Home ဆောင်းပါး CDM လုပ်တာ တစ်စုံတစ်ယောက်ရဲ့ စည်းရုံးမှုကြောင့် မဟုတ်ဘူး

CDM လုပ်တာ တစ်စုံတစ်ယောက်ရဲ့ စည်းရုံးမှုကြောင့် မဟုတ်ဘူး

ပတ်ဝန်းကျင်တခုလုံး မှောင်မဲတိတ်ဆိတ်နေတဲ့ နွေနံနက်ခင်းတစ်ခုမှာ ပန်းနုရောင်ပဝါလေး ခေါင်းမြီးခြုံထားတဲ့ အမျိုးသမီး လေးတယောက်ဟာ မပြေးရုံတမယ် ခြေလှမ်းတွေနဲ့ တနေရာကို ဦးတည်လျှောက်လှမ်းနေပါတယ်။

သူအနေနဲ့ သူယုံကြည်၊ ချစ်မြတ်နိုးခဲ့တဲ့ ရဲတပ်ဖွဲ့ကနေ အခုလိုရှောင်တိမ်းနေရလိမ့်မယ်လို့ တခါလေးတောင် တွေးမိခဲ့မယ် လို့မထင်ပါဘူး။ သူဦးတည်လျှောက်လှမ်းနေတဲ့နေရာကတော့ ပြည်သူတွေစီစဉ်ပေးထားတဲ့ ခိုနားရာနေရာလေးတစ်ခုပါပဲ။

စစ်တပ်နဲ့ရဲပူးပေါင်းအဖွဲ့က ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေကို လက်နက်သုံးကြမ်းတမ်းစွာ ဖြိုခွင်းမှုကြောင့် ပြည်သူ့ အသက်တွေ များစွာဆုံးရှုံးခဲ့ရပြီး ဒီထဲမှာကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ အမျိုးသမီးငယ်လေး တွေပါသေဆုံးခဲ့ရ တယ်။

ဒါကြောင့်လည်း ပြည်သူတွေက ရဲဆိုရင် ရွံ့မုန်းနေသလို တွေ့ရာသင်္ချိုင်း၊ ဓါးမဆိုင်းစောင့်နေတဲ့လူတွေလည်း ရှိတာကြောင့် ရဲတွေဟာ လူစုနဲ့မဟုတ်ရင် မသွားမလာရဲကြတဲ့ အခြေအနေပါ။

“ ရဲမို့မယုံကြည်တာ၊ လက်ခံရမှာကြောက်တာတွေက ပြည်သူတွေအပြစ်မဟုတ်ဘူး။ လက်ရှိမှာလည်း ယုံချင်စရာအခြေ အနေလည်း မဟုတ်ဘူးလေ။ ရဲယူနီဖောင်းနဲ့လူသတ်နေကြတာ ပုံပြင်တွေမှမဟုတ်ဘဲ”လို့ CDMလုပ်နေတဲ့ ရဲမေပန်းမြတ် မွန်က ပြောပါတယ်။

ရဲမေပန်းမြတ်မွန်ဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်ရေး(CDM) လှုပ်ရှားမှုလုပ်ခဲ့တဲ့ တယောက်ထဲသော ရဲမေဖြစ်ပါတယ်။

“ အာဏာရှင်ကို တွန်းလှန်ဖို့ သံပုံးတောင်တီးလို့မရတဲ့ ဘဝကိုရင်နာလို့ CDM လုပ်လာတာပါ။ ဌာနကိုချစ်တယ်။ စစ်အာ ဏာရှင်ကိုစိတ်နာတယ်။ စစ်အာဏာရှင်ရဲ့ ချနင်းသမျှခံနေရတဲ့ဘဝကို ဘယ်လိုမှသည်းမခံနိုင်လို့ CDM လုပ်ဖို့ ဆုံးဖြတ်ခဲ့ တာပါ”လို့ သူက ဆိုပါတယ်။

သူ CDM လုပ်တာက တစ်စုံတစ်ယောက်ရဲ့ စည်းရုံးမှုကြောင့် မဟုတ်သလို ပါတီနိုင်ငံရေးလုပ်ဖို့လည်းမဟုတ်ဘူး။ အထက် အရာရှိကိုလည်း ဖီဆန်နေတာလည်း မဟုတ်ဘူးလို့ ရှင်းပြပါတယ်။

