နန်းငဲပေ။ ။
ရှမ်းပြည်နယ်၊ ဟိုပုံးမြို့မှ ဆိုင်ကယ်ဖြင့် (၁)နာရီကျော်လာခဲ့ရင် လှပတဲ့တောင်တန်းရှုခင်းတွေနဲ့အတူ မဲ နယ်တောင်ခြေတလျှောက်မှာရှိတဲ့ ပအိုဝ်းကျေးရွာလေးတွေကို ပန်းချီကားတစ်ချပ်သဖွယ် တွေ့မြင်ရမှာဖြစ် ပါတယ်။
ဒေသခံတွေဟာ မိရိုးဖလာ အစဉ်အလာအတိုင်း တောင်ယာစိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုကြသလို ကျေးရွာတွင်း ပြဿနာတွေကိုလည်း ပအိုဝ်းလူမျိုးတွေရဲ့ ဓလေ့ထုံးတမ်းအရ ဖြေရှင်းကြတာက များပါတယ်။ ပအိုဝ်းလူမျိုးတွေမှာ ချစ်စရာဓလေ့တွေ အများအပြားရှိပေမယ့် ပအိုဝ်းအမျိုးသမီးတွေအတွက် အကြမ်းဖက်ခံရမှုတွေအပေါ်တော့ ရှေးရိုးစွဲကျင့်သုံးမှုနဲ့ မမျှတမှုတွေလည်း အသက်ဝင်နေဆဲဖြစ်ပါတယ်။
အဲဒီလိုကျင့်သုံးမှုတွေထဲမှာ မုဒိမ်းမှုကို ဖြေရှင်းတဲ့ ရှေးရိုးစွဲဓလေ့တစ်ခုကတော့ ပညာရေးအခြေခံနဲ့ သတင်း အချက်အလက်အားနည်းတဲ့ ကျေးလက်တောရွာနေ ပအိုဝ်းအမျိုးသမီးများအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေ ပါတယ်။
“ကျမနဲ့ သူ့ကို လက်ထပ်ခိုင်းတယ်။ ကျမဘဝက ပျက်စီးသွားပြီဆိုတော့လေ၊ သူ့ကို မချစ်ပေမယ့် လက်ခံဖို့ ဆုံးဖြတ်လိုက်တယ်”
မဲနယ်တောင်စောင်းတနေရာက ဝါးထရံအိမ်ပုကလေးရဲ့အိမ်ရှေ့ခုံတန်းလေးမှာ ပအိုဝ်းရိုးရာထဘီအဟောင်း လေးဝတ်ဆင်ထားတဲ့ နန်းခမ်း(အမည်လွဲ)က သူ့ရဲ့အတွေ့အကြုံကို အခုလိုပြောပြပါတယ်။ အသက်(၃၀) ကျော်သာရှိသေးပေမယ့် အသက်(၅၀)အရွယ်လို့ထင်ရတဲ့ သူ့ရုပ်သွင်ကိုကြည့်ရင် သူ့ဘဝရဲ့ ပင်ပန်းကြမ်း တမ်းခက်ခဲမှုတွေကို အလွယ်တကူ ခန့်မှန်းနိုင်ပါတယ်။
လွန်ခဲ့တဲ့(၁၅)နှစ်ခန့်က သူ့အသက် ၁၃ – ၁၄ နှစ်အရွယ်မှာ တရွာတည်းနေ အမျိုးသားတဦးရဲ့ မုဒိမ်းပြု ကျင့်ခံခဲ့ရတဲ့အပေါ် ကျေးရွာလူကြီးတွေက သူတို့နှစ်ဦးကို လက်ထပ်ပေါင်းသင်းဖို့ ဖိအားပေးခဲ့ပါတယ်။
