Home ဆောင်းပါး ဒီတိုက်ပွဲ ပြည်သူတွေနိုင်ကိုနိုင်မှဖြစ်မယ်လို့ကြုံးဝါးလိုက်တဲ့ ကျန်ရစ်သူ ဇနီးသည်အမျိုးသမီးများ

ဒီတိုက်ပွဲ ပြည်သူတွေနိုင်ကိုနိုင်မှဖြစ်မယ်လို့ကြုံးဝါးလိုက်တဲ့ ကျန်ရစ်သူ ဇနီးသည်အမျိုးသမီးများ

နွေဦးမောင်။ ။
အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသပိတ်တွေကို အကြမ်းဖက်ပစ်ခတ်မှုတွေ လုပ်လာတဲ့အခါ ရန်ကုန်ဟာ ညသပိတ်တွေနဲ့ ပြန်လည်ရုန်းထခဲ့တယ်။ ညသပိတ်ဆင်နွှဲရင်း ပြန်လည်နိုးထလာတဲ့ မြို့နယ်တွေထဲ ဒဂုံမြို့သစ်မြောက်ပိုင်းလည်း ပါဝင်နေ ပါတယ်။

အဲသည်လို ညသပိတ်ဆင်နွှဲရင်းနဲ့ပဲ ဒဂုံမြောက်ပိုင်းက မဝတလမ်းဆုံအနီးမှာ စစ်ကောင်စီလက်နက်ကိုင်တပ်ရဲ့ ပစ်ခတ်ဖြို ခွဲတာကို ခံခဲ့ရပါတယ်။ ပစ်ခတ်မှုကြောင့် ၄၄ နှစ်အရွယ် ဦးစိန်ဝင်းလှိုင်(ခ)စည်သူစိုးဟာ သေနတ်မှန်ကျဆုံးသွားခဲ့တယ်။

ပစ်ခတ်ဖြိုခွဲအချိန် ရှေ့ကလူငယ်တစ်ဦးကို ဘေးလွတ်ရာတွန်းထုတ်ရင်း ဦးစိန်ဝင်းလှိုင်ကို ကျည်ထိခဲ့တာပါ။ သေနတ် ကျည်ဟာ လက်မောင်းကိုထုတ်ချင်းဖောက်ယုံမျှမက ဝမ်းဗိုက်မှာ စိုက်ဝင်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ပစ်ခတ်သတ်ဖြတ်တာကြောင့် မတ်လ ၂၀ ရက်အထိ သေဆုံးသူ ၂၃၅ ဦးရှိ လာပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားပါတယ်။ သေဆုံးသူတွေထဲမှာ ရန်ကုန်မြို့က ၁၂၆ ဦးနဲ့ သေဆုံးမှုအများဆုံး ဖြစ်ပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်ဖြိုခွင်းမှုတွေကြောင့် သေဆုံးခဲ့သူတွေမှာ အသက်မပြည့်သေးတဲ့ကလေးသူငယ်တွေ ကျောင်းသားလူငယ်တွေအပြင် ဆန္ဒပြသူ သာမာန်အရပ်သားမိသားစုများက ခင်ပွန်းသည်တွေ ကျဆုံးခဲ့ကြပါတယ်။ သူတို့ကျဆုံးတဲ့အခါ မှာတော့ ကျန်ရစ်ခဲ့တဲ့ ဇနီးသည်တွေဟာ ဝမ်းနည်းယူကြုံး မရဖြစ်ခဲ့ရပေမယ့် တဘက်မှာလည်း သူတို့ခင်ပွန်းသည်တွေအတွက် ဂုဏ်ယူနေကြပါတယ်။