ဒါ့အပြင် ရဲပြေးတယောက်မဟုတ်ဘဲ CDM လုပ်တာဖြစ်တဲ့အတွက် ရဲမေ ပန်းမြတ်မွန်အနေနဲ့ ရဲတပ်ဖွဲ့က ထုတ်ပေးထားတဲ့ အရာမှန်သမျှ တခုမှ ယူမလာဘူးလို့ လူမူကွန်ရက်မှာရေးသား အသိပေးထားပါတယ်။

ရဲတယောက်အနေနဲ့ အခုလို CDMလှုပ်ရှားမှုမှာပါဝင်လိုက်တာနဲ့ ဖမ်းမိပါက ထောင်ချမှာဖြစ်ပြီး ဖမ်းမိခဲ့ပါက ရဲပြေး သတ်မှတ်ကာ ရဲစည်းကမ်းထိန်းသိမ်းရေးအရ အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်အထိ အပြစ်ပေးခံရနိုင်ပါတယ်။ ဒါ့အပြင်ကျန် တဲ့ အရပ်ဖက်အမှုတွေ ပါဝင်ပါက ထောင်ဒဏ် ၃ နှစ်ထက်မက ဖြစ်သွားနိုင်ပါသေးတယ်။

ရဲဝန်ထမ်းဟောင်းတဦးဖြစ်တဲ့ ဦးမိုးရန်နိုင်ကတော့“ရဲတယောက် CDM လုပ်နိုင်ဖို့ဆိုတာက သူတို့ရဲ့မိသားစုက ရဲလိုင်းထဲ မှာ နေရင် CDM လုပ်ဖို့ အတော်စွန့်စားရမယ်။ ဆုံးရှုံးမှုလည်းကြီးတယ်”လို့ ရှင်းပြပါတယ်။

လက်ရှိအနေအထားအရဆိုရင် ဥပဒေဆိုတာက အာဏာသိမ်းစစ်ကောင်စီရဲ့ အဆုံးအဖြတ်အပေါ်မှာပဲ မူတည်တဲ့အတွက် ရဲတယောက်ရဲ့ပြစ်ဒဏ်ဟာ မမှန်းဆနိုင်ပါဘူး။ ဘာလို့ဆို အာဏာသိမ်းအစိုးရကိုယ်တိုင်က အကာအကွယ်ပေးရမယ့် ပြည်သူတွေကို ပြန်သတ်နေလို့ပါပဲ။

ဒီလိုမျိုးတွေကြားထဲမှာမှ သူယုံကြည်ရာအတွက် ရာထူး၊ ငွေကြေးနဲ့အသက်ကိုပါ စွန့်ပြီး အမှန်တရားဘက်က ရဲရဲဝံ့ဝံ့ ရပ်တည်ခဲ့တဲ့ ရဲမေပန်းမြတ်မွန်ရဲ့ သတ္တိကတော့ မလေးစားဘဲ မနေနိုင်ပါဘူး။

“ CDM လုပ်ဖို့ အခက်အခဲကတော့ ပြည်သူသာမပါရင် ရိုက်နှက်ခံရပြီး ထောင်ကျမယ့်အခြေနေပါပဲ။ ခုအချိန်မှာ ရဲက CDM လုပ်ပြီး အိမ်မှာပဲနေ၊ နေလို့မရဘူးလေ။ ရဲပြေးဆိုပြီးဖမ်းမှာ”လို့ သူက ပြောပြပါတယ်။

သူဟာ ရိုးသားတဲ့ တောင်သူလယ်သမား မိဘနှစ်ပါးကနေ မွေးဖွားလာသူဖြစ်ပေမယ့် ရဲတပ်ဖွဲ့နဲ့ ရဲဝတ်စုံကို ချစ်မြတ်နိုးပြီး ပြည်သူရှေ့ကနေ မားမားမတ်မတ်ရပ်တည်ကာကွယ်ပေးချင်တာကြောင့် ၂၀၁၇ ခုနှစ်မှာ ရဲတပ်ဖွဲ့ထဲ ဝင်ရောက်ခဲ့ပါတယ်။

