ယာမုံထုံ။ ။
“ ကိုဗစ်လူနာတော့ မကြားမိပါဘူး။ဒီမှာတော့ မိုင်းထိသေတဲ့ မသာရယ်၊ ဗုံးထိသေတဲ့ မသာရယ်၊ လက်နက်ကြီး ကျလို့ သေတဲ့ မသာတွေရယ်ပဲရှိတာ” ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က စစ်ရှောင်စခန်းတခုမှာ ရောက်နေတဲ့ မလှမြိုင်ကဆိုပါတယ်။
မလှမြိုင်တို့ရဲ့ ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ ဒုတိယအများဆုံးရှိတဲ့ ပြည်နယ်လည်းဖြစ်ပါတယ်။
ကိုဗစ်ဒုတိယလှိုင်း လို့ခေါ်ကြသလို ပြည်တွင်းကူးစက်မှုလို့လည်း သတ်မှတ်ကြတဲ့ ငြိမ်သက်နေပြီးမှ ရောဂါကူးစက်မှုနှုန်းတွေ၊ ပိုးတွေ့လူနာသေဆုံးမှုနှုန်းတွေ ကြောက်ခမန်းလိလိ တိုးလာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ တကျော့ပြန် ကိုဗစ်ကပ်ရောဂါဟာ ရခိုင်ပြည်နယ်က စတင်တယ်လို့ အများစုက ပြောကြပါတယ်။
သြဂုတ်လမှာ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ ကိုဗစ်ပိုးတွေ့လူနာ စတင်တွေ့ရှိခဲ့ပြီး ပြည်နယ်ရဲ့ မြို့ကြီးတွေနဲ့ အဲဒီကမှ တစ်ဆင့် ကူးလူးပြန့်ပွားလာခဲ့တာ လက်ရှိမြန်မာနိုင်ငံမှာ ကိုဗစ်ပိုးကူးစက်ခံထားရသူ လူနာပေါင်း ၁,၀၇၀၀ ကျော်ရှိလာပြီပါတယ်။
ရခိုင်ပြည်နယ်က စစ်တွေ၊ ကျောက်ဖြူ၊ မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင် စတဲ့ မြို့အသီးသီးမှာလည်း ကူးစက်ခံခဲ့ရကာ ပြည်နယ်တွင်း စုစုပေါင်း ၁၂၀၀ ကျော်နဲ့ တစ်နိုင်ငံလုံးမှာ ကူးစက်ခံရမှု ဒုတိယအများဆုံး ပြည်နယ်ဖြစ်နေပါပြီ။
ဒါပေမယ့်လည်း ကိုဗစ်နဲ့ပတ်သက်တဲ့အကြောင်းတွေကို ကလေးငါးယောက်မိခင် မလှမြိုင်ကတော့ သေချာမသိဘူးလို့ ဆိုပါတယ်။ သူဟာ တိုက်ပွဲတွေကြောင့် အိမ်နဲ့ယာကို စွန့်ပြီးစစ်ဘေးရှောင်စခန်းမှာ လာနေရတာဖြစ်ပါတယ်။
တကယ်တော့ စက်တင်ဘာ ၂၇ ရက်နေ့အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ စစ်တွေမြို့မှာ ကိုဗစ်ပိုးတွေ့လူနာပေါင်း ၇၃၄ ယောက် ရှိနေခဲ့ပြီး သူနေထိုင်ရာ ဘူးသီးတောင်မြို့ နယ်မှာ ပိုးတွေ့လူနာ ၂၉ ယောက် ရှိနေပြီပဲ ဖြစ်ပါတယ်။
ကပ်ရောဂါအဖြစ် နိုင်ငံအနှံ့ကူးစက်ပြန့်ပွားနေသလို လက်ရှိအချိန်အထိ ကုသစရာ အတည်ပြုပြီးသား ဆေးဝါးမပေါ်သေးတာမို့ လူတိုင်းစိတ်ပူနေကြရတဲ့ ကိုဗစ်က ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတွေ ဆီမှာတော့ စိတ်ဝင်စားခံရမှု သိပ်မရှိပါဘူး။
