Home ဆောင်းပါး မဏိပူရပြည်နယ် အမျိုးသမီးလှုပ်ရှားမှုသမိုင်း ( သို့မဟုတ် ) နူပီးလန်

မဏိပူရပြည်နယ် အမျိုးသမီးလှုပ်ရှားမှုသမိုင်း ( သို့မဟုတ် ) နူပီးလန်

မိုးဇော်။   ။

မဏိပူရပြည်နယ်အကြောင်း မိတ်ဆက်
မဏိပူရ(Manipur)ဟူသော အမည်မှာ ရတနာမြေ( Jeweled Land )ဟု အဓိပ္ပါယ် ရပါသည်။ မဏိပူရပြည်နယ်သည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသတွင် တည်ရှိပြီး မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တို့နှင့် နယ်နမိတ်ချင်းထိစပ်လျက်ရှိသည်။ အခြားဆက်စပ်နေေသာ အိန္ဒိယနိုင်ငံ၏ ပြည်နယ်များမှာ မြောက်ဖက်တွင် နာဂပြည်နယ်( Naga Land ) တောင်ဖက်တွင် မီဇိုရမ်ပြည်နယ် (Mizoram) အနောက်ဖက်တွင် အာသံပြည်နယ်(Assam) တို့နှင့်ဆက်စပ်နေသည်။ ဧရိယာအကျယ်အဝန်းအားဖြင့် ၂၂၃၂၇ Square kilometer ကျယ်ဝန်း၍ မဏိပူပြည်နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၇၉၀ မီတာအမြင့်တွင် တည်ရှိသည်။ ပြည်နယ်၏ လူဦးရေမှာ ၂ သန်းခန့်ရှိပြီး သုံးပုံနှစ်ပုံခန့်မှာ မဏိပူရီ ခေါ် ကသည်းလူမျိုးများ ဖြစ်ကြသည်။ ကျန်လူမျိုးများမှာ နာဂနှင့်ချင်း(ကူကီး)အနွယ်ဝင်များဖြစ်သည်။

မဏိပူပြည်နယ်တွင် ဘာသာစကား ကွဲပြားသော လူမျိုးနွယ်စုပေါင်း (Tribes) ၂၉ မျိုးခန့်နေ ထိုင်ကြသည်။ အဓိက သုံးစွဲသော ဘာသာစကားမှာ မဏိပူရီခေါ် ကသည်းစကားဖြစ်သည်။ မြေအနေ အထား၏ ၉၂ ရာခိုင်နှုန်းမှာ တောင်တန်းဒေသများဖြစ်ကြပြီး ကျန်မြေပြန့်ဒေသတွင် ကသည်း လူမျိုးများ အများစုနေထိုင်ကြသည်။ ပြည်နယ်၏မြို့တော်မှာ အင်ဖါး (Imphal) ဖြစ်သည်။ မနုဿဗေဒ၊ ဘာသာဗေဒပညာရှင်တို့၏ လေ့လာမှုအရ ကသည်းလူမျိုးတို့သည် တိဘက်တိုဘားမင်း အုပ်စုဝင်ဖြစ် ကြပြီး မွန်ဂိုလွိုက်အနွယ်မှ ဆင်းသက်လာသည်ဟု သိရသည်။ ဘာသာစကားအားဖြင့် မြန်မာ(ဗမာ)နှင့် ချင်း လူမျိုးတို့နှင့်နီးစပ်မှုရှိသည်။

