Honest Information (HI)
“ ညဆိုအိပ်မပျော်ဘူး။ အိပ်ရင်းကနေထထိုင်မိတယ်။ စားဝတ်နေရေးအဆင်မပြေတဲ့အပြင် အကြွေးဆပ်ဖို့ပါပူနေရတယ်”
အသက် ၃၀ ကျော်အရွယ်ရှိတဲ့ မဝေဝေမြင့်ကညည်းတွားတာပါ။ မဝေဝေမြင့်ဟာ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ထဲက အထည်ချုပ် စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတာ ငါးနှစ်နီးပါးရှိနေပြီဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စက်ရုံ ပိတ်သိမ်းခဲ့တာကြောင့် အလုပ်လက်မဲ့ဖြစ်ကာ နေရပ်ကိုပြန်ခဲ့ရတဲ့ အလုပ်သမတစ်ဦးပဲ ဖြစ်ပါတယ်။
ယောက်ျားဖြစ်သူက မဝေဝေမြင့် ကိုယ်ဝန်ခြောက်လလောက်မှာ ငှက်ဖျားရောဂါနဲ့ ဆုံးသွားတာဖြစ်ပြီး အခုချိန်မှာ သူ့သမီး အသက်ဟာ ခုနစ်နှစ်ရှိနေပြီဖြစ်ပါတယ်။ သမီးဖြစ်သူ နှစ်နှစ်သမီးအရွယ်တည်းက သူနေထိုင်တဲ့ ပဲခူးတိုင်းရေတာရှည်မြို့ နယ်၊ ခင်တန်းကျေးရွာမှာ မိခင်ဖြစ်သူနဲ့ထားခဲ့ပြီး မြို့ပေါ်တက်ကာ အလုပ်ထွက်လုပ်ခဲ့တာပဲဖြစ်ပါတယ်။
အစမ်းခန့်သုံးလပြည့်ပြီး အမြဲတမ်းဝန်ထမ်းအဖြစ် အလုပ်ဆက်ခန့်တဲ့နောက်ပိုင်း မဝေဝေမြင့်တစ်ယောက် အလုပ်ပုံမှန် ဆင်းသလို အချိန်ပိုပါလုပ်တဲ့အတွက် တစ်လကို နှစ်သိန်းကျော်ထိ ရရှိခဲ့တာ ဖြစ်ပါတယ်။
“ လစာထုတ်တဲ့ရက်ဆိုရင် အိမ်ကိုတစ်သိန်း၊ အဆောင်ခ တစ်သောင်း၊ တစ်လလုံးစာ စားဖို့ခြောက်သောင်းချန်လိုက်ရင် ကိုယ့်အိတ်ထဲ သုံးသောင်းလောက်ကျန်သေးတယ်။ ဘာပဲဖြစ်ဖြစ် အဲ့ဒီအချိန်တုန်းက အဆင်ပြေသေးတယ်လေ” လို့ မဝေ ဝေမြင့်က ပြောပါတယ်။
ဒါပေမယ့်လည်း ကိုဗစ်မဖြစ်ခင်ထိသာ အလုပ်ပုံမှန်ဆင်းရသလို လစာလည်းပုံမှန်ရတာဖြစ်ပါတယ်။ ကိုဗစ်ပထမလှိုင်းထဲ က အလုပ်ချိန်လျော့ချလိုက်သလို၊ လစာလည်းထက်ဝက်နီးပါးသာရတဲ့အတွက် အိမ်ကိုလည်း ပုံမှန်မပို့နိုင်တော့ပါဘူး။
“ အိမ်ကို တစ်လတစ်ခါမပို့နိုင်တော့ နှစ်လမှတစ်ခါ၊ သုံးလမှတစ်ခါမှ ပေါင်းပို့တာ။ ဒါလည်းအများကြီးမပို့နိုင်ဘူး။ မပို့နိုင်တဲ့ လတွေဆို ဘေးကအတိုးနဲ့ယူပြီးစားထားတာရှိတော့ ပို့တဲ့လဆိုအကြွေးဆပ် နောက်ထပ်စားဖို့ပြန်ယူ။ ဒီလိုနဲ့ တစ်နှစ်ကျော် လာတော့ အကြွေးကများလာတာ” လို့ မဝေဝေမြင့်က သက်ပြင်းချရင်း ပြောပြပါတယ်။
