Home ဆောင်းပါး စစ်ကောင်စီပေးမယ့် ပညာရေးအတွက် သောကပွေနေရတဲ့ မိဘတွေ

စစ်ကောင်စီပေးမယ့် ပညာရေးအတွက် သောကပွေနေရတဲ့ မိဘတွေ

နွေဦးမောင်။ ။
အာဏာသိမ်းစစ်ကောင်စီဟာ ဆရာဆရာမတွေကို ဖိအားပေးပြီး ကျောင်းတွေပြန်ဖွင့်ဖို့ လုပ်ဆောင်လာနေပါတယ်။ ဒီလ ၃ ရက်နေ့မှာ ကျောင်းဆရာဆရာမတွေအနေနဲ့ ကျောင်းကိုလာပြီး နာမည်စာရင်းပေးကြဖို့နဲ့ လက်မှတ်လာထိုးကြဖို့ အကြောင်းကြားထားတယ်လို့ ပညာရေးအသိုင်းအဝိုင်းက ဆိုပါတယ်။

အခုလ(မေလ)၅ရက်နေ့ဆိုရင် တက္ကသိုလ်နောက်ဆုံးနှစ်အတန်းတွေနဲ့ ဘွဲ့လွန်မဟာတန်းတွေ ပြန်ဖွင့်သွားမယ်လို့ စစ် ကောင်စီရဲ့ ပညာရေးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အခြေခံပညာအထက်တန်းနဲ့ အလယ်တန်းတွေကိုလည်း မေလလယ်လောက်မှာ ကျောင်းအပ်လက်ခံသွားမယ် ဆိုတဲ့သတင်းတွေ ထွက်နေပါတယ်။ ပြီးတော့အတန်းအားလုံးကို ဇွန်လထဲပြန်ဖွင့်ဖို့ စစ်ကောင်စီက မျှော်လင့်ထားတာ လည်းဖြစ်တယ်လို့ ပညာရေးအသိုင်းအဝိုင်းက ဆိုပါတယ်။

စစ်ကောင်စီက ကျောင်းတွေပြန်ဖွင့်ဖို့ ဖိအားပေးပြင်ဆင်လာနေတဲ့တချိန်တည်းမှာ စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ဆန္ဒပြကန့်ကွက်မှုတွေလည်း နိုင်ငံတစ်ဝှမ်း ဖြစ်ပေါ်နေပါတယ်။ တစ်ဆက်တည်းမှာလည်း ရန်ကုန်တိုင်းနဲ့ ရှမ်းပြည်နယ် အပါအဝင် ဒေသတချို့က ပညာရေးမှူးရုံးတွေမှာ ဧပြီနောက်ဆုံးပတ်က ပေါက်ကွဲမှုဖြစ်ပွားတာတွေလည်း ရှိခဲ့ပါတယ်။

ပြောမယ်ဆိုရင် အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုတွေနဲ့အတူ ဘဏ်ရုံးတွေ ရှောပင်းမောလ် တွေနဲ့ လူစည်ကားတဲ့နေရာတွေမှာ ပေါက်ကွဲမှုတွေရှိနေတာလည်း ဖြစ်ပါတယ်။ လုံခြုံရေးအရ မတည်မငြိမ်ဖြစ်နေတဲ့ ခုလိုကာလမျိုးမှာ ကျောင်းတွေပြန်ဖွင့်လာမယ်ဆိုရင် ကျောင်းသားမိဘတွေရဲ့ သဘောထားဘယ်လိုရှိနိုင်ပါသလဲ။

ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ မြန်မာနိုင်ငံတွင်း ကိုဗစ်ရောဂါဖြစ်ပွားခဲ့လို့ ကျောင်းအားလုံးကို ပိတ်ထားခဲ့ရပါ တယ်။ ဒါကြောင့်လည်း ကျောင်းနေတဲ့ကလေးတွေရဲ့ ပညာသင်နှစ်တစ်နှစ် နောက်ကျဆုံးရှုံးခဲ့ရပြီးပါပြီ။ လက်ရှိအခြေ အနေမှာလည်း အိမ်နီးချင်းနိုင်ငံတချို့မှာ ကိုဗစ်တတိယလှိုင်းဖြစ်ပွာနေပြီး မြန်မာနိုင်ငံအနေနဲ့လည်း အလားတူဖြစ်ရပ် မျိုးရင်ဆိုင်ရလာနိုင်တယ်လို့ စစ်ကောက်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။

” ကိုဗစ်ဖြစ်မှာလည်းကြောက်ရ လုံခြုံရေးအတွက်လည်းစိုးရိမ်ရနဲ့ ဒီလိုအခြေအနေတွေအောက်မှာတော့ ကျွန်မကလေး တွေကို ကျောင်းသွားအပ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး”လို့ မန္တလေးမြို့မှာနေထိုင်တဲ့ ကျောင်းသူနှစ်ဦးရဲ့မိခင်ဖြစ်သူက ပြောပါတယ်။

မန်းဒေသခံ ကျောင်းသားမိဘနည်းတူ HI ကဆက်သွယ်မေးမြန်းထားတဲ့ ကျောင်းသားမိဘ ၁၀ ဦးခန့်မှာ အများစုက သူတို့ရဲ့ ကလေးတွေကို စစ်ကောင်စီရဲ့ပညာရေးစနစ်အောက်မှာ ကျောင်းမထားလိုဘူးဆိုကြပါတယ်။

မလုံခြုံတဲ့ အခြေအနေ
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်း ပစ်ခတ်မှုတွေ ပေါက်ကွဲမှုတွေ နေ့စဉ်ဆိုသလို ဖြစ်ပွားလျက်ရှိနေပါတယ်။ ဒီပေါက်ကွဲမှုတွေဟာ မြို့ကြီးတွေမှာသာမက နယ်မြို့လေးတွေမှာပါ ဖြစ်ပွားခဲ့တာပါ။

ဒါ့အပြင် စက်ရုံအလုပ်ရုံတချို့ မီးလောင်တာ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေ မီးရှို့ခံရတာအပါအဝင် လူနေအဆောက် အအုံ တွေ ယာဉ်ရန္တယားတွေ မီးလောင်တဲ့ဖြစ်ရပ် အများအပြားရှိခဲ့ပါတယ်။ ဒီအခြေအနေတွေကြောင့်ပဲ ကျောင်းသားမိဘ တွေ ဟာ သူတို့ရဲ့ကလေးတွေကို စာသင်ခန်းတွေထဲသွားခိုင်းဖို့ ဘယ်လိုမှ စိတ်မချနိုင်ဘူးလို့ ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ်မှာနေထိုင်တဲ့ မိခင်တစ်ဦးက ဆိုပါတယ်။

” ကျွန်မတို့ကိုယ်တိုင်တောင်မှ အိမ်အပြင်ထွက်တိုင်း ငါဘာများဖြစ်မလဲဆိုပြီး ပူပန်နေရတာ ကိုယ့်ကလေးကို ဘယ်လို လုပ်ပြီး စာသင်ခန်းထဲသွားပို့မလဲ။ စဉ်းစားလို့တောင်မရဘူး။ ပြီးတော့ စစ်ကောင်စီကသင်ကြားပေးမဲ့ စစ်ကျွန်ပညာရေးကို လည်း အယုံအကြည်မရှိဘူး”လို့ သူက ပြောပါတယ်။

လုံခြုံရေးအတွက် စိုးရိမ်ရသူတွေထဲမှာ ကျောင်းသားမိဘတွေနဲ့ ကျောင်းသားကျောင်းသူတွေပဲ မဟုတ်ပါဘူး။ သင်ကြား ရေးမှာ ကိုယ်တိုင်ပါဝင်ကြရမဲ့ ဆရာဆရာမတွေကိုယ်တိုင်လည်း ပါဝင်နေတယ်လို့ မကွေးတိုင်းဒေသကြီးအတွင်းက နယ်မြို့ တစ်မြို့မှာနေထိုင်တဲ့ ကျောင်းဆရာမတစ်ဦးက သူအမြင်ကို ပြောပါတယ်။

