Honest Information (HI)
ဖေဖော်ဝါရီ ၁ ရက်နေ့စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ပြည်သူအများဟာ နိုင်ငံတဝန်းမှာ စစ်အာဏာရှင်ဆန့် ကျင်ရေးအတွက် ပုံစံမျိုးစုံနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ငြိမ်းချမ်းစွာဆန္ဒထုတ် ဖော်နေတဲ့ပြည်သူတွေကိုလည်း စစ်တပ် က ပစ်ခတ်သတ်ဖြတ်တာတွေ အကြမ်းဖက်ရိုက်နှက်တာတွေနဲ့ ဖမ်းဆီးတာတွေကို ဆက်တိုက် ပြုလုပ်နေခဲ့တာပါ။
ဒီလိုပြုလုပ်ပေမယ့် ပြည်သူအများက နောက်တွန့်မသွားကြဘဲ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် နည်းလမ်း ပေါင်းစုံနဲ့ ဆက်လက်ပြီး ဆန္ဒထုတ်ဖော်ကာတော်လှန်နေလျက်ရှိပါတယ်။ ဒီတော်လှန်ရေးထဲမှာ အလွှာပေါင်းစုံ၊ အသက်အရွယ် ပေါင်းစုံက အမျိုးသမီးတွေကလည်း ပုံစံမျိုးစုံနဲ့ ရဲရဲရင့်ရင့် ရှေ့တန်းမှာ ပါဝင်တော်လှန်နေကြပါတယ်။ ဒီအာဏာရှင် တော်လှန်ရေးအောက်မှာ အသက်ပေးခဲ့ရတဲ့အမျိုးသမီးတွေ၊ အနှိပ်စက်ခံ၊ ဖမ်းဆီးခံရတဲ့ အမျိုးသမီးပေါင်းများစွာရှိခဲ့ပါပြီ။ အများပြည်သူရှေ့မှာ လူမဆန်စွာလုပ်ခဲ့တဲ့လုပ်ရပ်တွေလည်းပါဝင်ပါတယ်။ ဒီလုပ်ရပ်တွေနဲ့၊ ဖြစ်စဉ်တွေဟာ နောင် တချိန်ချိန်မှာ အနာဂတ်မျိုးဆက်တွေသိရှိစေဖို့ မှတ်တမ်းတင် ကျန်ရစ်ခဲ့မှာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးများ အသံကို တစိုက် မတ်မတ်ဖော်ထုတ်တဲ့ ဟိုင်းအမျိုးသမီးသတင်းဌာနအနေနဲ့ စစ်အာဏာသိမ်းပြီး ယနေ့အထိ နှစ်လ အတွင်း(ရက်ပေါင်း ၆၀ နီးပါး)မှာ အမျိုးသမီးတွေ ပါဝင်လှုပ်ရှားမှုအဖုံဖုံကို မှတ်တမ်းတင်စုစည်း ဖော်ပြပေးလိုက်ပါတယ်။
ပထမဆုံးလမ်းပေါ်ထွက်လာတဲ့ အမျိုးသမီးများ
“ စစ်အာဏာရှင်စနစ်ကျဆုံးပါစေ”ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ အမျိုးသမီးတွေအများအပြားပါဝင်တဲ့ သပိတ်စစ်ကြောင်းက လူထုကို စတင်လှုပ်နိုးလိုက်ပါတယ်။
အာဏာသိမ်းပြီး ခြောက်ရက်မြောက်ဖြစ်တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာတော့ စစ်အာဏာရှင်ဆန့်ကျင်တဲ့ သပိတ်စစ် ကြောင်းတွေဟာ ရန်ကုန်လမ်းမပေါ်မှာ အစပြုခဲ့ပါတယ်။ ရန်ကုန်ရဲ့ပထမဆုံး လူထုဆန္ဒထုတ်ဖော်မှုကို စတင်ခဲ့တာက လိူင်သာယာစက်မှုဇုန်က အလုပ်သမားထောင်ချီပါဝင်တဲ့ သပိတ်စစ်ကြောင်းပဲဖြစ်ပါတယ်။
အဲ့ဒီသပိတ်စစ်ကြောင်းက အလုပ်သမားထောင်ချီထဲမှာ အများစုက အမျိုးသမီးတွေပါ။ ဒါ့အပြင် အဲ့ဒီနေ့မှာပဲ လူငယ် နိုင်င်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ မအိသဉ္ဇာမောင်ဦးဆောင်တဲ့ သပိတ်စစ်ကြောင်းဟာလည်း လှည်းတန်းမှာ စတင်ခဲ့ပါတယ်။ အမျိုးသမီးထုဦးဆောင်တဲ့ သပိတ်စစ်ကြောင်းတွေကနေ စစ်အာဏာရှင်ဆန့်ကျင်ပွဲတွေဟာ စတင် အသက်ဝင်လာပါတော့တယ်။
ထူးထူးခြားခြားသပိတ်များ