အမေဖြစ်သူနဲ့ သမီးဖြစ်သူမှာ မဝေဝေမြင့် လုပ်စာကို မှီခိုစားသောက်နေရတာ ဖြစ်တဲ့အတွက် အခုလို အလုပ်လက်မဲ့ဖြစ် ပြီး အိမ်ပြန်ရောက်ချိန်မှာတော့ စားဖို့အတွက်ပူရသလို၊ အတိုးနဲ့ယူထားတဲ့ အကြွေးဆပ်ဖို့ပါ ပူနေရတာ ဖြစ်ပါတယ်။
အခုလို အလုပ်လက်မဲ့ဖြစ်လို့ စိတ်ပူနေရတာကတော့ မဝေဝေမြင့်တစ်ယောက်ထဲ မဟုတ်ဘဲ မြန်မာနိုင်ငံ ဒေသအသီးသီး က နေရပ်ပြန်အလုပ်သမတွေအားလုံးနီးပါးပဲ ဖြစ်ပါတယ်။
စက်ရုံ၊ အလုပ်ရုံတွေမှာ ကုန်ကြမ်းမရတဲ့အပြင် Order မရတဲ့ ပြဿနာပါ ထပ်မံကြုံနေရတဲ့အတွက် အလုပ် သမား လျော့ ချတာတွေ၊ စက်ရုံမီးရှို့ခံရတာတွေ၊ အလုပ်ရုံပိတ်သိမ်းမှုတွေဟာ တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုများ လာတာ ဖြစ်ပါတယ်။
စက်ရုံပိတ်သိမ်းတာတွေ၊ အလုပ်သမားလျော့ချလို့ အလုပ်ပြုတ်သွားကြပေမယ့်လည်း နေရပ်ကိုတန်းမပြန်ဘဲ တခြားအ လုပ်ရဖို့အတွက် အဆောင်မှာဆက်နေပြီး အလုပ်ရှာနေတဲ့သူတွေရှိသလို၊ နိုင်ငံရေးအခြေအနေကြောင့် နေရပ်ကို ချက်ချင်း ပြန်သွားတဲ့ အလုပ်သမတွေလည်း ရှိနေပါတယ်။
အလုပ်ချိန်အပြည့်မဆင်းရလို့ လုပ်အားခမှာ အပြည့်အဝမရပေမယ့်လည်း တစ်ယောက်စာတော့ နေဖို့၊ စားဖို့ရနေသေးတာ ကြောင့် ကိုဗစ်ကာလထဲက တောင့်ခံပြီး အလုပ်ဆက်လုပ်ခဲ့ပေမယ့်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စက်ရုံပိတ်သိမ်းတာတွေ၊ အလုပ်ရပ်နားတွေက များလာတာကြောင့် မဖြစ်မနေ နေရပ်ကို ပြန်ခဲ့ကြရတာဖြစ်ပါတယ်။
မကွေးတိုင်း၊ကြာကန်အုပ်စု၊ လေးအိမ်ကျေးရွာကနေ ရန်ကုန်အထည်ချုပ်စက်ရုံမှာ သွားရောက်လုပ်ကိုင်နေတဲ့ အသက် ၂၂ အရွယ် မပြည့်ပြည့်က “ ညီမတို့စက်ရုံက အခုဧပြီကစပြီး သုံးလနားမယ်ပြောတာ။ ပြန်ဖွင့်ဖြစ်ရင် အကြောင်းပြန်မယ် တဲ့။ မဖွင့်ဖြစ်ရင် ငါးနှစ်လုပ်ခဲ့တဲ့သူဆို ငါးသိန်း၊ လေးနှစ်လုပ်ခဲ့တဲ့သူဆိုလေးသိန်း၊ လုပ်သက်အလိုက် နစ်နာကြေးပေးမယ် လို့ စက်ရုံကပြောတယ်။ ရွာကိုမပြန်ဘဲ အခုအဆောင်မှာဆက်နေပြီး တခြားအလုပ်ကြိုရှာနေတာ၊ အတန်းပညာက ၈တန်း ဆိုတော့ အလုပ်ကလည်းရဖို့မလွယ်ပါဘူး”လို့ ပြောပါတယ်။
