Honest Information (HI)
လှိုင်သာယာ စက်မှုဇုန်တည်ရှိရာ လှိုင်သာယာမြို့နယ်ဟာ ညအချိန် ၇နာရီဆို အလုပ်ဖယ်ရီကားပေါ်မှာ အလုပ်သမားတွေ အပြည့်နဲ့ လှုပ်ရှားအသက်ဝင်နေတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် စက်ရုံတွေ မီးလောင်မှုဖြစ်ပွားတာ၊ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းတာတွေဖြစ်ပြီးနောက် စစ်ကောင်စီက လှိုင်သာယာမြို့နယ်ကို စစ်အုပ်ချုပ်ရေးအဖြစ်ကြေညာခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့လှိုင်သာယာမြို့နယ်ရဲ့ ညနေခင်း မြင်ကွင်းတွေလည်း တခြားမြို့နယ်တွေလို ပြောင်းလဲသွားခဲ့ပါတယ်။
” လှိုင်သာယာကအခြေအနေကတော့ အခုငြိမ်သက်နေပါတယ်။ ည ၇နာရီလောက်ဆို တိတ်ဆိတ်ကုန်ပြီ။ ဘာသံမှမကြား ရဘူး” လို့ လှိုင်သာယာစက်ရုံက အလုပ်သမ မမေဇင်က ပြောပါတယ်။
စက်ရုံ၊ အလုပ်ရုံတချို့ကတော့ မတ်လအလယ်လောက်မှာ လုပ်ငန်းတွေပြန်လည်ပတ်နေပေမယ့် ပိတ်သိမ်းလိုက်ရတဲ့ အလုပ်ရုံတွေနဲ့ အလုပ်လက်မဲ့ဖြစ်နေကြသူတွေလည်း တနေ့ထက်တနေ့ များပြားလာနေပါတယ်။
စစ်တပ်ကအာဏာ သိမ်းပြီးနောက် စက်ရုံအလုပ်ရုံတွေပိတ်ထားလိုက်ရတာကြောင့် အလုပ်သမားတွေဟာ စားဝတ်နေရေး ခက်ခဲလာခဲ့ပြီး နေရပ်ပြန်သူတွေလည်း သိန်းနဲ့ချီရှိခဲ့ပါတယ်။ စက်ရုံတွေ ပြန်ဖွင့်တော့မယ်ဆိုတဲ့သတင်းကြောင့် နယ်ကနေ ပြန်တက်လာတဲ့ အလုပ်သမားတွေရဲ့ မျှော်လင့်ချက်တွေဟာလည်း အခုချိန်မှာတော့ တစစီရိုက်ချိုးခံလိုက်ရပြန်ပါတယ်။
” ကျွန်မတို့စက်ရုံမှာက အရင်တုန်းက ရုံသုံးရုံရှိတယ်။ ရုံတစ်ရုံက ဒီ ၅ လပိုင်းအကုန်ဆိုရင် အပြီးပိတ်တော့မယ်လို့ အလုပ် ရှင်တွေကပြောတယ်။ အလုပ်ရုံတစ်ရုံမှာဆိုရင် အလုပ်သမားဦးရေက တစ်ထောင်ဝန်းကျင်လောက်ရှိတယ်။ အခု အဲ့ဒီ အလုပ်သမားတွေလည်း အလုပ်ထပ်ရှာနေရတယ်။ နယ်ပြန်ဖို့လည်းအဆင်မပြေတော့ ဒီမှာနေ့တိုင်းအလိုလိုအလုပ် လိုက် လျှောက်နေကြတယ်။ လျှောက်တာတွေကလည်းမရဘူး။ နေစရိတ် စားစရိတ်တွေအဆင်မပြေဖြစ်နေကြတယ်” လို့ မမေဇင်က ပြောပါတယ်။
အခုချိန်မှာ စက်မှုဇုန်တွေက တချို့စက်ရုံတွေပြန်လည်ပတ်နေချိန်မှာ တချို့စက်ရုံတွေတော့ ပိတ်သိမ်းသွားကြပါပြီ။ လုပ်ငန်းခွင် ပြန်ဝင်နေတဲ့ အလုပ်သမားတချို့ရှိသလို အလုပ်လက်မဲ့ဖြစ်သွားသူတွေလည်း နေ့စဉ်ဆက်တိုက် တိုးများလာ နေပါတယ်။
