Home သတင်း ကိုရိုနာနဲ့ အဖြေမရှိတဲ့ပုစ္ဆာ

ကိုရိုနာနဲ့ အဖြေမရှိတဲ့ပုစ္ဆာ

နန်းဖြူဖြူလင်း။ ။

၂၀၁၉ ခုနှစ် အကုန်ပိုင်းမှာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံမှာ ကူးစက်ရောဂါပိုး ဂယက်ရိုက်ခဲ့ပါ တယ်။ အဲဒီအချိန်မှာ မြန်မာနိုင်ငံကတော့ သိပ်ပြီး စိုးရိမ်ပူပန်မှုတွေ မရှိသေးပါဘူး။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလ (၂၆) ရက်နေ့မှာတော့” တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်ဖြစ်ပွားသော 2019 Novel Corona virus (2019-nCoV) အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ သိကောင်းစရာအချက်များ”ကို အများပြည်သူသိအောင် ဝေမျှခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ရောဂါကူးစက်မှု အခြေအနေတွေက နိုင်ငံအနှံ့မှာ မြှင့်တက်လာခဲ့ပါတယ်။ ၂၀၂၀ ခု နှစ်၊ မတ်လ (၁၃)ရက်နေ့မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးကနေပြီး ပြည်သူသို့ ပန်ကြားချက်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization – WHO) က အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ Corona Virus Disease 2019 (COVID 19) ကို ကမ္ဘာ လုံးဆိုင်ရာကပ်ရောဂါ (Pandemic) အဖြစ်ကြေညာကြောင်းပါဝင်ပါတယ်။

အဲဒီကြေညာချက်မှာ ကိုဗစ်-19 က လူစုလူဝေးများပြားရာနေမှာ ပိုမိုကူးစက်နိုင်တဲ့အတွက် လူစုလူ ဝေးတွေနဲ့ပြုလုပ်တဲ့ အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေ ရပ်ဆိုင်းထားရန်ဆိုတဲ့ လမ်းညွှန်ချက်လည်း ပါပါတယ်။ လူစုလူဝေးများပြားရာနေရာလို့ ပြောလိုက်တဲ့အခါ ကိုယ့်စိတ်မျက်ဝန်းထဲ ချက်ခြင်းမြင် ယောင်မိတာက ကိုယ့်မြန်မာနိုင်ငံက ပြည်တွင်းနေရပ်စွန့်ခွာသူများနေထိုင်နေရတဲ့ စခန်းတွေနဲ့ ဒုက္ခ သည်စခန်းတွေကိုပါပဲ။

အဆုတ်ရောင်ရောဂါနဲ့ပတ်သက်ပြီး ပညာပေးအချက်အလက်တွေ ထုတ်ပြန်တာတွေကို ဖတ်ကြည့် ရင်း ပြည်တွင်းနေရပ်စွန့်ခွာသူများစခန်း (IDP Camp) မှာ ၂၀၁၇ ခုနှစ်က သုတေသနစာတမ်း တစ်ခုအတွက် အချက်အလက်ကောက်ရင်း အင်တာဗျူးတုံးကကြားခဲ့ရတဲ့ စကားသံတွေက အလိုလို ပဲ့တင်ထပ်လို့လာတယ်။