စစ်အာဏာရှင်ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ ဖေဖော်ဝါရီလလယ်မှာအရှိန်မြင့်လာခဲ့ပြီး တိုင်းနဲ့ပြည်နယ်အနှံ့က ပြည်သူ တွေကပုံစံမျိုးစံနဲ့ အာဏာရှင်ဆန့်ကျင်ကြောင်းဖော်ထုတ်ခဲ့ကြပါတယ်။ အဲ့ဒီအထဲမှာ အမျိုးသမီးတွေဦးဆောင်တဲ့သပိတ်စစ် ကြောင်းတွေဟာ ထူးခြားနေပါတယ်။
အမျိုးသမီးဦးရေအများဆုံးရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပညာရေးဝန်ထမ်းတွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်နေမှုကိုလည်း တော်လှန်ရေးကာလတစ်လျှောက်လုံးမြင်တွေ့နိုင်ပါတယ်။
ဖေဖော်ဝါရီ ၂ ရက်နေ့က စတင်ခဲ့တဲ့ ည၈နာရီ သံပုံးတီးလှုပ်ရှားမှုမှာ အိမ်ရှင်မတွေ၊ သက်ကြီးရွယ်အိုအဖွားတွေလည်း ပါဝင်ခဲ့ကြပါတယ်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ရန်ကုန်မြို့လမ်းမပေါ်မှာ အမျိုးသမီးငယ် ၁၀၀ကျော်က အရောင်စုံ ဂါဝန်တွေဝတ်ဆင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ခဲ့ကြပါတယ်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာပြုလုပ်ခဲ့တဲ့ သပိတ်စစ်ကြောင်းတစ်ခုဟာလည်း ရင်ခွင်ပိုက်ကလေးငယ်တွေကို ချီပိုးထားတဲ့ မိခင်တွေဦးဆောင်ခဲ့တာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်နေ့နောက်ပိုင်း ဆူပူသူအချို့ရဲ့ ညဘက်မီးရှို့မှုတွေကြောင့် မြို့ခံတွေ ကိုယ်ထူကိုယ်ထလုံခြုံရေး တာဝန်ယူကြရာ ညဘက်ကင်းစောင့်သူတွေထဲမှာ အမျိုးသမီးတွေဟာလည်း တက်ကြွစွာပါဝင်ခဲ့ကြပါတယ်။
ဖေဖော်ဝါရီလ၂၀ ရက်နေ့က ရန်ကုန်မြို့မှာ စစ်အာဏာရှင်ကို အမြစ်ဖြုတ်ဖို့ ပဲပင်ပေါက်အမြစ်ဖြုတ်ဆန္ဒထုတ်ဖော်မှုကို အမျိုးသမီးတွေပါဝင် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဖေဖေါ်ဝါရီ ၂၂ ရက်နေ ့က ကယားပြည်နယ် ဖယ်ခုံက KyWO အမျိုးသမီးအဖွဲ့လူငယ်တွေက CDM မှာ ပိုမိုပါဝင်လာ ကြစေဖို့ရည်ရွယ်ပြီး ရိုးရာ ပုဆိုးတွေနဲ့ခြုံပြီး သံချပ်သီဆိုခဲ့တာကလည်း ဆန်းကြယ်တဲ့ ပါဖောမန့်တခုဖြစ်စေခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့က စစ်အာဏာသိမ်းဆန့်ကျင်တဲ့ သနပ်ခါးတိုက်ပွဲကို နိုင်ငံအနှံ့ပြုလုပ်ခဲ့ကြပြီး အမျိုးသမီးတွေ အများစုက ပြည်သူတွေအတွက် သနပ်ခါးသွေးပေးတာနဲ့ သနပ်ခါးလိမ်းပေးကာ ပါဝင်ခဲ့ကြပါတယ်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ကယားပြည်နယ်မှာပြုလုပ်တဲ့ အမျိုးသမီးအတွင်းခံနဲ့လစဉ်သုံးတွေနဲ့ပြုလုပ်ခဲ့တဲ့ သပိတ်စစ် ကြောင်းကတော့ တနိုင်ငံလုံးကိုလှုပ်ခါမှုဖြစ်စေခဲ့ပါတယ်။ ဒီသပိတ်က အာဏာသိမ်းစစ်အစိုးရအနေနဲ့ အမျိုးသမီး လစဉ်သုံးပစ္စည်း တစ်ခုလောက်တောင် လုံခြုံမှုမပေးနိုင်ကြောင်း ပြသတဲ့အနေနဲ့ကယားပြည်နယ်၊ လွိင်ကော်မြို့ က အမျိုးသမီးထု တစ်သောင်းကျော်က ချီတက် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