ကသည်းလူမျိုးအများစုသည် ဟိန္ဒူနှင့် ရိုးရာနတ်ဘုရားများကို ကိုးကွယ်ကြကာ တောင်ပေါ်တိုင်းရင်းသားဖြစ်သော နာဂနှင့် ချင်းကူကီးအနွယ်ဝင်များ သည် ခရစ်ယာန် ဘာသာကို ကိုးကွယ်ယုံကြည်ကြသည်။ ပန်ဂယ်လ် (Pangal) ခေါ် ကသည်းလူမျိုးများ အစ္စလမ် ဘာသာကို ကိုးကွယ်ကြသည်။ အခြားနတ်ကိုးကွယ်ကြသော တောင်ပေါ်သားများလည်း ရှိသည်။ မဏိပူရပြည်နယ်၏ အဓိက စီးပွားရေးမှာ ဆန်စပါးစိုက်ပျိုးခြင်းဖြစ်သည်။ (ကသည်းလူမျိုးများအား ရုံးသုံးအခေါ် မဏိပူရီ Manipuri ဟူ သည့်အမည်ဖြင့်သာ ဤဆောင်းပါး၏ နောက်ပိုင်းတွင် သုံးစွဲဖေါ်ပြ သွားပါမည်။ ၎င်းတို့သည် မိမိ ကိုယ်မိမိခေါ်ဆိုရာတွင် Meitei ဟု ခေါ်ဝေါ်ကြသည်။)

မဏိပူရီ အမျိုးသမီးလှုပ်ရှားမှု
အိန္ဒိယနိုင်ငံသည် ဇာတ်စနစ်ခွဲခြား၍ လူတန်စား ဖိနှိပ်မှုနှင့် အမျိုးသမီးများအပေါ်တွင် ချုပ်ချယ် ကန့်သတ်မှု များသောနိုင်ငံအဖြစ် သတ်မှတ်နိုင်သည်။ သို့သော် အိန္ဒိယ အရှေ့မြောက်ဒေသရှိ မဏိပူရ ပြည်နယ် အပါအဝင်ပြည်နယ် (၇) ခုသည် ပြည်မဒေသ (Main Land) နှင့် ရုပ်ရည်အရသော် လည်းကောင်း၊ ဓလေ့ထုံစံယဉ်ကျေးမှုများအရသော်လည်းကောင်း၊ ကွဲပြားခြားနားမှုများရှိသည်။ အရှေ့ မြောက် ၇ ပြည်နယ်တွင်နေထိုင်သော လူမျိုးစုအများစုမှာ မွန်ဂိုလွိုက်အနွယ်ဝင်များ ဖြစ်ကြသည်။ မဏိပူရီ အမျိုးသမီးများ၏ဘဝနှင့် အိန္ဒိယပြည်မဒေသရှိ အမျိုးသမီးများဘဝနှင့် များစွာကွာဟ မှုရှိပါ သည်။

အထူးသဖြင့် တောင်အာရှဒေသရှိနိုင်ငံများတွင် ရိုးရာအစဉ်အလာများအရ အမျိုးသမီးများသည် အိမ်ထဲမှအိမ်ပြင် မထွက်ရဘဲ အိမ်မှုကိစ္စများကိုသာ ဆောငရွက်ကြရ၏။ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ကိစ္စအဝဝကို အမျိုးသားများကသာ ဆောင်ရွက်ကြသည်။

သို့သော် မဏိပူရီ အမျိုးသမီးများသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး နယ်ပယ် အသီးသီးတွင် အမျိုးသားများနှင့်ရင်ဘောင် တန်း၍ ဆောင်ရွက်နိုင်ကြရုံမျှမကဘဲ မဏိပူရီလူမျိုးတို့၏ အမျိုးသားရေးလှုပ်ရှားမှုများကို ၎င်းတို့က ဦးဆောင်၍ လမ်းဖွင့်ပေးခဲ့ကြသည်ဟု နိုင်ငံရေးနှင့် သမိုင်းသုတေသီများ သုံးသပ်ပါသည်။ ယင်းအမျိုး သမီးလှုပ်ရှားမှုများသည် အိန္ဒိယနိုင်ငံအတွင်းရှိ ဤပြည်နယ်ငယ်လေး၏ ထူးခြားမှုတခုဟုပင် ဆိုနိုင် ပါ သည်။ (အခြားထူးခြားမှုတခုမှာ မြင်းစီး၍ ပိုလိုရိုက်သော ကစားနည်းကို မဏိပူလူမျိုးတို့က စတင် တီ ထွင်ကစားခဲ့ကာ ကမ္ဘာကြီးအား လက်ဆောင်ပေးခဲ့သည်ဟု ဖေါ်ပြကြသည်။)