မိဘအမွေဖြစ်တဲ့ တောင်သူအလုပ်ကို ဆက်ခံထားတဲ့ ညီမတစ်ယောက်သာရှိပြီးသူ့ရွာလေးမှာပဲ မိသားစုနဲ့အတူ အေးအေး ချမ်းချမ်း နေထိုင်စားသောက်နေသူတွေ ဖြစ်ပါတယ်။

သူအနေနဲ့က ရဲဝတ်စုံကို ချစ်မြတ်နိုးပေမယ့် သူတို့ရဲ့လယ်ယာမြေတွေကို စစ်တပ်က တပ်မြေအဖြစ် မတရား သိမ်းစီးခံရမှု တွေကြောင့် ငယ်စဉ်ကတည်းက စစ်အာဏာရှင်ကို အလိုမရှိနေသူပါ။

“ ကျွန်မကတောင်သူလယ်သမားသားသမီးပါ။ ကိုယ့်လယ်ကထွက်တဲ့စပါး ကိုယ်ဝအောင်မစားရတဲ့ဘဝတွေကို ခါးသီးလွန်း နေခဲ့တာကြာပါပြီ။ ဒါကြောင့် အကြောင်းပြချက်အများကြီးမလိုဘူး။ လက်နက်မဲ့ပြည်သူကို ပစ်သတ်နေတာနဲ့တင် စိတ်နာ တာက လိုတာထက်ကိုပိုနေပါပြီ”လို့ ရဲမေ ပန်းမြတ်မွန်က ရင်ဖွင့်ပါတယ်။

သူ့အနေနဲ့ သူမြတ်နိုးတဲ့ရဲဝတ်စုံလေးဝတ်ပြီး အလုပ်လုပ်ရတာကို အပျော်ဆုံးဖြစ်ခဲ့ပေမယ့် စစ်အာဏာသိမ်းပြီး နောက်ပိုင်း မှာတော့ ရဲဝတ်စုံကိုမဝတ်ရဲလောက်အောင်ထိ ရှက်ရွံ့ခဲ့သလို ရဲဝတ်စုံနဲ့ပြည်သူကြား သွားရတဲ့အချိန်တွေမှာလည်း နေမ ပျော်တော့တာကြောင့် CDM လုပ်ဖို့ကို ရဲရဲဝံ့ဝံ့ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

CDM လုပ်ကြတဲ့ အစိုးရဝန်ထမ်းတွေထဲမှာ ရဲတပ်ဖွဲ့ဝင်တွေက နောက်အကျဆုံးဝန်ထမ်းတွေ ဖြစ်ပါတယ်။ ဒါကလည်း အာဏာသိမ်းစစ်အစိုးရက တိုက်ရိုက်ဖိနှိပ်ထားတာခံရတဲ့ အဖွဲ့အစည်း ဖြစ်နေလို့ပါပဲ။

ရဲမေ ပန်းမြတ်မွန်ကိုယ်တိုင် သူ CDM လုပ်ဖို့ တာဆူနေတဲ့အချိန်မှာလည်း ခရိုင်မှူးက အရေးယူခိုင်းတာမျိုး ရှိခဲ့သေးသလို မြို့နယ်မှူးနဲ့ ဒုဦးစီးက ခေါ်ယူ သတိပေးတာကို အကြိမ်ကြိမ်ခံခဲ့ရသူ ဖြစ်ပါတယ်။

ရဲတယောက်အနေနဲ့ CDM လုပ်ဖို့ ပြည်သူတွေကို အကူအညီတောင်းတဲ့အခါမှာလည်း ဝမ်းနည်းစရာကောင်းတာက ရဲဖြစ် နေတဲ့အတွက် သူ့စကားကို ဘယ်သူကမှ မယုံကြည်သလို သံသယအကြည့်နဲ့ပါ ပြန်အကြည့်ခံခဲ့ရပါတယ်။

ဒါပေမယ့် သူဟာလက်မလျော့ခဲ့ပါဘူး။ သူ CDM လုပ်နိုင်ဖို့ ပြည်သူတွေဆီကနေ အချိန်တော်တော်ကြာ ယုံကြည်မှုယူ နေရတဲ့ အတွက် ရဲမေပန်းမြတ်မွန်အနေနဲ့ CDM လုပ်ဖို့ နောက်ကျသွားတာ ဖြစ်ပါတယ်။

