လက်သွေး
နွေဦးတော်လှန်ရေးမှာ ထဘီတွေအလံလွှင့်တာနဲ့ ပတ်သက်ပြီး အစွန်းနှစ်ဖက်မလွတ်သူတွေက ဝေဖန်ပြောဆိုနေကြ တာကို ခုရက်ပိုင်းမှာ တော်တော်ကြားမိတယ်။
တချို့အမျိုးသမီးရေး သဘောထားတင်းမာသူတွေက ထဘီနဲ့ဘုန်းနိမ့်အောင်လုပ်မယ်ဆိုတဲ့ အယူအဆကို မကြိုက်ကြဘူး။ ထဘီနဲ့ပတ်သက်ပြီး အစွဲကို ပိုပြီးထင်သာမြင်သာဖြစ်မှာစိုးလို့။ ယောက်ျားဝါဒီ သူငယ်နာမစင်သေးသူအချို့ကတော့ ဘုန်းနိမ့်တယ်ဆိုတဲ့ အယူအဆကို လက်ကိုင်ထားပြောကြတာ။
ကျွန်တော်ကတော့ နှစ်ခုစလုံးကိုလက်မခံဘူး။ ဘာလို့လည်းဆိုတော့ နှစ်ဖက်စလုံးက အစွန်းရောက်နေတယ်လို့မြင်တယ်။ လက်တွေ့မှာလည်း ဒီဖက်ခေတ်ကလေးတွေက ထဘီကဘုန်းနိမ့်တယ်ဆိုတဲ့ အယူအဆကို လက်မခံကြတော့ဘူး။
ထဘီအလံပဲဖြစ်ဖြစ် ထဘီတန်းပဲဖြစ်ဖြစ် သူတို့ကလက်ပွန်းတနှီး ကိုင်တွယ်ကြတယ်။ ထဘီတန်းအောက်လည်း ဖြတ် လျှောက်နေကြတာပဲ။ သူတို့အတွက် ထဘီဆိုတာအဝတ်စတစ်ခု ဒါမှမဟုတ် တော်လှန်ရေးအလံတစ်ခု ဒါထက်မပိုဘူး။
ဒါပေမယ့် ထဘီဟာ စစ်အာဏာရှင်ရူးတွေအတွက် အဓိက တော်လှန်ရေးလက်နက်ဖြစ်လာတာကို သဘောကျတယ်။ ဘာလို့လည်းဆိုတော့ အာဏာရူးတွေ သေမလောက်ကြောက်ကြတဲ့အရာ ဖြစ်နေလို့ပဲ။
သူတို့က တစ်ကယ့်ဘာသာတရားတွေကို ကိုးကွယ်ဆည်းကပ်သူတွေမဟုတ်ဘူး။ ကံကံ၏အကျိုးကို ယုံကြည်ကြသူတွေ လည်းမဟုတ်ဘူး။ တနည်း မိစ္ဆာဒိဌိတွေ။ ဘုရားတည်ကျောင်းဆောက် ကုသိုလ်ရေးတွေတောင် သူတို့အကျိူးမျှော်ကိုးပြီး တွက်ချက် လုပ်ဆောင်ကြသူတွေဖြစ်တယ်။
သံဃာဆိုလည်း ထိုနည်းပဲ။ ဝိနည်းသိက္ခာနဲ့ဘယ်လောက်ပဲပြည့်စုံပါစေ ၊ ပညာတွေဘယ်လောက်တတ်နေပါစေ သူတို့ ကကိုးကွယ်ချင်ကြတာ မဟုတ်ဘူး။ ဓါတ်လေး ၊ နတ်လေး ၊ အဆောင်ယတြာလေးပါတဲ့ ဘုန်းကြီးမှ ဦးကုန်းချကြ ဝိုင်းပူ ဇော်ကြတာကိုး။ ပိုကြည်ညိုကြတာကိုး ။