ယခင်ကတည်းက အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရဆဲဖြစ်တဲ့ မြန်မာနိုင်ငံက အလုပ်သမားတွေကတော့ စစ်အာ ဏာသိမ်းပြီး နောက်ပိုင်း အလုပ်အကိုင်ဆုံးရှုံးမှု ပြသနာတွေကိုပါ ထပ်ဆင့်ခံစားနေကြရတာပါ။
” တချို့မိသားစုတွေဆိုရင် အလုပ်သမားတစ်ယောက်တည်းပေါ်မှီခိုပြီးတော့ ရပ်တည်နေရပြီး စားဝတ်နေရေးကို ဖြေရှင်း နေရတာတွေရှိနေတော့ အလုပ်တွေပိတ်လိုက်ရတဲ့အခါ အလုပ်တွေနားလိုက်ရတဲ့အခါဝင်ငွေနဲ့ ပတ်သက်ပြီး တောက် လျှောက်ထိခိုက်လာခဲ့တယ်။ အခွင့်အရေးတွေဆုံးရှုံးလာခဲ့တယ်။ ကိုဗစ်မတိုင်ခင်တည်းကလည်း အလုပ်သမားတွေက အခွင့်အရေးဆုံးရှုံးနေကြတယ်။ ကိုဗစ်ကြောင့်လည်း ထိခိုက်နစ်နာမှုတွေ ရှိလာခဲ့တယ်။ အဲ့ဒါကိုမှ နောက်ထပ် အခုတခါ စစ်အာဏာသိမ်းမှုဖြစ်လာတော့ ထိခိုက်နစ်နာမှုတွေက ပိုဆိုးလာခဲ့တယ်” လို့ မြန်မာ့အမျိုးသမီးသမဂ္ဂမှ တွဲဘက် အထွေထွေ အတွင်းရေးမှူး မဇူးဇူးကပြောပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂအနေနဲ့ အလုပ်သမားအရေးနဲ့ပတ်သက်လို့ ပြည်ပမှာ အခြေစိုက်ကတည်းက မဲဆောက်မှာရှိတဲ့ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ အရေးကိစ္စတွေကို စတင်ဆောင်ရွက်လာခဲ့တာဖြစ်ပါတယ်။
၂၀၁၀ ခုနစ်နောက်ပိုင်း ပြည်တွင်းကို ဝင်ရောက်လာချိန်မှာတော့ အလုပ်သမားတွေနဲ့ပတ်သက်လို့ မိတ်ဖက်အဖွဲ့အစည်း တွေနဲ့ လက်လှမ်းမှီသလောက်ချိတ်ဆက်ဆောင်ရွက်တာတွေရှိသလို အလုပ်သမားနေ့အခမ်းအနားတွေကိုလည်း ၂၀၁၇ ခုနစ်ကစလို့ နှစ်စဉ်ကျင်းပ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီလို အခမ်းအနားတွေမှာ အလုပ်သမားတွေ ကြုံတွေ့နေရတဲ့အခက်အခဲတွေ စိန်ခေါ်မှုတွေနဲ့ တောင်းဆိုချက်တွေကို ဖော်ထုတ်ကာ သက်ဆိုင်ရာဌာနဆိုင်ရာတွေ သိရှိအောင် တင်ပြတောင်းဆိုတာတွေပြုလုပ်ခဲ့ပြီး မြန်မာ့အမျိုးသမီးသမဂ္ဂ အနေနဲ့ အထူးသဖြင့် အလုပ်သမားတွေထဲကမှ အမျိုးသမီးတွေကြုံတွေ့ရတဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေကို ပိုပြီးတော့ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။