မပြည့်ပြည့်ရဲ့ စက်ရုံလုပ်သက်က လေးနှစ်ရှိပြီး စစ်တပ်က အာဏာမသိမ်းခင်မှာ အိမ်ကို တစ်လတစ်သိန်းပုံမှန် ပြန်ပို့နိုင်ပေ မယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ တစ်လကိုငါးသောင်းတောင် ပုံမှန်မပို့နိုင်တော့ပါဘူး။ ရွာပြန်သွားပါကလည်း ဘာ အလုပ်မှ မရှိတာကိုသိနေတဲ့အတွက် ရန်ကုန်မှာပဲ တခြားအလုပ်ရလိုရငြား ဆက်ရှာနေတာဖြစ်တယ်လို့ ပြောပါတယ်။
လေးအိမ်ကျေးရွာကပဲ မပြည့်ပြည့်နဲ့အတူ ရန်ကုန်အထည်ချုပ်စက်ရုံမှာ လုပ်သက် သုံးနှစ်ကျော်ရှိတဲ့ မဖြူစင်ကတော့နေ ရပ် ပြန်လာပြီး အလုပ်ဆက်ခန့် မခန့်ကို စောင့်ဆိုင်းနေတာဖြစ်တယ်လို့ ပြောပြပါတယ်။
“ လစာလျော့ချခံရပေမယ့် အလုပ်လေးရှိတော့ တော်သေးတယ်။ အခုလို အလုပ်က နားလိုက်တော့ အလုပ်လက်မဲ့ဖြစ် နေတဲ့ဘဝက နေရတာတော်တော်ဆိုးတယ်။ ရွာမှာလည်းဘာအလုပ်မှမရှိဘူး။ တစ်ခါတစ်လေ စိတ်ပေါက်ပေါက်နဲ့ ထွက် တောင်ပြေးချင်တယ်” လို့ မဖြူစင်က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ဒုတိယအဆင်းရဲဆုံး ပြည်နယ်တစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ်မှာလည်း စစ်ဘေးရှောင်ဒုက္ခသည်တွေရယ်၊ စက်ရုံ လည်ပတ်မှုမရှိတော့တဲ့အတွက် နေရပ်ပြန်လာတော့ အလုပ်လက်မဲ့တွေလည်း တော်တော်လေးများတယ်လို့ ရခိုင် အမျိုး သမီးကွန်ရက် ဥက္ကဌ ဒေါ်ညိုအေး ကပြောပါတယ်။
နေရပ်ပြန်လာကြတဲ့သူ အများစုမှာ အထုတ်အထည်လိုက် ငွေပါလာတဲ့သူ မရှိသလောက်ရှိတဲ့အပြင် ဖရိုဖရဲနဲ့ ဒုက္ခရောက် လို့ ပြန်လာတဲ့သူတွေကများတယ်လို့လည်း ဒေါ်ညိုအေးက သူမြင်တွေ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။
အလုပ်အကိုင်အခွင့်အလမ်းရှိတဲ့ ရန်ကုန်လိုနေရာမျိုးနဲ့ ဖားကန့်လိုနေရာမျိုးကို လူငယ်ပိုင်းဆို၂၅ရာခိုင်နှုန်းနဲ့ လူလတ်ပိုင်း ဆို ၄၀ ရာခိုင်နှုန်း အလုပ်ထွက်လုပ်ကြပြီး အလုပ်ထွက်လုပ်တဲ့ သူအားလုံးနီးပါး ပြန်ရောက်လာပြီး ပြန်သွားတဲ့သူမှာ နှစ် ရာခိုင်နှုန်းလောက်သာ ရှိတယ်လို့ ဒေါ်ညိုအေးက ဆိုပါတယ်။