မတ်လ ၁၅ ရက်နေ့က ပုဂံဘုရားမှာ ကျောင်းဆရာမတွေစုပေါင်းပြီး စစ်အာဏာရှင်ကျဆုံးရေး သစ္စာဆိုဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
မတ်လ ၂၂ ရက်နေ့က ရန်ကုန်မြို့တောင်ဒဂုံမြို့နယ်မှာ မီးဖိုချောင်သုံးပစ္စည်းတွေကို အသုံးပြုပြီးတော့ အိမ်ရှင်မသပိတ်ကို ပြုလုပ်ခဲ့ပါတယ်။
မတ်လ ၂၅ရက်နေ့က ညောင်ဦးမြို့မှာ ဟင်းသီးဟင်းရွက်တွေ အသုံးပြုပြီး အိမ်ရှင်မသပိတ်ကို ဆင်နွဲခဲ့ကြပါတယ်။
ထဘီတန်းနဲ့ ထဘီအလံ နေ့စွဲများ
စစ်အာဏာသိမ်းနေ့ရက်တွေထဲမှာ အမျိုးသမီးဝတ်ထဘီတွေဟာလည်း တော်လှန်ရေးလက်နက်ဖြစ်ခဲ့ပါတယ်။ အာဏာ သိမ်းခေါင်းဆောင်တွေရဲ့ ဗေဒင်၊ ယတြာတွေကို အလွန်အမင်းယုံကြည်မှုနဲ့ အမျိုးသမီးဝတ် ထဘီတန်း အောက်ဝင်ရင် ဘုန်းနိမ့်စေတဲ့ဆိုတဲ့ ယုံကြည်ချက်ကြောင့် ထဘီခံတပ်တွေ အလံတွေ ပေါ်ပေါက်လာတာပဲ ဖြစ်ပါ တယ်။ ဒီလိုအသုံးပြုတာ ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ အလွယ်တကူအကြမ်းဖက်ဖြိုခွင်းမှု တွေကို တစ်နည်း တစ်ဖုံအဟန့် အတားဖြစ်စေဖို့နဲ့ ဆန္ဒပြပြည်သူတွေအတွက် အချိန်တစ်ခုရစေဖို့ တခြားအကာ အကွယ်တွေနဲ့အတူ ထဘီတွေကို အသုံးပြုခဲ့ကြတာပါ။
မတ်လ ၃ ရက်နေ့နောက်ပိုင်းတွေမှာ ရန်ကုန်မြို့ရဲ့ နေရာတော်တော်များများမှာ အမျိုးသမီးဝတ်ထဘီတွေကို လမ်းမှာ ကြိုးတန်းပြီး ခံတပ်အဖြစ် တည်ဆောက်ခဲ့ကြပါတယ်။ ခံတပ်အဖြစ် သွယ်တန်းထားတဲ့ ထဘီတန်းတွေ ကို ရဲတပ်ဖွဲ့ဝင်နဲ့ စစ်သားတွေဟာ ဖြုတ်ချဖျက်စီးတာတွေပြုလုပ်ခဲ့ကြတာကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ကြတဲ့ ပြည်သူတွေဟာ ထဘီတွေ ကို တော်လှန်ရေးလက်နက်သဖွယ် ပိုမိုအသုံးပြုခဲ့ကြပါတယ်။
မတ်လအစောပိုင်းက စတင်ခဲ့တဲ့ ထဘီတန်းတွေဟာ နိုင်ငံတကာအမျိုးသမီးများနေ့ဖြစ်တဲ့ မတ်လ ၈ ရက်နေ့မှာ တော့ ထဘီအလံအဖြစ် အာဏာရှင်စနစ်ကိုတွန်းလှန်ရာမှာ ပါဝင်လာပြီးတော့ နိုင်ငံအနှံ့မှာ ထဘီအလံထူတဲ့ သပိတ်စစ် ကြောင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီနေ့မှာ ရန်ကုန် စမ်းချောင်းနဲ့ တောင်ကြီးမှာ ထဘီအလံထူတဲ့ သပိတ်စစ်ကြောင်း ကို အကြိမ်ကြိမ်ဖြိုခွင်းခဲ့ကြပေမယ့်လည်း အမျိုးသမီးထုကြီးဟာ ဖြိုခွင်းမှုတွေကြားကပဲ ထမီအလံကိုလွှင့်ခဲ့ကြပါတယ်။ မတ်လ ၈ ရက်နေ့ကတော့ မြန်မာအမျိုးသမီးတွေရဲ့အမှတ်တရတခုအဖြစ် သမိုင်းမှာတင်ကျန်ခဲ့မှာဖြစ်ပါတယ်။ ထဘီတော် လှန်ရေးမှာ ထူးခြားမှုတခုအနေနဲ့ လူငယ် အမျိုးသားတွေကိုယ်တိုင် ထဘီအလံတွေကိုင်ကာ သပိတ် စစ်ကြောင်းတွေမှာ ပါဝင်တာ၊ ထဘီကိုခေါင်းပေါင်းပြီး ဆိုရှယ်မီဒီယာကနေ ဓတ်ပုံတွေတင်ပြီး ထဘီကမ်ပိန်းတွေပြု လုပ်ခဲ့ကြတာပဲဖြစ်ပါ တယ်။