ပညာပေးစာစောင်ကပြောတယ် ”လက်ကိုစင်ကြယ်အောင် မကြာခဏစနစ်တကျဆေးကြောပါ” တဲ့။ ကိုယ်ပြန်ကြားယောင်မိတဲ့ IDP စခန်းမန်နေဂျာပြောပြတာတွေက . . . ” ဆရာမရေ ကျွန်တော်တို့ camp က မြို့ထဲမှာဆိုတော့ ရပ်ကွက်က လူတွေနဲ့လဲ အစစအရာရာ ညှိနှိုင်းရတယ်။ camp ပတ် ပတ်လည် ရေစီးရေလာကောင်းအောင် မြောင်းတွေဖောက်ထားတယ်ဆိုပေမဲ့ ရပ်ကွက်ထဲရောက်ရင် စည်ပင်ကဆက်ပြီး မြောင်းတွေဖော်ပေးရမှာလေ။ အဲဒါကို မလုပ်နိုင်တော့ ရပ်ကွက်ထဲ ရေတွေလျှံတာ ပေါ့။ ရပ်ကွက်ကလူတွေက ကျွန်တော်တို့ကို ရေလျှော့သုံးဖို့လာပြောတယ်။ ကျွန်တော်တို့လည်း အတတ်နိုင်ဆုံး ရေကိုချွေတာသုံးတာပဲ။ ဒီပြဿနာက ရေကို လျှော့သုံးရုံနဲ့ ပြီးသွားမဲ့ကိစ္စမဟုတ်ဘူး။ ရေစီးရေလာကောင်းအောင် မြောင်းကို ရပ်ကွက်ထဲအထိ အသေအချာဆက်လုပ်သွားရမဲ့ကိစ္စပါ။ ကိုယ်က သူများနေရာမှာ ခဏလာနေတယ်ဆိုတော့လဲ အိမ်ရှင်တွေနဲ့ ပြဿနာအရမ်းမတက်အောင် ကိုယ့်ဖက်ကပဲ မှားမှားမှန်မှန် အလျှော့ပေးညှိနှိုင်းပြီးနေရတာပါပဲဆရာမ” ဒီလိုပြဿနာဟာ စခန်း တစ်ခုထဲပဲ ကြုံတွေ့ရတဲ့ ပြဿနာမဟုတ်ဘူး။ ခုလို ရောဂါကာကွယ်ဖို့ လက်ကို စင်ကြယ်အောင် မကြာခဏ စနစ်တကျ ဆေးကြောပါဆိုတဲ့စကားကို သူတို့ဘယ်လိုများ လိုက်နာနိုင်ကြပါ့မလဲလေ။

ပညာပေးစာစောင်မှာပါတာက အဟာရပြည့်ဝစွာစားသုံးပါ။ ကောင်းစွာအိပ်စက်အနားယူပါတဲ့။
IDP camp အမျိုးသမီးကော်မတီ ခေါင်းဆောင်ပြောတဲ့စကား နားထဲကကိုမထွက်ဘူး။ “အခုဆိုရင် အလှူရှင်တွေကလည်း ဆန်ဆီဆားအပြည့်အစုံမထောက်ပံ့ကြတော့ဘူး၊ တစ်မိသားစုကို တစ်လစာ ငွေကြေးပဲထောက်ပံ့တာ။ တခါတလေ အဲဒီငွေက ကျန်းမာရေးအတွက် အရေးပေါ်သုံးလိုက်ရရင် အိမ် မှာ စားစရာဘာမှမဝယ်ထားနိုင်ဘူး။ ကလေးတွေဗိုက်ဆာရင်လဲ ကျွေးစရာမရှိဘူး။ အပြင်ထွက်ပြီး တော့လဲ အလုပ်ရှာလို့မရဘူး။ ကျွန်မ ညညအိပ်မပျော်ဘူး” တဲ့။ သူမလိုလူတွေ ဘယ်နှစ်ယောက် တောင်များ ရှိနေပြီလဲလို့ တွေးရင်း သက်ပြင်းမောသာ အခါခါချမိတော့တယ်။

နှာချေ၊ ချောင်းဆိုးလျှင်နှာခေါင်းနှင့်ပါးစပ်ကိုလုံခြုံအောင်ဖုံးအုပ်ပါ။ လူထူထပ်သည့်နေရာများသို့ သွား လာခြင်းများမှ တတ်နိုင်သမျှရှောင်ကြဉ်ပါ။ နေမကောင်းဖြစ်နေသူများနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါဆိုတဲ့ ပညာပေအချက်အလက်တွေဟာ (၉)ပေပတ်လည် အခန်းကျဉ်းလေးထဲမှာ မိသား စု ၄ – ၅ ယောက် ပြွတ်သိပ်နေနေရတဲ့ သူတွေမှာတော့ ဘယ်ကစလို့ ဘယ်လိုလိုက်နာရမလဲဆိုတာ ကိုယ်တိုင်လည်း မစဉ်းစားနိုင်လောက်အောင်ဖြစ်နေမိပါတယ်။

မိခင်တစ်ဦးရဲ့စကားသံက ”စစ်စဖြစ် တုံးက ဒီကိုပြေးလာကြတယ်။ အဲဒီတုံးက ကလေးတွေက သေးသေးလေး အခု (၈) နှစ်ကျော်သွား ပြီလေ သူတို့တွေကြီးလာကြပြီး အခန်းက အရင်အတိုင်း သေးသေးလေးပဲ။ မဆန့်တော့ဘူး ကြပ် ပိတ်ပြီးနေနေရတယ်” တဲ့။

