Home ဆောင်းပါး “ရဲနဲ့ စစ်သားက လူဆိုးတွေလားမေမေ…”

“ရဲနဲ့ စစ်သားက လူဆိုးတွေလားမေမေ…”

မြတ်စုမွန်
ဖေဖော်ဝါရီ နောက်ဆုံးပတ်လောက်ကတည်းကစပြီး စစ်တလင်းပြင်လိုဖြစ်လာတဲ့ ရန်ကုန်မြို့က အိမ်တွေ၊ အထပ်မြင့် တိုက်ခန်းတွေထဲမှာ စိုးရိမ်ထိတ်လန့်ပြီး စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ ခံစားနေရတဲ့ ကလေးငယ်တွေ ရှိနေကြပါတယ်။

ကလေးငယ်တွေဟာ ကိုဗစ်ကပ်ရောဂါကြောင့် နေအိမ်အပြင်ကို မထွက်ရဘဲ တနှစ်ပတ်လုံး နေခဲ့ရရာကနေ ရုတ်ချည်း ဆို သလို သေနတ်သံတွေ၊ အသံဗုံးတွေနဲ့ မျက်ရည်ယိုဗုံးတွေကို ရင်ဆိုင်လိုက်ရတယ်။ ဆိုးရွားခါးသီးတဲ့ အတွေ့အကြုံ တွေကြောင့် ကြောက်ရွံ့တုန်လှုပ်ပြီး၊ စိတ်ဖိစီးမှုတွေခံစားနေရတဲ့ ကလေးငယ်တွေထဲမှာ ဗဟန်းမြို့က ၆နှစ်အရွယ် သမီး လေး ကွန်းကွန်းလည်း ပါဝင်ပါတယ်။

မတ်လဆန်းမှာ မျက်ရည်ယိုဗုံးဒဏ်ကို အလူးအလဲခံစားခဲ့ရတဲ့ ကွန်းကွန်းတို့မိသားစုဟာ အဲဒီနေ့က အိမ်ထဲမှာ ရှိနေ ခဲ့ပါတယ်။

ပြူတင်းတံခါးတွေ ပိတ်မထားမိတဲ့သူတို့ရဲ့ ၅လွှာတိုက်ခန်းနံရံကို မျက်ရည်ယိုဗုံးလာမှန်ပြီး အိမ်ထဲထိဝင်လာတဲ့ မီးခိုးငွေ့ တွေကြောင့် အသက်ရှုမဝဖြစ်တဲ့ဒါဏ်ကို အလူးအလဲခံစားပြီးတဲ့နောက်မှာ ရဲနဲ့စစ်သားတွေကို သူပေးခဲ့တဲ့နာမည်က “လူဆိုး” ပါ။

မျက်ရည်ယိုဗုံးဒါဏ်ကြောင့် အသက်ရှုကြပ်တာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာကို ကွန်းကွန်းတယောက် ခံစားခဲ့ရသလို သူတို့ လမ်းထဲက ငယ်ရွယ်တဲ့ကလေးငယ်တွေဟာလည်း ချောင်းဆိုး၊ ရင်ကြပ်ဖြစ်တာ၊ စိုးရိမ်ထိတ်လန့် မှုကြောင့် ဖျားနာတာတွေ ခံစားခဲ့ကြရပါတယ်။

သူတို့မိသားစုဟာ အရင်ရက်တွေကတည်းက စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက လူနေ ရပ်ကွက်တွေထဲထိဝင်ပြီး လက်နက်တွေနဲ့ ပစ်ခတ်တာတွေ ရှိခဲ့လို့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေကို ခံစားနေရတယ်။

ရပ်ကွက်ထဲက ကင်းစောင့်တာဝန်ယူထားသူက လမ်းထဲကို ပြေးဝင်လာပြီး စစ်သားတွေ၊ ရဲတွေ လာပြီ၊ သတိထားနေကြပါ လို့ အော်ဟစ်အချက်ပြလိုက်တယ်ဆိုရင် ကလေးကို ခွံ့လက်စထမင်းပန်းကန်ကို အမြန်ချ၊ အိမ်တံခါးတွေဆွဲပိတ်ရတယ်။ ကလေးကိုကောက်ချီပြီး စိုးရိမ်ထိတ်လန့်မှုတွေနဲ့ တခုခုကိုအသင့်အနေအထား စောင့်နေရတဲ့နေ့တွေကို အကြိမ်ကြိမ် ကျော်ဖြတ်ခဲ့ရသလို၊ ညဘက်တွေမှာ စိတ်ချလက်ချ မအိပ်ရဲတဲ့ သောကတွေကို ခံစားခဲ့ရပါတယ်။