အလုပ်သမားအရေးလို့ဆိုရင် ပုံမှန်အားဖြင့် ကြုံတွေ့နေရတာနဲ့ လက်ရှိအခြေအနေအထိ ဖြေရှင်းရခက်ခဲနေဆဲကိစ္စရပ် တွေ များစွာရှိနေပါတယ်။ အထူးသဖြင့် လုပ်ခလစာကိစ္စတွေ၊ အလုပ်ချိန်၊ ပိတ်ရက်၊ အချိန်ပိုဆင်းရတာတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ၊ အလုပ်သမားဥပဒေ၊လူမှုဖူလံုံရေးနဲ့ပတ်သတ်တဲ့ကိစ္စရပ်တွေ၊ ဒါတွေဟာအလုပ်ရှင်နဲ့ အလုပ်သမားကြား အမြဲလိုလို အငြင်းပွားဖြေရှင်းနေရဆဲ ကိစ္စရပ်တွေဖြစ်ပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂ(Burmese Women’s Union)မှ အထည်ချုပ်စက်ရုံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီး အလုပ်သမားတွေရဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေနဲ့ တောင်းဆိုချက်တွေကို “ပြုပြင်ပြောင်းလဲမှု နောက်ကွယ်မှ အမေ့လျော့ ခံအမျိုးသမီးအလုပ်သမများ” ဆိုတဲ့ခေါင်းစဉ်နဲ့ သုတေသနစာတမ်း၊ တစ်စောင်ကို ၂၀၁၇ ခုနစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အချိန်ကာလအားဖြင့် လေးနှစ်ကြာခဲ့ပြီဖြစ်ပေမယ့်လည်း အလုပ်သမားအမျိုးသမီးတွေရဲ့ တောင်းဆိုချက်တွေဟာ ပြောင်း လဲတိုးတက်ခြင်း တစုံတရာမရှိဘဲ ပိုမိုဆိုးရွားတဲ့ အခြေအနေတွေကိုသာ ဆက်လက် ရင်ဆိုင်နေကြရဆဲ ဖြစ်တယ်ဆိုတာ ဒီသုတေသနစာတမ်းက သက်သေပြနေဆဲဖြစ်ပါတယ်။
ဒီသုတေသနစာတမ်းအရ မြန်မာနိုင်ငံအတွင်းက အလုပ်သမားတွေဟာ ခေတ်နှင့်မညီတဲ့ လုပ်အားခပြဿနာ၊ လုံခြုံတဲ့ လုပ်ငန်းခွင် မရရှိတဲ့ ပြဿနာနဲ့ အနာဂတ်အာမခံချက်မရှိတဲ့ ဘဝတွေကို ဆက်လက် ရင်ဆိုင်နေကြရပါတယ် ။
၂၀၁၅ ခုနှစ် သြဂုတ်လမှာ အစိုးရက အနိမ့်ဆုံး လုပ်အားခ တစ်ရက်ကို ၃,၆၀၀ ကျပ် သတ်မှတ်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီ လမှာတော့ အနိမ့်ဆုံးလုပ်အားခ တစ်ရက် ၄,၈၀၀ ကျပ်အဖြစ် ပြန်လည်သတ်မှတ်ခဲ့ပါတယ်။
အလုပ်သမားတွေအနေနဲ့ ၄,၈၀၀ သတ်မှတ်သော်လည်း လောက်ငတဲ့ အနေအထားမရှိတာကြောင့် အများစုက ၅,၆၀၀ သတ်မှတ်ပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။ လက်ရှိအနေအထားမှာ လုပ်အားခ မလုံလောက်မှုကြောင့် အမျိုးသမီး အလုပ်သမားတွေဟာ နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တဲ့ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးနှင့် မိသားစု