ကျန်းမာရေးနဲ့ပတ်သက်ပြီး နီးစပ်ရာ ဆေးပေးခန်းတွေ၊ ဆေးရုံတွေကို IDP ကဒ်ကိုင်ပြီး သွားရတဲ့အခါ ခွဲခြားဆက်ဆံခံရတာတွေ၊ စခန်းကို တာဝန်ကျ ကျန်းမာရေးဆရာမတွေလာတဲ့အခါ ဆေးဝါးအပြည့် အစုံမရှိလို့ ပါရာစီတမောကိုပဲ ဘက်စုံဆေးအနေနဲ့သုံးနေရတာတွေ ကြားသိရတဲ့အခါမှာ အသက်ရှု ကြပ်လာတယ်။ သာမာန်အချိန်တောင် မပြည့်စုံမှုတွေကြားထဲနေကြရသူတွေအဖို့ အရေးပေါ် အခြေ အနေဆိုရင် ဘယ်လိုများ ရင်ဆိုင်နိုင်ကြပါ့မလဲဆိုတာကို တွေးပူမိတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ကညင်တန်း ဒုက္ခသည် စခန်းမှ ဟိန္ဒူ ဒုက္ခသည်များ (Photo: MPA)

ကမ္ဘာ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ကတော့ ၂၀၂၀ ခုနှစ် မတ်လ (၁၀) ရက်နေ့မှာ ဒုက္ခသည်များနဲ့ IDPs တွေအတွက် COVID-19 ကြိုတင်ကာကွယ်ရေး၊ ကုသရေးနဲ့ ပတ် သက်ပြီး ပြင်ဆင်ထားနိုင်ရေးအတွက် တောင်းဆိုထားပါတယ်။ ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း (၁၀၀) ကျော် ဟာ ကူးစက်ရောဂါဒဏ်ခံနေရပြီး အဲဒီထဲက (၃၄) နိုင်ငံဟာဆိုရင် ဒုက္ခသည်လူဦးရေ (၂၀၀၀၀) ကျော်ရှိတယ်လို့ဆိုပါတယ်။ ခံသာတာလေးတစ်ခုက ဒုက္ခသည်စခန်းတွေဟာ အခုထိတော့ ရောဂါပိုး ကူးစက်ခံရမှု မရှိသေးဘူးလို့ သိရပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေမှာ ကြိုတင်ကာကွယ်ခြင်း၊ သတင်းအချက်အလက်အမှန်ပေးခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတွေဟာ အဓိကကျပါတယ်။ ဒါ ကြောင့် UNHCR ကတော့ အချိန်နဲ့တပြေးညီကူညီထောက်ပံ့နိုင်ဖို့အတွက် ပြင်ဆင်မှုတွေပြုလုပ်နိုင်ဖို့ တိုက်တွန်းတောင်းဆိုတောတွေကို ပြုလုပ်နေပါတယ်။ အထူးသဖြင့် သန့်ရှင်းတဲ့ရေရရှိရေး၊ ကျန်းမာ ရေး အထောက်ကူပြုပစ္စည်းနဲ့ ဆပ်ပြာတွေ အလုံအလောက်ရရှိရေး၊ ရောဂါဖြစ်လာခဲ့ရင် လူနာတွေကို ထားရမဲ့နေရာတွေ အလုံအလောက်ရှိဖို့နဲ့ သင်တန်းပေးထားတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အလုံ အလောက်ရရှိနိုင်ဖို့ ပြင်ဆင်မှုတွေလုပ်ထားဖို့ တောင်းဆိုမှုတွေလုပ်နေပါတယ်။

၂၀၂၀ ခုနှစ်၊ မတ်လ(၁၆)ရက်နေ့မှာလည်း Asia Pacific Refugee Rights Network – APRRN (အာရှပစိဖိတ် ဒုက္ခသည်များအခွင့်အရေးကွန်ယက်) ကနေလည်း COVID 19 နဲ့ပတ်သက်တဲ့ ကာ ကွယ်တားဆီးရေး တုန့်ပြန်ရေးလုပ်ငန်းတွေမှာ ဒုက္ခသည်တွေကို ချန်လှပ်မထားဖို့ သဘောထားကြေ ညာချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ဆက်စပ်ပြီး ကူညီပေးတဲ့ MAP- Foundation အဖွဲ့ကလည်း IDP, Refugee တွေသာမက Migrant workers ရွှေ့ပြောင်းလုပ်သားတွေကိုလည်း ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်းတွေမှာ အထူးစီစဉ်စဉ်းစား ပေးဖို့ တောင်းဆိုမှုတွေပြုလုပ်ထားတာ သိရပါတယ်။