သံဃာမဆိုထားနဲ့။ သူတို့ကောင်းစားမယ်ထင်ရင် လူဝတ်ကြောင်၊ ရသေ့စတာတွေလည်း ကိုးကွယ်ရှိခိုးကြဖို့ ဝင်မ လေးဘူး။ ရသေ့နဲ့ပတ်သက်လို့ နေပြည်တော်မရောက်ခင် မိုင်တိုင် ၂၀၀ နားကို လွန်ခဲ့တဲ့ ခြောက်နှစ်ကျော်လောက်က ရောက်ဖူးတဲ့ အတွေ့အကြုံကို ပြန်ဖောက်သည်ချချင်သေးတယ်။
အဲ့ဒီနေရာမှာနေတဲ့ ရသေ့ကို တပ်နဲ့အစိုးရဝန်ကြီးတွေ ပူဇော်ကိုးကွယ်ကြတာကြားလို့ သိချင်တာနဲ့ သွားကြည့်ခဲ့တာပါ။ ရသေ့က တစ်မိုင်ကျော်ကျော်လောက်ရှိတဲ့ တောင်ကုန်းပေါ်မှာ အုတ်ကျောင်းဆောက်နေတာ။ အရပ်ထောင်ထောင် မောင်းမောင်း အသားညိုညိုနဲ့ အသက်က ၆၀ လောက်ရှိပြီ။
သူ့ကျောင်းထဲမှာ မိန်းမတွေလည်းရှိတယ်။ ညဘက်ဆို ရသေ့ကဆောင်တော်ကူးတယ်လို့လည်း ပြောကြတယ်။ ပြီးတော့ သူကနောက်ပွင့်မယ့်ဘုရားဆိုပြီးလည်း သူ့ဝေယျာဝိစ္စလုပ်တဲ့သူတွေကို ဟောထားပြောထားသေးတာ။ အဲ့ဒီကလူတွေ လည်းယုံကြတာပါပဲ။ အဲ့ဒီကအမျိုးသမီးကြီးတစ်ယောက်ကဆိုရင် ရသေ့နဲ့တွေ့ပြီးမှ တော်ရုံဘုန်းကြီးဆို အထင်မကြီး ဦးမချတော့ဘူးလို့ ကျွန်တော့်ကို ပြောပြတယ်။
သူ့တောင်ပေါ်မှာ ဘုန်းကြီးငါးပါးလောက်လည်း သူကခေါ်ထားသေးတယ်။ စိတ်မထင်ရင် ဘုန်းကြီးတွေတောင် ရိုက် မောင်း ပုတ်မောင်းလုပ်တယ်လို့ ရသေ့က သူ့ပါးစပ်ကနေ ထုတ်ပြောသေးတာ။ ရသေ့ဆိုတာ ဘုရားဟောအရ သာသနာ ပြင်ပကပုဂ္ဂိုလ်မျိုးတွေဖြစ်ကာ အကျင့်သီလနည်း နိမ့်ကျတဲ့သူတွေလို့ဆိုတယ်။
ဒါပေမယ့် အဲ့ဒီလိုပုဂ္ဂိုလ်ကိုပဲ လာရောက်ဖူးကြသူတွေမနည်းဘူး။ ကျောင်းထဲမှာလည်း နတ်ရုပ်တွေမျိုးစုံ ။ ကန်တော့ ပွဲ တွေကလည်း ထိုးထိုးထောင်ထောင်နဲ့ အများကြီးပဲ ။ ဘုရားစင်က နတ်ရုပ်တွေကြားထဲပျောက်နေတယ်။ သူက လာတဲ့သူ တွေကို ဗေဒင် ၊ ယတြာတွေနဲ့ အကြားအမြင် ရသလိုလို ဟောပြောပြီး အစီရင်တွေလုပ်ပေးတာ ။
လာတဲ့သူတွေက သာမာန်လူတွေမဟုတ်ဘူး။ တော်ရုံသာမာန်အလုပ်သမား ဝန်ထမ်းလောက်ဆို သူက အဖက်ကိုမလုပ် တာ။ သူ့လာဖူးတာတောင်မကြိုက်ဖူးလို့ အဲ့ဒီပတ်ဝန်းကျင်မှာနေတဲ့ ဒေသခံတွေကပြောပြတယ်။ စစ်တပ်ကပြောင်းလာတဲ့ အစိုးရဝန်ကြီးတွေ စစ်တပ်က ရာထူးကြီးကြီးတွေပဲလာကြတာ ။ အာဏာတည်ဖို့ ရာထူးတိုးဖို့ စသဖြင့်အစုံပဲ။