ပအိုဝ်းဓလေ့အရ မုဒိမ်းမှုတခုဖြစ်ရင် ကျူးလွန်သူရော၊ ကျူးလွန်ခံရသူကိုပါ ရွာပြင်ခေါ်ထုတ်ပြီး အမှုဖြေရှင်း ဖို့အတွက် ရွာသူကြီးနဲ့အတူ ကျေးရွာရဲ့ အပျို၊ လူပျိုခေါင်းဆောင်တွေပါ လိုက်ရပါတယ်။ ရွာပြင်မှာရှိတဲ့ သစ်ပင်ဝါးပင်အောက်မှာအမှုကို ဖြေရှင်းကြရပါတယ်။
“ရွာတွင်းမှာ ဖြေရှင်းရင် ရွာကိုထိခိုက်တယ်။ ရွာနာမည်ကျဆင်းစေတယ် ပြီးတော့ ရွာကို လာဘ်ပိတ်စေ တယ်ဆိုတဲ့အယူဆတွေရှိတယ်၊ ဓလေ့ထုံးတမ်းတွေရှိတယ်ပေါ့လေ” လို့ မဲနယ်တောင်ခြေအနီးတဝိုက်က ပအိုဝ်းကျေးရွာသူကြီးတစ်ဦးက ဆိုပါတယ်။ ဒီလို ဓလေ့ထုံးတမ်းတွေအပေါ် ဆွေးနွေးဝေဖန်မှုဟာ ထိရှ လွယ်တဲ့အတွက် အမည်မဖော်လိုကြောင်း သူက ဆက်ပြောပါတယ်။
သက်ဆိုင်သူတွေ ရွာပြင်ရောက်ပြီဆိုရင် နှစ်ဦးနှစ်ဖက်အဆင်ပြေအောင်ဆိုတဲ့ အယူအဆအရ ကျူးလွန် သူနဲ့ ကျူးလွန်ခံရသူနှစ်ဦးကို အရင်ဆုံးဆုံးမပြီး ပေါင်းသင်းလက်ထပ်ယူကြဖို့ ရွာလူကြီးက လမ်းကြောင်း ပေးပါတယ်။ ပေါင်းသင်းလက်ထပ်ဖို့ တဖက်ဖက်က အဆင်မပြေဖြစ်ခဲ့ရင်တော့ အတင်းအကြပ်ယူခိုင်းတာ မျိုး မရှိပေမယ့် ကျူးလွန်သူဖက်က လက်ထပ်ဖို့ လက်ခံရင်တော့ အမျိုးသမီးရဲ့အသံကို ထည့်သွင်းစဉ်းစားမှု မလုပ်တော့ပဲ အမှုကို လက်ထပ်ပေါင်းသင်းခြင်းနဲ့ အဆုံးသတ်ကြပါတယ်။
ဒီအခြေအနေမှာ ကျူးလွန်ခံရသူ အမျိုးသမီးတွေအနေနဲ့လည်း စောဒကတက်ဖို့ အင်အားမရှိကြဘူးလို့ ရွာခံ အမျိုးသမီးတွေက ဆိုကြပါတယ်။
“ငါမယူရင် ငါကိုယ်ဝန်ရလာရင် ကလေးက အဖေမရှိဘူး။ ပြီးတော့ ငါနာမည်ပျက်မှာ၊ ငါမိဘတွေလည်း နာ မည်ပျက်မယ်၊ အဲဒီအစား ငါသူ့ကိုယူလိုက်မယ်လို့ သူတို့တွေးကြတယ်လေ” လို့ ဒေသခံအမျိုးသမီးတစ်ဦး က ပြောပြပါတယ်။
အကယ်၍ ကျူးလွန်သူဘက်က ငြင်းဆန်ခဲ့မယ်ဆိုရင်တော့ နှစ်ဦးစလုံး ငွေဒဏ်အပြစ်ပေးခံရပါတယ်။ ရွာ လူကြီးရဲ့ ငွေကြေးသတ်မှတ်ဆုံးဖြတ်ချက်အရ ကျူးလွန်သူက ကျူးလွန်ခံရသူ အမျိုးသမီးအတွက် လျော် ကြေးငွေပေးဆောင်ရပါတယ်။ ပေးဆောင်ရတဲ့ငွေကြေးပမာဏကတော့ ကျူးလွန်သူရဲ့ ငွေကြေးတတ်နိုင်မှု အနေအထားကိုကြည့်ပြီး ရွာလူကြီးက ဆုံးဖြတ်ပေးပါတယ်။
