Home ဆောင်းပါး “သားသမီးအတွက် သောကပွေကြရသည့် မိခင်များ”

“သားသမီးအတွက် သောကပွေကြရသည့် မိခင်များ”

Honest Information (HI)

ဒေါ်အေးတစ်ယောက်ဒီရက်ပိုင်းမှာ ညညဆိုကောင်းကောင်းအိပ်မပျော်။

မသင်္ကာတဲ့လူငယ်တွေကို ဖမ်းစီးစစ်ဆေးတာ၊ ဧည့်စာရင်းဝင်စစ်ရင်း လူငယ်အမျိုးသားတွေဆိုရင်ဖမ်းဆီးတာ၊ ပေါက်ကွဲ ပစ်ခတ်မှုတွေဖြစ်တိုင်းအနီးအနားက လူငယ်တွေစစ်ဆေးခံရတာ စတဲ့သတင်းတွေကြားပြီးတဲ့နောက် အိမ်ကသားနဲ့ တူတွေ အတွက် စိတ်ပူနေရတာကြောင့်ပါ။

စိုးရိမ်ပူပန်မှုက အခုမှစတာတော့မဟုတ်ဘဲ အာဏာသိမ်းပြီးကတည်းကပါ။

လမ်းမတွေပေါ်မှာဆန္ဒပြပွဲတွေ ရှိတုန်းကလည်း ဆန္ဒပြသူတွေကိုအကြမ်းဖက် ဖမ်းဆီးတာတွေရှိတော့ နေ့စဉ်ဆန္ဒထွက်ပြတဲ့ သူ့ရဲ့သားနဲ့တူတွေ ဖမ်းဆီးရိုက်နှက်ခံရမလားတွေးပူရ၊ အခုကျတော့လည်း အဖမ်းအဆီး အစစ်အဆေးတွေ ပိုများလာသလို၊ ဒီနေ့ဖမ်းသွားပြီး နောက်နေ့ သေဆုံးတယ်ဆိုတဲ့ သတင်းပဲကြားပြီး မိသားစုတွေမှာ အလောင်းတောင် ပြန်မရတဲ့ ဖြစ်စဉ်တွေကြောင့် နေ့စဉ်နဲ့အမျှ တွေးပူနေရပါတယ်။

“အရင်ကတော့ သားယောကျာ်းလေးမွေးထားလို့ ထောင်အပြင် တန်းမရှိဘူးပေါ့၊ အခုက ဖမ်းသွားပြီ နောက်နေ့ သေပြီဆိုပြီး အလောင်းတောင်မရတဲ့ သူတွေရှိတော့ ကိုယ့်ကလေးတွေအတွက် တွေးမိတိုင်းစိတ်ပူရတယ် ” လို့ သာကေတမြို့နယ်မှာ နေထိုင်တဲ့ သားသမီးနှစ်ဦးမိခင် ဒေါ်အေးက ပြောတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) က အရေးပေါ်အခြေအနေ ကြေငြာပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေရာအနှံ့မှာ လုံခြုံရေးတင်းကျပ်ပြီး ဖမ်းဆီးတာတွေ ခပ်စိပ်စိပ်ကြုံလာရတဲ့အခါ မိခင်တွေခမျာ သောကဝေရပါတယ်။

မြို့ပေါ်က ရပ်ကွက်အချို့မှာ ပေါ်တာဆွဲတယ်၊ စစ်မှုထမ်းဖို့ ယောကျာ်းလေးတွေကို စာရင်းကောက်တယ်စတဲ့ အွန်လိုင်းပေါ်က သတင်းတွေကြောင့်လည်း သားယောကျာ်းလေးရှိတဲ့ မိခင်တွေအတွက် စိုးရိမ်ရေမှတ် မြင့်တက်လာပါတော့တယ်။

လူငယ်တွေကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေကိုမြင်ပြီး စိတ်မကောင်း ဖြစ်ရတယ်လို့ အင်းစိန်မြို့နယ်က ဒေါ်ခင်ဆွေက ပြောပါတယ်။

“သားသမီးချင်း ကိုယ်ချင်းစာပြီး စိတ်မကောင်းဘူး။ ကိုယ့်ကလေးသာ ဆိုတဲ့အတွေးနဲ့ စိုးရိမ်တယ်” လို့ ဒေါ်ခင်ဆွေက ပြောတယ်။

