့မတွေ့ရတာ တစ်လကျော်ကျော်လောက်ရှိပြီ။ နာမည်ထွက်တော့ ဟိုရှောင်ဒီရှောင်နဲ့ ဟိုဘက်သွားနေ ဒီဘက်သွားနေနဲ့ မိသားစုကလည်းအိမ်မှာမနေဖြစ်တော့ဘူး။ သူတို့က သားမရှိရင် အမေဆွဲတယ်ဆိုတော့ မိသားစုကတစ်ကွဲတစ်ပြားနေရတယ်။ အရင်ကအမေများနေ့တွေမှာတော့ အမေနဲ့အတူတူ ထမင်းစားတယ် အမေလိုချင်တဲ့ လက်ဆောင်တစ်ခုခုဝယ်ပေးတယ်။ အရင်တုန်းကဆို အမေချက်တာပဲစားတယ်။ အမေကကိုယ့်ရဲ့ အစစ အရာရာလုပ်ပေးတာဆိုတော့ ပူပန်စရာတော့မရှိဘူး။အခုအချိန်မှာတော့ အမေနဲ့ခွဲနေရတော့ အဆိုးထဲကအကောင်းလို့ပြောရမလား ကိုယ့်ကိုကိုယ်အားကိုးတက်လာတယ်။ တစ်ယောက်ထဲလည်း နေတတ်လာတယ်။ တခြားအခက်အခဲတွေကိုတော့ မျက်စိမှိတ်ပြီးတော့ ခဏပဲဆိုတဲ့စိတ်နဲ့အကောင်းဆုံးကြိုးစားပြီး ကျော်ဖြတ်ရတာပဲ အရေးတော်ပုံမအောင်မချင်းဒီလိုပဲသွားနေရမှာပဲ။
အမေတို့ကလည်း (၈၈)တုန်းက တက်တက်ကြွကြွနဲ့ပါဝင်ခဲ့ကြတဲ့ သူတွေဆိုတော့ ကိုယ်တွေ နိုင်ငံရေးလုပ်တာကိုနားလည်တယ်။အပစ်အခတ်တွေ ကြမ်းကြမ်းတမ်းတမ်းမရှိခင်တုန်းကဆိုရင် မနက်ဆန္ဒထွက်ပြမယ်ဆိုရင် အမေက အဝတ်အစားပြင်ဆင်ပေးတာက အစစီစဉ်ပေးတယ်။ဆောင်ရရှောင်ရမှာတွေကို အမေကပြောပြပေးတယ်။ အမေနဲ့ပြန်တွေ့ရင် အလုပ်ချင်ဆုံးအရာကတော့ အမေနဲ့အတူတူ အေးအေးချမ်းချမ်းနဲ့ ခရီးသွားချင်တယ်။
ကိုဖြိုးမင်း
တစ်ခုခုမဟုတ်တာလုပ်ရင်းနဲ့ မတော်တဆ ဖြစ်သွားတာမျိုးမဟုတ်ဘဲနဲ့ တိုင်းပြည်အတွက် ကောင်းဖို့အတွက်လုပ်ရင်းနဲ့ အဆိုးဆုံးအခြေအနေဖြစ်သွားရင်တောင် အမေ့အနေနဲ့ တစ်သက်လုံးအတွက် ဂုဏ်ယူနေရမယ့် လုပ်ရပ်တွေဖြစ်တဲ့အတွက် အများကြီးစိတ်မပူနေဖို့ပြောချင်ပါတယ်။
ကျွန်တော် အရင်ကဆို ထမင်းဟင်းတွေမချက်တတ်ဘူး။ နိုင်ငံရေးလုပ်လို့ ထောင်ထဲမှာနေခဲ့တုန်းက တွေးမိတာရှိတယ် အပြင်ရောက်ခဲ့ရင် အမေနဲ့ညီမကို ဟင်းချက်ကျွေးမယ် ကျွန်တော်ချက်ကျွေးတဲ့ဟင်းကိုစားစေချင်တဲ့ စိတ်ကူးလေးရှိတယ်။ အခုအဲ့စိတ်ကူးကတော့ အကောင်အထည်မဖော်နိုင်သေးဘူးပေါ့။ အမေများနေ့အတွက်ဆို အမေ့ကို ထမင်းဟင်းချက်ကျွေးချင်တဲ့စိတ်ကူးလေးရှိတယ်။ အရေးတော်ပုံအောင်ပြီး အမေနဲ့ ပြန်တွေ့ရရင် အမေနဲ့ အေးအေးဆေးဆေး ဖြတ်သန်းချင်တယ်။ တစ်နိုင်လုံးမှာရှိတဲ့ အမေချစ်တဲ့သားတွေအကုန်လုံးက ဒီအချိန်မှာဆိုရင် တိုက်ပွဲကြားထဲမှာ ဖြတ်သန်းနေရတဲ့အတွက် အမေတွေအနေနဲ့ အများကြီးစိတ်မပူဖို့ရယ် ကျွန်တော်တို့ အောင်ပွဲတွေနဲ့ပြန်လာမယ့် အချိန်ကို အမေတွေစောင့်ကြိုနေဖို့ ၊ တိုင်းပြည်အတွက် လုပ်နေတာဖြစ်တဲ့အတွက် လူဆိုးတွေမဟုတ်ဘူးဆိုတာ အမေတွေအမြဲတမ်းသိထားဖို့အတွက် ဂုဏ်ယူဖို့ ပြောချင်ပါတယ်။
ကိုပီတာ