လူနေရပ်ကွက်တွေထဲထိဝင်ပြီး အကြမ်းဖက်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်သားနဲ့ရဲတွေရဲ့ ရန်ကို ကာကွယ်ဖို့ တုတ်၊ ဓားနဲ့ လေးခွတွေ အသင့်ပြင်ဆင်ထားကြတဲ့ ရပ်ကွက်ထဲက လူကြီးတွေရဲ့ စိုးရိမ်ပူပန်မှုတွေ၊ မိဘတွေရဲ့ စိုးရိမ်တကြီးနဲ့ အိမ်တံခါးပြေးပိတ်သံ၊ မိဘတွေရဲ့မျက်နှာအမူအယာပျက်နေတာတွေကို မြင်ရတဲ့အခါ အဲဒီလို မလုံခြုံတဲ့ စိတ်ခံစားချက် တွေဟာ ၆နှစ်အရွယ် သမီးလေးကိုလည်း ကူးစက်လာစေခဲ့တယ်။

“ ညဘက်အိပ်ခါနီးကျတော့ သူ့ကိုလည်း တုတ်တချောင်းပေးထားပါလို့ တောင်းတယ်၊ သူ့ကိုယ်သူ လုံခြုံမှုရှိတယ်လို့ ခံစား ရအောင် သူ့အိပ်ယာဘေးမှာ တုတ်သေးသေးလေးတချောင်း ချထားပေးရတယ်၊ ဒါမှအိပ်ပျော်တယ်”လို့ ကွန်းကွန်းရဲ့ မိခင်က ပြောပြတယ်။

ရဲနဲ့စစ်သားတွေအပေါ် မယုံကြည်မှုနဲ့ လူဆိုးနာမည်ပေးခဲ့တာ ကွန်းကွန်းတယောက်တည်းလားဆိုတော့မဟုတ်ပါဘူး။ ကွန်းကွန်းတို့လမ်းထဲက ကလေးတွေဟာ ရဲတွေမလာတော့တဲ့နေ့တွေမှာ အိမ်ပြင်ထွက်ပြီး ကစားကြရင် သူတို့ရဲ့ကစား နည်း အသစ်က ရဲဖမ်းတမ်းပါ။

“ လမ်းထဲက ကလေးတွေက အရင်က လူဆိုးဖမ်းတမ်းကစားတယ်၊ အဲဒီနောက်ပိုင်းမှာ ရဲဖမ်းတမ်းကစားကြတော့တာပဲ” လို့ ကွန်းကွန်းရဲ့မိခင်မချမ်းက ပြောပြပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ အကြမ်းဖက်ခံရတဲ့ အဖြစ်အပျက်ဟာ ကလေး တွေရဲ့ ပုံမှန်ဘဝတွေအပေါ် ဆိုးကျိုးတွေဖြစ်နေစေတယ်ဆိုတာ ငြင်းလို့မရတဲ့ သက်သေသာဓကတွေများစွာ ရှိနေပါတယ်။

ရဲနဲ့ စစ်သားဆိုတာ ပြည်သူကိုကာကွယ်ပေးတဲ့လူတွေလို့ သိနားလည်ထားတဲ့ ကလေးတွေရဲ့စိတ်မှာ အထင်ကြီးမှုနဲ့ အား ကိုးမှုတွေက အမြစ်တွယ်နေတာတွေကို အခု သူတို့ကြုံလိုက်ရတဲ့ အတွေ့အကြုံတွေက ပြောင်းပြန်ဖြစ်သွားစေခဲ့တယ်။