ဒေါ်ခင်ဆွေရဲ့ သားနှစ်ဦးကလည်း အလုပ်ကြောင့် နေ့စဉ်အပြင်ထွက်ရတော့ သူတို့အတွက် စိတ်ပူနေရပါတယ်။ အလုပ်တာဝန်ကြောင့် မသွားမဖြစ်လို့သာ သွားနေရပေမယ့် မိခင်ဆီ မကြာခဏဖုန်းဆက်ခိုင်းတာ၊ တနေရာရာမှာ ပေါက်ကွဲ ပစ်ခတ်မှု သတင်းတွေကြားတိုင်း ဖုန်းဆက်မေးတာတွေ လုပ်နေရတယ်လို့ ဆက်ပြောပါတယ်။

“အပြင်သွားရင် အစစအရာရာ သတိထားပါလို့မှာမိတယ်။ ဖြစ်နိုင်ရင်ဘယ်မှမသွားစေချင်ဘူး” လို့ ဒေါ်ခင်ဆွေကပြောတယ်။

မြို့ပြကမိခင်တွေ စိုးရိမ်ကြောင့်ကြနေရတဲ့အခြေအနေဟာ တိုင်းရင်းသားဒေသက မိခင်တွေအတွက်ကတော့ နှစ်ပေါင်း များစွာကတည်းက မကြာခဏ ကြုံနေရတဲ့ ဖြစ်ရပ်တွေပါ။

“ယောကျာ်းလေးတွေကိုပေါ်တာဆွဲတာ၊ သူပုန်ဆိုပြီး ဖမ်းဆီးတာတွေက အရင်ကတည်းကကြုံရတာ၊ အခုနိုင်ငံရေး အခြေအနေ ဒီလိုမျိုးဖြစ်နေတဲ့ အချိန်မှာပိုပြီးမှကြောက်ကြတယ်။ ဘယ်အချိန်မှာ အဲ့ဒီလို ပြန်ဖြစ်လာမလဲဆိုတာ ကြောက်ရတယ်” လို့ ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်ဘေးရှောင်စခန်းမှာနေထိုင်တဲ့ လွေးဒီဒီကပြောပါတယ်။

လွေးဒီဒီတို့ ရှမ်းပြည်မှာက စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအများအပြားရှိပါတယ်။

မြို့ပေါ်ကို စစ်ဘေးရှောင်အဖြစ် မပြောင်းရွှေ့လာခင်၊ ရွာမှာနေထိုင်ခဲ့စဉ်က စစ်တပ်ကရွာထဲဝင်လာပြီး လူလတ်ပိုင်း ယောကျာ်းလေးတွေကို ဖမ်းဆီးပြီး ပစ္စည်းသယ်ခိုင်း၊ လမ်းပြအဖြစ်ခိုင်းစေတာမျိုးတွေကို ကြားသိတွေ့မြင်ခဲ့ရသူပါ။

“ရွာကိုလာရင် ရွာသားတွေကိုစုခေါ်တယ်၊ ပြီးရင်လူကြီးတွေက အိမ်ပြန်လွတ်တယ်။ လူငယ်တွေကို ခေါ်ပြီး ပစ္စည်းသယ်ခိုင်း လမ်းပြခိုင်းတာ၊အဲ့လိုသွားရင်းနဲ့ လမ်းမှာပေါက်ကွဲမှုတွေကြုံတာလည်းရှိတယ်။ တစ်လကြာမှ လူတွေပြန်လာတာရှိတယ်” လို့ လွေးဒီဒီက ပြောတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်တပ်တို့က ရွာသားတွေကို ပေါ်တာဆွဲခိုင်းစေတာ၊သူပုန်အဖြစ်စွပ်စွဲပြီး ရိုက်နှက် သတ်ဖြတ်တာတွေကြောင့် ရွာတွေထဲ လက်နက်ကိုင်တွေ ဝင်လာပြီဆိုရင် ယောကျာ်းလေးတွေက ထွက်ပြေး ပုန်းရှောင်ရ တာရှိတယ်လို့ ဆက်ပြောတယ်။

“ရွာထဲမှာ လက်နက်ကိုင်ဖြစ်ဖြစ်၊ တပ်မတော်ဖြစ်ဖြစ်ရောက်လာပြီဆိုရင် ယောကျာ်းလေးတွေ ထွက်ပြေးရတယ်။ ကျွန်မတို့ ရွာလည်းကြုံဖူးတယ်။ တပ်မတော်လာတော့ ယောကျာ်းလေးတွေထွက်ပြေးကြတယ်။ ဘုန်းကြီးကအစထွက်ပြေးတယ်” လို့ လွေးဒီဒီကပြောတယ်

