Home ဆောင်းပါး အိမ်ရာမဲ့ကလေးတွေရဲ့ မျှော်လင့်ချက်တွေကို အသက်သွင်းပေးတဲ့ ပန်းပျိုးလက်ပိုင်ရှင်

အိမ်ရာမဲ့ကလေးတွေရဲ့ မျှော်လင့်ချက်တွေကို အသက်သွင်းပေးတဲ့ ပန်းပျိုးလက်ပိုင်ရှင်

ဒေဝီ။ ။

စမ်းချောင်းမြို့နယ်က လမ်းဘေးတစ်နေရာမှာ ခုံခင်းပြီး ရာသီပေါ်အသီးအနှံတွေ၊ စားစရာ အခြောက်အခြမ်းတွေ ရောင်းချနေတဲ့ ကလေးလေးဦးဟာ သူတို့ရောင်းချမယ့် ကုန်ပစ္စည်းတွေရှေ့မှာ ပျော်ပျော်ရွှင်ရွှင် စနောက်နေတဲ့မြင်ကွင်းက မြင်ရတဲ့သူတိုင်းကို အပျော်တွေကူးစက်စေပါတယ်။

သူတို့လေးတွေဟာ သာမာန်ကလေးတွေလို မိဘကိုဈေးကူရောင်းတာမဟုတ်ပါဘူး။ ဒါ့အပြင် ကျောင်းတက်၊ ကလေးသဘာ၀ ဆော့ကစားပြီး အချိန်တန် မိဘရင်ခွဲထဲချွဲ့နွှဲ့ပြီး ဘဝကိုဖြတ်သန်းနေသူတွေလည်း မဟုတ်ပါဘူး။

လမ်းပျော်ကလေး၊ အိမ်ရာမဲ့ကလေး၊ တောင်းရမ်းစားသောက်တဲ့ကလေးလို့ လူအများသိထားကြတဲ့ ဒီကလေးတွေက လွန်ခဲ့တဲ့ ဧပြီလအထိ သူများဆီကပိုက်ဆံတောင်းတာ၊ စားစရာသောက်စရာတောင်းတာ၊ တွေ့တဲ့နေရာမှာအိပ်နေကြရပြီး မျှော်လင့်ချက်မရှိတဲ့ ဘဝမှာ ဖြစ်သလို နေခဲ့ရတာပါ။

အခုခါမှာတော့ သူတို့ဆီမှာ နေစရာ စားစရာတွေ၊ ပျော်ရွှင်မှုတွေ၊ ရည်မှန်းချက်တွေ၊ မျှော်လင့်ချက်တွေ တစ်ပွေ့တစ်ပိုက်နဲ့ ဘဝကိုရှေ့ဆက်ဖို့ ခွန်အားတွေ ရှိလာပါပြီ။

ဒီအိမ်ရာမဲ့ လမ်းဘေးကလေးတွေရဲ့ ဘဝမျှော်လင့်ချက်တွေကို ရှင်သန်စေသူက လက်မှုအနုပညာတွေ ဖန်းတီးသူ မဝေေ၀ငြိမ်းပါ။ မဝေေ၀ငြိမ်းက မြန်မာမှုအနုပညာလက်ရာတွေ၊ လက်မှုပစ္စည်းတွေနဲ့ ပန်းအလှဆင်တာတွေကို ပြုလုပ်နေပြီး ရိုးရာလက်မှု ပစ္စည်းအရောင်းဆိုင်ဖွင့်ထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

စမ်းချောင်း အနီးတစ်ဝိုက်မှာ ကျင်လည်ကျက်စားနေတဲ့ အိမ်ရာမဲ့ကလေးအချို့က သူမဆိုင်အနီးမှာ မကြာခဏ လာအိပ်နေ၊ ငွေကြေးလာတောင်းနေကြပါ။ သူက ဒီကလေးတွေတွေ့တိုင်း မုန့်ဖို့ပေး၊ မုန့်ပဲသရေစာ ပေးနေကျပါ။ ကလေးတွေကို ငွေကြေးနဲ့မုန့်ပဲသရေစာ ထမင်းဟင်းပေးကမ်းနေရင်းနဲ့ ကလေးတွေ လက်တလောကြုံတွေ့နေရတဲ့ ဒုက္ခတွေကို သိခဲ့ရပါတယ်။