ကျွန်မတို့ မြန်မာနိုင်ငံမှာလည်း အစိုးရကနေ ကူးစက်ရောဂါနဲ့ပတ်သက်ပြီး စနစ်တကျ ကိုင်တွယ် ဖြေရှင်းမှုတွေပြုလုပ်နေပါတယ်။ ဒါပေမဲ့ နိုင်ငံဟာ လိုအပ်ချက်တွေများနေပြီး လူအင်အား၊ ဓနအင်အား တွေ တောင့်တင်းခိုင်မာဖို့ လိုအပ်နေဆဲအခြေအနေမို့ တစ်ခုခုဆိုရင် ထိလွယ်ရှလွယ်ပိုဖြစ်လွယ်သူ များအတွက် ကြိုတင်စဉ်းစားပြီးစီစဉ်ထားပေးနိုင်ခါမှ တော်ရာကျမဲ့အခြေအနေဖြစ်ပါတယ်။

UNOCHA ရဲ့သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ IDP (၂၄၁၀၀၀) နှစ်သိန်းလေးသောင်း တစ်ထောင်ကျော်ရှိပါတယ်။ အဲဒီထဲကမှ ၇၇% ကျော်ဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ပါတယ်။ သူတို့က သတ်မှတ်ထားတဲ့ စခန်းအတွင်းမှာ အခန်းကျဉ်းလေးထဲမှာ နေ့စဉ်နေထိုင်ရတဲ့သူတွေပါ။ ဒါ့ အပြင် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့နောက်ပိုင်းမှာ မြန်မာ့တပ်မတော်နဲ့ AA တို့ရဲ့ ပိုမိုပြင်း ထန်လာတဲ့စစ်ပွဲတွေကြောင့် ပလက်ဝကနေ ဆမီးမြို့ကို စစ်ဘေးတိမ်းရှောင်ရသူတွေ (၁၅၀၀) ဦးရှိပြီး အမျိုးသမီးသမီးနဲ့ ကလေးငယ်တွေပိုများပါတယ်။ လေကြောင်းကတိုက်ခိုက်မှုကြောင့် အရပ်သား (၂၁) ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေ အများအပြားရှိနေပါတယ်။ သူတို့တွေမှာတော့ ကူးစက်ရောဂါပိုး ကာကွယ်ဖို့အတွက် စဉ်းစားနိုင်ဖို့ဝေး၊ အသက်လုပြီးပြေးနေရပါတယ်။

ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံနဲ့ နိုင်ငံတကာမှာ ကိုယ့်ဝန်ထမ်းတွေကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေး အတွက် လုပ်ငန်းဆောင်တာတွေကို ကိုယ့်အိမ်ကနေလုပ်ဖို့အားပေးနေတာကို ကြားသိရတဲ့အခါမှာ ကိုယ့်အိမ်တွေကိုပစ်ပြီး အသက်ဘေးကြားက အပြေးအလွှားနားခိုရာ ရှာနေသူများရဲ့ဘေးကင်းလုံခြုံ ရေးကို ကျွန်မတို့ ဘယ်လိုများကူညီနိုင်ကြပါ့မလဲ။ စစ်ပွဲတွေရပ်အောင် ဘယ်လိုလုပ်ရပါမလဲ။ စစ် ဘေးရှောင်တွေ သူတို့နေအိမ်ကို ဘေးကင်းစွာနဲ့ပြန်ရောက်ပြီး ကူးစက်ရောဂါကို ကိုယ့်အိမ်ကနေ ကာကွယ်နိုင်ဖို့ ဘယ်လိုများလုပ်နိုင်ပါ့မလဲဆိုတဲ့ အဖြေမရှိတဲ့ပုစ္ဆာအတွက် ထပ်ခါတလဲလဲ မေးခွန်း တွေထုတ်နေမိပါတော့တယ်။

စစ်ဘေးရှောင်များ၊ ဒုက္ခသည်များအပါအဝင် လူသားအားလုံး ကူးစက်ရောဂါပိုးမှ ကင်းဝေးပြီး မိမိအိမ်၊ မိမိနေရာဒေသသို့ လုံခြုံစွာပြန်ရောက်နိုင်ကြပါစေ။

Author:

Related Articles