လွေးဒီဒီအပါအဝင် စစ်ရှောင်စခန်းကပြည်သူတွေက ရွာမှာစစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲတွေဖြစ်လို့ နေရပ်စွန့်ခွာပြီး မြို့ပေါ်ကို စစ်ဘေးရှောင် လာတော့ နှစ်အနည်းငယ် စစ်ပွဲတွေနဲ့ဝေးကွာပြီး နေခဲ့ရပေမယ့်၊အာဏာသိမ်းမှု နောက်ပိုင်းကာလမှာတော့ နေရာအနှံ့ မငြိမ်မသက်မှုတွေကြောင့် တိုက်ပွဲတွေက သူတို့ဆီ ဘယ်အချိန်ရောက်လာမလဲ ဆိုတာတွေးပူလာရတယ်။

လွေးဒီဒီမှာ အရွယ်မရောက်သေးတဲ့သား၊ ခင်ပွန်းသည်နဲ့ လူပျိုအရွယ် အကိုမောင်တွေ လည်းရှိတော့ တိုက်ပွဲတွေ ဖြစ်လာတဲ့အခါ ပေါ်တာဆွဲတာ၊ သူပုန်ဆိုပြီး ဖမ်းဆီးရိုက်နှက်ခံရမှာတွေ ကြောက်မိတယ်လို့ ဆိုပါတယ်။

“ဖြစ်လာပြီဆိုလို့ရှိရင် အနည်းနဲ့အများတော့ ခံရမှာပဲ။ ကျမတို့နားမှာတပ်ပေါင်းစုံကများတယ်” လို့ လွေးဒီဒီက ပြောပါတယ်။

မငြိမ်မသက်အခြေအနေကြားမှာ စစ်ရှောင်စခန်းနေသူအချင်းချင်း အသွားအလာသတိထားဖို့၊ တောင်ယာသွားမယ်ဆိုလည်း အိမ်မှာကျန်ခဲ့တဲ့သူနဲ့ အချိန်းအချက်အမှတ်အသားလုပ်ပြီး မှသွားလာဖို့ သတိပေးထားရ တယ်လို့ဆိုပါတယ်။

တိုင်းရင်းသားဒေသက ရွာတွေမှာဒေသခံတွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေက အရင်ကတည်းကရှိခဲ့တာဖြစ်ပြီး မြို့ပေါ်မှာလည်း လူငယ်တွေ အကြောင်းမဲ့ ဖမ်းဆီးခံရတာတွေ အများအပြားရှိလို့ စိတ်ပူရတယ်လို့ မြစ်ကြီးနားမြို့နယ်က နောနောကပြောပါတယ်။

“ပေါ်တာဆွဲတယ်ကြားရင် စိုးရိမ်တာပေါ့။သတင်းတွေကြားနေရတာ စစ်ရှောင်ပြည်သူအနေနဲ့ တော်တော်တုန်လှုပ်တယ်” လို့ နောနော ကပြောတယ်။

မြစ်ကြီးနားမှာက လူငယ်တွေကိုမသင်္ကာလို့ ဖမ်းဆီးစစ်ဆေးတာတွေ ဒီကာလမှာ မကြာခဏ ကြုံနေရတော့ အမျိုးသားတွေ အနေနဲ့ လုံခြုံမှုမရှိသလို မိသားစုတွေလည်း ကိုယ့်သားသမီးကို စိတ်ပူနေရတယ်လို့ နောနောကဆိုတယ်။

နောနောမှာလည်းခင်ပွန်းနဲ့ သားနှစ်ဦး၊ သမီးနှစ်ဦးရှိတော့ သူတို့တွေအတွက် နေ့စဉ်နဲ့အမျှ စိုးရိမ်ပူပန်ရတယ်လို့ ဆိုပါတယ်။

“ညဆိုလည်း အိပ်နေရင်း ခွေးဟောင်တယ်ဆိုရင် လန့်ပြီးထကြည့်ရတယ်” လို့ နောနောကပြောတယ်။

နောနောတို့ စစ်ဘေးရှောင်စခန်းမှာ နေထိုင်ရတဲ့သူတွေက တိုက်ပွဲတွေကြားက ဘေးလွှတ်ရာကို ရှောင်တိမ်းနေရသူတွေပါ။