ဒီအိမ်ရာမဲ့ ကလေးတွေက စမ်းချောင်းဝန်းကျင်မှာ လျှောက်သွားပြီး လမ်းသွားလမ်းလာတွေဆီငွေကြေးတောင်းရမ်းတာ၊ ရပ်ကွက်ကသူတွေဆီ တောင်းရမ်းစားသောက်တာ၊ လက်တိုလက်တောင်း အလုပ်တွေလုပ်ပြီး ဝမ်းရေးအတွက် ရှာဖွေစားသောက်တာတွေနဲ့ ကြုံသလို ဖြတ်သန်းနေတာပါ။

နေ့ခင်းဘက်မှာ ကြုံသလို သွားလာနေထိုင်စားသောက်ရင်း ညဘက်မှာတော့ လမ်းဘေးမှာဖြစ်စေ၊ သူတစ်ပါးဆိုင်တွေထဲ ဖြစ်စေ၊ညဘက်ဖွင့်တဲ့ ဂိမ်းဆိုင်တွေမှာ ဂိမ်းဆော့ရင်းဖြစ်စေ ဝင်အိပ်ရင်းနဲ့ နေထိုင်နေကြရပါတယ်။

အဲဒီလိုနေလာရင်းနဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ သူတို့အတွက် ခက်ခဲလာပါတယ်။ နေ့ဘက်ဆို ကိစ္စမရှိပေမဲ့ ညအခါမှာ မာရှယ်လောထုတ်ထားတာ ၊ မငြိမ်မသက်ဖြစ်စဉ်တွေကြောင့် သူတို့လည်း ဟိုဟိုဒီဒီ ပုန်းကွယ်ရင်းနဲ့ အိပ်ရတဲ့အတွက် ကောင်းကောင်း မအိပ်စက်ရပါဘူး။

ဒီအိမ်ရာမဲ့ ကလေးတွေကို ငွေကြေးနဲ့ မုန့်ပဲသရေစာပေးတဲ့အချိန်တိုင်း စကားပြောဆိုရင်း သူတို့ကြုံတွေ့နေရာတာတွေ သူတို့ ဒီလိုလိုက်လံ တောင်းရမ်းပြီး ဖြစ်သလိုနေတဲ့ ဘဝကနေ ပြောင်းလဲချင်စိတ်ရှိတာကို မဝေေ၀ငြိမ်းသိခဲ့ရပါတယ်။

ဒါကြောင့် ဒီကလေးတွေကို ငွေကြေးနဲ့ မုန့်ပဲသရေစာတွေပေးမဲ့အစား ရေရှည်အဆင်ပြေနိုင်မဲ့ နည်းလမ်းတစ်ခု လုပ်ဆောင်ဖို့ စဉ်းစားခဲ့ရာမှာ ခင်မင်ရတဲ့ ညီမတစ်ဦးက အိမ်ရာမဲ့ကလေးတစ်ဦးကို ရှမ်းခေါက်ဆွဲထုတ်လေးတွေ ရောင်းချဖို့ ကူညီထားတာရှိတဲ့အတွက် ဒီနည်းလမ်းအတိုင်း ကလေးသုံးယောက်ကို ပန်းရောင်းချဖို့ လုပ်ဆောင်ပေးဖြစ်ခဲ့ပါတယ်။

” ကလေးတွေကို မုန့်ဖိုးပေးတာထက်စာရင် သူတို့ရောင်းတာကို အားပေးမယ်ဆိုရင် အခြား အလုပ်မလုပ်တဲ့ ကလေးတွေပါ အလုပ်လုပ်ချင်စိတ်ဖြစ်လာမယ်ဆိုပြီး ဈေးရောင်းဖို့လုပ်ပေးဖြစ်တယ်၊၊ ” လို့ မဝေေ၀ငြိမ်းက ပြောပါတယ်။

ပန်းရောင်းချပြီး ငွေကြေးရှာဖွေဖို့အတွက် လိုအပ်တဲ့ပန်းတွေ၊ ပန်းတင်ဖို့ခုံတွေ စားပွဲတွေကို မဝေေ၀ငြိမ်းက စီစဉ်ပေးပြီးတဲ့ အခါ အိမ်ရာမဲ့ကလေးတွေရဲ့ ပန်းဆိုင်လေးက ဧပြီလကုန်မှာ ပေါ်ပေါက်လာခဲ့ပါတယ်။

