Home ဆောင်းပါး စစ်တွေမြို့က စေတနာ့ဝန်ထမ်း သုဘရာဇာအမျိုးသမီးငယ်များ

စစ်တွေမြို့က စေတနာ့ဝန်ထမ်း သုဘရာဇာအမျိုးသမီးငယ်များ

သန့်ရှင်းထွန်း
သူငယ်ချင်းများက ဖုန်းဆက်သည့်အခါတိုင်းသူမကို “ဟေ့သုဘရာဇာမ(ရခိုင်လိုမသာမ)”ဟု ခေါ်ကြသော်လည်း စိတ်ထဲ တွင် ပျော်ရွှင်မိသည်ဟု မိမိလုပ်နေသည့်အလုပ်ကိုဂုဏ်ယူရင်း အသက် ၂၃ နှစ်အရွယ် မနီလာစိုးကရယ်မောစွာပြောသည်။

မြန်မာနိုင်ငံ၏ အစဉ်အလာတွင် လူသေများအတွက် လုပ်ပေးသည့် သုဘရာဇာအလုပ်ကို အမျိုးသားများကသာ ဆောင် ရွက်လေ့ရှိခဲ့ပြီး သုဘရာဇာဆိုသည့် အသံကြားတည်းကပင် လူအများစုက နှိမ့်ချတတ်ကြပြီး ပတ်ဝန်းကျင်တွင်လည်း လူ တောမတိုးသည့် အခြေအနေရှိခဲ့သည်။

သို့သော်လည်း မနီလာစိုးအနေဖြင့် ခေတ်ပညာတတ်တစ်ယောက်ပီပီ ရှေးအယူအဆများကို တွန်းလှန်လျက်ရှိသည်။ မနီလာစိုး၏ဇာတိမှာ မင်းပြားမြို့နယ် ၊ ပန်းမြောင်းကျေးရွာသူဖြစ်ပြီး ကိုဗစ် ၁၉ ဖြစ်ပွားခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဩဂုတ် လကစ၍စစ်တွေမြို့ရှိ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းပရဟိတအသင်းသို့ လုပ်အားပေးလာရောက်ကူညီပေးနေခြင်းဖြစ် သည်။

သူမသည် မြန်မာစာအထူးပြုဘာသာဖြင့် ဘွဲ့ရထားသူတစ်ဦးဖြစ်ပြီး ၎င်းဇာတိရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းတွင် စာပြနေသည့် ဆရာမတစ်ဦးလည်းဖြစ်သည်။

” အလောင်းထမ်းနေတာကိုမြင်တော့ ကျွန်မရည်စားကတောင် လမ်းခွဲသွားတယ်။ အဲလိုပြောတဲ့နေ့က ဝမ်းနည်းမှုတွေ ခံစားခဲ့ရပေမယ့် မျက်ရည်မကျခဲ့ပါဘူး”ဟု မနီလာစိုးက ဟန်မပျက်ပြောသည်။

မနီလာစိုး အလောင်းထမ်းနေသည့်ပုံများကို လူမှုကွန်ရက်စာမျက်နှာများမှတဆင့် ဆွေမျိုးသားချင်းများသိသွားသည့်အခါ အလောင်းထမ်းသည့်အလုပ်ကို လူအများက လူရာမသွင်းတတ်၊ ပေါင်းသင်းဆက်ဆံမှုမလုပ်တတ်ကြောင်း ဖုန်းဆက် ပြောခဲ့သည်ဟု ဆိုသည်။ သို့သော် မနီလာစိုးမှာ ယုံကြည်ချက်မပျက်ဘဲ ဆက်လုပ်နေသည် ဟုဆိုသည်။

” ကျွန်မတို့ အလောင်းထမ်းစကဆိုရင် လူတစ်ချို့က ရွံ့ရှာတဲ့ မျက်လုံးတွေနဲ့ ကြည့်ခဲ့တယ်။ ဒီအလုပ်က စေတနာအရင်းခံ တဲ့ ပရဟိတစိတ်ရှိသူတွေသာ လုပ်လို့ရတာကို သူတို့သဘောမပေါက်ကြပါဘူး”ဟု ဆက်ပြောသည်။