တောင်တစ်လျှောက်လည်း ဘုရားဆင်းတုတွေ ၊ အရုပ်တွေ ၊ စေတီတွေ တည်ထားတာအများကြီးပဲ။ ဆောက်လက်စ တွေရော တည်ပြီးသားတွေရော ။ ဘုရားတွေကတစ်ခုမှပုံစံမကျဘူး။ မျက်လုံးပြူးတာပြူး ၊ လက်ကွေးတာကွေးနဲ့ စေတီ တွေလည်းထိုနည်းအတိုင်းပဲ ။ စေတီကျမ်းတွေနဲ့ ကိုက်တာတစ်ခုမှမရှိဘူး။
အဲ့ဒီစေတီထဲ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်လှူထားတာတောင်ပါသေးတယ်။ နိုင်ငံမှာ အထင်ကရ ဆရာတော်ကြီး တွေရှိတဲ့ သာသနာပြန့်ပွားရေးတွေလုပ်ရတဲ့ဝန်ကြီးဌာနက အကြီးအကဲတစ်ယောက်အနေနဲ့ ဒီလိုရသေ့ကို ကိုးကွယ်ဆည်း ကပ်နေတာ အတော်အံ့သြစရာပဲ။
သူလည်း အယူမှားမှုရဲ့ အကျိုးပဲထင်ပါတယ်။ အဲ့ဒီရသေ့ဆီမှာ ဘုရားတည်ပြီး သိပ်မကြာဘူး။ အဲ့ဒီဘုရားတည်တဲ့ ငွေကိစ္စ နဲ့ပဲ သူရာထူးပြုတ် ထောင်ကျသွားတယ်။ ဆက်ရရင် စစ်တပ်ဟာ အဲ့ဒီလို အယူမှား ကိုးကွယ်ဆည်းကပ်မှု အမှားတွေနဲ့ပဲ နေလာကြတာလေ။
အဲ့ဒါကြောင့် သူတို့က ဘုန်းတွေ ထဘီတွေ သိပ်ကြောက်ကြတာကိုး ။ ဘုန်းဆိုတာဟာ ယောက်ျားတွေရဲ့ မွေးရာပါ ဂုဏ် တစ်ခုမဟုတ်ဘူး။ မည်သူမဆို အားထုတ်ကြိုးပမ်းမှု တစ်ခုခုလုပ်တာနဲ့ ရနိုင်တဲ့အကျိုးတရားပဲ။ ဥပမာအားဖြင့် ကြိုးစား စာကျက်ရင် စာမေးပွဲအောင်ချင်းဆိုတဲ့ အကျိုးတရားရရှိသလိုပဲ။ အဲ့ဒီအကျိုးတရားကိုပဲ ဘုန်းလို့ သတ်မှတ်ကြတာ။
အခုတော့ဖြင့် ဘာမဟုတ်တဲ့ ပိတ်စကိုကျတော့ကြောက် လူသတ် ၊ ဓါးပြတိုက် မကောင်းတာမှန်သမျှ ကံသုံးပါးစလုံးနဲ့ ကျူးလွန်နေတဲ့ သူတို့ကဘုန်းနိမ့်မှာ ကြောက်ကြတာအတော်ရယ်စရာကောင်းတယ်။