အသက် ၄ နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ အဒေါ်ဖြစ်သူ မသဲသဉ္ဇာက “အိမ်ကတူကတော့ သူ ကြီးလာရင် ရဲပဲလုပ်မှာ လို့ပြောတာ၊ သူ့အမေက ရဲတွေက လူတွေကိုသတ်နေတာလို့ပြောတော့ သူက အခုလိုရဲမျိုးမဟုတ်ဘူး၊ ဒီရဲတွေကို ပြန်ချတဲ့ ရဲပဲလုပ်မှာလို့ ပြောတယ်၊ ရဲလုပ်မယ်ဆိုတာက နည်းနည်းမှမလျှော့ဘူး”လို့ ပြောပြတယ်။

မိသားစုနဲ့အတူ အိမ်ထဲမှာနေရင်း မျက်ရည်ယိုဗုံးဒါဏ်ခံခဲ့ရတဲ့ ကွန်းကွန်းလိုပဲ သေနတ်၊ အသံဗုံးနဲ့ မျက်ရည်ယိုဗုံး ပစ်ခတ်သံတွေကို ကြားခဲ့ရတာကြောင့် ညဘက်မှာ ကောင်းကောင်းအိပ်မပျော်တာ၊ စိတ်မလုံခြုံမှု၊ စိုးရိမ်မှုတွေနဲ့ အကာ အကွယ်ဖြစ်မယ်ထင်တဲ့ ချောင်တွေထဲကို ဝင်ပုန်းတာတွေ၊ အိပ်မက်ဆိုးတွေ မက်တာ၊ အပြင်သွားနေတဲ့ မိသားစုဝင်တွေ အတွက် စိုးရိမ်ပူပင်တာ စတဲ့ စိတ်ဖိစီးမှု တွေကို တခြားကလေး ငယ်တွေလည်း ခံစားနေရပါတယ်။

အရုပ်ကလေးများသာ ရှိနေရမည့် သမီးငယ် ကွန်းကွန်း၏ အိတ်ကလေးထဲ လေးခွကဲ့သို့ ကာကွယ်ရေးပစ္စည်းရောက်ရှိလာနေသည်မှာ ကလေးငယ်၏ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုကို လှစ်ဟပြနေသည်။

စစ်တပ်ကအာဏာသိမ်းတာကို အလိုမရှိကြောင်း ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒထုတ်ဖော်နေကြတဲ့ ရန်ကုန်မြို့၊ လှည်းတန်းက လူထုကို စစ်တပ်နဲ့ရဲက အကြမ်းဖက်ဖြိုခွဲတော့ လူနှစ်ဦးသေဆုံးခဲ့တယ်။ အဲဒီအခင်းဖြစ်တဲ့နေရာနဲ့ ကိုက်နှစ်ရာလောက် သာဝေးတဲ့ လှည်းတန်း ၇ လမ်းထဲက ငါးနှစ်ဝန်းကျင်အရွယ် ကလေးငယ်တယောက်ကတော့ မောင်အောင် ကောင်းပြည့် ပါ။

အရုပ်တွေ၊ ကားတွေနဲ့ ဆော့ကစားနေရင်း သူ့ဘဝမှာ ပထမဆုံးကြားလိုက်ရတဲ့ သေနတ်သံ၊ အသံဗုံးခွဲသံတွေကြောင့် အဲဒီနေ့က အိမ်ရှေ့က အိမ်နောက်ကို ဆောက်တည်ရာမရ ပြေးလွှားနေခဲ့ပါတယ်။ သေနတ်သံတွေဟာ လမ်းထိပ်က ကြားရတာမဟုတ်တော့ဘဲ သူတို့တိုက်ရဲ့ နောက်ဘက်လမ်းကြားထဲထိ ရောက်လာတဲ့အခါ သူ့အတွက် လုံခြုံမယ်လို့ ထင်တဲ့ ချောင်လေး ထဲကို ဝင်ပုန်းနေခဲ့တယ်။

သေနတ်သံတွေကို နောက်ရက်တွေမှာပါ ဆက်တိုက်ကြားလာတဲ့အခါမှာတော့ သူ့မျက်နှာမှာ ကြောက်လန့်တဲ့ အမူအရာ မတွေ့ရတော့ဘဲ သေနတ်သံကြားတာနဲ့ အိမ်တံခါးတွေကို ကိုယ်တိုင်လည်းလိုက်ပိတ်သလို မိသားစုဝင်တွေကိုလည်း လိုက်ပိတ်ဖို့ သူက နှိုးဆော်ပါတယ်။ ပြီးရင်တော့ သူပုန်းနေကြ ချောင်ထဲကို ဝင်သွားတတ်ပါတယ်။