The First Nupi Lan – 1904 (Photo: RKCS Art Gallery ) http://www.e-pao.net

ပထမနူပီးလန် Nupi Lan(၁၉၀၄)
အကြောင်းအရာ အဖြစ်အပျက်ကို မတင်ပြမှီ နူးပီးလန်(အချို့က Nupi lal ဟုလည်း ရေးပြပါသည်။ အဓိပ္ပါယ်မှာ အတူတူပင်ဖြစ်သည်။) ဆိုသောမဏိပူဝေါဟာရကို ပထမ မိတ်ဆက်လို ပါသည်။ နူပီးသည် မြန်မာစကားဖြင့် အမျိုးသမီးဖြစ်ပြီး လန်ဆိုသည်မှာ စစ်ပွဲဟု အဓိပ္ပါယ်ရသည်။ Nupi Lan မှာ အမျိုးသမီးတို့၏စစ်ပွဲ(Women’s War) ဟု အဓိပ္ပါယ်ရသည်။ ၁၉၀၄ ခုနှစ်တွင် ဖြစ်ပျက်ခဲ့သော အမျိုးသမီးလှုပ်ရှားမှုကို မဏိပူရီ သမိုင်းပညာရှင်တို့က ပထမနူပီးလန်အဖြစ် မှတ် တမ်းတင်ခဲ့ကြသည်။

၁၈၂၄ ခုနှစ် အင်္ဂလိပ် – မြန်မာ ပထမစစ်ပွဲအပြီးတွင် ရှုံးနိမ့်ခဲ့သော မြန်မာဘုရင် ဘကြီးတော်က ရခိုင်၊ မဏိပူရ၊ အာသံနှင့် တနင်္သာရီနယ်ကို အင်္ဂလိပ်ထံသို့ လွှဲအပ်ပေးခဲ့ရသည်။ အင်္ဂလိပ်တို့သည် မဏိပူရ နယ်ကို ၎င်းတို့ လက်အောက်ခံအဖြစ် မသိမ်းသွင်းဘဲ မြန်မာတို့ ဝင်ရောက် စွက်ဖက်ခွင့်မရှိသော သီးခြားလွတ်လပ်သည့် နိုင်ငံအဖြစ် သတ်မှတ်ကာ ကြားခံနယ်အဖြစ်ထားရှိခဲ့ပါသည်။

မဏိပူဘုရင်သည် မဏိပူရပြည်နယ်ကို အင်္ဂလိပ်စစ်တပ်များ အကူအညီဖြင့် မြန်မာတို့ လက်အောက်မှ ပြန်လည်သိမ်းယူ ခဲ့သဖြင့် ထိုအချိန်မှစ၍ အင်္ဂလိပ်တို့၏ နိုင်ငံရေးအရ လွှမ်းမိုးမှုကို ခံခဲ့ရသည်။ တရားဝင် မဟုတ်ခဲ့ သော်လည်း အင်္ဂလိပ်တို့၏ လက်အောက်ခံနိုင်ငံ (Vassal state ) အဆင့်သို့ ကျရောက်ခဲ့ရသည်။ သို့သော် ၁၈၉၁ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် အင်္ဂလိပ်တို့သည် စစ်အင်အား ၈ ထောင်ကျော်သုံးကာ မဏိပူရ တနယ်လုံးကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ (၁၈၈၅ ခုနှစ် မန္တလေးအား သိမ်းယူစဉ် အင်္ဂလိပ် တို့သည် စစ်အင်အား ၁ သောင်း အသုံးပြုခဲ့သည်။)

အင်္ဂလိပ်တပ်များအား မဏိပူရီလူမျိုးများက ပြင်း ပြင်းထန်ထန် ခုခံကာကွယ်ခဲ့ကြသည်။ မဏိပူရနယ်ကို အောင်နိုင်ပြီးသောအခါ အင်္ဂလိပ်တို့က မျိုးချစ် စိတ်ပြင်းထန်သော မဏိပူရီလူမျိုးတို့ကို တင်းကြပ်စွာ ဖိနှိပ်အုပ်ချုပ်ခဲ့ကြသည်။ ထိုဖိနှိပ်မှုများထဲတွင် အခမဲ့အဓမ္မလုပ်အားပေးစေခိုင်းမှုသည် ပြည်သူတို့၏နေ့စဉ် ဘဝကို ဒုက္ခအပေးဆုံးနှင့် အပြင်းထန်ဆုံး ဖြစ်ခဲ့ရသည်။