စားဝတ်နေရေး အခက်အခဲတွေကို ဖြေရှင်းဖို့ရန်အတွက် အရွယ်မရောက်သေးတဲ့ သားသမီးတွေကို လုပ်ငန်းခွင်အတွင်း ဝင်ရောက် လုပ်ကိုင်ခိုင်းလျှက်ရှိပါတယ်။ လုပ်အားခ လုံလောက်မှု မရှိတောကြာင့် အမျိုးသမီးတွေရဲ့ အနာဂတ်ဘဝအာမခံချက် အတွက် ငွေကြေး စုဆောင်းနိုင်ဖို့ကလည်း အလှမ်းဝေးဆဲ ဖြစ်ပါတယ်။
အဲ့ဒီလိုအခြေအနေတွေမှာ အခုလိုနိုင်ငံရေးအကြပ်အတည်းပြသာနာဖြစ်လာတဲ့အခါမှာတော့ အလုပ်သမားတွေဟာ စုဆောင်း ထားတဲ့ငွေကြေးလည်းမရှိတာကြောင့် စားဝတ်နေရေးပိုမိုကြပ်တည်းနေကြသလို အလုပ်အကိုင်အခက်အခဲ ကြောင့် အလုပ်လက်မဲ့ ပြသာနာတွေကို ထပ်မံကြုံတွေ့နေကြရတာဖြစ်ပါတယ်။
အခုလို အလုပ်သမားကိစ္စရပ်တွေထဲကမှ အမျိုးသမီးအလုပ်သမားတွေ တွေ့ကြုံရတဲ့ အခက်အခဲ ပြဿနာတွေလည်း ရှိနေ ပါသေးတယ်။
” အလုပ်ရှင်နဲ့အလုပ်သမားကြားထဲမှာ အငြင်းပွားရတာမျိုးတွေ ဖြေရှင်းရတဲ့ကိစ္စတွေလည်းအများကြီးရှိတယ်။ ဒါပေမယ့် အဲ့ထဲမှာမှ အလုပ်သမားအမျိုးသမီးရယ်လို့ပြောရင် အလုပ်သမားအမျိုးသမီးတွေက လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ထိခိုက် စော်ကားခံရတာတွေလည်းရှိတယ်။ အမျိုးသမီးဖြစ်တာကြောင့် အလုပ်အချိန်ပိုဆင်းရတဲ့အခါမှာ မလုံခြုံတာမျိုးတွေ ရပ်ကွက် အနေအထားအရ မလုံခြုံတာအလုပ်ခွင့်မှာမလုံခြုံတာတွေ။ နောက်ပြီးတော့ အမျိုးသမီးအမျိုးသားဖြစ်ခြင်းပေါ်မှာ မူတည်ပြီးတော့လုပ်ခလစာနဲ့ပတ်သက်ပြီး မတူညီတာတွေ။ အမျိုးသမီးတွေဆို လုပ်ခလစာပိုနည်းတာမျိုးတွေ။ အလုပ်ချိန် ပိုများတာမျိုးတွေ၊ အထူးသဖြင့် အမျိုးသမီးတွေက အားနွဲ့တယ်။ အမျိုးသားတွေနဲ့ယှဉ်ပြီးမလုပ်နိုင်ဘူးဆိုတဲ့ စဉ်းစားချက် တွေနဲ့ ပတ်သက်ပြီးဒါကတော့ နိုင်ငံတကာမှာရော မြန်မာပြည်မှာရော ဖြစ်နေတဲ့အနေအထားတွေရှိတယ်” လို့ မဇူးဇူးက ပြောပါတယ်။
အမျိုးသမီး အလုပ်သမားတွေဟာ စက်ရုံသို့အလုပ်သွား၊ ပြန်ရသောလမ်းတွေမှာ ဘေးကင်းလုံခြုံမှု မရှိသလို လုပ်ငန်းခွင် အတွင်း အလုပ်ရှင်၊ ကြီးကြပ်သူတွေ၊ လိုင်းမန်နေဂျာတွေနဲ့ အချို့သော လိုက်ဖော်ကိုင်ဖက် အမျိုးသားတွေရဲ့နှုတ်ဖြင့် ရိုင်း ပြစွာပြောဆိုဆက်ဆံခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရခြင်း၊ အကြပ်ကိုင်ခြင်း စတာတွေကို တွေ့ကြုံနေကြရပါတယ်။