အမှုက ဒီမှာတင်မပြီးဆုံးပါဘူး။ ရတဲ့လျော်ကြေးငွေရဲ့ထက်ဝက်ကို ကျူးလွန်ခံရသူအမျိုးသမီးက အပျိုလူပျို ရန်ပုံငွေအဖြစ် “ရွာမျက်နှာဆေးခ”ဆိုပြီး ကျေးရွာကို ဒဏ်ငွေပြန်ပေးရပါတယ်။
“ဒီစနစ်က အရင်ခေတ်က ဘိုးဘွားတွေလည်း ကျင့်သုံးခဲ့တယ်ဆိုတော့ အခုထိ ဒီစနစ်ကို ကျင့်သုံးနေတုန်း ပဲ။ ပိုပြီးကောင်းတဲ့ နည်းလမ်းလည်း မရှိဘူးဆိုတော့…”လို့ အမည်မဖော်လိုတဲ့ ကျေးရွာလူကြီးတစ်ဦးက ပြောပါတယ်။
ဒီလိုဓလေ့နဲ့ ကျေးရွာနေ ပအိုဝ်းလူမှုအသိုင်းအဝိုင်းအကြား မုဒိမ်းမှုဖြေရှင်းကြတဲ့အပေါ် တရားမျှတမှု မရှိ ဘူးလို့ မြင်ကြသူတွေရှိပေမယ့် အမျိုးသမီးတွေဟာ တရားဥပဒေလမ်းကြောင်းနဲ့ ဖြေရှင်းခြင်းအပေါ် နား လည်မှု အလွန်အားနည်းတဲ့အတွက် ဒီဓလေ့ထုံးတမ်းကျင့်သုံးမှုအပေါ် မေးခွန်းထုတ်သူ မရှိခဲ့ပါဘူး။
“မုဒိမ်းမှုဖြစ်ဖြစ်၊ လင်မယားရန်ဖြစ်တာဘဲဖြစ်ဖြစ် အစ်မတို့ရွာမှာ ဖြေရှင်းတာတော့ ရွာသူကြီးနဲ့ ဘုန်းကြီးနဲ့ ဘဲ ပြီးသွားကြတယ်။ ဘယ်သူမှ ဥပဒေအကြောင်းကို နားမလည်ကြဘူးလေ။ အစ်မလည်း နားမလည်ဘူး” လို့ ကျေးရွာဒေသခံ ပအိုဝ်းအမျိုးသမီးတစ်ဦးက ဆိုပါတယ်။
နန်းခမ်းကတော့ သူ့ရဲ့အမှုကို ရွာသူကြီးက ပထမဦးဆုံးအဆင့်အဖြစ် ပေါင်းသင်းကြဖို့ အဆိုပြုတဲ့အချိန်မှာ သူ့ဘဝပျက်စီးသွားပြီဆိုတဲ့အသိနဲ့ ရှက်ကြောက်မှုတွေကြောင့် မုဒိမ်းပြုကျင့်သူကို လက်ထပ်ယူဖို့ လက်ခံခဲ့ ပေမယ့်လည်း တဖက်က ကျူးလွန်သူကတော့ တာဝန်ယူဖို့တောင် ငြင်းဆန်ခဲ့တယ်လို့ ပြောပြပါတယ်။
“သူက တာဝန်မယူနိုင်ဘူးတဲ့။ သူကကျမကိုပြောတယ် ကျူးလွန်တဲ့သူက သူတစ်ယောက်တည်း မဟုတ်ဘူး တဲ့။ ကျမလည်း ဘာပြောရမှန်း မသိတော့ဘူး။ ဘာမှမပြောနိုင်တော့ပဲ ကျမ ငိုပဲငိုလိုက်တော့တယ်”
နန်းခမ်းဟာ မုဒိမ်းကျင့်ခံရတဲ့အဖြစ်အပျက်ကို အမှန်အတိုင်း ဖြစ်ကြောင်းကုန်စင်ပြောပြချင်ခဲ့ပေမယ့် ခေါ် ယူဆွေးနွေးတဲ့အထဲမှာ ယောက်ျားလေးတွေလည်း ပါနေတဲ့အတွက် ရှက်ပြီး မပြောရဲခဲ့ပါဘူး။