မဏိပူရနယ်ကို မဏိပူရီ မဟာရာဇာများ အုပ်ချုပ်ခဲ့စဉ်ကပင် Lal Lup ခေါ် အခမဲ့လုပ် အားပေးစနစ်တခုရှိခဲ့သည်။ ထိုစနစ်အရ မဏိပူနယ်ကို ၆ ပိုင်းခွဲကာ အပိုင်းတိုင်းရှိ အရွယ်ရောက်ပြီး သော ယောက်ျားများအား စစ်တပ်ဖွဲ့စည်းပုံအတိုင်း ဖွဲ့စည်း၍ အခမဲ့လုပ်အားပေးစေသည်။ အဖွဲ့ဝင် တိုင်းသည် ရက်ပေါင်း ၄၀ စေ့တိုင်း ဘုရင်ထံတွင် (၁၀)ရက် အခမဲ့လုပ်အားပေးကြရသည်။ အများ အားဖြင့် လယ်ယာလုပ်ငန်း၊ လမ်းသစ်ဖောက်ခြင်းနှင့် အခြားလူမှုလုပ်ငန်းများကို လုပ်ဆောင်ကြရခြင်း ဖြစ်သည်။ လိုအပ်သောအခါများတွင် ၎င်းတို့ကို စစ်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်း၍ စစ်မြေပြင်သို့ စေလွှတ်သည်။

Lal Lup ၏အဓိပ္ပါယ်မှာ ( Lal War, lup organization ) စစ်တပ်ဖွဲ့ပင်ဖြစ်သည်။ ထိုစနစ်ကို မဟာရာဇာ Chura Chand Sing လက်ထက်တွင် ပြည်သူများက ဆန့်ကျင်၍ ဖျက်သိမ်း ခဲ့ပြီးဖြစ်သည်။ အင်္ဂလိပ်တို့သည် မဏိပူရနယ်ကို သိမ်းပိုက်ပြီးသောအခါ ယခင်အတိုင်း Lal Lup အဖွဲ့ကို အပိုင်း ၄ ပိုင်းခွဲ၍ ဖွဲ့စည်းစေကာ အင်္ဂလိပ်စစ်တပ်အတွက် အခမဲ့လုပ်အားပေးစေခဲ့သည်။ စစ်လက် နက်နှင့် ရိက္ခာများကို တောင်ပေါ်လမ်းအတိုင်းထမ်းပိုး၍ သယ်ဆောင်ပေးကြရသည်။ အင်္ဂလိပ် စစ်တပ်များမှ အခြားဒေသများသို့ ခရီးလှည့်လည်သွားလာကြသောအခါများတွင်လည်း လိုက်ပါ၍ ရိက္ခာနှင့် ခဲယမ်းမီးကျောက်များကို သယ်ဆောင်ပေးကြရသည်။

အင်္ဂလိပ်တို့ သိမ်းယူပြီးနောက် မဏိပူရပြည်နယ်မြို့တော် အင်ဖားမြို့နှင့် အာသံပြည်နယ်ကို ဆက်သွယ်ထားသော ကားလမ်းကို စတင်တည်ဆောက်ခဲ့သည်။ လမ်းဖောက်ရာတွင် ပြည်သူလူထုကို အဓမ္မလုပ်အားပေးစေ ခိုင်းခဲ့သည့် အပြင် လမ်းဖောက်လုပ်မှု၏ ကုန်ကျစရိတ်တဝက်နှင့် တံတားများပြုပြင်ထိန်းသိမ်းရေးခ ကုန်ကျစရိတ် ကိုလည်း မဏိပူရီပြည်သူများမှ ကျခံစေရမည်ဟု သတ်မှတ်ခဲ့သည်။ ထို့အပြင် အိမ်ခွန်များကိုလည်း တိုးမြှင့်ကောက်ခံခဲ့သည်။