ပန်းစတင်ရောင်းချတဲ့အခါ ပန်းတွေကိုအားပေးဖို့နဲ့ သူတို့အတွက် နေထိုင်စရာအိမ်ခန်းကို ခြောက်လစာ ငှားရမ်းပေးဖို့ ရည်ရွယ်ထားတဲ့ အကြောင်း လူမှုကွန်ရက်မှာ တင်လိုက်တဲ့အခါ ထင်မှတ်မထားဘဲ ကလေးတွေကို ငွေကြေးအရရော၊ စားစရာရော၊ ပညာဒါနအဖြစ်ထောက်ပံ့ကူညီပေးမဲ့သူတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

” အမက အိမ်ခန်းအတွက် ခြောက်လငှားပေးမလို့၊ သက်သက်သာသာ ငှားလို့ရမဲ့ အခန်းလေးရှိရင် ပြောပြပေးပါဆိုပြီးတင်လိုက်တာ မထင်မှတ်အောင် ကူညီတဲ့သူတွေပေါ်လာတာ အကုန်လုံးက ကူညီတော့အောင်မြင်သွားတယ်။ သူတို့ကံက ပြောင်းလဲဖို့ဖြစ်လာတဲ့အတွက်ကြောင့် အရမ်းကံကောင်းတယ်။” လို့ မဝေေ၀ငြိမ်းက ပြောတယ်။

ဒီကလေးတွေအတွက် ခေါက်ဆွဲခြောက်၊ ငပိကြော် ၊ ဘာလချောင်ကြော်၊ MASK တွေလှုဒါန်းတာ၊ လုပ်ငန်းရှင်အချို့ကလည်း သူတို့ထုတ်ကုန်တွေကို အရင်းအတိုင်းပေးပြီး ပြန်ရောင်းချဖို့ ကူညီတာတွေအပြင် ပြည်တွင်းပြည်ပက အလှုရှင် တွေက ငွေကြေးတွေပါပံ့ပိုးကူညီကြတဲ့အတွက် နေစရာအိမ်ခန်းကို တစ်နှစ်စာငှားရမ်းပြီး အခြားအသုံးအဆောင်တွေပါ ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။

” အိမ်ခန်းလေးရတော့ သူတို့အရမ်းဝမ်းသာသွားတယ်။ အလှုရှင်တွေ လှူတဲ့ငွေထဲက သူတို့လိုအပ်တဲ့ ဖုန်းတွေဝယ်ပေးတာ၊ အိမ်အတွက်လိုတဲ့ စရိတ်တွေကိုလည်းသုံးဖြစ်တယ်။ သူတို့တစ်ကိုယ်ရေအတွက် လိုတာတွေတော့ အမပဲစိုက်တယ်။ အလှုငွေထဲကမသုံးဘူး” လို့ မဝေေ၀ငြိမ်းက ဆိုတယ်။

ဒါ့အပြင် ဒီကလေးတွေက မိသားစုနဲ့ နေထိုင်စဉ်ကရော၊ လမ်းပေါ်ကျင်လည်ကျက်စားစဉ်ကပါ စိတ်ဒဏ်ရာအမျိုးမျိုးရခဲ့တဲ့ အတွက် စိတ်ပိုင်းဆိုင်ရာဆွေးနွေးပေးတဲ့သူတွေ၊ ဘာသာရပ်စာပေသင်ကြားပေးတဲ့သူတွေနဲ့ သူတို့ဝါသနာပါရာ ပညာရပ်တွေကိုလည်း သင်ကြားပေးနေပါတယ်။

မဝေေ၀ငြိမ်းက အိမ်ရာမဲ့ ကလေးတွေထဲက ကလေးသုံးယောက်နဲ့ အရင်ကတည်းက သိကျွမ်းခဲ့တဲ့အတွက် အကူအညီတွေပေးတဲ့အခါ သူတို့နဲ့ အတူနေထိုင်နေတဲ့ အခြားကလေးတွေကလည်း ပါဝင်ချင်တဲ့အတွက် စုစုပေါင်း ခြောက်ယောက်ကို ကူညီပေးဖြစ်ခဲ့ပါတယ်။

” ကျန်တဲ့ကလေးတွေကိုလည်းခေါ်ကြည့်သေးပေမယ့် ပါမလာကြဘူး။ သူတို့ရဲ့ စိတ်နေသဘောထား အရရော၊ သူတို့အပြစ် လုပ်ထားတာတွေကို ရှိန်နေတဲ့ သဘောလည်းပါတယ်။ အမတို့နဲ့ လိုက်လျောညီထွေစွာမပါလာဘူး။” လို့မဝေေ၀ငြိမ်းက ပြောပါတယ်။