ဒါကြောင့် အလုပ်သမားအမျိုးသမီးတွေဟာ တန်းတူအလုပ်ပိတ်ရက်ရရှိဖို့၊ အလုပ်ချိန်နဲ့ လစာတန်းတူခံစားခွင့်ရရှိဖို့ တောင်းဆိုတာတွေရှိသလို လုပ်ငန်းခွင် လုံခြုံရေးနဲ့ပတ်သက်ပြီး တောင်းဆိုတာတွေရှိတယ်လို့ဆိုပါတယ်။
အာဏသိမ်းပြီးနောက် စက်ရုံအလုပ်ရုံတွေ ရပ်နားလိုက်ရတာရှိလာကြောင့် အလုပ်သမားတွေအတွက် အခက်ခဲတွေရှိလာ ခဲ့ပြီး အခုချိန်မှာတော့ ပိတ်သိမ်းလိုက်တဲ့စက်ရုံတွေ ရှိလာတာကြောင့် နယ်ကနေ လာရောက်လုပ်ကိုင်ကြတဲ့ အလုပ်သမား တွေဟာ ရန်ကုန်မြို့ကိုစွန့်ခွာပြီး နေရပ်ပြန်ကြသွားကြသလို အလုပ်အကိုင်ရရှိဖို့ မျှော်လင့်ချက်နဲ့ ကြိုးစားရုန်းကန် နေကြသူ တွေလည်းရှိနေပါတယ်။
နယ်ကနေ လာရောက်လုပ်ကိုင်ကြတဲ့ အလုပ်အကိုင်ရှိနေဆဲ အလုပ်သမားတွေမှာလည်း လစာနည်းပါးတဲ့ ပြဿနာကို ရင်ဆိုင်နေကြရပြန်ပါတယ်။အလုပ်သမားတွေဟာ နည်းပါးတဲ့လစာကို မိမိအသုံးစရိတ်အတွက် ကာမိအောင် အချိန်ပိုကြေး တွေ ဆုကြေးငွေတွေနဲ့ ပြန်လည် ဖြည့်ဆည်းနေကြရတာဖြစ်ပါတယ်။
အခုလိုအချိန်မှာတော့ Over Time မဆင်းရတာကြောင့် အလုပ်ရှိပေမယ့်လည်း စားဝတ်နေရေးကြပ်တည်းတဲ့ ဒဏ်တွေကို ခံနေရဆဲဖြစ်ပါတယ်။
” Over Time ရှိမှလည်း လစာလုံလောက်တာလေ။ အာဏာသိမ်းပြီးကတည်းက အလုပ်က OT မဆင်းရတော့ဘူး။ မဆင်း ရတော့ လစာက အရင်ကထပ်နည်းတာပေ့ါ။ လစာကလည်း အခုမထုတ်ရသေးတော့ ပုံမှန်လစာရလားမရလားတော့ သေချာ မသိရသေးဘူး။ လစာနည်းရင် အဆောင်ခ စားစရိတ် အသုံးအဆောင်စရိတ်တွေက မလောက်ဘူး။ အမျိုးသမီး အသုံးအဆောင်ပစ္စည်းဖိုးကအစကုန်တာလေ။အရင်ဆို ဧပြီလဆို ဘောနပ်စ်တွေပေးတယ်။ အခုနှစ်တော့ မရဘူးပေါ့ “လို့ အရင်ကအလုပ်သမားတွေရဲ့ အခြေအနေနဲ့ အခုလက်ရှိဖြစ်နေတဲ့ အလုပ်သမားတွေရဲ့ အခြေအနေကို မမေဇင်ကပြော ပါတယ်။
ကမ္ဘာ့အလုပ်သမားနေ့လို့ သတ်မှတ်ထားတဲ့ မေဒေး (မေလ ၁ ရက်နေ့) ဟာ အစိုးရရုံးပိတ်ရက်ဖြစ်သလို တစ်ကမ္ဘာလုံး မှာရှိတဲ့အလုပ်တွေ စက်ရုံတွေရဲ့ အလုပ်ပိတ်ရက်လည်းဖြစ်ပါတယ်။
အလုပ်သမားတွေကို ဂုဏ်ပြုတဲ့အခုလို နေ့မျိုးမှာတောင် မြန်မာနိုင်ငံမှာရှိတဲ့ စက်ရုံ အလုပ်ရုံတွေက အလုပ်သမားတွေ ကတော့ လုပ်ငန်းခွင်မှာ အချိန်ကုန်ဆုံးနေရကာ အခွင့်အရေးတွေဆုံးရူံးနေဆဲဖြစ်ပါတယ်။