ဒီလိုနဲ့ ရွာသူကြီးရဲ့ဓလေ့အရ စီမံဆုံးဖြတ်တဲ့အတိုင်း ကျူးလွန်သူကနေ နန်းခမ်းကို လျော်ကြေးအဖြစ် ကျပ် ငွေ(၂)သိန်းပေးခဲ့ပြီး အဲဒီထဲက တစ်သိန်းကျပ်ကိုတော့ ရွာမျက်နှာဆေးခအဖြစ် ရွာကိုဒဏ်ငွေပြန်ပေး ဆောင်ခဲ့ရကာ နန်းခမ်းရဲ့အမှုပြီးဆုံးသွားခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ (၁၅)နှစ်ကျော်ကြာခဲ့ပြီဖြစ်ပေမယ့် နန်းခမ်းအတွက်တော့ အခုချိန်အထိ အမှတ်ရပြီး နာကျင်နေ ဆဲဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ သူ့ကို ကျူးလွန်စော်ကားခဲ့သူကလည်း အခုချိန်ထိ သူတို့ရွာမှာပဲ လုပ်ကိုင်စား သောက်နေထိုင်လျက်ရှိပါတယ်။
“ကျမ အဲဒီလိုမျိုး စော်ကားခံရပြီးကတည်းက ကျမအပြင်ကို မထွက်ရဲဘူး။ ပတ်ဝန်းကျင်ရဲ့ အပြောတွေကို လည်း ကျမ မခံနိုင်ဘူး။ ကျမလူများတဲ့နေရာကိုလည်း မသွားရဲဘူး” လို့ ပြန်စဉ်းစားမိတိုင်း ရှက်ရွံ့နာကျင် နေတဲ့ဟန်နဲ့ နန်းခမ်းက ခပ်တိုးတိုးဆက်ပြောပါတယ်။
မဲနယ်တောင်ခြေ ကျေးရွာဒေသခံ ပအိုဝ်းလူမျိုးအများစုဟာ ဗမာစကားနားမလည်ကြပါဘူး။ ဘာသာစကား အခက်အခဲနဲ့ တရားဥပဒေကို နားမလည်ကြတဲ့ ရွာသူရွာသားအများစုဟာ ဥပဒေအရ တိုင်ကြားဖို့ အလွန် ဝန်လေးကြပါတယ်။ ဒါဟာ ပအိုဝ်းအမျိုးသမီးတွေ မုဒိမ်းမှုကျူးလွန်ခံရတဲ့အခါ တရားဝင် တရားဥပဒေ လမ်း ကြောင်းကို လက်လှမ်းမီဖို့အတွက် အဓိက စိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်နေပါတယ်။
“ဥပဒေအသိပညာနည်းပါးတာရယ် ပြီးခါကျတော့ ကြောက်တာရောပါတာပေါ့။ ပြီးတော့ ဥပဒေက သေချာ မလုပ်ပေးဘူး။ ပိုက်ဆံကုန်တာပဲ အဖတ်တင်တယ်လို့ ထင်ကြတယ်” လို့ အကြမ်းဖက်ခံရတဲ့ အမျိုးသမီး တွေရဲ့အမှုတွေကို ရှေ့နေလိုက်ပြီး ကူညီနေတဲ့ ရှေ့နေအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒီလို မြို့ပြနဲ့ဝေးလံတဲ့ ပအိုဝ်းကျေးရွာမှာနေထိုင်တဲ့ အမျိုးသမီးတွေအတွက် အကြမ်းဖက်မှုကနေ ကာကွယ် နိုင်ဖို့ ဥပဒေတွေ သိနားလည်အောင် ပညာပေးလုပ်ဆောင်မှုတွေလည်း မရှိသလောက် နည်းပါးဆဲဖြစ်ပါ တယ်။