ပြည်သူတွေဆီက လုံခြုံတဲ့နေရာမှာနေရဖို့ အကူညီတောင်းကြည့်တဲ့အခါ ရဲမို့မယုံကြည်တာ၊ သံသယအကြည့်နဲ့ ကြည့်တာ တွေခံရတဲ့အခါမှာ ရဲဖြစ်လို့ အားငယ်စိုးရွံ့ရတာမျိုး ပထမဆုံးအကြိမ်ခံစားခဲ့ရတာလို့ ဆိုပါတယ်။

ဒါကလည်း ပြည်သူတွေရဲ့အပြစ်လို့မဆိုသာပါ။ လက်ရှိအခြေအနေအရ ရဲတွေဟာ စစ်အကြမ်းဖက်အုပ်စုတွေလို့ ပြောရ မလို ဖြစ်နေပါတယ်။ အခုဖြစ်နေတာက လုံခြုံမှုကင်းမဲ့စွာနဲ့ မတရားမှုတွေကို ရင်ဆိုင်နေရအဖြစ်ပါ။

“ သိလိုက်ရတာတစ်ခုက ပြည်သူအများစုဟာ စစ်အာဏာရှင်လက်အောက်မှာ နေရမှာထက် ပိုပြီးကြောက်တာ ဘာမှမရှိ ဘူးဆိုတာပဲ။ ပြည်သူတွေကအရမ်းရဲရင့်လွန်းလို့ သေရမှာတောင်သိပ်တွေးကြောက်မနေတော့ဘူး”လို့ ရဲမေပန်းမြတ်မွန်က ဆိုပါတယ်။

သူ့အနေနဲ့ လက်ရှိမှာတော့ ပြည်သူတွေထဲက ပြည်သူ့အရိပ်အောက်မှာပဲ လုံလုံခြုံခြုံနေထိုင် နိုင်ပြီဖြစ်ပါတယ်။ တကယ်လို့ ဘယ်လိုအကြောင်းကြောင်းကြောင့်ဖြစ်စေ သူ့အနေနဲ့ ရဲပြန်လုပ်ခွင့်မရတော့ဘူးဆိုရင်လည်း တစ်ခုခုလုပ်ဖို့ စဉ်းစားထား ချက်တော့ ရှိတယ်လို့ ပြောပါတယ်။

အခုဆိုရင် တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး CDMလုပ်ဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင် ၈၈၀ ကျော်ရှိ နေပြီလို့ မတ်လ ၁၀ ရက်က ဒီမိုကရက်တစ် မြန်မာ့အသံ(DVB)သတင်းမှာ ဖော်ပြထားပါတယ်။

CDM လုပ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတွေ၊ သတင်းရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန၊ ကမ္ဘာလှည့်ခရီးသွားရဲဌာန၊ စစ်စခန်းနဲ့လုံခြုံရေးရဲတပ်ဖွဲ့ဝင်၊ ရဲလေ့ကျင့်ရေးကျောင်းမှ ရဲအရာရှိတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

သူတို့တွေဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ လက်နက်အားကိုးအနိုင်ကျင့်တဲ့ လုပ်ရပ်တွေ အပေါ်မနှစ်မြို့တဲ့အတွက် စစ်အစိုးရလက်အောက်မှာ အလုပ်မလုပ်လိုတော့တာကြောင့် ပြည်သူနဲ့အတူ CDMလှုပ်ရှားမှုမှာ ပါဝင်လာတာပါ။

ရဲတွေအနေနဲ့က ရဲတပ်ဖွဲ့ထဲဝင်ပြီး ပြည်သူကို ကာကွယ်ပေးချင်ဖြစ်ပေမယ့် အခုလို လက်နက်မဲ့ ပြည်သူကို အကြမ်းဖက် ဖြိုခွင်းတဲ့ လုပ်ရပ်တွေက သူတို့ CDM မှာ ပါဝင်လာဖို့ တွန်းအားဖြစ်စေခဲ့တယ်လို့ ဆိုကြပါတယ်။