ခင်ပွန်းအတွက် ဂုဏ်ယူနေတဲ့ ဇနီး
ဒဂုံမြောက်ပိုင်းညသပိတ်မှာ ကျဆုံးခဲ့တဲ့ ဦးစိန်ဝင်းလှိုင်မှာ ဇနီးသည်နဲ့လေးနှစ်အရွယ် သားလေးတစ်ဦးကျန်နေရစ်ပါတယ်။ လက်ရှိနေထိုင်တဲ့ ဒဂုံမြို့သစ်မှာ သူတို့အဖို့ သွေးသားရင်းရယ်လို့ ရှိမနေပါဘူး။ နှစ်ဦးလုံးကတစ်ကောင်ကြွက် တစ်မျက်နှာ တွေလို့ ဦးစိန်ဝင်းလှိုင်ရဲ့ဇနီး ဒေါ်ကေခိုင်က ဆိုပါတယ်။

သူတို့မိသားစုမှာ ဦးစိန်ဝင်းလှိုင်တစ်ယောက်ပဲ အလုပ်အကိုင်ရှိပါတယ်။ သံပန်း သံတံခါးအလုပ်နဲ့ ဇနီးနဲ့သားကို ရှာဖွေကြွေး မွေးခဲ့တာလို့ ဒေါ်ကေခိုင်က ပြန်ပြောပြပါတယ်။

ဒဂုံမြောက်ပိုင်း ၄၆ ရပ်ကွက်ထဲမှာ တစ်လခုနစ်သောင်းတန်အခန်းလေးငှားပြီး မိသားစုနေထိုင်ကြပါတယ်။ အဲဒီအခန်းလေး မှာပဲ သူ့ခင်ပွန်းက သံပန်းအလုပ်ကို လုပ်ကိုင်ပါတယ်။ ခုတော့ နွေဦးတော်လှန်ရေးညသပိတ်မှာ သူ့ခင်ပွန်းကျဆုံးခဲ့ရပါပြီ။

ဒါကြောင့်လည်း အရွယ်မရောက်သေးတဲ့သားလေးရဲ့ အနာဂတ်နဲ့ မိသားစုစားဝတ်နေရေးတာဝန်တွေကို ဒေါ်ကေခိုင် ထမ်းပိုးရတော့မှာပါ။ အဲသည်အတွက် သူကစိတ်ဓာတ်ကျမနေပါဘူး။ လူငယ်တစ်ဦးအပေါ်ကျရောက်မဲ့ ဘေးအန္တရာယ်ကို ကာကွယ်ရင်းအသက်ဆုံးရှုံးလိုက်ရတဲ့ခင်ပွန်းသည်အတွက် “ကျွန်မဂုဏ်ယူတယ်”လို့ ဒေါ်ကေခိုင်က ရင်ဖွင့်ပါတယ်။

သူ့ခင်ပွန်း ဦးစိန်ဝင်းလှိုင်ဟာ မတ်လ ၁၅ ရက်မှာကျည်ထိရာက မတ်လ ၁၆ ရက်ညပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ခင်ပွန်းသည်ဆုံးတာ ခုနစ်ရက်ပင်မပြည့်သေးပေမယ့် သားအမိနှစ်ယောက်ရဲ့ နေထိုင်စားသောက်ရေးကို ဒေါ်ကေခိုင်တစ် ယောက် ကြိုတင်တွက်ဆထားပြီးပါပြီ။

အသက်အရွယ်အားဖြင့် ၄၀ ကျော်ပြီဖြစ်သလို တခြားလုပ်ကိုင်တတ်တာမရှိတာကြောင့် သားလေးကိုဈေးရောင်းကြွေးမယ် လို့ ဒေါ်ကေခိုင်စိတ်ကူးထားတယ်။ လောလောဆယ်မှာတော့ ခင်ပွန်းသည်ရဲ့နာရေးကိစ္စကိုအကြောင်းပြုပြီး အကူအညီ တွေလည်း ရရှိတာကြောင့် စားဝတ်နေရေးအဆင်ပြေနေသေးတယ်လို့ သူက ဆိုပါတယ်။