အင်္ဂလိပ်အစိုးရသည် ထိုသို့ ဖိနှိပ်မှုများကို တိုးမြှင့်လုပ်ရုံသာမက ၁၈၉၁ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ အင်္ဂလိပ်နှင့် မဏိပူရီလူမျိုးတို့ ဖြစ်ပွါးသော တိုက်ပွဲတွင် မဏိပူရီစစ်သားများ သိမ်းယူခဲ့သည့် ရူပီးငွေ ၂ သိန်းခွဲကိုလည်း ပြန်လည်၍ ပေးဆောင်ရန် တောင်းဆိုခဲ့သည်။ ထို့အပြင် အင်္ဂလိပ်အစိုးရ အမှုထမ်းများအတွက် နှစ်စဉ်ရူပီးငွေ ၃ သိန်း ၇ သောင်း ၅ ထောင်ကိုလည်း အရစ်ကျ ပေးဆောင်ရန်နှင့် အင်္ဂလိပ်အစိုးရကို ပဏ္ဍာဆက်သသည့်အနေဖြင့် ရူပီးငွေ ၅ သောင်းကိုလည်း မဏိပူရပြည်နယ်မှ ပေးဆောင်ရန် ထပ်မံတောင်းခံခဲ့သည်။

အင်္ဂလိပ်အစိုးရ၏ မတရားဖိနှိပ်လာမှု များကြောင့် ပြည်သူများ မကျေမနပ်မှုများတိုးမြင့်လာသည်။ ထိုမကျေမနပ်မှုများတိုးမြင့်လာနေချိန် ၁၉၀၄ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် Kahawairamban ( မြန်မာအဓိပ္ပါယ် အားဖြင့် လူအများ စုဆုံရာဈေး) ဈေး၌ မီးလောင်မှုတခု ဖြစ်ပွါးခဲ့သည်။ ထိုမီးလောင်မှုတွင် ဆိုင်ခန်း(၃၀၀)အပါ ဈေးအဆောင် (၂၈)ဆောင် မီးလောင်ကျွမ်းခဲ့သည်။

ထိုလ ၁၅ ရက်နေ့တွင် အင်္ဂလိပ်စစ်တပ်မှ အရာရှိကပ္ပတိန် Natta နှင့် လက်ဖတင် နင် Dulop တို့နေထိုင်ရာ ဘန်ဂလိုအိမ်များလည်း မီးလောင်မှု ဖြစ်ပွါးခဲ့သည်။ ဩဂုတ်လ ၄ ရက်နေ့တွင် အခြားအရာရှိတဦး၏ နေအိမ်ဘန်ဂလိုတခု ထပ်မံ၍ မီးလောင်ကျွမ်းခဲ့ပြန်သည်။ ထိုမီး လောင်ကျွမ်းမှုတွင် ဆီအဝတ်ပါတ်ထားသော မီးတုတ်တခုကို အခင်းဖြစ်ပွားရာနေရာမှတွေ့ရှိခဲ့သည်။ ယင်းကြောင့် ထိုမီးလောင်မှုများသည် ဒေသခံပြည်သူတို့မှ စည်းရုံးလှုပ်ဆောင်မှုကြောင့်ဖြစ်သည်ဟု အင်္ဂလိပ်အာဏာပိုင်များက တထစ်ချယူဆခဲ့လေသည်။

