မယ်လွန်း။ ။
“အမျိုးသမီးအခွင့်အရေးဆိုတာ”နဲ့ပတ်သက်ပြီး ခုတလော လူမှုကွန်ရက် (Facebook) စာမျက်နှာမှာ ကလောင်အစွမ်းတွေ၊ အမြင်အစွမ်းတွေနဲ့ တိုက်ပွဲဝင်နေကြတာ ပွက်လောကိုရိုက်လို့ပါပဲ။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အမျိုးသားတဦးက သူမြင်တဲ့ အမျိုးသမီးရေးအကြောင်းကို သူ့ရဲ့ Facebook စာမျက်နှာမှာ“အမျိုးသမီးအခွင့်အရေးဆိုတာ တောင်းယူရတာမဟုတ်ဘူး၊ လုပ်ယူရတာဖြစ်ပါတယ်” ဆိုတာနဲ့ အစပြုပြီး ဥပမာ သာဓကတွေနဲ့ စီကာပတ်ကုံး တမျှော်တခေါ် စာတပုဒ် ရေးသားခဲ့တယ်။
သူဘယ်သူလဲဆိုတာတော့ အသေအချာမသိပါဘူး။ ဒါပေမဲ့ သာဓကတွေ၊ တင်ပြချက်တွေက အတော်ပြောင်မြောက်လို့ထင်တယ်။ တမုဟုတ်ချင်း Facebook ပေါ်မှာ ထောက်ခံသူတွေရော မထောက်ခံသူတွေရောကြား ဆူညံသွားလိုက်တာများ၊ Facebook က စာတွေ၊ မှတ်ချက်တွေကသာ အသံထွက်နိုင်မယ်ဆိုရင် အတော် နားငြီးလိုက်မယ့်ဖြစ်ခြင်း။
မထောက်ခံသူအုပ်စုထဲမှာ လူ့အခွင့်အရေးနဲ့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုနဲ့ ဆက်စပ်သူတွေက များတယ်။
အမှန်က ဒီလို အငြင်းပွားမှုက ဖြစ်ကို မဖြစ်သင့်ခဲ့ဘူး။ ဒီနေရာမှာ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေဘက်က မှားတယ်လို့ တပ်အပ်ပြောရတော့မယ်။
စာရေးသူရဲ့ စာကို ဆုံးအောင်ဖတ်ခဲ့မိမယ်ဆိုရင် ဒီလောက်ထိ ဒေါသထွက်စရာမရှိသင့်ဘူးလို့ မြင်တယ်။
“ဒါဟာ ပုံမှန်မိသားစု ပုံမှန်ပညာရေးနဲ့ ကြီးပြင်းလာခဲ့တဲ့ ယောက်ျားတစ်ယောက်ရဲ့ POV ဖြစ်ပါတယ်။ အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်တဲ့ စာတွေ ရှာဖတ်ပြီးမှ ရေးလို့ရတယ်ဆိုပေမယ့် ပကတိ အမြင်ကို လိုချင်တာကြောင့် Bias (ဘက်လိုက်မှု) ပါမှာစိုးလို့ တမင်မဖတ်ခဲ့တာပါ” လို့ သူ့ရဲ့ စာအဆုံးမှာ မှတ်ချက်နဲ့တကွ သေသေချာချာ ရှင်းပြခဲ့တယ်။
ဒီထက်ရှင်းတဲ့ ဝန်ခံချက် မရှိတော့ပါဘူး။
မြန်မာနိုင်ငံရဲ့ ပုံမှန်ပညာရေးအဆင့် ဘယ်လောက်နိမ့်လဲဆိုတာ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ပြေးကြည့်စရာမလိုအောင် သာမန်လူတောင် သိပြီးသားဖြစ်တယ်။ အဲဒီပညာရေးစနစ်အောက်မှာ ပုံမှန်မိသားစုတွေအကြား ကျားမရေးရာ တန်းတူညီမှုနဲ့ပတ်သက်တဲ့ အမြင်သဘောထားတွေ ဘယ်လောက် အမှောင်ဖုံးခံနေရလဲဆိုတာလည်း မေးခွန်းထုတ်စရာမလိုပါဘူး။