စစ်ကောင်စီရဲ့ လက်ကိုင်တပ်တွေဟာ ရန်ကုန်လိုနေရာမှာသာ ပစ်ခတ်သတ်ဖြတ်တာတွေ ကျူးလွန်နေတာ မဟုတ်ပါဘူး။ နိုင်ငံ့အနှံ့ပစ်ခတ်အကြမ်းဖက်တာတွေ ကျူးလွန်နေပြီး မင်းနေပြည်တော်ဟောင်း မန်းရွှေမြို့တော်ကိုလည်း အလွတ်မပေးခဲ့ ပါဘူး။

ရွှေမန်းမြေက တက်တူးဆရာရဲ ့ဇနီး
မန္တလေးမြို့နယ် စိန်ပန်းရပ်ကွက်ပတ်ခတ်မှုမှာ ကျဆုံးခဲ့ရသူတွေထဲ ကိုကောင်းမြတ်ဟိန်းလည်း ပါဝင်ခဲ့ပါတယ်။ သူက တက်တူးထိုးတဲ့အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းနေသူတစ်ဦးပါ။

၃၁ နှစ်အရွယ် ကိုကောင်းမြတ်ဟိန်းဟာ မတ်လ ၁၃ ရက်က လက်ကိုင်တပ်တွေရဲ့ပစ်ခတ်မှုကြောင့် ဝမ်းဗိုက်ကိုကျည်ထိ မှန်ခဲ့ပါတယ်။ ဖြစ်ဖြစ်ချင်းလူမှုကူညီရေးအသင်းတွေက ပုဂ္ဂလိကဆေးရုံတစ်ခုကို ပို့ဆောင်ပေးခဲ့ကြပါတယ်။ အစ်ကိုတွေ ဖုန်း လှမ်းဆက်မှသာ ခင်ပွန်းသည် သေနတ်ကျည်ထိတာကို မငြိမ်းငြိမ်းသန့် သိရတာပါ။

ဒါကြောင့် ဆေးကုသမှုပေးတဲ့နေရာ အပြေးအလွှားလိုက်သွားခဲ့ရပါတယ်။ လိုအပ်တဲ့ခွဲစိပ်တာတွေလုပ်ပြီး ကုသမှုပေးပေမဲ့ ကိုကောင်းမြတ်ဟိန်း အသက်မရှင်ခဲ့ပါဘူး။ မတ်လ ၁၅ ရက်မှာ ပစ်ခတ်ခံရတဲ့ဒဏ်ရာကြောင့်ပဲ ကျဆုံးသွားခဲ့ပါတယ်။

ကိုကောင်းမြတ်ဟိန်းကွယ်လွန်ချိန်မှာ ဇနီးသည်နဲ့သမီးလေးနှစ်ယောက် ကျန်ခဲ့ပါတယ်။ သမီးကြီးလေးက အသက် ၁၀ နှစ်ဖြစ်ပြီး အငယ်လေးကခုမှခြောက်နှစ်ပါ။ ခုချိန်မှာ ဖတဆိုးလေးတွေဖြစ်ကျန်ရစ်တဲ့ သမီးလေးနှစ်ယောက်အပေါ် ဖခင် မေတ္တာနဲ့ မိခင်ရဲ့မေတ္တာကိုပါ ပုံပေးသွားမယ်လို့ မငြိမ်းက RFA သတင်းဌာနနဲ့ အင်တာဗျူးမှာ ရင်ဖွင့်သွားပါတယ်။

” ကလေးတွေကြီးပြင်းအောင် ကိုယ်ကပဲစောင့်ရှောက်ရတော့မယ်။ သူ့တို့အဖေရဲ့နေရာရော အရင်ထက် နှစ်ဆပိုစောင့် ရှောက်သွားမယ်”

မငြိမ်းငြိမ်းသန့်တို့ မိသားစုဟာ လက်ရှိမှာ မန္တလေးမြို့ မြို့သစ်ပိုင်းက မနော်ဟရီလမ်းဘက်မှာ နေထိုင်ကြပါတယ်။ ကျဆုံး သွားတဲ့ တော်လှန်သူရဲကောင်း ကိုကောင်းမြတ်ဟိန်းကိုတော့ မတ်လ ၁၆ ရက်က ကြာနီကန်သုဿန်မှာ ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြပါတယ်။