သင်္ကြန်ကာလပြီးလို့ ပြန်သွားတဲ့သူတွေဟာလည်း ဟိုမှာအခြေချနေထိုင်ကြတဲ့ ပိုက်ဆံရှိတဲ့သူတွေလောက်သာ ဖြစ်တယ် လို့ ဒေါ်ညိုအေးက ဆက်ပြောပါတယ်။
“ ကုန်ဈေးနှုန်းကအကုန်တက်တယ်။ ဆန်ဈေးဆီဈေးဆိုလုံးလုံးမကျလာဘူး။ ဒီလိုအခြေနေဆို ရေရှည်စားဖို့သောက်ဖို့ တောင် စိုးရိမ်ရတဲ့အနေအထားဖြစ်နေတယ်။ ကျန်တဲ့နေရာတွေမှာလည်းဒီလိုမျိုးတွေဖြစ်ရင်ဖြစ်နိုင်တယ်။ ကျွန်မတို့ ရခိုင် ပြည်နယ်က တော်တော်များကိုအခက်တွေ့နိုင်တယ်ပေါ့”လို့ ဒေါ်ညိုအေးက ရခိုင်ပြည်ရဲ့အခြေအနေကို ပြောပြပါတယ်။
ရခိုင်ပြည်နယ်ဟာ မကြာခဏဖြစ်ပွားနေတဲ့ စစ်ပွဲပဋိပက္ခတွေကြောင့် ဒေသအတွင်း ရင်းနှီးမြှပ်နှံမယ့် လုပ်ငန်းရှင်တွေဟာ လည်း စိတ်ဝင်စားမှုအားနည်းနေပြီး အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရှားပါးနေတာဖြစ်ပါတယ်။
စက်ရုံပိတ်သိမ်းတာတွေကြောင့် အလုပ်မရှိလို့နေရပ်ပြန်ရတာတွေရှိသလို စစ်တပ်အာဏာသိမ်းတာကို အလိုမရှိတဲ့ အတွက် ဆန့်ကျင်သူများကို စစ်ကောင်စီတပ်က အကြမ်းဖက်ဖြိုခွင်းတာတွေ မြို့နယ်အချို့မှာ စစ်အုပ်ချုပ်ရေး ကြေညာ တာတွေကြောင့် လုံခြုံရေးအရ အလုပ်သမားများအနေနဲ့ နေရပ်ကို အစုလိုက် ပြန်ကြတာတွေလည်းရှိပါတယ်။
ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့မှ အသက် ၃၅နှစ်အရွယ်မချိုက “ အလုပ်နေ့တိုင်းဆင်းနေရတော့ ပုံမှန်ဝင်ငွေရှိသေးတယ်။ စက်ရုံကပိတ်လိုက်တော့ ဘာမှဆက်လုပ်လို့မရတော့ဘူးလေ။ ဆက်နေပြီး အလုပ်ရှာတော့လည်း နိုင်ငံရေးကရှုတ်နေတော့ ရှာရတာမလွယ်ဘူး။ အချိန်ယူပြီးရှာမယ်ဆိုတော့လည်း အဆောင်ခနဲ့ စားစရိတ်က ရှိသေးတယ်။ ဒါကြောင့် ပြန်လာရတာ” လို့ ပြောပါတယ်။
မချိုတို့လို စက်ရုံဆင်းတဲ့အလုပ်သမတွေဟာ လစာကောင်းကောင်းမရပေမယ့် လကုန်ရင် ပုံမှန်လစာလေးရနေတဲ့အတွက် နယ်မှာ မိသားစုကို ထားခဲ့ပြီး ရန်ကုန်မှာ အနေ၊ အစားဆင်းရဲခံပြီး အလုပ်သွားလုပ်ကြတာဖြစ်ပါတယ်။
“ အခုရွာပြန်ရောက်တော့ ဘာအလုပ်မှမရှိဘူး။ လယ်ထဲက ကန်စွန်းရွက်တွေလိုက်ခူးပြီးရောင်းတာ။ တစ်ခါတစ်လေ ၁,၀၀၀ကျော်ရတယ်။ ကန်စွန်းရွက်က ရန်ကုန်လိုဈေးကောင်းမရဘူး။ ဒီမှာတစ်ရာဖိုးသုံးစည်းတောင် ဆစ်ရင်ပေးရသေး တယ်” လို့ မချိုက ဆက်ပြောပါတယ်။