“အင်တာနက်က လိုင်းလည်းမတက်ဘူးလေ၊ မက်ဆေ့တောင်ပို့မရပါဘူးဆို ဘယ်လို သတင်းဖတ်လို့ရမှာလဲ။ ပြီးတော့ တိုက်ပွဲတွေကလည်း သေသေချာချာငြိမ်သွားတာမဟုတ်တော့ ကိုယ်စားသောက်စရာလေး ရဖို့ရယ်၊ တိုက်ပွဲကြောင့် မသေဖို့ရယ်ပဲ ဂရုစိုက်ရတာပေါ့” လို့ ဝေစုရထားတဲ့ ဆန်နဲ့ ငါးနီတူခြောက်ဟင်းကို နေ့လည်စာ အဖြစ် စားနေရင်းက မလှမြိုင်က ပြောပါတယ်။
တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ရခိုင်ပြည်နယ်ထဲက နေရာအတော်များများမှာ အင်တာနက်လိုင်း တွေဖြတ်တောက်ခံထားရတာပါ။
သူနေထိုင်ရာစစ်ဘေးရှောင်စခန်းမှာ ကိုဗစ်ရောဂါ ကာကွယ်ဖို့အတွက် လက်သန့်ဆေးရည်၊ဆပ်ပြာနဲ့ နှာခေါင်း စည်းတွေ လာလှုုကြသလို စခန်းက တာဝန်ရှိသူတွေက လော်စပီကာနဲ့လည်း လူစုလူဝေးမလုပ်ဖို့ လက်ဆေး ကြဖို့တွေ လိုက်သတိပေးကြပါတယ်။
“အပြင်ထွက် ဈေးဝယ်မယ်ဆို ငါးယောက်လောက်တော့စုသွားကြတယ်လေ။ ရောဂါကတော့ မကူးနိုင်ပါဘူး။ အကုန်လုံးက ကိုယ့်အိမ်ခန်းလေးတွေနဲ့ ကိုယ်နေကြတာပဲဟာ၊ ဈေးသွားတဲ့လူတွေ ပြန်လာမှ မြို့ပေါ်မှာ ဘာဖြစ်နေတယ်ဆိုတာ သူတို့ ကြားသမျှ ပြန်ပြောကြတာကို ဝိုင်းနားထောင်ကြတာပေါ့။ တီဗီရှိတဲ့ အိမ်နဲနဲ တော့ရှိတယ်၊ သူတို့ ပြန်ပြောကြတဲ့ သတင်းတွေကိုလည်း တဆင့် ပြန်ပြောပြကြတယ်။ဒါပေမယ့် လိုင်းမကောင်းဘူး၊ သိပ်လည်း စိတ်မဝင်စားကြဘူး” လို့ မလှမြိုင်က ခပ်အေးအေး ပြောပါတယ်။
အမ်းမြို့နယ်က စစ်ဘေးရှောင်စခန်းတခုမှာ ယာယီနေထိုင်သူ ကိုးတန်းကျောင်းသူ မစန်းစန်းနွယ်က ကိုဗစ် ကြောင့် ကျောင်းတွေပိတ်ထားတာမို့ စာတွေပဲ ကြိုဖတ်နေပါတယ်။
သူနေထိုင်ရာ ဒလက်ချောင်းရွာဟောင်း ကနေ လက်ရှိ စစ်ဘေးရှောင်စခန်းအဖြစ် ဖွင့်လှစ်ထားတဲ့ အခြေခံပညာကျောင်းဝင်းထဲကို မိသားစု ၁၁ ယောက်နဲ့အတူ ပြောင်းရွှေ့ခဲ့တာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက လို့ သူကဆိုပါတယ်။
ကိုဗစ်ရောဂါအကြောင်း သိပ်မသိသလို စိတ်လည်းမဝင်စားမိတာက ရွာမှာနေထိုင်ကတည်းက အမြဲနားစွင့်နေရတဲ့ တိုက်ပွဲသံတွေကြောင့်လို့ သူက ပြောရင်း လက်ရှိမှာ လိုအပ်နေတာက ကိုဗစ်သတင်းထက် ဘယ်တော့ စားစရာလာပေးမယ်ဆိုတာပါပဲလို့ ပွင့်ပွင့်လင်းလင်း ပြောပါတယ်။