ဒီလို ပုံမှန်ဘ၀ ပုံမှန်ပညာရေးမှာ ကြီးပြင်းပြီး အမျိုးသမီးရေးဆိုင်ရာ ဘာစာမှ မဖတ်သလို ကိုယ်ပိုင်ဉာဏ်နဲ့လည်း ဖောက်ထွက် မစဉ်းစားသူတစ်ယောက်က သူ့ရဲ့ ပကတိအမြင်သက်သက်ကိုသာ ရေးခဲ့တဲ့စာထက် ဂရုဏာသက်ရမယ့်အရာ မရှိတော့ဘူးထင်ပါတယ်။ ဒါက သူ့ဝန်ခံချက်အပေါ် အခြေပြုပြီးပြောတာပါ။ ဒါကြောင့် သူ့စာနဲ့ပတ်သက်ပြီး အမြင်မတူတဲ့အချက်တွေအပေါ် ပြန်လည်ရှင်းပြချက်တွေ လုပ်ချင်လုပ်နိုင်ပေမယ့် အမြတ်ထွက်စရာတော့ အကြောင်းမရှိဘူးလို့ မြင်ပါတယ်။
မြန်မာ့ လူမှုအသိုင်းအဝိုင်းမှာ အမျိုးသမီးအခွင့်အရေးရဖို့ဆိုရင် အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေအနေနဲ့ သူပြောတဲ့ ပကတိအနေအထားကို ပထမဆုံး မြင်တတ် လက်ခံတတ်ဖို့လိုပါတယ်။
အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်ပြီး “ဒီနိုင်ငံမှာ သိသာထင်ရှားတဲ့ ဖိနှိပ်ခြင်းမျိုး မရှိနေပါဘူး” လို့ သူ့စာမှာ ထောက်ပြထားပါတယ်။
ဒါဟာ အမှန်တရားပါ။ ပြောချင်တာက ဒီလိုအတွေးအခေါ် အမြင်ရှိနေတဲ့ လူမှုအသိုင်းအဝိုင်းကြီး မြန်မာနိုင်ငံမှာ အမြစ်တွယ်နေဆဲဆိုတာ ပကတိအခြေအနေပါ။
မြန်မာနိုင်ငံမှာ အမျိုးသမီးအခွင့်အရေးဆုံးရှုံးနေကြရတယ်ဆိုတာ အခု အရပ်သားအစိုးရတက်လာမှ နည်းနည်းပါးပါး အသံထွက်လာတာပါ။ အရင်ကဆိုရင် နိုင်ငံ့ကိုယ်စားပြု အကြီးအကဲတွေကတောင် မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ တခြားနိုင်ငံကလူတွေနဲ့မတူ မမွေးခင်ကတည်းက အခွင့်အရေး အပြည့်အဝရထားကြောင်း ကမ္ဘာ့အလယ်မှာ ထုတ်ပြောရဲခဲ့တဲ့ ဟာသဆန်တဲ့ သာဓကတွေလည်း ရှိခဲ့ဖူးပါတယ်။
ဒါကြောင့် ဒီနေရာမှာ သာမန်လူတစ်ယောက်က ဒီနိုင်ငံမှာ အမျိုးသမီးတွေအပေါ် သိသာတဲ့ ဖိနှိပ်မှုမရှိဘူးလို့မြင်တာက အံ့သြစရာမရှိပါဘူး။ အခွင့်အရေးနဲ့ပတ်သက်ရင် တာဝန်ခံမှုမရှိတဲ့ ခေတ်စနစ်၊ အစိုးရအဆင့်ဆင့်မှာ ပုံမှန် နေသားတကျ ကြီးပြင်းလာသူတွေအနေနဲ့ အခြေအမြစ်မရှိတဲ့ လက်ခံယုံကြည်မှုတွေ အမြစ်တွယ်နေတာ မထူးဆန်းပါဘူး။