အမည်မဖော်လိုတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်မှ ပြောရေးဆို ခွင့်ရှိသူက တပ်မတော်က အာဏာ သိမ်းပြီးနောက်ပိုင်းမှာ နည်းမျိုးစုံကြောင့် နေရပ်ပြန်ရတဲ့အလုပ်သမားတွေရဲ့ ရရှိရမယ့်အခွင့်အရေးတွေ အများကြီး ဆုံးရှုံး နစ်နာမှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။
“ အရင်က ရက်မှန်ကြေး၊ နှစ်ကြေးပုံမှန်တောင်းဆိုလို့ရတယ်။ အခုအခြေအနေမှာက တောင်းဆိုလို့မရဘူး။ အခုအခြေမှာ တစ်ချို့ကလည်း ဆန္ဒပြတာတွေ ပြဿနာတက်တာတွေရှိတော့ ကြောက်ပြီးပြန်ရတာလည်း ရှိတယ်။ အဲ့လိုပြန်ရင် အသစ် အနေနဲ့ ပြန်ဝင်ရတာရှိတယ်။ ပြန်လာရင်လည်း အသစ်ကပြန်ဝင်ရတယ်။ သူတို့အခွင့်အရေးတွေက အပြည့်အဝမရဘဲ ဆုံးရှုံးနေတာတွေလည်း အများကြီးရှိနေကြတာ” လို့ အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောပါတယ်။
လည်ပတ်နေတဲ့စက်ရုံမှာ ဆက်ပြီးအလုပ်ဆင်းနေသေးတဲ့ ဝန်ထမ်းအများစုဟာ အရင်က တစ်ယောက်လုပ်ရင် မိသားစု စားလို့ရတဲ့အနေအထားမျိုးကနေ၊ အခုအခြေအနေမှာ တစ်ယောက်လုပ်စာတစ်ယောက်ပဲစားနိုင်တဲ့ နေ့တွက်လစာ လောက်နဲ့ ဆက်လုပ်နေကြတာက များတယ်လို့လည်း ၎င်းကရှင်းပြပါတယ်။
စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေး ၊ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့်အထည်ချုပ်လုပ်သား နှစ်သိန်းနီးပါး အလုပ်လက် မဲ့ ဖြစ်သွားခဲ့တယ်လို့လည်း အလုပ်သမားရေးဆောင်ရွက်သူတွေက ခန့်မှန်းပြောဆိုကြပါတယ်။
မြန်မာနိုင်ငံမှာ အထည်ချုပ်လုပ်သားပေါင်း ရှစ်သိန်းနီးပါးရှိပြီး ကိုဗစ်ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသူ နှစ်သိန်း ခန့် ရှိခဲ့တာကြောင့် ဖေဖော်ဝါရီ တစ်ရက်စစ်တပ်အာဏာသိမ်းပြီးနောက် ထပ်မံ၍ အလုပ်သမားနှစ်သိန်းနီးပါး အလုပ်လက် မဲ့ ဖြစ်ခဲ့ရတာဖြစ်ပါတယ်။