ကယားပြည်နယ်၊ ဒီမော့ဆိုမြို့မရဲစခန်းမှာလည်း တာဝန်ထမ်းဆောင်နေတဲ့ ဒုရဲအုပ် ရိုစီထွေးဟာ စစ်အာဏာရှင်လက် အောက်မှာ တာဝန်မထမ်းလိုတော့ဘဲ ဆန္ဒပြပြည်သူနဲ့အတူ ရပ်တည်ကာ CDM လုပ်သွားမယ်လို့ မတ်လ ၄ ရက်မှာ ဆိုထားပါတယ်။

ဒါ့အပြင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်သား တွာလ်ငိုက်ရှုန်းကလည်း စစ်အာဏာရှင် အုပ်ချုပ်မှု အောက်မှာ တာဝန်မထမ်းလိုတော့တဲ့အတွက် မတ်လ ၄ ရက်ကစပြီး CDMလုပ်ဆောင်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ကလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သားဒိမ့်ခေါမ်းကျိန်လည်းပဲ စစ်ကောင်စီမှ အာဏာသိမ်းသည့်နေ့မှစလို့ သူတို့ရဲ့လုပ်ရပ်တွေအပေါ် နေ့စဉ်စိတ်မချမ်းမသာ ဖြစ်ရတာကြောင့် မတ်လ ၇ ရက်ကစပြီး CDMမှာ ပူးပေါင်းပါဝင်ခဲ့တယ်။

CDM လုပ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ တချို့လည်း တိုင်းရင်းသားလက်နက်ကိုင်တွေထံမှာ ခိုလှုံကြသလို တချို့က နယ်စပ် တွေဘက်မှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ တချို့ရဲတွေကတော့ ပြည်သူတွေရဲ့အရိပ်အောက်မှာ လုံခြုံစွာရှိနေ ကြပါတယ်။

သူတို့တွေဟာ လာတဲ့နေရာဒေသတွေ မတူကြပေမယ့် တူညီတာတခုကတော့ စစ်အာဏာရှင် ပြုတ်မကျမခြင်း တိုက်သွား ဖို့နဲ့ ပြည်သူတင်မြှောက်တဲ့အစိုးရလက်အောက်မှာ တာဝန်ပြန်လည်ထမ်းဖို့ပဲ ဖြစ်ပါတယ်။

တချို့ရဲတွေဆိုရင် သူတို့သားသမီးတွေကိုယ်တိုင်က CDM လုပ်ဖို့တောင်းဆိုနေတဲ့အတွက် ကြောက်ရွံ့မှုတွေကြောင့် မလုပ်နိုင်ကြသေးတဲ့ ရဲတွေကျန်နေပါသေးတယ်။

ရဲဝန်ထမ်းဟောင်းတဦးဖြစ်တဲ့ ဦးမိုးရန်နိုင်ကလည်း CDM လှုပ်ရှားမှုတွေထဲမှာ မပါဝင်ရသေးတဲ့ရဲတွေကို ရဲရဲဝံ့ဝံ့ ပြည်သူ ကြားကို ဝင်ရောက်ဖို့ တိုက်တွန်းလျှက်ရှိပါတယ်။

ရဲမေပန်းမြတ်မွန်ကတော့ “တဦးတယောက်ချင်းစီရဲ့ကိုယ်ပိုင်ပုဂ္ဂလိကခံယူချက်နဲ့လည်းဆိုင်တာပေါ့။ အကြောက်တရားက နေရုန်းထွက်ဖို့ နည်းလမ်းနဲ့အကြံဉာဏ်ရယ် ပြင်ပအကူအညီရယ်လည်း မဖြစ်မနေ လိုတာကြောင့်ပေါ့”လို့ ရှင်းပြပါတယ်။

CDM လုပ်ချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးနေတဲ့ ရဲတွေကို ပါဝင်လာဖို့နဲ့ ပတ်သက်ပြီး ရဲမေပန်းမြတ်မွန် ကအခုလိုပဲ တိုက်တွန်းစကား ဆိုလိုက်ပါတယ်။

“ ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ရုန်းထွက်လိုက်ကြပါ။ မတရားသတ်ဖြတ်မှုတွေကို အခုလိုအချိန်မှာ လက်ပိုက်ကြည့်နေ မိရင် နောင်တချိန်ကိုယ့်မိသားစုအပေါ် သက်ရောက်လာလိမ့်မယ်”

Related Articles