အထူးသဖြင့် မဏိပူရဘုရင်၏မိသားစုမှ ဦးဆောင်၍ ပြုလုပ်ခြင်း ဖြစ်သည်ဟု မှတ်ယူခဲ့ကြသည်။ ထို့နောက်တွင် အင်္ဂလိပ်အစိုးရသည် အင်ဖားရှိ ပြည်သူများအား ပြင်းထန်စွာ အရေးယူ အပြစ်ဒဏ်ခတ်နိုင်ရန် ပြင်ဆင်ခဲ့သည်။ စက်တင်ဘာလ ၃၀ ရက်နေ့တွင် အင်္ဂလိပ်အစိုးရ၏ နိုင်ငံရေး ကိုယ်စားလှယ် ( Political Agent ယင်းမှာ ပြည်နယ် အုပ်ချုပ်ရေးမှူး အဆင့်ရှိ ) ဒုဗိုလ်မှူးကြီး H.St. Maxwe က မီးလောင်ကျွမ်းခဲ့သောအိမ်များ ပြန်လည် တည်ဆောက်နိုင်ရန်အတွက် အင်ဖားမြို့သူမြို့သားများအား ကဘော်လွင်ပြင်ဒေသ ( မြန်မာပြည် တမူးဒေသေ)မှ ကျွန်းသစ်များကို သယ်ယူပေးရမည်ဟု အမိန့်ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန် လိုက်သော အမိန့်သည် ပြစ်မှုကျူးလွန်သူများကိုသာ ရည်ရွယ်ခြင်း မဟုတ်ဘဲ အမျိုးသားရေး စိတ်ဓာတ် ပြင်းထန်သော မဏိပူရီလူမျိုးအားလုံးကို ရည်ရွယ်၍ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ( အင်ဖားနှင့် ကဘော်လွင်ပြင် ဒေသသည် မိုင် ၇၀ ခန့်ကွာ ဝေးပြီး တောတောင်အထပ်ထပ်ကို ဖြတ်ကျော် ရမည်ဖြစ် သည်။ ထိုစဉ်က မော်တော်ကားကို အသုံး မပြုနိုင်သေးချေ။ )

ပြည်သူအများက ကိုယ်စားလှယ်စေလွှတ်၍ ထိုအမိန့်ကို ပြန်လည်ရုတ်သိမ်းပေးရန် တောင်းဆိုခဲ့ကြသော်လည်း ဒုဗိုလ်မှူးကြီး H.St. Maxwe က လုံးဝပယ်ချခဲ့သည်။ ထို့အပြင် အမိန့်ကို မလိုက်နာပါက အရေးယူရန်အတွက် စစ်ပုလိပ် တပ်ဖွဲ့တခုကိုလည်း အင်ဖားမြို့ သို့ ခေါ်ယူချထားလိုက် သည်။ စစ်ပုလိပ်တပ်ဖွဲ့ နေထိုင်ရာ တန်းလျားဆောက်လုပ်ရန်နှင့် စစ်ပုလိပ်တပ်ဖွဲ့အတွက် အထွေထွေ ကုန်ကျစရိတ်ကို မဏိပူရီပြည်သူများမှ ကျခံစေရမည်ဟု ထပ်ဆင့်ကာ အမိန့်ထုတ်ခဲ့သည်။

အင်္ဂလိပ် အစိုးရ၏ မတရားသော လုပ်ရပ်သည် မဏိပူရီပြည်သူများအကြားတွင် ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့ပြီး ပြည်နယ်တရားရုံး ရှေ့တွင် လူထုအစည်းအဝေးကြီး တရပ်ကျင်းပကာ ဆန့်ကျင်ကန့်ကွက်သည့် အနေ ဖြင့် မတရားထုတ်ပြန်သော အမိန့်များကို မလိုက်နာရန် ဆုံးဖြတ်ခဲ့ကြသည်။ အင်အား ၅၀၀၀ ကျော်ခန့် တက်ရောက်ခဲ့သော ထိုလူထုအစည်းအဝေးကြီးကို အင်္ဂလိပ်အစိုးရက အကြမ်းဖက်နှိပ်နင်း ခဲ့သည်။ ဘုရင့်မျိုးနွယ် ၆ ဦးကို ဖမ်းဆီး၍ ဘင်္ဂလားနယ်( ယခုဘင်္ဂလာဒေ့ရှ်နယ် ) သို့ နယ်နှင်ဒါဏ်ပေး လိုက် သည်။ ပြည်သူအများစု၏ မကျေနပ်မှုများသည် ပိုမိုမြင့်တက်လာခဲ့သည်။