ဒါကြောင့် အခုကာလမှာ အထည်ချုပ်လုပ်သား အလုပ်လက်မဲ့ဖြစ်သူ စုစုပေါင်း လေးသိန်းခန့်ရှိတယ်လို့ အလုပ်သမားရေး ဦးဆောင်ရွက်သူများက ခန့်မှန်းပြောဆိုပါတယ်။ ဆိုရရင် အထည်ချုပ်အလုပ်သမား ထက်ဝက်ကျော် အလုပ်လက်မဲ့ဖြစ်နေ တာပါ။ မြန်မာနိုင်ငံရှိ ဖွံ့ဖြိုးမှုစီမံကိန်းအားလုံးကို ရပ်ဆိုင်းလိုက်ကြောင်းကိုလည်း ဥရောပသမဂ္ဂရုံး(EU)က ဧပြီ ၅ ရက်နေ့ မှာထုတ်ပြန် ကြေညာခဲ့ပါတယ်။
မင်္ဂလာဒုံမြို့နယ် NYO အထည်ချုပ်စက်ရုံလုပ်ငန်းပိုင်ရှင် ဦးလမင်းက “ ကိုရီးယားကုမ္ပဏီကနေယူချုပ်တာ အခုကုန်ကြမ်း မထုတ်ပေးတော့ စက်ရုံပိတ်လိုက်ရပြီ။ ကိုဗစ်မဖြစ်ခင်က အလုပ်သမား ၃၀၀ ကျော်ကို တစ်ဝက်လျော့ချရတယ်။ အခု နိုင်ငံရေးအခြေအနေကြောင့် စက်ရုံမလည်ပတ်နိုင်တော့ လုံးဝပိတ်လိုက်ရတယ်” လို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီး စက်ရုံပိတ်သိမ်းလိုက်တဲ့အတွက် နစ်နာကြေးအနေနဲ့ ရုံးပိုင်းဆိုင်ရာဖြစ်တဲ့ ငွေကိုင်၊ စာရင်းကိုင်၊ စက် ပြင်အစရှိတဲ့ ဝန်ထမ်းများကိုသာပေးရပြီး အထည်ချုပ်လုပ်တဲ့ ဝန်ထမ်းတွေကတော့ နေ့စားဝန်ထမ်းတွေဖြစ်တဲ့အတွက် နစ်နာကြေး မပေးရဘူးလို့လည်း ဦးလမင်းက ပြောပြပါတယ်။
လက်ရှိမှာတော့ အထည်ချုပ်စက်ရုံလုပ်သားတွေအပြင် စက်မှုဇုန်လုပ်သား၊ဆောက်လုပ်ရေးလုပ်သား၊ ပျံကျလုပ်သားတွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေပါ စစ်တပ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ လစာအပြည့်အဝမရတာတွေ၊ အလုပ် လက်မဲ့ဖြစ်ပြီး ဒုက္ခပင်လယ်ဝေနေကြရပါတယ်။
အဲ့ဒီအထဲမှာမှ နေရပ်ပြန်ရောက်နေတဲ့ အလုပ်လက်မဲ့ဖြစ်နေတဲ့ စက်ရုံအလုပ်သမတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းက ဘယ်ခြေအနေမှ ပြန်ရမယ်ဆိုတာ ဘယ်သူမှ ရေရေရာရာ မပြောနိုင်ပါဘူး။
အထည်ချုပ်အလုပ်သဖြစ်သူ မဝေဝေမြင့်ကတော့ “ ရွာမှာလည်း ဘာအလုပ်မှလုပ်လို့မရတော့ အမှန်တိုင်းပြောရရင် စားရ တာတောင်နပ်မမှန်ဘူး။ အမေနဲ့ကလေးကို အဓိကကျွေးပြီး ကိုယ်က တစ်ခါတစ်လေမစားပဲ နေတာရှိတယ်။ စားစရာ အတွက်ပူရ အကြွေးဆပ်ဖို့အတွက်ပူရနဲ့ ခေါင်းကိုက်ရတဲ့ရက်တွေ များနေပါပြီ” လို့ ညည်းတွားနေပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021