ဒီပကတိအခြေအနေကို အမျိုးသမီးရေးလှုပ်ရှားသူတွေ အရင်ဆုံး လက်ခံသည်းခံတတ်ပြီးမှ ဒီအတွေးအခေါ်တွေ ဘယ်လိုပြောင်းနိုင်မလဲဆိုတာ လက်တွေ့ကျကျ လုပ်ဆောင်ရမယ့်ကိစ္စပါ။ တန်ပြန်ထိုးနှက်နေကြတာက ကောင်းတဲ့ အဖြေမဖြစ်နိုင်ပါဘူး။
သူ့စာမှာ “ကုမ္ပဏီနဲ့ တခြားဌာနဆိုင်ရာ အလုပ်တွေမှာလည်း တော်ရင် နေရာရတာပါပဲ။ ခု နိုင်ငံ့ခေါင်းဆောင်ကလည်း မိန်းမကြီးပါပဲ” လို့ ပြောထားပါသေးတယ်။
ဒီလိုအမြင်က သူတစ်ယောက်တည်းရှိတာမဟုတ်ပါဘူး။ “အရည်အချင်းရှိရင် ရတယ်”ဆိုတဲ့ အယူအဆကို မျက်စိစုံမှိတ် လက်ခံယုံကြည်နေတဲ့သူတွေက လူတန်းစားအလွှာအသီးသီးမှာ ခိုင်ခိုင်မာမာကြီး ရှိနေပါတယ်။
အရည်အချင်းရှိတိုင်းသာ နေရာရမယ်ဆိုရင် နိုင်ငံရေးလောကနဲ့ လားလားမှ မဆက်စပ်တဲ့ လူတန်းစားတွေလည်း နိုင်ငံခေါင်းဆောင်နေရာတွေမှာ အထာကျကျ ဝင်နှပ်နေမှာမဟုတ်ဘူးဆိုတာ အမှန်က လူပြိန်းတောင် တွေးတတ်ပါတယ်။
အရည်အချင်းရှိပေမယ့် ဘာသာရေးကြောင့် လူမျိုးရေးကြောင့်၊ နောက်ခံသမိုင်းကြောင်းကြောင့်၊ လိင်ကွဲပြားမှုကြောင့်၊ လိင်စိတ်ခံယူမှုမတူညီမှုကြောင့်၊ အာဏာအင်အားမမျှတာကြောင့် စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဦးဆောင်မှုပိုင်းကို မရောက်လာပဲ နောက်ဆုတ်သွားရသူတွေ ရှိနေတယ်ဆိုတာ မြင်ပေမယ့် မသိချင်ယောင်ဆောင်တဲ့သူတွေ အများသား။
ဒါဟာ စာရေးသူဝန်ခံထားတဲ့အတိုင်း ပကတိအခြေအနေပါ။
တဖက်မှာ ခွဲခြားဆက်ဆံမှုရှိတာတော့လက်ခံပါတယ်၊ တဖက်မှာတော့ အရည်အချင်းရှိရင် ရမှာပါဆိုတဲ့ ရှေ့နောက်မညီတဲ့ မျက်ကန်းအယူအဆစွဲသမားတွေများတယ်ဆိုပြီး ခံပြင်းနေရုံနဲ့ ပြီးမျှမပြီးပဲ။ ဒါကို စကားတခွန်းစီ အထအနကောက်ပြီး အငြင်းပွား အချိန်ကုန်မယ့်အစား ဒီအခြေအနေကို လက်ခံပြီး လုပ်ဆောင်သင့်တာ လုပ်ရမှာမဟုတ်လား။ ဒါကြောင့် ဒီစာရေးဆရာကို တုံ့ပြန်နေသူတွေက မှားတယ်လို့ ပြောရတာပါ။
အမှန်က အဲဒီစာရေးဆရာရေးထားတဲ့ စာပုဒ်လုံးကို သေချာဖတ်ကြည့်ရင် အရိုးစွဲနေတဲ့ သူ့အယူအဆစွဲတွေနဲ့ သူလက်လှမ်းမီသလောက် မြင်နေရတဲ့ အမျိုးသမီးအခြေအနေအကြား သူစိတ်ထဲ ဘယ်လောက် ဒွိဟဖြစ်နေလဲဆိုတာ ခန့်မှန်းလို့ရတယ်။