ကလေးတွေကို ကိုယ့်ဘာသာရပ်တည်နိုင်အောင်ကူညီပေးနေပေမဲ့ ကလေးတွေကို မိဘတွေပြန်ခေါ်တာ၊ ပတ်ဝန်းကျင်က လူတစ်ချို့က ကလေးတွေကို ဝေဖန်တာတွေကြောင့် စိတ်ထိခိုက်ရတာရှိပါတယ်။

ကလေးခြောက်ယောက်ကို ကူညီပေးနေရင်းနဲ့ သူတို့အခြေအနေတွေ အဆင်ပြေစအချိန်မှာ ကလေးတစ်ယောက်ရဲ့ မိဘတွေကဆက်သွယ်တာ၊ အကြွးရှင်တွေ မကြာခဏရောက်လာတာကြောင့် သူကတော့ မိဘတွေနဲ့ ပြန်ပါသွားခဲ့ပါတယ်။

” အကြီးဆုံးကလေးတယောက်ဆို အမတို့ မထိန်းသိမ်းလိုက်ခင် ပြန်ပါသွားတယ်။ သူထွက်သွားတော့ စိတ်ဓာတ်ကျမိတယ်။ ကျန်ကလေးတွေလည်း ထွက်သွားမလားဆိုပြီး မိဘတွေကိုလည်း အပြစ်မတင်ပါဘူး၊ သူတို့လည်း ကျွန်တော်တို့လို အများကြီး တွေးမှာမဟုတ်ဘူးလေ”လို့ မဝေေ၀ငြိမ်းကပြောပါတယ်။

မေတ္တာတရားငတ်မွတ်နေပြီး ဖေးမမယ့်သူလိုအပ်နေတဲ့ ဒီကလေးတွေအတွက် အကူအညီပေးသူတွေ ဖြည့်ဆည်းပေးသူ တွေရှိချိန်မှာ မိဘတွေအနေနဲ့လည်း ကလေးတွေအတွက် စဉ်းစားပေးသင့်တယ်လို့ မဝေေ၀ငြိမ်းက ပြောပါတယ်။

” ကလေးတွေက မိဘတွေဆီက မေတ္တာတွေလိုအပ်နေတာ ၊ သူတို့ကို ကောင်းကောင်းမွန်မွန်မထားနိုင်သေးဘူးဆိုရင် ဒီတိုင်းပညာသင်ခွင့်ပေး အေးဆေးအိပ်ခွင့်ပေးပါ။ နေခွင့်ပေးဖို့ မျှော်လင့်တယ်” လိ့ု မဝေေ၀ငြိမ်းကဆိုတယ်။

စတင်ကူညီချိန်က ကလေးခြောက်ယောက်ရှိပေမယ့် လက်ရှိမှာတော့ ၁၉နှစ်၊ ၁၆နှစ်၊၁၅နှစ်၊ ၁၄နှစ်၊နဲ့ ၁၁နှစ်အရွယ် ကလေးငါးယောက်ပဲ ကျန်ရှိပြီး ညနေပိုင်းအချိန်မှာ ဈေးရောင်းတာ၊ သူတို့ ဝါသနာပါရာ ပညာရပ်တွေတွေယူတာ၊ လက်မှုပစ္စည်း သင်ယူတာတွေ လုပ်နေပါတယ်။

” ကလေးတွေက တော်တယ်၊ လိမ္မာတယ်။ လုပ်ပေးနေမှန်းသိတော့လေ။ တန်ဖိုးလည်းထားတော့ ပြောင်းလဲမှုအရမ်းမြန်ပြီး လူတွေပိုသိသွားတာပေါ့” လို့ မဝေေ၀ငြိမ်းကပြောပါတယ်။

ကလေးတွေနေစရာအိမ်ခန်းရပြီး သင်ကြားပေးနေသူတွေရှိပေမယ့် စည်းစနစ်တကျနေထိုင်တက်အောင်လည်း အချိန်ဇယားနဲ့ လုပ်ဆောင်စေတာ ၊ သူတို့ဝါသနာပါတဲ့ပညာရပ်တွေကို သင်ကြားပေးတဲ့သူတွေနဲ့လည်း ဆွေးနွေးတာတွေလည်း လုပ်ရပါသေးတယ်။