စစ်ပွဲတွေကြောင့် နဂိုကတည်းက စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေတဲ့ကြားထဲ အပြင်ကအဖမ်းဆီးခံ၊အပစ်သတ်ခံ သတင်းတွေကြားတိုင်း သူမအပါအဝင် အခြားအမျိုးသမီးတွေတော်တော်များများမှာ ပိုပြီး စိတ်ထိခိုက် ခံစားလာရတယ်လို့ ပြောပါတယ်။

ပေါ်တာဆွဲတယ်ဆိုတဲ့ ရွာသားတွေကို ဖမ်းဆီးပြီး ရှေ့ကနေ လူသားတံတိုင်းသဖွယ် အသုံးပြုတာ၊ အတင်းအဓမ္မခိုင်းစေ တာ၊ပစ္စည်းတွေသယ်ယူစေတာ၊ မြေမြုပ်မိုင်းတွေပေါတဲ့ အရပ်ဒေသမှာဆိုလည်း ရွာသားတွေကို ရှေ့ပြေးအနေနဲ့ အရင်သွားခိုင်းတာတွေ၊အမျိုးသမီးတွေဆိုလည်း လိင်ပိုင်းဆိုင်ရာစော်ကားတာတွေက တိုင်းရင်းသားဒေသတွေမှာ လွန်ခဲ့တဲ့ နှစ်များစွာကတည်းက ခံစားခဲ့ရတာလို့ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စား လှယ်ဟောင်းတစ်ဦး ကပြောပါတယ်။

“ကရင်ပြည်နယ်မှာ နှစ်ပေါင်း ၆၀ လောက်ကတည်းက ခံစားနေရတာ၊ အမျိုးသမီးတွေလည်းခေါ်တာပဲ၊ ရွာထဲဝင်လာလို့ အမျိုးသားတွေ ထွက်ပြေးရင်အမျိုးသမီးတွေခေါ်တယ်။ ညကျရင်ထွက်မပြေးအောင် ကြိုးနဲ့ချည်ထားတယ်” လို့ ယင်းက ပြောပါတယ်။

ရန်ကုန်မှာက စစ်ပွဲတွေနဲ့ အလှမ်းဝေးခဲ့တော ပေါ်တာဆွဲတာတွေနဲ့ပတ်သတ်ပြီး မကြုံဘူးကြပေမယ့် ရှေ့ဆက်ပြီး မတည်ငြိမ်တဲ့ အနေအထားမှာ ယောကျာ်းလေးတွေကို ပေါ်တာဆွဲတာ၊ စစ်သားအဖြစ်အတင်းစုဆောင်းတာ မျိုးတွေက တချိန်ချိန်မှာ ကြုံတွေလာနိုင်တဲ့ အခြေအနေလို့ ဒေါ်အေးကပြောပါတယ်။

“အရင်ရက်ကတောင်မှော်ဘီမှာ ရွာသားတွေကိုပေါ်တာဆွဲတယ်ဆိုတာ သတင်းတက်လာတယ်။ ပြီးတော့ ရပ်ကွက်တွေမှာလည်း ဧည့်စာရင်းမတိုင်ဘူးဆိုပြီးဖမ်းတာ၊ ငွေပေးပြီး ပြန်ရွေးရတာတွေရှိတော့ မလုံမခြုံနဲ့ ရှေ့ဆက်ဆိုးမယ့် အနေအထားပေါ့” လို့ ဒေါ်အေးကပြောပါတယ်။

သားနှစ်ဦးမှာလည်း ကုမ္ပဏီဝန်ထမ်းဖြစ်တဲ့အတွက် အပြင်ထွက်အလုပ်လုပ်ရတော့ သူတို့ကို သတိနဲ့သွားလာဖို့၊ အလုပ်ပြီးရင်လည်း သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အရင်လိုစားသောက်တာမျိုးတွေမလုပ်ဘဲ အိမ်တန်းပြန်ဖို့၊ တူလေးတွေကို ဆိုလည်း အပြင်ခဏခဏ မထွက်ဖို့ ၊ဘုရားတရားပိုလုပ်ဖို့တွေ ကို အမြဲသတိပေးထားရတယ်လို့ ဒေါ်အေးက ပြောပါတယ်။

“တနေ့တနေ့ သူတို့အတွက်စိတ်ပူရတာအမော၊ ဘုရားရှိခိုးလည်း သူတို့ဘေးကင်းဖို့ဆုတောင်းရတယ်” လို့ ဒေါ်အေးက ပြောတယ်။

Related Articles