အာဏာသိမ်းစစ်ကောင်စီဘက်ကလည်း ထဘီတန်းတွေပြုလုပ်တာနဲ့ပတ်သက်ပြီး သာသနာတော်ညှိုးနွမ်းအောင် ဆောင် ရွက်တဲ့ ဦးစီးခေါင်းဆောင်ပြုလုပ်သူတွေကို အရေးယူသွားမယ်လို့ မတ်လ ၉ ရက်နေ့က နိုင်ငံပိုင်သတင်းစာမှာ ကြေငြာ ခဲ့ပါသေးတယ်။ ဒါကြောင့် ထဘီတော်လှန်ရေးကတော့ အနေအထားတခုအထိတော့ သက်ရောက်မှုရှိစေခဲ့တာတော့မငြင်း နိုင်ပါဘူး။
မေတ္တာရှင်အမျိုးသမီးများ
အသားညိုညိုပေါ်မှာ သနပ်ခါးဖွေးနေအောင်လိမ်းထားပြီး ဆန္ဒပြပြည်သူတွေကို ပြုံးရွှင်စွာနဲ့ အချဉ်ပေါင်းဝေငှနေတဲ့ အမျိုး သမီးတစ်ဦးရဲ့ ပုံရိပ်တွေဟာလည်း ဖေဖော်ဝါရီလအတွင်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ သူကတော့ မုံရွာမြို့၊ ထန်းတော ညောင်ရိပ်သာမှာနေထိုင်တဲ့ မတင်တင်အေးပဲဖြစ်ပါတယ်။
မတင်တင်အေးရဲ့ စေတနာအပေါ် ပြည်သူလူထုက ချီးကျူးခဲ့ကြပေမယ့် ဆန္ဒပြသူတွေကို အချဉ်ပေါင်းကျွေးတယ်တဲ့ အတွက် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာတော့ ဈေးရောင်းနေစဉ်အတွင်း ရဲတပ်ဖွဲ့ဝင်တွေရဲ့ ရိုက်နှက်ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မတင်တင်အေးဟာ မုံရွာမြို့ခံ အလှူရှင်တစ်ဦးက ဂုဏ်ပြု ပေးအပ်တဲ့ အိမ်နဲ့ခြံဝန်းကို လက်ခံရရှိခဲ့ပါတယ်။
တော်လှန်ရေးကာလအတွင်း ပြည်သူလူထုကိုအံ့အားသင့်စေခဲ့တဲ့အမျိုးသမီးတစ်ဦးလည်းရှိခဲ့ပါတယ်။ သူကတော့ မြို့လယ် ခေါင်က ဓားထိုးမှုကို ကာကွယ်ပေးခဲ့တဲ့ မဇာခြည်ဦးပဲဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၅ ရက်နေ့က တပ်မတော်ထောက်ခံသူ အချို့ဟာ ရန်ကုန်မြို့ဆူးလေလမ်းမပေါ်မှာ အော်ဟစ်ရမ်းကားမှု တွေပြုလုပ်ခဲ့ပြီး ပြည်သူတွေကို အကြမ်းဖက်ရန်ပြုမှု တွေပြုလုပ်ခဲ့ပါတယ်။ ဆူပူသောင်းကျန်သူတစ်ချို့က ပြည်သူတစ်ဦးကို ဓားနဲ့ထိုးစဉ်မှာ မဇာခြည်ဦးဟာ ဝင်ရောက် ကာကွယ်ပေးခဲ့တာဖြစ်ပါတယ်။
မတ်လ ၈ရက်နေ့က မြစ်ကြီးနားသပိတ်စစ်ကြောင်းမှာ ရဲနဲ့စစ်တပ်မှ ဆန္ဒပြပြည်သူတွေကို အင်အားသုံးဖြိုခွင်း ပစ်ခတ် မှုမပြုလုပ်စေဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေကို ဒူးထောက်တောင်းပန်ခဲ့တဲ့ Sister ရဲ့ပုံရိပ်တွေဟာ ပြည်သူလူထုရင်ကို ထိုးဖောက်ကိုင်လှုပ်ခဲ့ပါတယ်။
အသက် ၄၅ နှစ်အရွယ်ရှိတဲ့ Sister Ann Rosa Nu Tawng ဟာ ပြည်သူတွေကို အကြမ်းမဖက်ဖို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကလည်း ရဲတပ်ဖွဲ့ဝင်တွေကို မေတ္တာရပ်ခံခဲ့ပါသေးတယ်။ အသက်အန္တရာယ်ကိုတောင် မမှုဘဲ ပြည်သူတွေကို တတ်နိုင်တဲ့နေရာက ကာကွယ်ပေးခဲ့တဲ့ အမျိုးသမီးတွေအဖြစ် မှတ်တမ်းတွင်နေတော့မှာပဲဖြစ်ပါတယ်။
ဒါ့အပြင် တစ်နိုင်ငံလုံးမှာလည်း ဆန္ဒပြသူတွေ ကူညီပေးတဲ့ အမျိုးသမီးတွေ၊ နေအိမ်မှာ ဖွက်ထားပေး အစားအသောက်နဲ့ မုန့်ဖိုးကအစ ကူညီပေးကြတဲ့ အမျိုးသမီးတွေ၊ အိမ်က သားသမီးတွေအတွက် တော်လှန်ရေးမှာ နောက်ကွယ်က ပံ့ပိုးခဲ့ ကြတဲ့ မိခင်တွေ စသဖြင့် နိုင်ငံတဝန်း မေတ္တာရှင် သတ္တိပြောင်မြောက်တဲ့ အမျိုးသမီးတွေများစွာ ထွက်ပေါ်ခဲ့ပါတယ်။