ဘာကြောင့်လည်းဆိုတော့ ဆရာဆရာမတစ်ဦးဟာ သူတစ်ယောက်တည်းရဲ့ လုံခြုံရေးသာမက သူတာဝန်ယူရတဲ့ ကလေး တွေရဲ့ လုံခြုံရေးကိုပါ တာဝန်ယူရမှာမို့ ဖိအားပိုများတယ်လို့ အဲဒီဆရာမက ရင်ဖွင့်ပါတယ်။

ဒါကြောင့်လည်း တစ်ဦးတည်းဆန္ဒအရ ကျောင်းတွေပြန်ဖွင့်စေဦးတော့ ဖြစ်နိုင်ရင် ဒီအခြေအနေမှာ စာသင်ခန်းထဲမသွား ချင်သေးဘူးလို့ သူက ပြောပါတယ်။

” ကိုယ့်စိတ်ထဲမှာတော့ ဒါကြီးကို လက်မခံချင်ဘူး။ ဒါပေမဲ့ ကျွန်မနေနေတာက နယ်မြို့လေးဆိုတော့ ကျဉ်းကျဉ်းလေး။ ဘယ်သူဘာလည်း အကုန်သိနိုင်တယ်။ အဲဒါကြောင့် အများရဲ့အခြေအနေကိုကြည့် အများသဘောအတိုင်း မီးစင်ကြည့်က ရမယ့် အခြေအနေဖြစ်ပါတယ်”လို့ မကွေးတိုင်းက ကျောင်းဆရာမက ဆိုပါတယ်။

အလားတူပါပဲ ကျောင်းသားမိဘတွေထဲမှာလည်း ကိုယ့်ကလေးပညာရေးနောက်ကျမှာကို စိုးရိမ်ပြီး ကျောင်းသွားအပ်တဲ့ မိဘတချို့ရှိနိုင်တယ်လို့ မြောက်ဥက္ကလာပက ကျောင်းသားမိဘတစ်ဦးက ခန့်မှန်းပြောဆိုပါတယ်။

မိုးခါးရေသောက်မဲ့သူတွေရှိနိုင်
ဘာကြောင့်လည်းဆိုတဲ့အခါ သူ့ကလေးတွေလည်း ကျောင်းအပ်နေပြီ ငါ့ကလေးတွေပဲ ကျန်နေမှာစတဲ့ အတွေးအမြင် တွေရှိလာနိုင်တယ်လို့ အဲဒီကျောင်းသားမိဘက ယူဆပါတယ်။

” ပြီးခဲ့တဲ့နှစ်မှာလည်း ကလေးတွေက အတန်းအောက်ထားပြီးပြီ။ ဒီတစ်ခါဆိုရင် နှစ်နှစ်ဆက်တိုက်ဖြစ်တော့မယ်။ အဲတော့ တချို့က ဒါကိုကြည့်ပြီး ကျောင်းသွားအပ်မဲ့မိဘတွေ ရှိလာမှာပဲ”လို့ သူက ဆိုပါတယ်။

အဲဒီလို တစ်ယောက်စနှစ်ယောက်စ ကျောင်းတွေအပ်ရာက အလားတူမိုးခါးရေသောက်လာမဲ့မိဘတွေ အများအပြားရှိ လာနိုင်တယ်လို့ သူက ပြောပါတယ်။