အဖေနဲ့အမေ အလုပ်သွားလို့ ပုံမှန်အချိန် ပြန်မရောက်ရင် “မေမေတို့ ပြန်မရောက်သေးဘူးနော် ဘွားဘွား။ လမ်းမှာ ငပိတွေနဲ့တိုးနေလား မသိဘူး” လို့ စိုးရိမ်စိတ်နဲ့ မေးတတ်တယ်။

ငပိဆိုတာကတော့ ရဲတွေကို သူ့ဘာသာသူပေးထားတဲ့နာမည်ပါ။ သူ့အဘွားငပိချက်တဲ့အခါ ငပိနံ့ကို မကြိုက်တဲ့အတွက် ရဲတွေကိုလည်း ငပိလို့ သူက နာမည်ပေးထားတာပါ။

အရင်တုန်းက ကားအရုပ်တွေနဲ့သာ ဆော့ကစားတတ်ပေမယ့် အခုအခါမှာတော့ ဆန္ဒပြတမ်းဆော့တာ၊ ဆန္ဒပြသံချပ်ထိုး တာ၊ ကမ္ဘာမကြေသီချင်းဆိုတာမျိုးတွေနဲ့ ဆော့ကစားတတ်တယ်လို့ မောင်အောင်ကောင်းပြည့်ရဲ့ အဘွားကဆိုပါတယ်။

နေ့စဉ် ည ၈နာရီရောက်ပြီဆိုရင်တော့ လှည်းတန်း(၇) လမ်းက လမ်းသူ၊ လမ်းသားတွေအပါအဝင် မောင်အောင်ကောင်း ပြည့်ကိုယ်တိုင်လည်း သံပုံးတီးပါတယ်။ သံပုံးတီးလို့ ၁၅ မိနစ်ပြည့်ပြီဆိုရင် မိသားစုဝင်တွေကိုဆက်မတီးဖို့ သူကပဲ တားပါတယ်။ ပြီးရင်တော့ ကမ္ဘာမကြေဘူး သီချင်းကို ဆိုပါတယ်။

ညဘက်မှာ နှက်နှက်ခြိုက်ခြိုက်အိပ်မပျော်တာ၊ အိပ်မက်ဆိုးမက်တာတွေရှိလားဆိုတာကိုတော့ အဘွားဖြစ်သူက အခုလို ပြောပြပါတယ်။

“ ညဘက်အိပ်မရဘူး၊ အိပ်မက်ထဲမှာ ငပိတွေက သေနတ်နဲ့လိုက်ပစ်လို့တဲ့၊ ကလေးဆိုတော့ လူကြီးတွေ ပြောသလို လိုက် ပြောတာပဲလား၊ တကယ်လားတော့ မသိဘူး၊ အိပ်နေရင်း ဟိုဘက်ဒီဘက် လူးလှိမ့်တာ၊ ဖနောင့်ဆောင့်တာမျိုးတော့ ခဏခဏလုပ်တယ်” လို့ သူ့အဘွားက ပြောပြတယ်။

ကွန်းကွန်းရဲ့မိခင် မချမ်းကလည်း “ကလေးက ညညဆိုအိပ်မပျော်ဘူး၊ ရဲတွေလာနေပြီလားဆိုတာ ခဏခဏ ထထ မေးတယ်၊ တံခါးတွေပိတ်ထားနော်ဆိုတာမျိုး သူမအိပ်ခင်မှာ ထပ်ခါထပ်ခါပြောတယ်၊ တကယ်လို့ ရဲတွေလာရင် မေမေက ဘာလုပ်ပေးမှာလဲ ဆိုတာမျိုးမေးတယ်၊ အဖေဖြစ်ဖြစ်၊ အမေဖြစ်ဖြစ် အပြင်ကိုသွားရင် ကျန်ခဲ့တဲ့သူကို မေးတယ်၊ မေမေ့ကို ရဲတွေက သတ်လိုက်ကြပြီလားလို့ မေးတယ်”လို့ ပြောပြပါတယ်။