CRPH က အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ
ဖေဖော်ဝါရီလ ၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်ရဲ့ လုပ်ငန်းတွေ ပုံမှန်လုပ်ကိုင်နိုင်ဖို့အတွက် ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ရွေးကောက်ခံအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် သုံးဦးအပါအဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
မင်္ဂလာတောင်ညွှန့်မြို့နယ်က ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်း၊ ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဇင်မာအောင်နဲ့ မွန်ပြည်နယ်အမျိုးသားလွှတ်တော်အမတ် ဒေါ်မြတ်သီတာထွန်းတို့ပဲဖြစ်ပါတယ်။
CRPH က ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့မှာ ခေတ္တပြည်ထောင်စုဝန်ကြီး နိုင်ငံခြားရေးဝန်ကြီးအဖြစ်ဒေါ်ဇင်မာအောင်က တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။
ဖမ်းဆီးခံအမျိုးသမီးများ
နိုင်ငံရေးအကျဉ်းသားများစောင့်ရှောက်ရေးအသင်း(အေအေပီပီ) ရဲ့စရင်းအရနှစ်လအတွင်း အာဏာသိမ်း စစ်ကောင်စီက တရားစွဲဆို၊ ဖမ်းဆီးထားတဲ့ အမျိုးသမီး ၅၃၀ ကျော်အထိရှိပြီဖြစ်ပါတယ်။
ဒီအထဲမှာ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဝန်ကြီးများ ၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ သတင်းသမားများ နဲ့ ဆန္ဒပြနေတဲ့ အမျိုးသမီးတွေ အများအပြား ပါဝင်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁ရက်နေ့ စစ်အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံးဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး အဲ့ဒီနေ့ မှာပဲ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေဖြစ်တဲ့ နော်ပန်းသဉ္ဇာမျိုး၊ ဒေါ်နီလာ ကျော်၊ ဒေါ်မိုးမိုးစုကြည်တို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၈ရက်မှာတော့ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကို နေအိမ်အကျယ်ချုပ်ချထားတဲ့နေအိမ်မှ ဖမ်းဆီး ခေါ်ဆောင်ခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာတော့ NLD ပါတီကိုယ်စားပြုကာ စဉ့်ကိုင်မြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်အနိုင်ရရှိခဲ့တဲ့ ဒေါ်ဝင်းမြမြကို စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၄ရက်နေ့က MCN TV News သတင်းဌာန၊ မုံရွာအခြေစိုက် သတင်းထောက်မတင်မာဆွေနဲ့ The Voice သတင်းဌာန၊ မုံရွာအခြေစိုက်သတင်းထောက် မခင်မေစန်းတို့ကို ပုဒ်မ ၅၀၅(က)နဲ့တရားစွဲဆိုထားပြီး သိန်း ၅၀ အာမခံနဲ့ ပြန်လွှတ်ခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့က Myanmar Now သတင်းဌာနမှ မကေဇွန်နွေးဟာ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ထဲက မြေနီကုန်းမှာ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကို သတင်းရယူနေစဉ်ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုခံထား ရကာ အင်းစိန်ထောင်တွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။
မတ်လ ၂၅ရက်နေ့က ကမ္ဘောဇတိုင်းသတင်းဌာနမှ တာဝန်ခံအယ်ဒီတာ နန်းနန်းတိုင်း၊ သတင်းထောက် နန်းဝင်းရီတို့ကို ဖမ်းဆီးခဲ့ပြီး ပုဒ်မ၅၀၅(က) ဖြင့်အမှုဖွင့်ကာ တောင်လေးလုံးအကျဉ်းထောင်သို့ ပို့ဆောင်ထားတာဖြစ်ပါတယ်။
မတ်လ ၂၉ရက်နေ့က မြစ်ကြီးနားအခြေစိုက် The 74 Media သတင်းဌာနမှ မချန်ဘူဟာ သတင်းရယူနေစဉ် ဖမ်းဆီး ခံခဲ့ရပါတယ်။
သေဆုံးသူအမျိုးသမီးအာဇာနည်များ
စစ်တပ်ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် နှစ်လအတွင်းအသက်ဆုံးရှုံးခဲ့တဲ့အမျိုးသမီး ၃၅ ယောက်အထိရှိပြီဖြစ်ပြီး ကျဆုံး သူတွေထဲမှာ အသက်အငယ်ဆုံး ၇နှစ်မှ အသက်အကြီးဆုံး ၇၈ နှစ်အရွယ်အထိပါဝင်ပါတယ်။
စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ပထမဆုံးအသက်ပေးခဲ့တဲ့ အသက်၂၀ အရွယ် မမြသွဲ့သွဲ့ခိုင်ဟာ နေပြည်တော်မှာ ဆန္ဒပြ နေစဉ် ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် ဦးခေါင်းကျည်ဆံထိမှန်ကာ သေဆုံးလုနီးပါးဖြစ်ခဲ့ပြီးနောက် ဦးနှောက် သေဆုံး သွားခဲ့ ပါတယ်။ အသက်ရှူစက်ဖြင့် အသက်ဆက်ခဲ့ပြီး မိသားစုဝင်တွေက နောက်ရက်တွေမှာ အသက်ရှူစက်ဖြုတ်ဖို့ သဘောတူခဲ့ ပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကြည့်မြင်တိုင် ရန်ကုန်တိုင်းပညာရေးမှူးရုံးရှေ့မှာ ပါဝင်ခဲ့တဲ့ အသက်(၅၉)နှစ်အရွယ် အလယ် တန်းပြဆရာမ ဒေါ်တင်နွဲ့ရီဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ရော်ဘာကျည်လက်မောင်းကို ထိမှန်ပြီး Heart Attack ရကာ အသက်သေဆုံးခဲ့ပါတယ်။ အဲ့ဒီနေ့မှာပဲ အသက်၃၂အရွယ် မဒေစီ(ခ)ရမ္မဇာန်ဘီ(ခ)အပု မန္တလေး ၃၅လမ်း၊ ၇၅ လမ်းထောင့်မှာ လမ်းလျှောက်နေစဉ် ပစ်ခတ်ခံရမှုကြောင့် ဦးခေါင်းကျည်ထိမှန်သေဆုံးခဲ့ပါတယ်။
မတ်လ ၃ရက်နေ့မှာ စစ်ကိုင်းတိုင်း မုံရွာမြို့ ပြည်ထောင်စုလမ်း၊ ဘုရားအနီး ပစ်ခတ်ဖြိုခွင်းမှုမှာ အသက်၃၆နှစ်အရွယ် ဒေါ်မြင့်မြင့်ဇင် (ခ) စာရေးဆရာကြည်လင်အေးဟာ ရင်ဘတ်သေနတ်ထိမှန်ကာသေဆုံးခဲ့ပြီး အသက် ၂၅ မုံရွာကွန် ပျူတာတက္ကသိုလ်ကျောင်းသူဟောင်း မကျော့နန္ဒာအောင်ဟာလည်း ဦးခေါင်းကျည်ဆံထိမှန်ပြီး ကျဆုံးခဲ့တဲ့အပြင် မန္တလေး ၈၄လမ်းနှင့် ၃၀လမ်းက ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ အသက်၁၉နှစ်အရွယ် မကြယ်စင်(ခ) တိန့်ကျားရှီးဟာ ဦးခေါင်းကျည်ဆံ ထိမှန်ပြီး ကျဆုံးခဲ့ပါတယ်။