သည်ကာလမှာ အာဏာရှင်တော်လှန်ရေးလုပ်ရင်း လက်နက်ကိုင်တွေရဲ့အကြမ်းဖက်မှုကြောင့် အသက်ဆုံးရှုံးပြီး မိသားစုဘဝပြိုကွဲရသူတွေရှိသလို ကိုယ်အကြောင်းနဲ့ကို လမ်းပေါ်ထွက်မိရာက အသက်ပေးခဲ့ရသူတွေလည်း ရှိနေပါတယ်။ အဲဒီလို အသက် ဆုံးရှုံးလိုက်ရသူတွေထဲမှာ တောင်ဥက္ကလာပမြို့နယ်မှာနေထိုင်တဲ့ ကိုအေးကျော်လည်း ပါဝင်ခဲ့ရပါတယ်။

ကိုယ့်အလုပ်ကိုလုပ်ရင်း အသက်ပေးရသူ
ကိုအေးကျော်က ပန်းတိန်ဆရာတစ်ဦးပါ။ သူ့မှာ မချစ်မြတ်သူဆိုတဲ့ ဇနီးသည်နဲ့အတူ သမီးလေးတစ်ဦး ရှိပါတယ်။

စစ်အုပ်စုအာဏာသိမ်းပြီးကတည်းက မြို့ပြတွေမှာ မငြိမ်းမသက်ဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် အာဏာရှင်ကိုဆန့်ကျင် တွန်းလှန်သူတွေကတစ်ဘက် အာဏာရှင်လက်ပါးစေတွေက တစ်ဘက်ဆိုတာမျိုး ဖြစ်လာခဲ့တာပါ။

ပြည်သူတင်မြှောက်တဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ပြန်လွှတ်ဖို့ ပြည်သူ့အာဏာ ပြည်သူထံပြန်လည်အပ်နှင်းဖို့ လူငယ်တွေ ဦးဆောင်ပြီး ဒေသအနှံ့တောင်းဆိုလျက်ရှိပါတယ်။ ဒီလိုတောင်းဆိုတာတွေကို စစ်ကောင်စီရဲ့လက်နက်ကိုင်တပ်တွေက ပစ်ခတ်ဖမ်းဆီးသတ်ဖြတ်တာတွေ နေ့စဉ်နဲ့အမျှ ကျူးလွန်နေပါတယ်။

အဲဒီလိုအခြေအနေတွေကြောင့်ပဲ ကိုအေးကျော်တို့ မိသားစုလေး နယ်ကိုပြန်ဖို့ စီစဉ်ကြပါတယ်။ စီစဉ်တာကလည်း မတ်လ ၁၆ ရက်နယ်ပြန်မယ်ဆိုပြီး ကားလက်မှတ်တောင်ဖြတ်ထားပြီလို့ ဆိုပါတယ်။သည်ကြားထဲ မိသားစုအတွက် လိုအပ်မယ်ထင်တာလေးတွေ ကိုအေးကျော်စီစဉ်ရပါတယ်။ အဲသည်လိုစီစဉ်ရာမှာ သမီးလေးနဲ့ ဇနီးသည်အတွက် ရွှေလုပ် ပေးဖို့လည်းပါပါတယ်။ နယ်ပြန်မှာဖြစ်လို့ အိမ်ကပန်းတိမ်ပစ္စည်းတွေ သိမ်းဆည်းထားပြီမို့ တခြားနေရာသွားပြီး ပန်းတိန် လုပ်မယ်ဆိုပြီး ဆိုင်ကယ်တစ်စီးနဲ့ ရပ်ကွက်ထဲထွက်ခဲ့ပါတယ်။