သူ့စာထဲမှာ မြန်မာနိုင်ငံက မိန်းမတွေဟာ ကားမောင်းလို့ရတယ်၊ ကြိုက်တဲ့သူ လက်ထပ်လို့ရတယ်၊ ဥပဒေအကာအကွယ်လည်းပိုရတယ်ဆိုပြီး Everything seems to be fair and equal လို့ ပြောထားပါတယ်။ တဖန် မြန်မာနိုင်ငံက အမျိုးသမီးအခွင့်အရေးချိုးဖောက်ခံရမှုတွေက အမျိုးသမီးကိုယ်တိုင်တောင် အလွယ်တကူ မသိမြင်နိုင်လောက်အောင် သိမ်မွေ့တိုးတိတ်တယ်ပြောထားပြန်ပါတယ်။
အနှစ်ချုပ်ပြောရရင်တော့ သူ့စာထဲမှာ ဒီလို ရှေ့နောက်မညီတဲ့ တင်ပြချက်တွေက စာတပုဒ်လုံးနီးပါးပါပဲ။
အမျိုးသမီးတွေဟာ အခွင့်အရေးရှိပြီးသားပြောလိုက်၊ အခွင့်အရေးချိုးဖောက်ခံရတယ်ပြောလိုက်။
ဒါဟာ အမျိုးသမီးတွေကိုယ်တိုင် တာဝန်ပြောလိုက်၊ သင်ပေးတဲ့ မိဘ ဆရာ/ဆရာမတွေနဲ့ ပတ်ဝန်းကျင်ကြောင့်လို့ ပြောလိုက်။
တဖန် အမျိုးသမီးတွေအနေနဲ့ ကိုယ်ချိုးဖောက်ခံရတဲ့အခွင့်အရေးတွေကို သိပြီး ရသင့်ရထိုက်တာကို ယူတတ်အောင် ကိုယ်တိုင်ရော ပတ်ဝန်းကျင်ကိုပါ သင်ပြ ပေးဖို့လိုတယ်လို့ ပြောလိုက်၊ သိသာထင်ရှားတဲ့ဖိနှိပ်သူမရှိတဲ့အခြေအနေမှာ အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင်နေတယ်ဆိုတာကြီးကို သူက ရယ်ချင်လိုက်နဲ့ သူ့ခမျာ တစ်ယောက်တည်း ဗျာများနေပုံရပါတယ်။
ဒီအခြေအနေကြီးမှာ သူ့ရဲ့စာကို အမျိုးသမီးရေးလှုပ်ရှားသူတွေကြားမှာ တစ်ချက်ချင်းစီ မှတ်ချက် (Comment) နဲ့ ရှင်းပြတဲ့သူက ပြန်ရှင်းပြ၊ ကိုယ်ပိုင် facebook စာမျက်နှာမှာ စာတွေ သီကာပတ်ကုံးရေးပြီး တုံ့ပြန်ဝေဖန်လိုက်နဲ့ ကုန်သွားတဲ့ သူတို့ရဲ့အချိန်တွေကို နှမျောမိတာပါပဲ။
အမျိုးသမီးရေးကို ဂဃနဏ မသိ မလေ့လာ မြင်အောင်မကြည့်ပဲ “အမျိုးသမီရေးဆိုတာ” နဲ့ အစချီပြီး ဆရာကြီးအထာလုပ် ဝါဒခြွေချင်တဲ့သူတွေ တစ်ယောက်မက ရှိသလို အမျိုးသမီးအခွင့်အရေးသိပါတယ်၊ လက်ခံပါတယ်ဆိုပြီး လက်တွေ့ချိုးဖောက်နေသူတွေ ဒီလူ့အဖွဲ့အစည်းမှာ အများကြီး။ ဒီအခြေအနေမှာ မရှိကို အရှိလို့မြင်၊ အရှိကို မသိကြတဲ့ သာမန်လူတန်းစားတွေ ထုနဲ့ဒေးရှိတယ်ဆိုတာ အမျိုးသမီးရေးလှုပ်ရှားသူတွေ ကောင်းကောင်း ပါးနပ်နေရမယ့်အချိန်ဖြစ်နေပြီ။