ကလေးတွေဟာ သူတို့ကိုယ်တိုင် သေနတ်သံတွေ၊ အသံဗုံးတွေ၊ မျက်ရည်ယိုဗုံးဒဏ်တွေကို ကိုယ်တိုင် ခံစား ရတာရှိသလို တခြားသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်နေတာတွေကို မြင်တွေ့ရတာတွေ ရှိတယ်။

ဒါ့အပြင် သူတို့ရဲ့မိဘတွေကို ဆုံးရှုံးလိုက်ရတာတွေ၊ သူတို့မျက်စိရှေ့တင်မှာပဲ သူတို့ရဲ့မိသားစုဝင်တွေကို အကြမ်းဖက်ရိုက် နှက်တာ၊ အိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးတာနဲ့ မိသားစုဝင်တွေ သေဆုံးတာကို မြင်တွေ့ ခံစားခဲ့ကြရတယ်။

စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုအပြင် ကချင်ပြည်နယ်မှာ ကလေးငယ်တွေ ကိုယ်ထိလက်ရောက်ရိုက်နှက်ခံရတာနဲ့ မန္တလေးမြို့မှာ သေဆုံးတဲ့အထိ ရှိခဲ့တယ်လို့လည်း ကမ္ဘာ့ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF)ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြ ထားတာတွေ့ရတယ်။

အာဏာသိမ်းမှုအလိုမရှိကြောင်း လူထူဆန္ဒထုတ်ဖော်တဲ့ သပိတ်စစ်ကြောင်းတွေကို စစ်တပ်နဲ့ရဲတို့က လက်နက်နဲ့ ဖြိုခွင်း လိုက်တဲ့နောက်မှာ သူရဲကောင်းပင့်ကူလူသားဝတ်စုံလေး ဝတ်ထားတဲ့ ၈နှစ်ဝန်းကျင်အရွယ် ကလေးငယ်တစ်ယောက်ရဲ့ ဦးခေါင်းကိုလေးခွနဲ့ပစ်ခံရတာ၊ မျက်ရည်ယိုဗုံးငွေ့ဒဏ်ကို အနီးကပ်ခံစားလိုက်ရတဲ့ လသားအရွယ်ကလေးငယ်ကို ပွေ့ချီပြီး ထွက်ပြေးလာတဲ့ ဖခင်တယောက် စတဲ့မြင်ကွင်းတွေကို တနိုင်ငံလုံးက လူတွေက မြင်တွေ့ခဲ့ကြတယ်။

ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ အစည်းတခုဖြစ်တဲ့ Save The Children ကလည်း အခုဖြစ်ရပ်တွေဟာ ကလေးငယ်တွေအတွက် ရေရှည်မှာ စိတ်ဒါဏ်ရာတွေရစေနိုင်တဲ့အတွက် ကလေးငယ်တွေ ထပ်ပြီးထိခိုက်မှုမဖြစ်ခင် ကလေးတွေအပေါ် အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ ကလေးသူငယ်အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ အကြိမ်ကြိမ်တောင်းဆိုထားတာ တွေ့ရပါတယ်။

ဒါပေမယ့် အာဏာသိမ်းစစ်တပ်ဟာ အကြမ်းဖက်မှုတွေကို ပိုတိုးလို့သာ လုပ်လာခဲ့ပါတယ်။ စစ်သားနဲ့ ရဲတွေဟာ သူတို့ကို ကာကွယ်ပေးမယ့်သူ မဟုတ်ဘူးဆိုတာ သိသွားတဲ့နောက်မှာ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေကို ခံစားလာရတဲ့ ၆နှစ်အရွယ် သမီးဖြစ်သူကို အားပေးနက်သိမ့်ဖို့အတွက် မချမ်းက ကြိုးစားနေပါတယ်။

“ သူ့အပေါ်မှာ အရင်ကထက် စိတ်ရှည်ပေးရတယ်၊ သူပြောတဲ့စကားကို ဂရုစိုက်နားထောင်ပေးရတယ်၊ အပြင်ကို ထွက်လို့ မရတော့ဘူးဆိုတော့ အိမ်ဟာ သူအတွက် ပျော်စရာကောင်းအောင် ဖန်တီးပေးထားရတယ်”လို့ သူက ပြောပါတယ်။