” သူတို့ကို သင်ပေးတဲ့ ဆရာဆရာမတွေနဲ့ ဒီကလေးတွေရဲ့ အားနည်းချက်အားသာချက်တွေ တိုင်ပင်တယ်။ ကလေးတွေ ကို counseling (နှစ်သိမ့်ဆွေးနွေး) လုပ်ပေးတယ်၊ စိတ်ဒဏ်ရာတွေသာ ပျောက်မယ်ဆိုရင် သူတို့အတွက် ဒီထက်ပိုကောင်းသွားမယ်။” လို့ ဆိုပါတယ်။

ဒါ့အပြင် ကလေးတွေက လက်မှုနဲ့အနုပညာလက်ရာတွေ ဖန်တီးလုပ်ဆောင်တာတွေကို စိတ်ဝင်စားတဲ့အတွက် ဈေးရောင်းတာအပြင် သူတို့ရဲ့ဖန်တီးမှုတွေပါတဲ့ မြန်မာမှုလက်ရာပစ္စည်းတွေကို လူတိုင်းဝယ်နိုင်တဲ့ဈေးနှုန်းနဲ့ ရောင်းချတဲ့ စီးပွား ထုတ်ကုန်တစ်ခု ဖန်တီးပေးဖို့လည်း မဝေေ၀ငြိမ်းက လုပ်ဆောင်နေပါတယ်။

” ကလေးတွေကိုကူညီဖို့ အလှုရှင်တွေဆီက လက်ခံနေတာထက် သူတို့ကိုယ်ပိုင်လက်မှုထုတ်ကုန် စီးပွားတစ်ခုကနေ သူတို့ဘဝရှေ့ရေးအတွက် ရပ်တည်နိုင်သလို အခြားဘဝတူကလေးတွေကိုလည်း ပြန်ထောက်ပံ့ကူညီလို့ရအောင်မျှော်မှန်း ထားပါတယ်” လို့ မဝေေ၀ငြိမ်းကပြောပါတယ်။

မဝေေ၀ငြိမ်းဖြစ်ချင်တဲ့ဆန္ဒကတော့ စောင့်ရှောက်သူ ကူညီပံ့ပိုးသူများရှိတုန်း ဝါသနာပါရာပညာကို တတ်ကျွမ်းအောင် တွေးခေါ်တတ်အောင် သင်စေချင်ပါတယ်။ ဒါမှသာ သူတို့မိဘတွေဆီ ပြန်ရောက်သွားလည်း ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်ပြီး အကောင်းအဆိုး တွေးခေါ်တတ်သွားမှာလို့ ဆိုတယ်။

” သူတို့ရတဲ့ဝင်ငွေနဲ့ အခြားကလေးတွေကိုလည်းလုပ်ပေးလို့ရတယ်ဆိုတာမျိုး ဖြစ်စေချင်တာ သူတို့သူငယ်ချင်းတချို့ လည်းတွေ့ထားတယ်။ တဖြည်းဖြည်းဆွဲခေါ်သွားမယ်။” လို့မဝေေ၀ငြိမ်းက ပြောပါတယ်။

မဝေေ၀ငြိမ်းရော အနယ်နယ်အရပ်ရပ်က အလှုရှင်တွေပါ စိတ်အားထက်သန်စွာနဲ့ ကူညီပေးမှုကြောင့် အိမ်ရာမဲ့ ကလေး ငါးဦးရဲ့ဘဝဟာ အချိန်တိုအတွင်း သိသိသာသာပြောင်းလဲခဲ့ပါပြီ။

အရင်လို ဗိုက်ဆာချိန်တိုင်း ပိုက်ဆံတောင်းရတာ၊ သူများတွေကျွေးမှစားရတာ၊ ညဘက်ကောင်းကောင်းမွန်မွန်မအိပ်ရတဲ့ အဖြစ်ကနေ အခုဆိုအချိန်မှန်မှန် စားသောက်ရပြီး၊ ညဘက်ဆို ကိုယ့်အိပ်ခန်းမှာပဲ ကောင်းကောင်းအိပ်ရတယ်လို့ အသက် ၁၁နှစ်အရွယ် မောင်ကျော်ဇောက ပြောပါတယ်။

” မကြီးတို့နေရာ (မဝေေ၀ငြိမ်း၏ဆိုင်)ကိုတွေ့တိုင်း ငါလည်းအိမ်လေးနဲ့နေချင်လိုက်တာဆိုပြီး တွေးတယ်။ အခု တကယ် လည်းနေနိုင်သွားတယ် ၊ ပျော်လွန်းလို့ အရမ်းတောင်ဆူဆူညံညံနေမိတယ်” လို့ မောင်ကျော်ဇော်ကပြောပါတယ်။

မိဘနှစ်ပါး ကွာရှင်းထားတဲ့ မောင်ကျော်ဇောက ဖခင်ဖြစ်သူရှိရာ ရန်ကုန်ကို အသက်ကိုးနှစ်အရွယ်မှာ ရောက်ရှိလာတာပါ။ ဖခင်က နောက်အိမ်ထောင်နဲ့ရတဲ့ ကလေးနဲ့မတည့်တော့ အမဖြစ်သူဆီမှာ နေထိုင်ခဲ့ရပါတယ်။

အမဆီမှာနေပေမယ့်လည်း စားဝတ်နေရေးအတွက် ပုလင်းခွံဗူးခွံကောက်ခိုင်းတာ၊ ပိုက်ဆံတောင်းရမ်းခိုင်းတာတွေကြောင့် အမ ဆီကနေလည်း ထွက်ပြေးလာပြီး စမ်းချောင်း-မြေနီကုန်းနားကို ရောက်ရှိလာတာပါ၊

စမ်းချောင်းမှာ သူ့လိုလမ်းပျော်ကလေးတွေနဲ့အတူ ကြုံသလိုအိပ်ကြုံသလိုစားနေခဲ့ပါတယ်။ တခါတရံကျွေးမဲ့သူမရှိလို့ ဗိုက်ဆာဆာနဲ့ အိပ်ခဲ့ရတဲ့အချိန်တွေလည်းရှိပြီး ပိုက်ဆံတောင်းတဲ့ကလေးဆိုကာ နှိမ့်ချဆက်ဆံခံရတာတွေလည်း ကြုံခဲ့ရတာပါ။

” သူများဆီ ပိုက်ဆံတောင်းရင်နှိမ်တာပေါ့ ။ တခါတုန်းက ဗိုက်ဆာလို့ အကိုကြီးနဲ့အမကြီးနှစ်ယောက်စီ ကြက်ကင်သွား တောင်းစားတာ ၊အဲ့ဒီကိုကြီးကမကျွေးဘဲ တုတ်ပဲပစ်ချခဲ့တာ၊ အဲ့ဒီလိုအရင်ဘဝပြန်မသွားချင်တော့ဘူး” လို့ မောင်ကျော်ဇောက ပြောပါတယ်။

လက်ရှိမှာတော့ မောင်ကျော်ဇောကအတူနေ အကိုတွေနဲ့အတူ ဈေးရောင်းကူညီတာ၊ စာပေသင်ကြားတာ၊ မဝေေ၀ငြိမ်း သင်ကြားပေးတဲ့ လက်မှုပညာနဲ့ ဟန်းမိတ်အိတ်လေးတွေ အလှဆင်တာ၊ ကျောက်ကလေးတွေစီတာတွေအပြင် သူဝါသနာပါရာ ပန်းချီပညာရပ်ကိုလည်း ပံ့ပိုးကူညီသူတွေကြောင့် သင်ကြားနေရပါပြီ။

ပန်းချီဝါသနာပါပြီး စာသင်ကြားရေးမှာလည်း ပျော်မွေ့သူ မောင်ကျော်ဇောက ပန်းချီဆရာဖြစ်ချင်တဲ့ အိမ်မက်ရှိတဲ့အတွက် ပန်းချီကိုကြိုးစားသင်ပြီး သူတို့ကိုကူညီသူတွေကို ပန်းချီပညာနဲ့ ကျေးဇူးပြန်ဆပ်ချင်သလို သူ့လို ဘဝတူလမ်းဘေး ကလေး တွေကိုလည်း ကူညီပေးချင်တယ်လို့ ယခုလိုဆိုပါတယ်။

“ သားကပန်းချီသင်နေတာ၊ အခုနည်းနည်းဆွဲတတ်ပြီ။ သားတို့ကို လှုဒါန်းပေးတဲ့ အလှုရှင်တွေကိုလည်း ပုံဆွဲပေးမယ်။ သူတို့ကို ကျေးဇူးပြန်ဆပ်မယ်။ ပြီးတော့မကြီးက သားတို့ကိုကူညီတော့ သားတို့လည်း ဒုက္ခရောက်တဲ့ကလေးတွေကို ပြန် ကူညီပေးချင်တယ်”

Related Articles