သို့သော် ငွေကြေးတတ်နိုင် သူများက ပျက်စီးသွားသော အဆောက်အအုံများကို ပြန်လည်တည်ဆောက်ရန် လိုအပ်သော ပစ္စည်း များကို စတင်စုဆောင်းပေးခဲ့ကြသည်။ ထိုအချိန်တွင် အမျိုးသမီးများသည် အာဏာပိုင်များအား ဆန့် ကျင်ရန် အပြင်းအထန် အုံကြွလာသည်။ ထောင်သောင်းများစွာသော အမျိုးသမီးများသည် ဈေးရုံ များ၊ ဈေးဆိုင်ခန်းများအတွင်းမှ အုပ်စုလိုက် အဆက်မပြတ်ထွက်လာကြကာ လမ်းမများပေါ်တွင် စုရုံးခဲ့ကြ သည်။ ထိုနောက် ဒုဗိုလ်မှူးကြီး H.St. Maxwe အိမ်သို့ ချီတက်ကာ မတရားထုတ်ပြန်သောအမိန့်ကို ပြန်လည်၍ ရုတ်သိမ်းရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

Kahawairamband ဈေးတွင် အရောင်း အဝယ်များ လုံးဝရပ်တန့်သွားခဲ့ပြီး ဆန္ဒပြပွဲသည် တရက်ထက်တရက် ပိုမိုပြင်းထန်လာခဲ့သည်။ အင်္ဂလိပ် အစိုးရသည် အခြေအနေကို ထိမ်းသိမ်းနိုင်ရန် မဏိပူပြင်ပရှိ စစ်တပ်များကို ခေါ်ယူချထားရသော အခြေ အနေသို့ ရောက်ခဲ့ရသည်။ ဆန္ဒပြပွဲအစပိုင်းတွင် ရဲတပ်ဖွဲ့မှ အကြမ်းဖက် နှိမ်နင်းခဲ့၍ အမျိုးသမီးအချို့ ဒဏ်ရာရခဲ့ကြသည်။ နောက်ပိုင်းတွင် ဆန္ဒပြပွဲသည် တရက်ထက်တရက် ပြင်းထန်လာ၍ အစိုးရ၏ အုပ်ချုပ်ရေးယန္တရားသာမက ပြည်သူတို့၏ နေ့စဉ်ဘဝလှုပ်ရှားမှုများပါ ရပ်တန့်သွားခဲ့ရသည်။

ထို အကြပ်အတည်းများနှင့် ရင်ဆိုင်ရသောအခါ အင်္ဂလိပ်အစိုးရသည် ၎င်းတို့ ထုတ်ပြန်ထားသော အမိန့်များကိုပြန်လည် ရုတ်သိမ်းပေးခဲ့ရသည်။ ယင်းသို့ လှုပ်ရှားမှုသည် အချိန်ကာလအားဖြင့် တို တောင်းသော်လည်း ယင်း၏ အကျိုးသက်ရောက်မှုသည် မဏိပူရပြည်နယ်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများပေါ်တွင် အရှိန်ဩဇာကြီးမားခဲ့သည်။

ဤအမျိုးသမီးလှုပ်ရှားမှုကို မဏိပူပြည် သူများ၏ အမျိုးသားရေးလှုပ်ရှားမှုနှင့် ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုကို မျက်စိဖွင့်ပေးခဲ့သော ကြောင့် သမိုင်းသုတေသီတို့မှ ပထမနူပီးလန် ( အမျိုးသမီးတို့၏ ပထမစစ်ပွဲ ) အဖြစ် သတ်မှတ်ဂုဏ်ပြု မှတ်တမ်းတင်ခဲ့ကြသည်။

မှတ်ချက်။ ။ Kahawairamband ဈေးကို ယခုအခါ Ima bazaar ( အမေများဈေး ) ဟုလည်း ခေါ် ပါသည်။ ယင်းဈေးတွင် ဈေးရောင်းချသူများမှာ အမျိုးသမီးများသာဖြစ်ပြီး ဆိုင်ခန်းပေါင်း တစ်သောင်း ဝန်းကျင် ခန့်ရှိပါသည်။ အင်ဖားမြို့လည်တွင် တည်ရှိသော ယင်းဈေးသည် ယခုထက်တိုင် အမျိုးသမီး လှုပ်ရှားမှုများ၏ အချက်အခြာနေရာ ဖြစ်နေဆဲပင် ဖြစ်သည်။