ဒါကြောင့် ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ် မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်ဆိုတဲ့ အခြေခံတရား တောင်မသိနိုင်အောင် မိုက်တွန်းနက်နေတဲ့သူတွေက ထဘီကို သူရဲလိုကြောက်နေကြတော့ ထဘီဟာတော်လှန်ရေး ရဲ့အစွမ်းထက် လက်နက်ဖြစ်လာရတော့တာပဲ။
ဒါကြောင့် ဒီနေ့အမြင်ပွင့်လင်း ၊ အယူအဆမှန်ကန်တဲ့ တော်လှန်ရေးလူငယ်တွေကြားထဲ ထဘီက ဘုန်းနိမ့်တယ်ဆိုတဲ့ အစွဲထပ်ပြန့်မှာဆိုတာကို ကျွန်တော်က မစိုးရိမ်ဘူးလို့ ဆိုရတာပါ။
နောက်ဝေဖန်တဲ့သူတွေကတော့ ဖိုဝါဒသူငယ်နာမစင်သူတွေပါပဲ။ လူကြီးပိုင်းတွေများကြတယ်။ တစ်ချို့လူကြီးတွေက တော့ အဲ့ဒီလိုဘုန်းအစွဲမရှိကြဘူး။ ဆရာတော်ကြီးတွေကတောင် လိုအပ်ရင် ထဘီတန်းအောက်ဝင်နိုင်ပြီး ဘုန်းနိမ့်တယ် ဆိုတာ ကိုယ့်ရဲ့စိတ်ကြောင့်ဖြစ်တာပါ။ အဝတ်စတစ်ခုက ဘာဥပါဒ်မပေးနိုင်ဘူးလို့ ဟောထားကြသေးတာပါ။
ဒါကို ရှေးရိုးစွဲအယူရှိသူတွေက ဘုန်းနိမ့်တယ် ။ လမ်းမတွေပေါ်မှာမသင့်တော်ဘူး စသဖြင့်ဝေဖန်ကြတယ်။ ကျွန်တော် ဆိုရင် ငယ်စဉ်ကတည်းက အမေနဲ့အမတွေကြား ကြီးပျင်းလာရတော့ ထဘီတွေကြားထဲနေခဲ့ရသူပါ။ အမေရေလဲ ထဘီ ၊ အမတွေထဘီတွေ ယူပေးရတယ်။ မိုးရွာရင် ရုပ်ပေးရတယ်။ ထဘီတွေလည်း လှန်းပေးခဲ့ရတယ်။
ထဘီတန်းတွေအောက်လည်း ပြေးလွှား ဆော့ကစားလာခဲ့တာ ။ သူတို့ပြောသလိုဆိုရင် ကျွန်တော့်မှာ နိမ့်စရာဘုန်းတောင် မကျန်တော့ဘဲ လူတောင်ဖြစ်ပါ့မလားပဲ။ ငယ်ငယ်တည်းက အဲဒီဘုန်းဆိုတဲ့ အတွေးမရှိခဲ့သလို ဒီအမျိုးသမီးတွေကပဲ ကျွန်တော့်ဘဝကို ပဲ့ပြင်ခဲ့ကြလို့ ဒီနေ့မှာ အဆင်ပြေပြေ ရပ်တည်နေထိုင်နိုင်ခဲ့ရတာပါ။
ဒါကြောင့် အစွန်းနှစ်ဖက်ကို ကျွန်တော်ကသဘောမကျဘူး။ ကြောက်တဲ့သူအတွက် ထဘီတွေဟာ ထက်မြက်တဲ့ တော် လှန်ရေးလက်နက်တွေ ဖြစ်နေရမှာဖြစ်သလို ဘုန်းအစွဲရှိသူတွေအနေနဲ့ကလည်း တော်လှန်ရေးကာလအတွင်း အိမ်ထဲမှာပဲ ထဘီတွေနဲ့ လွတ်ကင်းအောင်နေထိုင်ကြဖို့ အကြံပြုချင်ပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021