တော်လှန်ရေးစလုပ်တုန်းက အမေကဂရုတစိုက်နေဖို့နဲ့ အဖမ်းမခံရဖို့ကိုမှာတယ်ဗျ။ ဒါကလည်း မိဘဆိုတဲ့ စိုးရိမ်မှုကြောင့် ပြောတာပါဘဲ။ ဒီတော်လှန်ရေးကြီးထဲမှာ လုပ်တာတော့ လုပ်ပေါ့နော်၊ အဖမ်းမခံစေနဲ့။ ဒီလိုမျိုးဘဲ ပြောခဲ့တာ။ အခုအမေနဲ့ဝေးနေတဲ့အခါမှာတော့အခက်အခဲကတော့ အများကြီးရှိတာပေါ့။ တခုခု ကျန်းမာရေး ဖြစ်ပြီဆိုရင် အမေရှိတဲ့အခါ အားမငယ်ရဘူး။ နောက်ပြီး အမေရှိတဲ့အခါ တခုခုဆို အမေရှိတယ်ဆိုတဲ့အတွက်ကြောင့် မကြောက်တက်ဘူး။ ဒီလိုအခက်အခဲအများကြီး ရှိပေမယ့်လဲ အမေကို မသိစေချင်ဘူး။ ပိုပြီး စိုးရိမ်မိမှာ စိုးတယ်။
အရင်တုန်းကအမေများနေ့တွေမှာတော့ ကျွန်တော်အနေနဲ့ကတော့ ထွေထွေထူးထူး ဖြတ်သန်းတာတော့ မရှိဘူး။ ဒါပေမယ့် နေ့စဉ်အတူရှိနေတဲ့ ဖြတ်သန်းမှု ဖြတ်သန်းသလို ဖြတ်သန်းခဲ့တယ်။ နေ့စဉ် အမေနဲ့စကားတွေပြောမယ်။ အခက်အခဲတွေပြောမယ်။ အမေကလည်း သူ ခံစားတာတွေပြောမယ်။ မိသားစုကိစ္စတွေ ဆွေးနွေးကြတယ်။
အခုအမေများနေ့မှာ အမေနဲ့အတူတူမရှိရတော့ ပထမဦးဆုံးတော့ အရမ်းဝမ်းနည်းရတယ်။ အမေသာ ဘေးနားမှာရှိရင် ဒီအချိန်မှာ နွေးထွေးမှုနဲ့ ကြင်နာမှုတွေကို ရရှိနေမှာပါ။ ဒီလိုကာလမျိုးမှာ အမေကတော့ စိတ်ပူတာပေါ့။ သူသားလေး နေလို့မှ အဆင်ပြေရဲ့လား။ ဘာများဖြစ်နေမလဲလို့ တွေးမိနေမှာပါဘဲ။ အမေနဲ့ပြန်တွေ့ရင် သူလုပ်နေကြအလုပ်လေးကို ဝင်ကူ၊ သူ့ဘေးနားမှာ နေပေးချင်တယ်။
ကိုဟယ်ရီ
တော်လှန်ရေးစလုပ်ထဲက အမေကတားခဲ့တာမျိုးမရှိဘူး။ သူစိုးရိမ်တာတော့ရှိတယ်။ပစ်တာခတ်တာတွေစဖြစ်တုန်းကဆို ဆန္ဒပြဖို့ထွက်တုန်းကဆို အမေကအိမ်ကနေ သရဏဂုံတင်ပေးလိုက်တာမျိုးရှိတယ်။ အဲ့လောက်အထိကို အမေက အာဇာနည်အမေပါ။
အိမ်မှာနေတုန်းကတော့ အမေပင်ပန်းတဲ့အလုပ်တွေကို ကျွန်တော်တို့မသိလိုက်ဘူး။ အခုလိုဝေးနေတဲ့အချိန်မှာ အဝတ်လျှော်ဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာတွေ စားဖို့သောက်ဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာတွေ သိပြီးတော့ အမေ့တန်ဖိုးကိုပိုတောင်နားလည်လာတယ်။
အရင်အမေများနေ့တွေမှာဆိုရင် အမေကို ကန်တော့တာ တို့ အမေ့ကိုပန်းစည်းလေးပေးတာတို့လုပ်ဖြစ်တယ်။ ဒီနှစ်မှာတော့ အဲ့လိုလုပ်ပေးဖို့အဆင်မပြေတဲ့အတွက် အမေများနေ့မှာ အမေ့အတွက် ကောင်းမှုကုသိုလ်တစ်ခုခုလေးလုပ်ပေးမယ် အမေနဲ့အမြန်ဆုံးပြန်တွေ့ရဖို့ အကောင်းဆုံးကြိုးစားသွားမယ်။
အမေနဲ့ပြန်တွေ့တဲ့အချိန်ကျ အလုပ်ချင်ဆုံးအရာကတော့ အမေနဲ့အတူတူညစာလေးအတူတူစားပြီး သားအမိနှစ်ယောက်စကားအေးဆေးပြောချင်တယ်။ဘုရားလေးသွားချင်တယ်။ ကျွန်တော်တို့ဘယ်လိုခက်ခဲခဲ့ တယ်၊ဘယ်လိုကြိုးစားခဲ့ရတာတွေကိုပြောချင်တယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021