ဒါကလည်း အလုပ်သမားတွေအနေနဲ့ စားဝတ်နေရေးအကြပ်အတည်းကိုဖြေရှင်းနိုင်ဖို့အတွက် ပိတ်ရက်မှာ အနားယူဖို့ ထက် လုပ်ခလစာ ပိုရရှိတဲ့အခြေအနေမျိုးကို လက်လွှတ်မခံနိုင်ကြတာလည်းဖြစ်ပါတယ်။
” မနေ့ကဆို အလုပ်သမားနေ့ဆိုတော့ ရုံးပိတ်ရက်လေ။ ရုံးပိတ်ရက်ဖြစ်ပေမယ့် အလုပ်သွားရတယ်။ အရင်ဆို အဲ့လိုနေ့ မျိုးအလုပ်ဆင်းရရင် သုံးဆပိုရတယ်။ အခုကျတော့ သုံးဆ မပေးပဲ ၈နာရီစာပဲပေးတယ် ” လို့ သူက ပြောပြပါတယ်။
အာဏာသိမ်းပြီးနောက် ပြည်သူတွေနဲ့အတူတူ အလုပ်သမားတွေဟာ သပိတ်စစ်ကြောင်းတွေ၊ အာဏာရှင်ပြုတ်ကျရေးနဲ့ ပတ်သတ်ပြီး တောင်းဆိုချက်တွေမှာ ထဲထဲဝင်ဝင်လှုပ်ရှားခဲ့ကြတာကို မြင်တွေ့နိုင်ပါတယ်။
အလုပ်သမားတွေအများစုနေထိုင်တဲ့ လှိုင်သာယာနဲ့ ရွှေပြည်သာ စက်မှုဇုန်တွေမှာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေက ပိုပြီးတော့ ကြမ်းတမ်းခဲ့ပါတယ်။ ဖမ်းဆီးခံရတဲ့အထဲမှာလည်း အလုပ်သမားတွေပါဝင်သလို တော်လှန်ရေး မှာ အသက်ပေးသွားကြတဲ့ အလုပ်သမားတွေရှိခဲ့ပါတယ်။
အလုပ်သမားတွေဟာ တဖက်မှာ အာဏာရှင်ပြုတ်ကျရေးအတွက် လမ်းမထက်မှာ တော်လှန်နေကြသလို တဖက်မှာလည်း အလုပ်သမားနေ့လိုမျိုးမှာတောင် မိသားစု စားဝတ်နေရေးအခက်အခဲကို ဖြေရှင်းနိုင်ဖို့အတွက် လုပ်ငန်းခွင်အတွင်းမှာပဲ မနားမနေ လှုပ်ရှားရုန်းကန်နေရဆဲဖြစ်ပါတယ်။
ကမ္ဘာ့အလုပ်သမားနေ့မှာ အလုပ်သမားအားလုံးဟာ လုပ်ခပြည့်နဲ့ အားလပ်ခွင့်ရကြပါတယ်။ မြန်မာနိုင်ငံမှာလည်း အလုပ် သမားနေ့ကို အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပြီးဖြစ်ပါတယ်။
ဒါပေမယ့် အလုပ်သမားတွေရဲ့ အခွင့်အရေးတွေဟာ ချိုးဖောက်ခံနေရဆဲဖြစ်သလို ခံစားပိုင်ခွင့်တွေကလည်း အလှမ်းဝေး နေဆဲဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်မှာတော့ အလုပ်သမားတွေရဲ့ ရပ်တည်မှုဟာ ပိုမိုခက်ခဲလာသလို မျှော်လင့် ချက်မဲ့နေတဲ့ အလုပ်လက်မဲ့ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှု မျက်နှာတွေကိုလည်း တနေ့ထက် တနေ့ ပိုမိုမြင်တွေ့လာ ရဖို့ရှိနေ ပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021