မတ်လ ၁၃ ရက်နေ့မှာတော့ မန္တလေးမဟာအောင်မြေ၊ သံလျှက်မှော် အနောက်ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၅၃ နှစ် အရွယ်ဒေါ်ကေကြည်ဟာ စစ်တပ်ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ဦးခေါင်းကိုကျည်ဆန်ထိမှန်သေဆုံးခဲ့ပြီး အသက် ၅၀ အရွယ်ဒေါ်ပြုံးပြုံးဟာလည်းမဟာအောင်မြေနေအိမ်မှာ ပုန်းအောင်းနေတဲ့လူငယ်တွေကို ကာကွယ်ရင်း စစ်တပ်ကပစ်ခတ် တာကြောင့် ဦးခေါင်းကျည်ဆန်ထိမှန်သေဆုံးခဲ့ပါတယ်။
မတ် ၁၄ ရက်နေ့မှာ ပဲခူးမှာနေထိုင်ပြီး အဝတ်လျှော်ရင်းအသက်မွေးဝမ်းကြောင်းတဲ့ ဟိန္ဒူအမျိုးသမီးဖြစ်သူ အသက်၃၆ နှစ်အရွယ် ဒေါ်တင်တင်ဝင်း(ခ) ဒေါ်စန္ဒီးမားဟာ အလုပ်ကအပြန်လမ်းမှာ လည်ပင်းကျည်ထိပြီး သေဆုံးခဲ့ပါတယ်။ အဲ့ဒီနေ့ မှာပဲ မန္တလေးမြို့မှာ ရဲနဲ့စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် အသက်၂၄နှစ်အရွယ် မချယ်ရီဝင်းဟာ ဦးခေါင်းကျည်ထိပြီး သေဆုံးခဲ့ တဲ့အပြင် ရန်ကုန်မြို့ တောင်ဒဂုံမှာနေထိုင်တဲ့ အသက်(၁၅)နှစ်အရွယ် မဇူးဝင့်ဝါလည်းသေဆုံးခဲ့ပါတယ်။ မဇူးဝင့်ဝါဟာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေမှာ မပြတ်ပါဝင်ခဲ့သူဖြစ်ပြီး မတ်လဆန်းက အဖမ်းခံရကာ ပြန်လွတ်ခဲ့တာ ဖြစ်ပါ တယ်။
မတ် ၁၅ရက်နေ့မှာ စစ်တပ်နဲ့ရဲရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာ မှာနေထိုင်တဲ့ အသက်၁၆နှစ်အရွယ် မသီတာအေး(ခ)မီးမီးဟာ ရင်ဘတ်ကျည်ထိပြီးသေဆုံးခဲ့တဲ့အပြင် မြင်းခြံမြို့ အာဏာ သိမ်းတော်လှန်ရေးသပိတ်မှာပါဝင်ခဲ့တဲ့ အသက် ၂၀အရွယ်မပန်းမြတ်ခြယ်(ခ) ရှဟီဒီ စုမိုင်ယာ ဟာရင်ဘတ် ကျည်ထိ မှန်ကာ ကွယ်လွန်ခဲ့ပါတယ်။မပန်းမြတ်ခြယ်ဟာ ဆန္ဒပြပွဲအစပြုတဲ့နေ့ကစပြီး သေဆုံးတဲ့အချိန်အထိ သပိတ်စစ်ကြောင်း တွေမှာ ရှေ့တန်းကပါဝင်ခဲ့သူဖြစ်ပါတယ်။
မတ်လ ၁၆ရက်နေ့မှာ ရန်ကုန်မြို့လှိုင်သာယာမှာနေထိုင်တဲ့ အသက် ၇၈ အရွယ် ဒေါ်ဝင်းကြည်၊ အသက် ၁၆နှစ်အရွယ် မရွှေဇင်ထွန်းတို့ဟာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခက်မှုကြောင့်သေဆုံးခဲ့ပါတယ်။
မတ်လ ၁၇ ရက်နေ့မှာ လှိုင်သာယာမှာနေထိုင်တဲ့အသက်(၇၀)အရွယ်ဒေါ်မြဝင်းဟာ နေအိမ်အတွင်းဘုရားရှိခိုးနေစဉ် ပစ်ခတ်ခံရပြီးသေဆုံးခဲ့ပါတယ်။
မတ် ၁၈ရက်နေ့မှာ ရန်ကုန်မြို့ မြောက်ဉက္ကလာပမြို့နယ်မှာနေထိုင်တဲ့ အသက် ၂၂နှစ်အရွယ် မအေးအေးခိုင်(ခ) ရိုဇာနာ ဘီဟာ ဈေးဆိုင်ပိတ်သိမ်းဖို့ ပြင်ဆင်နေစဉ် စစ်တပ်ရဲ့ရမ်းကားပစ်ခတ်မှုကြောင့် ကျည်ထိမှန်ကာ ကွယ်လွန်ခဲ့ပါတယ်။
မတ်လ ၁၉ရက်နေ့က မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့မှာနေထိုင်တဲ့ အသက်၃၉နှစ်အရွယ်ဒေါ်မာလာဝင်း(ခ)မမျိုးလွင် ဟာ ညသပိတ်မှာပါဝင်စဉ်ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဒူးထောင်တောင်းပန်ပေမယ့် ပစ်သတ်ခံခဲ့ရတာဖြစ်ပါတယ်။