သူ့ရဲ့စာဟာ သူ့ရဲ့ ပကတိ အခြေအနေဖြစ်ပါတယ်။ ဒီထက် ပိုတာက ဒီစာဟာ မြန်မာ့လူ့အသိုင်းအဝိုင်းကြီးမှာ အမြစ်တွယ်နေတဲ့ ပကတိ အခြေအနေကို မီးမောင်းထိုးပြတဲ့ စာပါ။ ဒီစာကို ဒေါသထွက်တာဟာ ပကတိအခြေအနေကို လက်မခံတာနဲ့ အတူတူပါပဲ။
ဒါကြောင့် သေချာမလေ့လာထားပါဘူး၊ မသိပါဘူးလို့ ဝန်ခံထားတဲ့ ဒီစာရေးသူကို ပေါက်ကွဲနေကြသူတွေဟာ မရင့်ကျက်သေးဘူး၊ မှားတယ်လို့ ပြောရတာဖြစ်တယ်။
ဒီနေရာမှာ စာရေးသူရဲ့ စာတပုဒ်လုံးထဲက လုံး၀ ထောက်ခံတဲ့အချက်တစ်ချက်ရှိပါတယ်။ အဲဒါကတော့ အမျိုးသမီးအခွင့်အရေးကို လူမှုအသိုင်းအဝိုင်းမှာ လက်ခံကျင့်သုံးတတ်လာအောင် အသိပညာပေးတဲ့နေရာမှာ Smart ဖြစ်တဲ့နည်းနဲ့ သိမ်မွေ့စွာ ကိုင်တွယ်ရမယ်ဆိုတဲ့အချက်ပါ။
အမျိုးသမီးရေးနဲ့ အမြင်မတူသူတွေ့တိုင်း၊ (သို့) ဆန့်ကျင်သူတွေ့တိုင်း (သို့) အခြေအမြစ်မရှိ ခေါင်းစဉ်မရှိ ဝေဖန်တဲ့သူတွေ့တိုင်း အမာလိုင်းနဲ့ ပေါက်ကွဲနေလို့ အလုပ်မဖြစ်ပါဘူး။ ဒီလိုမတူညီမှုတွေဟာ အမျိုးသားတွေထဲမှာ ရှိနိုင်သလို အမျိုးသမီးတွေထဲမှာလည်း ရှိနိုင်ပါတယ်။
ဒီလို အမျိုးသမီးရေးကို နားမလည်သူတွေ ပိုနားလည်လာအောင်၊ လက်မခံသူတွေ ပိုလက်ခံလာအောင်၊ မမြင်တတ်တဲ့သူတွေ ပိုပြီး သိမြင်လာအောင်၊ တတ်ရောင်ကား ယောင်ယမ်းပြောနေသူတွေ အမြင်မှန်ရအောင် သိမ်မွေ့တဲ့နည်းလမ်းနဲ့ အသိပညာပေးမှုတွေ၊ စည်းရုံးမှုတွေ လုပ်ဆောင်သင့်တဲ့ အချိန်ရောက်နေပါပြီ။
ဒါကြောင့် အမျိုးသမီးရေးလှုပ်ရှားသူတွေ ဒီလိုအမှားမျိုး ဆက်မမှားသင့်တော့ပါဘူး။
တဖက်မှာလည်း အဲဒီစာကိုရေးတဲ့ စာရေးသူ(ဆရာ)လည်း အမျိုးသမီးရေးအခွင့်အရေးရဖို့ဆိုတာ အမျိုးသမီးတွေရဲ့ တာဝန်ပဲဆိုတဲ့ ကျဉ်းမြောင်းတဲ့အမြင်ရှိသူအဖြစ်ကနေ လူတစ်ယောက်ချင်းစီမှာလည်း တာဝန်ရှိတယ်ဆိုတာ လက်ခံနားလည် ကျင့်သုံးတတ်တဲ့သူ ဖြစ်လာဖို့လည်း မျှော်လင့်မိပါတယ်။
- စစ်ပဋိပက္ခတွင်း အုပ်စုလိုက် လိင်အကြမ်းဖက်ခံရသူတဦးရဲ့ ဒုက္ခ - 27/07/2020
- ရဲရဲတောက် သံမဏိနှလုံးသားပိုင်ရှင် ဒေါ်ဝင်းမြမြ - 25/07/2020
- အမျိုးသမီးရေးလှုပ်ရှားသူတွေ ညံ့သေးတယ် - 11/06/2020