အလားတူပါပဲ ကျောင်းသားမိဘတချို့ ကျောင်းအပ်ဖို့ လုပ်လာနိုင်သလို ဆရာဆရာမတွေလည်း Non CDM ပြန်ဖြစ် လာနိုင်ခြေ ရှိနေတယ်လို့ ပညာရေးအသိုင်းအဝိုင်းက ဆိုပါတယ်။ ပဲခူးမြို့ခံ ကျောင်းသားမိခင်တစ်ဦးကတော့ သူ့ကလေး တွေနေတဲ့ကျောင်းက ဆရာဆရာမတွေဟာလည်းအစောပိုင်းက ထက်ဝက်နီးပါး CDM လုပ်ထားရကနေ ခုချိန်မှာ သုံးပုံ တစ်ပုံလောက်ပဲ CDM လုပ်သူရှိတော့တယ်လို့ ဆိုပါတယ်။

” သူတို့ကို အမျိုးမျိုးဖိအားပေးတယ်။ လက်မှတ်လာမထိုးရင် အလုပ်နားခံရမယ်တို့ ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲခံရမယ်တို့ အဲတော့ တချို့ဆရာဆရာမတွေလည်း အခြေအနေအရ တောင့်မခံနိုင်ကြဘူး။ ဒါပေမဲ့ CDM သမားအားလုံး ပြန်ဝင်တာ မျိုးတော့ မဖြစ်နိုင်ဘူး”လို့ သူက ထင်မြင်ချက်ပေးသည်။

အကြောင်းကတော့ အချို့ဆရာဆရာမတွေဟာ နွေဦးတော်လှန်ရေးလှုပ်ရှားမှုထဲ ထဲထဲဝင်ဝင်ပါဝင်ရှိခဲ့တာကြောင့် ဘေး လွတ်ရာတိမ်းရှောင်နေရသူတွေလည်း ရှိနေလို့ပါပဲ။ အဲဒီဆရာဆရာမတွေထဲမှာ သူတို့ မိသားစုနဲ့ ခင်မင်ရင်းနှီးသူ တချို့ ပါဝင်နေလို့ အခုလိုပြောနိုင်တာလို့သူက အတည်ပြုချက်ပေးပါတယ်။

အဲဒီလို CDM လုပ်ထားတဲ့ ဆရာဆရာမ အများအပြားရှိနေသေးတဲ့အတွက် ကျောင်းတွေပြန်ဖွင့်နိုင်ရင်တောင်မှ သင်ကြား ရေးပိုင်းမှာ အခက်အခဲတွေနဲ့ မလွဲမသွေရင်ဆိုင်ကြရမယ်လို့ ပညာရေးအသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ပညာရေးမှာ ကျောင်းသားနဲ့ဆရာအချိုး အစကတည်းကမမျှခဲ့တာကြောင့် ပုံမှနါအခြေအနေမှာတောင် အခက် အခဲမျိုးစုံရှိရတဲ့အထဲ လက်ရှိအခြေအနေဟာ ပိုးဆိုးသွားနိုင်တယ်လို့ သူတို့က ယူဆပါတယ်။

ပဲခူးမြို့ခံ ကျောင်းသားနှစ်ဦးရဲ့ မိခင်ကတော့ ကလေးတွေရဲ့ပညာရေးအတွက် ကိုဗစ်ကာလမှာ တစ်နှစ်စောင့်ခဲ့ပြီးပြီဖြစ်လို့ ခုလည်း ကောင်းမွန်တဲ့အခြေအနေ ရောက်တဲ့အထိ ဆက်ပြီးစောင့်နေဖို့ သူက စိတ်အားထက်သန်နေပါတယ်။

” ပြည်သူတွေအောင်ပွဲခံပြီးလို့ ပြည်သူ့အစိုးရတက်လာတော့ ကျွန်မကလေးတွေကို ကျောင်းပြန်ထားမယ်လို့ ဆုံးဖြတ်ထား တယ်။ အဲဒီယုံကြည်ချက်ကို ကျွန်မ မစွန့်လွှတ်သေးဘူး”လို့ သူက ရင်ဖွင့်ပါတယ်။

Related Articles