မတ် ၂၁ရက်နေ့က မကွေးတိုင်းဒေသကြီး ယောဒေသ ၊ ကျောမြို့မှာနေထိုင်တဲ့ အသက်၆၆နှစ်အရွယ်ဒေါ်မွှာစီဟာ စစ်တပ် ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီးတော့ အသက်၃၅နှစ်အရွယ် ချင်းအမျိုးသမီး လျံဇွာအီးလ်ဟာ ရန်ကုန်မြို့ မဂလာတောင် ညွှန့်မြို့နယ်ရှိ We Love Yangon အသင်းရုံးခန်းမှာ ရှိနေစဉ် စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးမှုကြောင့် တိုက်ပေါ်မှပြုတ်ကျသေဆုံးခဲ့တာဖြစ်ပါတယ်။
မတ် ၂၃ရက်နေ့က မန္တလေး၊ ချမ်းအေးသာစည်မှာနေထိုင်တဲ့ အသက်၇နှစ်အရွယ်မခင်မျိုးချစ်ဟာ ဖခင်နဲ့အတူ အိမ်အတွင်း နေစဉ် စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့ အိမ်ထဲအထိဝင်ရောက်ပစ်ခတ်မှုကြောင့် အသက်သေဆုံးခဲ့ရတာဖြစ်ပါတယ်။
မတ်လ ၂၆ ရက်နေ့ကတနသာရီတိုင်း မြိတ်မှာနေထိုင်တဲ့ အသက် ၃၂ နှစ်အရွယ် မခင်ခင်စိုး(ခ)မလာအီစာဟာ နေအိမ် ထဲနေစဉ် စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ဘယ်ဘက်ရင်အုံကျည်ထိမှန်ပြီးသေဆုံးခဲ့ပါတယ်။
မတ်လ ၂၇ ရက်နေ့မှာ ဗန်းမော်မှာနေထိုင်တဲ့ မရွှေမြင့် ၃၆ နှစ်၊ကော့သောင်းက မခိုင်ဇင်ဦးအသက် ၂၁ နှစ်၊ ပြင်ဦးလွင်က မစိုးစိုးရီ ၊ မိထ္တီလာကမပန်းအိဖြူ ၁၃နှစ်၊ ပုသိမ်က မဇာလီနိုင် အသက်၃၃၊ မော်လမြိုင် မအေးမြတ်သူ အသက် ၁၁ နှစ်၊ ရန်ကုန်မြို့ မရမ်းကုန်းက မဥမ္မာရှိန်အသက် ၄၉ နှစ်၊မန္တလေးက မသက်သက်ဝေလှိုင် အသက် ၃၀ တို့ဟာ စစ်တပ်ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ကြပါတယ်။
မတ်လ ၂၈ရက်နေ့မှာ မုံရွာက မကိုးကိုးမေ၊ရန်ကုန်က မခိုင်ဇာသွယ် အသက်၂၆နှစ်၊ မုံရွာက မသဉ္ဇာဟိန်း အသက်၂၀ ၊ မြင်းခြံက မဇင်မာအောင် အသက်၂၅ နှစ်၊ကလေးမြို့က အမျိုးသမီးအရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ Women for Justice(WJ) မှ မအားခူ ၃၇ နှစ်တို့ဟာ စစ်အာဏာရှင်ကိုဆန့်ကျင်ရင်း အသက်သေဆုံးခဲ့ပါတယ်။
ရက်ပေါင်း ၆၀ အတွင်း ဒီအာဏာရှင်အဆုံးသတ်စေမယ့် အရေးတော်ပုံကြီးမှာ အမျိုးသမီးတွေဟာ စွမ်းစွမ်းတမံပါဝင်ခဲ့ကြ သလို အသက်ပေးသွားရတဲ့အထိလည်း အာဇာနည်အမျိုးသမီးတွေရဲ့သွေးမြေမှာကျခဲ့ရပါတယ်။ မည်သို့ဆိုစေ အမျိုး သမီးတွေဟာ တော်လှန်ရေးတာဝန်ကို ကျရာနေရာကနေ ပါဝင်ခဲ့မှုတွေဟာ သမိုင်းမှာ မှတ်တမ်းတခုအဖြစ်တော့ ကျန်ရှိ နေမှာဖြစ်သလို နွေဦးကာလရောက်တိုင်း၊ မတ်လ(၈)ရက် အမျိုးသမီးများနေ့ရောက်တိုင်းမှာ သွေးမြေကျခဲ့ရတဲ့ အာဇာ နည်အမျိုးသမီးတွေ၊ ထမီတော်လှန်ရေးပုံရိပ်တွေကတော့ အမျိုးသမီးထုကြီးအတွက် ပြန်လည်အမှတ်ရနေစေမှာ ဖြစ်ပါ တော့တယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021