မနီလာစိုးနှင့်အတူ အလောင်းထမ်းနေသည့် နောက်ထပ်အမျိုးသမီးငယ်တစ်ဉီးမှာ ကျောက်တော်မြို့နယ် ရွာသစ်ကေ ကျေးရွာမှမမြတ်ဝတီစိုးဖြစ်သည်။ မမြတ်ဝတီစိုးက ဓာတုဗေဒအထူးပြုဘာသာဖြင့် ပထမနှစ်ကျောင်းတက်နေသူဖြစ်ပြီး ကို ဗစ်ကာလအတွင်း ကျောင်းပိတ်ထားချိန်တွင် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းသို့ ဝင်ရောက်လုပ်အားပေးနေခြင်း ဖြစ်သည်။

” အလောင်းကို သဂြိုလ်ဖို့လုပ်တဲ့အချိန် ကျန်ရစ်သူမိသားစုတွေ ငိုကြွေးကြပြီဆိုရင် ကျွန်မရဲ့ဝမ်းနည်းတတ်တဲ့စိတ်က ထိန်းမရဘဲ ငိုချလိုက်တာပဲ။”ဟု မမြတ်ဝတီစိုးက ဆိုလေသည်။

မိန်းမသားများအဖို့ဆုံးရှုံးမှုတခုအတွက် ပိုမိုဝမ်းနည်းတတ်သည်မှာ ထွေထွေထူးထူးမဟုတ်ဟု သူမက ဆက်ပြောသည်။

” လင်ယောကျ်ားဆုံးလို့ ဆိုပြီး ဆွေးဆွေးမြည့်မြည့်ငိုနေတဲ့ အမျိုးသမီးနဲ့သားသမီးတွေကို ကြည့်ပြီး သံဝေဂတွေရမိတယ်။ လူ့ဘဝ ဇာတ်ခုံအဖုံဖုံကို နားလည်လာတယ်”ဟု မမြတ်ဝတီစိုးက ပြောပြသည်။

မြန်မာနိုင်ငံတွင် နာရေးကိစ္စနှင့် ပတ်သက်၍ လူမှုကူညီရေးလုပ်ငန်းများကို အဖွဲ့အစည်းပေါင်းစုံက ဆောင်ရွက်နေသည် များရှိသော်လည်း အမျိုးသမီးများက အလောင်းထမ်း၍သဂြိုလ်ပေးသည့်အလုပ်ကိုမူ လက်ရှိတွင် စစ်တွေမြို့ရှိ ရွှေရောင် မေတ္တာဖောင်ဒေးရှင်းက အမျိုးသမီးငယ်များက ဆောင်ရွက်နေသည်မှာ ထူးခြားမှုတခုဖြစ်နေသည်။

ရွှေရောင်မေတ္တာဖောင်ဒေရှင်းတွင် လုပ်အားပေးနေသည့် အမျိုးသမီးငယ် ၁၆ ဦးရှိပြီး အဆိုပါအမျိုးသမီးငယ်များမှာ အမျိုး သားများနှင့် တန်းတူလုပ်ကြသည်ဟု ဖောင်ဒေးရှင်းဉက္ကဋ္ဌကိုအောင်နိုင်ကပြောသည်။

“ ဖောင်ဒေးရှင်းကိုစပြီး လုပ်တာက တစ်နှစ်ကျော်ရှိပါပြီ။ အလှူရှင်တွေရဲ့ လှူဒါန်းငွေတွေနဲ့ ရပ်တည်ပါတယ်။ အဓိကတော့ မတော်တဆဖြစ်လို့ ကူညီမယ့်သူမရှိဘဲ သက်ဆိုင်ရာဆေးရုံဆေးခန်းကို မရောက်နိုင်ဘဲ အသက်မဆုံးရှုံး ရအောင်ဖြစ်ပါ တယ်။ နောက်တစ်ခုက သေဆုံးသူတွေရဲ့နောက်ဆုံးခရီးကို လှလှပပလေးနဲ့ နိဂုံးချုပ်နိုင်အောင် ဖြစ်ပါတယ်”ဟု ၎င်းကဆို သည်။

လက်ရှိတွင်လည်း ဖောင်ဒေးရှင်းသို့ စေတနာရှင် အလှူရှင်များက လှူဒါန်းပေးမှုများရှိနေပြီး လူနာသယ်ရခြင်း၊ အလောင်း သဂြိုလ်ပေးရခြင်းမှာ နေ့စဉ်ရှိနေသည်ဟု ပြောသည်။