“ကိုဗစ်အကြောင်း သိပ်မသိဘူး။ ကျွန်မတို့ ခုဆန်ပဲရှိတော့တာ၊ ဟင်းက အလှည့်ကျ အုပ်စုလိုက် အပြင်ထွက် ပြီး အသီးအရွက်တွေ ခူးကြ ချက်ကြရတယ်။ အလှုုရှင်တွေက လက်ဆေးရည်တို့ ဘာတို့ လာပေးကြပေမယ့် တကယ်လိုနေတာက စားစရာပါ” လို့ အသက် ၁၅ နှစ်ရှိပြီဖြစ်တဲ့ မစန်းစန်းနွယ်က သူလတ်တလော လိုအပ်နေတာကို ပြောပါတယ်။
စခန်းမှာ စာသင်ပေးတဲ့ ဆရာတစ်ယောက်ရှိပြီး မစန်းစန်းနွယ်နဲ့အတူ ဒလက်ချောင်းရွာဟောင်းဘက်က ပြောင်းရွှေ့လာသူ ရွယ်တူ မိန်းကလေးတစ်ချို့က ကျောင်းစာ ဆက်သင်နေကြသလို အများစုကတော့ တိုက်ပွဲကြောင့် မိသားစုဝင် ဆုံးရှုံးမှုတွေနဲ့အတူ ပညာရေးလည်း ရပ်နားလိုက်ကြရပါတော့တယ်။
“ဒီမှာ မိန်းကလေးတွေက အားလုံးပေါင်း အယောက်ငါးဆယ်လောက်ရှိမယ်ထင်တယ်။ များတယ်လေ။ ပြီးတော့ ကျွန်မတို့ တကယ်လိုနေတာတွေက အတွင်းခံတို့ အမျိုးသမီးလစဉ်သုံး ပစ္စည်းတို့ပါ။ နှာခေါင်းစည်းတွေ ဘာတွေကျ လာပေးလည်း ကိုယ့်အချင်းချင်းတွေ ဘယ်သူမှ တပ်မနေကြပါဘူး” လို့ မစန်းစန်းနွယ်က ပြောပါတယ်။
စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးသန်းချိုက ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စနစ်တကျ လက်ဆေးဖို့၊ အပြင်လူအဝင်မခံဖို့၊ အရေးအကြောင်းရှိလို့ စခန်းအပြင်ထွက်ရင် လူနှစ်ယောက်သာ ထွက်ဖို့တွေ ညွှန်ကြားထားပြီး လက်ရှိအချိန်အထိ အမ်းမြို့နယ်က စစ်ဘေးရှောင်စခန်းတွေမှာ ပိုးတွေ့လူနာမရှိသေး ဘူးလို့လည်း ဆိုပါတယ်။
အမ်းမြို့နယ်မှာ လက်ရှိ အချိန်ထိ ပိုးတွေ့လူနာ ၄ ယောက်ရှိတယ် ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
“ကျွန်တော်တို့ဆီမှာ အရင်က စားသောက်စရိတ်အတွက်ပေးတဲ့အလှုုရှင်တွေက ကိုဗစ်ကာကွယ်ရေး ပစည်းတွေ ပြောင်းလှုုကြတယ်။အဲဒီတော့ လူကယ်ပြန် (လူမှု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန) က ပေးတဲ့ ဆန်နဲ့ဆီက တစ်လနှစ်လစာလောက်ပဲ ရှိတော့တယ်။ အဓိက လိုနေတာက အခြေခံ စားသောက်ကုန်တွေပါ၊ ခုဆို တောနဲ့နီးတော့ အဖွဲ့လိုက် အရွက်ထွက်ခူးကြ၊ ဝါးတုတ် (မျှစ်) လိုက်ချိုးကြနဲ့ ဟင်းစားအတွက် ကြံဖန်နေရပါတယ်” လို့ သဲပဒို စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးသန်းချိုကပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်မှာတော့ အောင်မင်္ဂလာ၊ စံပြ၊ ရေဖြုုကန်၊ ဖားရွှေ၀ စတဲ့ စစ်ဘေးရှောင်စခန်းတွေဖွင့် လှစ်ထားပြီး စစ်ဘေးကြောင့် အိမ်ယာတွေစွန့်ကာ လာရောက် မှီတင်းနေထိုင်သူပေါင်း အယောက် ၂၀၀၀ ဝန်းကျင်ရှိပါတယ်။
ကိုဗစ်ပိုးတွေ့လူနာပေါင်း ၂၁ ယောက်ရှိပေမယ့် စစ်ဘေးရှောင်စခန်းတွေထဲမှာတော့ ပိုးတွေ့လူနာစာရင်း မရှိသေးပါဘူး။
“တိုက်ပွဲရှောင်စခန်းတွေအတွက် လက်ကမ်းစာစောင်တွေ၊ နှာခေါင်းစည်းတွေနဲ့ လိုအပ်တဲ့ ဆပ်ပြာရည်တွေကို ICRC နဲ့ WFA က လာလှုုကြပါတယ်။ဒါပေမယ့် အားလုံးစိတ်ပူနေတာက စားစရာပြတ်လပ်မှာကိုပါ။ ဆိုရိုးတောင်ရှိ သေးတယ်လေ အူမတောင့်မှ သီလစောင့်မယ်ဆိုတာ ခု အရေးပေါ်လိုနေတာက စားနပ်ရိက္ခာပါ။ အပြင်လူ အဝင်မခံရင်ကိုပဲ ကိုဗစ်က စခန်းတွေမှာ ကူးစက်ဖို့ နည်းသွားပါပြီ” လို့ ပုဏ္ဏားကျွန်းမြို့နယ် စစ်ဘေးရှောင်စခန်း တွေအတွက် ကူညီပေးနေတဲ့ သဘာဝနဒီ ဆရာတော်က မိန့်ပါတယ်။
မင်းပြားမြို့နယ်မှာ စစ်ဘေးရှောင်စခန်း (၇) ခုရှိပြီး စခန်းတွေအတွက် တာဝန်ခံတစ်ဦးဖြစ်တဲ့ ကိုအမ်းသား ကြီးက စခန်းတွေမှာလာရောက်နေထိုင်သူတွေက မိသားစုဝင်အပါအဝင်၊ လယ်ယာ၊ အိမ်နဲ့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးကြသူတွေချည်း ဖြစ်တာမို့ ကိုဗစ်ကို ကြောက်စရာလို့မမြင်ကြကြောင်း ဆိုပါတယ်။
“ရောဂါဖြစ်တာတွေ မဖြစ်တာတွေ ဘယ်သူမှ စိတ်မဝင်စားကြတော့ဘူး၊ အင်တာနက်လည်း 2G ဆိုတော့ သတင်းဖတ်မရ စာပို့မရချည်းပဲလေ၊ ဒီဘက်က မတ်စ်တွေဝေလည်း လှည့်ကြည့်လိုက်ရင် ဘယ်သူမှ မတပ်ပဲ လူစုလူဝေးတွေနဲ့ နေကြတာပဲ။ ခုလည်း တစ်ယောက်ချင်းစီ မစစ်လို့ ကိုဗစ်ရှိကြောင်း မသိကြတာလို့ပဲ ထင်ပါတယ်။ လူတိုင်းက ၁၀ ပေပတ်လည် အခန်းတွေထဲမှာပဲ နေရင်း စိတ်တွေလည်း မလန်းဆန်း နိုင်တော့ ဘူးလေ၊ ကြောက်စရာလည်း မရှိကြတော့ဘူး” လို့ ကိုအမ်းသားကြီး ကပြောပါတယ်။ စက်တင်ဘာ ၂၃ ရက်နေ့နေ့လည်ပိုင်းအထိ မင်းပြားမြို့နယ်မှာ ကိုဗစ် ကူးစက်ခံရသူလူနာပေါင်း ၃၈ ယောက်ရှိနေပြီ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် မြန်မာနိုင်ငံ တိုင်းနဲ့ ပြည်နယ်နေရာအများစု ကြုံတွေ့ရတဲ့ ရေလွှမ်းမိုးခြင်းဘေးကျရောက်တဲ့ အချိန်က စတင်ပြီး ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်ခဲ့တဲ့ ရခိုင်တိုင်းရင်းသူ အဆိုတော် မစိမ်းလဲ့လဲ့က လတ်တလောမှာ ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ဘေး၊မီးဘေး၊ကိုဗစ်ဘေးအတွက် သီးခြားအလှူရှင်တွေနဲ့ ပူးပေါင်းပြီး အလှူငွေနဲ့ အသုံးအဆောင်တွေ ပေးပို့လှူဒါန်းနေပါတယ်။
ကိုဗစ်ကပ်ဘေးသင့် ကာလဖြစ်တဲ့အတွက် အဓိကလိုအပ်နေတာ PPE ဝတ်စုံ၊ နှာခေါင်းစည်းတွေနဲ့ ကွာရန်တင်းစင်တာမှာ နေထိုင်နေရသူတွေအတွက် အစားအသောက်ဖြစ်ပေမယ့်လည်း စစ်ဘေးရှောင်စခန်း တွေဆီကိုတော့ အခြေခံစားသောက်ကုန်အပြင် အမျိုးသမီးတွေအတွက် လိုအပ်တဲ့ လစဉ်သုံးပစည်းတွေနဲ့ အတွင်းခံတွေ၊ အဝတ်အစားတွေကို အများဆုံးလှူဖြစ်နေတယ်လို့ ရခိုင်တိုင်းရင်းသူ အဆိုတော် မစိမ်းလဲ့လဲ့က ဆိုပါတယ်။
“အတွင်းခံဆိုတာ ကိုယ့်မိသားစုအချင်းချင်းတောင် ဖလှယ်ဝတ်ကြတဲ့ အရာမဟုတ်ဘူးလေ၊ ဒီတော့လှူတဲ့သူတွေကို တခါတည်းမှာရတယ်၊ အတွင်းခံ လိုတယ်၊ဒါပေမဲ့ အသစ်ပဲ လှူကြပါလို့၊ ကျန်းမာရေးအရအဆင်ပြေဖို့ ညှိနှိုင်းပြောဆိုရတာပေါ့။ တချို့ကျ လှူချင်တာပဲသိတော့ ဝတ်ပြီးသားတွေလည်း လာပေးတတ်ကြတယ်။ အစ်မကတော့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ဈေးသွားပြီး အတွင်းခံတွေအများဆုံး ဝယ်ပို့ဖြစ်တယ်။” လို့ မစိမ်းလဲ့လဲ့က ဆိုပါတယ်။
စစ်ဘေးရှောင်စခန်းတွေကိုချိတ်ဆက်ရတဲ့အခါ အများစုက အမျိုးသားတာဝန်ခံတွေဖြစ်နေတတ်ပြီး မစိမ်းလဲ့လဲ့တို့လို အလှုုရှင်တွေအနေနဲ့ အမျိုးသမီးတွေရဲ့ လိုအပ်ချက်ကို တိုက်ရိုက်မေးမြန်းဖို့ အခွင့်နဲတတ်ကြပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လပိုင်းအတွင်း သေဆုံးသူ စာရင်း ၂၀၀ ကျော်အထိ မြင့်တက်လာနေပြီး အိမ်နီးချင်းနိုင်ငံတွေကို ရောဂါကူးစက်ခံရမှုနှုန်းတဆင့်ပြီးတဆင့်ကျော်တက်နေတဲ့ မြန်မာနိုင်ငံမှာတော့ လူတိုင်း ကိုဗစ်အတွက် ပူလောင်နေကြပေမယ့်လည်း ရခိုင်ပြည်နယ် စစ်ဘေးရှောင်စခန်းတွေက ဝမ်းရေးအပူထက်တော့ ကိုဗစ်က နေရာမယူနိုင်သေးပဲ ဒုတိယနေရာမှာပဲ ရှိနေပါတော့တယ်။