“ကျမတို့ပအိုဝ်းတွေကလေ ပြဌာန်းဥပဒေကို မယုံကြည်ကြဘူး။ ယုံကြည်နိုင်လောက်အောင်လည်း နား လည်တာ မရှိဘူးပေါ့” လို့ ပအိုဝ့်အမျိုးသမီးသမဂ္ဂအဖွဲ့က အမျိုးသမီးရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ နန်းချမ်း ချမ်းက ပြောပါတယ်။
ဘိုးဘွားစဉ်လာ ဓလေ့တွေအတိုင်း ဆက်လက်ကျင့်သုံးနေစဉ် တချိန်တည်းမှာပဲ ပအိုဝ်းဒေသအတွင်းမှာ ပိုမိုကောင်းမွန်တဲ့ ပအိုဝ်းလူ့ဘောင်အဖွဲ့အစည်းတစ်ခုဖြစ်လာဖို့နဲ့ အသိပညာတွေ၊ ဥပဒေတွေကို ထိထိ ရောက်ရောက်ပညာပေးနိုင်ဖို့ ကျေးရွာလူထုရဲ့ မျှော်လင့်ချက်တွေလည်း ရှိနေပါတယ်။ ဒါပေမယ့် အရိုး စွဲနေတဲ့ ဓလေ့ထုံးတမ်းတွေအောက်မှာ တရားမျှတမှုမရှိတဲ့ ကျင့်သုံးမှုအချို့ကို ပြောင်းလဲဖို့ စိန်ခေါ်မှုတွေ လည်း ရှိနေဆဲဖြစ်ပါတယ်။
“ဘိုးဘွားစဉ်လာစနစ်တွေကို အကုန်လုံး ဆက်ကျင့်သုံးရင်လည်း အဆင်မပြေဘူး။ စနစ်ဟောင်းကို ပြောင်း လဲဖို့လည်း တစ်ဦးတစ်ယောက်တည်းနဲ့ မရဘူး။ အကုန်လုံးစုပေါင်းဖို့လိုတယ်။ ဥပဒေကိုသိပြီဆိုရင် ဒီကိစ္စ တွေလည်း ထပ်မဖြစ်လာနိုင်ဘူး” လို့ အမည်မဖော်လိုတဲ့ ကျေးရွာလူကြီးတစ်ဦးက ဆိုပါတယ်။
သူဆယ်ကျော်သက်အရွယ်မှာ ကျူးလွန်ခံခဲ့ရတဲ့မုဒိမ်းမှုကို ရွာဓလေ့အတိုင်း ဖြေရှင်းခဲ့တဲ့အပေါ် မကျေနပ် ပေမယ့် လက်ခံခဲ့ရတာဟာ ပညာမတတ်လို့၊ ဥပဒေအကြောင်း မသိခဲ့လို့ဖြစ်ရတာလို့ နမ်းခမ်းက ယုံကြည် နေပါတယ်။
“ကျမတော့ ပြဿနာကို အဲဒီလိုဖြေရှင်းတာ မကြိုက်ဘူး။ ကျမအတွက် တရားမျှတမှု မရှိဘူးလို့ ခံစားရ တယ်။ ဖြစ်နိုင်ရင် ဒီလူကို ထောင်ချချင်တယ်” လို့ နန်းခမ်းတစ်ယောက် သူဆုံးရှုံးခဲ့ရတဲ့ တရားမျှတမှုကို ရယူပိုင်ဆိုင်လိုစိတ်နဲ့ မျှော်ရည်တမ်းတနေဆဲဖြစ်ပါတယ်။