” နာရေးလို့မဟုတ်ပါဘူး။ အရေးပေါ်အက်စီးဒင့်ဖြစ်လို့ သွားရမယ်ဆိုလည်း ကျွန်မတို့ရှေ့ဆုံးက လိုက်ကြတယ်။ အမျိုး သားအလုပ်၊ အမျိုးသမီးအလုပ်ဆိုပြီး မခွဲတော့ပါဘူး။ လုပ်သင့်တာကို လုပ်ရမှာပဲ”ဟု မနီလာစိုးက ပြောသည်။

ယခုကဲ့သို့ အမျိုးသမီးငယ်များက အလောင်းထမ်းခြင်း၊ သဂြိုလ်ပေးခြင်းအလုပ်များကို လုပ်ပေးနေခြင်းမှာ သာမန် စိတ် ထား နှလုံးသားရှိရုံဖြင့် မဖြစ်နိုင်ကြောင်း ရခိုင်အမျိုးသမီးကွန်ယက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။

” တစ်ချို့အမျိုးသမီးတွေက ပရဟိတလုပ်ငန်းတွေမှာ ပါဝင်တယ်ဆိုပေမယ့် ဒီလောက်ထိမလုပ်ကြဘူး။ သာမန်လောက်ပဲ လုပ်ကြတယ်။ အခုကလေးမတွေက တကယ့်ကို လေးစားဖို့ကောင်းတဲ့သူတွေဖြစ်ပါတယ်”ဟု ဒေါ်ညိုအေးက ဆိုသည်။

ယခုကဲ့သို့ အမျိုးသမီးငယ်များက အလောင်းထမ်းခြင်း၊ သဂြိုလ်ပေးခြင်းများ ဆောင်ရွက်ပေးနေခြင်းကို အမြဲလေးစား ဂုဏ်ယူမိပြီး သမီးများကိုလည်း ယခုကဲ့သို့ မွန်မြတ်သော အလုပ်များတွင် ပါဝင်လုပ်ကိုင်စေမည်ဟု အမျိုးသမီးငယ်များ၏ ကူညီပံ့ပိုးမှုကို ရရှိခဲ့သူ အမျိုးသမီးတစ်ဦးက ပြောသည်။

မနီလာစိုးနှင့် မမြတ်ဝတီစိုးတို့သည် ပရဟိတစိတ်ကို အခြေခံကာ အကျိုးအမြတ်မယူဘဲ မိမိလုပ်ရပ်အပေါ် ပီတိဖြစ်၍ ဆောင်ရွက်နေသူများဖြစ်ကြသည်။

အဆိုပါလုပ်ငန်းများ ဆက်လက်အောင်မြင်ရန် သက်ဆိုင်ရာအစိုးရဌာနများနှင့် အလှူရှင်များက ဝိုင်းဝန်းကူညီပေးသင့် သည်ဟု လူမှုရေးဆောင်ရွက်နေသူတစ်ချို့က ပြောသည်။ အရေးပေါ်လူနာသယ်ယူရန် မော်တော်ယာဉ် အသုံးပြုရပြီး စက်သုံးဆီစရိတ်၊ စရိတ်မတတ်နိုင်သူများအတွက် အခေါင်းစီစဉ်ပေးရခြင်း၊ မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းခြင်းအတွက် ကုန်ကျစရိတ်များမှာရှိနေသည့်အတွက် ဖောင်ဒေးရှင်းရေရှည်တည်တံ့ရန် အလှူငွေများလိုအပ်နေသည်ဟုဆိုသည်။

” ကျွန်မတို့အမျိုးသမီးအနေနဲ့ ဘာမဆိုလုပ်နိုင်တယ်ဆိုတာကိုသက်သေပြချင်တာရယ်၊ ပြီးတော့ ကိုယ့်နောက်က လူငယ် အမျိုးသမီးတွေကို အတုယူစေချင်တဲ့ ရည်ရွယ်ချက်လည်းပါပါတယ်”ဟု မမြတ်ဝတီစိုးက သူ၏ ခံယူချက်ကိုပြောပြသည်။

” အလောင်းထမ်းတာကို မကြိုက်လို့ ရည်စားမရရင်လည်း ဒီတစ်သက် ယောကျ်ားမယူဘဲနေလိုက်တော့မယ်” ဟု မနီလာ စိုးကပြောပြီး ရီရီမောမော ပြောလည်းပြော ပါးစပ်ကိုလည်း သူမ၏လက်ဖြင့်ဖုံးအုပ်လိုက်လေသည်။

Related Articles