ဒါ့အပြင် ကလေးတွေရဲ့ စိတ်ဖိစီးမှုဟာ ရဲနဲ့စစ်သားတွေလာတာခဏတဖြုတ် ကျဲပါးသွားလို့ အပြင်ထွက်လို့ရတဲ့ ရက်မှာ တရပ်ကွက်ထဲနေ အရွယ်တူကလေးတွေနဲ့ ကစားဖော်ရအောင် လိုက်လုပ်ပေးရတာမျိုးတွေနဲ့ ကုစားပေးဖို့ ကြိုးစားနေ တယ်လို့ မချမ်းက ပြောပြတယ်။

ကိုဗစ်ကြီးပြီးသွားရင် ကစားကွင်းတွေသွားကြမယ်၊ ခရီးတွေထွက်ကြမယ်၊ ပင်လယ်ကမ်းခြေကိုသွားကြမယ်ဆိုတဲ့ အရာ ဟာ တနှစ်တာလုံး အိမ်တွင်းအောင်းနေရတဲ့ ကလေးတွေအတွက် အလှပဆုံး၊ ပျော်စရာအကောင်းဆုံး မျှော်လင့်ချက်ပါ။ ဒါပေမယ့် အဲဒီမျှော်လင့်ထားတာတွေအစား သူတို့ရုတ်တရက် ရရှိလိုက်တာကတော့ စစ်တလင်းပြင်လိုဖြစ်နေတဲ့ သူတို့အိမ် ရှေ့လမ်းတွေ၊ သူတို့ရပ်ကွက်နဲ့ သူတို့နေထိုင်တဲ့ မြို့ကြီးပါပဲ။

“သမီးလေးကို ညနေဖက် အပြင်ထွက်ဆော့ဖို့ခေါ်တိုင်း ကလေးက သူ့အိတ်လေး ကောက်ကောက်လွယ်တာ တွေ့တော့ အဲဒီအိတ်ကို စစ်ကြည့်လိုက်တယ်၊ အရုပ်သေးသေးလေးတခုရယ်၊ လေးခွသေးသေးလေး တခုရယ်၊ ဖန်ဂေါ်လီကြီးကြီး တလုံးရယ်တွေ့တယ်၊ စိတ်မကောင်းပေမယ့် ပြုံးမိတယ်” လို့ မချမ်းက ကွန်းကွန်းနဲ့ ပတ်သက်ပြီး သူ့လူမှုကွန်ရက်စာ မျက်နှာမှာ စာလေးတပိုဒ် ရေးတင်ခဲ့တယ်။

ကိုဗစ်ကပေးတဲ့ စိတ်ဖိစီးမှုကို မကုစားပေးနိုင်ခင်မှာ၊ အာဏာရှင်တွေပေးတဲ့ သေနတ်သံ၊ အသံဗုံးသံနဲ့ မျက်ရည်ယို ဗုံးသံတွေက သူတို့ကို စိတ်ဖိစီးမှုပိုပေးခဲ့တယ်၊ မလုံခြုံတဲ့ ခံစားချက်ကို ပေးခဲ့တယ်၊

အဲဒီအခြေအနေကြီးကို မောင်အောင်ကောင်းပြည့်က အမြန်ဆုံးကျော်လွန်စေချင်နေပါပြီ။ ဒါကြောင့် သူက “လူဆိုးတွေ ဘယ်တော့သေမှာလဲ ဘွားဘွား” လို့ မကြာခဏမေးတတ်တယ်။

“ မကြာတော့ဘူးသားသားရဲ့” လို့ အဘွားဖြစ်သူက ပြန်ဖြေလိုက်ရင် ကိုဗစ်ကာလမှာ သွားလည်ပတ်ခဲ့တဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမဘေးက Shwe Yoe Farm အပန်းဖြေစခန်းကိုသွားလို့ရတော့မယ့်အကြောင်း သူက အခုလိုပြောပါတယ်။

“အဲဒါဆိုရင် သားတို့ ရွှေရိုးဖန်း(Shwe Yoe Farm)ကို သွားလို့ရတော့မှာပေါ့”

Related Articles