ကိုအေးကျော်ရဲ့ အစ်မဖြစ်သူပြောပြချက်အရ သူ့မောင်ဟာ ရွှေလုပ်ဖို့ငွေလေးသိန်းကျော်ပါသွားတယ်လို့သိရပါတယ်။ ဒါပေ မယ့် လမ်းခုလတ်မှာပဲ လက်နက်ကိုင်တွေရဲ့ရမ်းကားပစ်ခတ်မှုကြောင့် ကိုအေးကျော်ရဲ့နှလုံးနားကို ကျည်ထိမှန်ခံခဲ့ရပါ တယ်။

အပစ်ခံရတဲ့နေရာတင် ကိုအေးကျော်ဟာ သူစီးလာတဲ့ဆိုင်ကယ်နဲ့အတူ လမ်းပေါ်လဲကျသွားခဲ့ပါတယ်။ လဲကျနေတာကို ရပ်ကွက်နေပြည်သူတွေက သွားကယ်ချိန်မရလိုက်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ရဲနဲ့စစ်သားတွေက ကိုအေးကျော်ကို ကားပေါ်မတင်ပြီး ခေါ်သွားပါတယ်။

အစောပိုင်းတော့ ကိုအေးကျော်ကို မင်္ဂလာဒုံစစ်ဆေးရုံမှာတင်ကုထားပြီး သက်သာတဲ့အကြောင်း မြို့နယ်ရဲစခန်းက မိသား စုထံ အကြောင်းကြားပါတယ်။ ဒါကြောင့် ဆေးရုံကို မချစ်မြတ်သူတို့လိုက်သွားတဲ့အခါ ခင်ပွန်းသည်နဲ့ တွေ့ခွင့်မပေး ပါဘူး။ လိုအပ်မယ့်ထင်တာလေးတွေဆေးရုံဝတင်ပေးခဲ့ရပြီး အိမ်ပြန်ခဲ့ကြရပါတယ်။

နောက်တစ်နေ့ရောက်တော့ ကိုအေးကျော်ဆုံးသွားပြီဖြစ်လို့ အလောင်းလာသယ်ဖို့ မိသားစုကို အကြောင်းကြားလာပါ တော့တယ်။ သည်တော့ မိသားစုဟာ ရင်ကွဲမတတ် ခံစားကြရတယ်လို့ ကိုအေးကျော်ရဲ့အစ်မဖြစ်သူက ဆိုပါတယ်။

” ဆန္ဒပြတာလည်းမဟုတ် နိုင်ငံရေးထဲလည်းမပါဘဲနဲ့ လမ်းပေါ်မှာခုလိုပစ်သတ်ခံရတာတော့ ခံပြင်းလွန်းတယ်။ ရင်ထဲ မှာလည်း ဘယ်လိုမှ မဖြေဆည်နိုင်ဘူး”

ခုတော့ လူမမယ်တူမလေးနဲ့ ယောက်မဖြစ်သူရဲ့ရှေ့ရေးအတွက် ပူပန်နေရပြီလို့ ကိုအေးကျော်ရဲ့အစ်မက ရင်ဖွင့်ပါတယ်။ ရှေ့ခရီးဘယ်လိုပဲရှိပါစေ တူမလေးရဲ့ ဘဝတစ်သက်တာ စောင့်ရှောက်ဖေးမသွားဖို့ မိသားစုတစ်တွေ တိုင်ပင်ဆုံးဖြတ်ထား တယ်လို့လည်း သူက ပြောပါတယ်။

လက်နက်ကိုင်တပ်တွေရဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် ခင်ပွန်းသည်ဆုံးရှုံးခဲ့ရတဲ့ ဒေါ်ကေခိုင်နဲ့ မငြိမ်းငြိမ်းသန့်တို့လို တော်လှန် ရေးသူရဲကောင်းတွေရဲ့ဇနီးသည်တွေကတော့ အာဏာရှင်စနစ် မုချကျရှုံးရမယ်လို့ ကြုံးဝါးနေကြပါတယ်။

ဒေါ်ကေခိုင်ကတော့ “ဒီတိုက်ပွဲ ပြည်သူတွေ နိုင်ကိုနိုင်မှဖြစ်မယ်”လို့ ဆိုလိုက်ပါတယ်။

Related Articles