The Second Nupi Lan- 1939 (Photo: RKCS Art Gallery)
http://www.e-pao.net

ဒုတိယနူပီးလန် ( ၁၉၃၉ )
ဒုတိယနူပီးလန် ( ၁၉၃၉ ) သည် ဒုတိယကမ္ဘာစစ် ကာလ၌ ဖြစ်ပွားခဲ့သည်။ ဆန်စပါး ထုတ်လုပ် ရောင်းချမှုသည် မဏိပူပြည်နယ်၏ အဓိက စီးပွားရေး ဖြစ်သည်။ ဆန်စပါး ထုတ်လုပ်မှုသည် မဏိပူရရှိ လယ်သမားများအတွက်သာမက အမျိုးသမီးများအတွက်လည်း အရေးပါသော စီးပွားရေး လုပ်ငန်း တခုဖြစ်သည်။ အမျိုးသမီးများသည် စပါးစိုက်ပျိုးသည်မှစ၍ ဈေးကွက်သို့ ဆန်တင် ပို့ရောင်း ချကြသည်အထိ ပါဝင်လုပ်ကိုင် ဆောင်ရွက်ကြသည်။ မဏိပူရနယ်ကို အင်္ဂလိပ်တို့က သိမ်းယူပြီးသော အခါ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့်မူဝါဒအရ မဏိပူရပြည်နယ်အတွင်းမှ ဆန်စပါးများကို ပြင်ပ သို့ အကန့်အသတ်မရှိ တင်ပို့ရောင်းချခဲ့ကြသည်။

မှတ်တမ်းများအရ ၁၈၉၄ – ၉၅ တွင် ဆန်အချိန် Maunds (၈)ထောင်ကို Nagalan ပြည်နယ် Kohima မြို့သို့ တင်ပို့ရောင်းချခဲ့သည်။ ( ၁ Maunds လျှင်ကီလိုဂရမ် ၄၀ ရှိသည်။) ထိုစဉ်က တင်ပို့မှုမှာ နွားလှည်း (သို့မဟုတ်) လူကိုယ်တိုင်ထမ်းပိုး၍ သယ်ယူရောင်းချခြင်းဖြစ်သည်။ အင်္ဂလိပ်အစိုးရ လက် အောက်တွင် ဆန်စပါးရောင်းဝယ်မှုနှင့် တင်ပို့မှုကို မရဝါရီလူမျိုး အိန္ဒိယအမျိုးသားက လက်ဝါးကြီး အုပ်ချုပ်ကိုင်လာခဲ့ပြီး စပါးများကို အမြောက်အများဝယ်ယူကာ ကြိတ်ခွဲသိုလှောင်ခဲ့ကြသည်။

၁၉၂၅ ခုနှစ်တွင် မော်တော်ကားကို စတင်အသုံးပြုနိုင်လာသောအခါ ဆန်တင်ပို့မှုမှာ ( ၁၅၅၀၁၄ ) Maunds အထိ မြင့်တက်လာခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ( ၃၇၂၁၇၄ ) Maunds အထိမြင့်တက်လာခဲ့ သည်။ ဆယ်နှစ်ကျော်ကာလတွင် စိုက်ပျိုးမြေဧကပေါင်း ( ၁၀၃၂၂ ) ဧကတိုးချဲ့နိုင်ခဲ့သော်လည်း ဆန် စပါး တင်ပို့မှုမှာ (၂၁၇၁၆၄) Maunds အထိမြင့်တက်ခဲ့သည်။

မရဝါရီကုန်သည်များသည် ဆန်စက် များကို တလုံးပြီးတလုံး တိုးချဲ့တည်ဆောက်၍ ဆန်များကို တိုးမြှင့်ပို့ဆောင်နေကြသည်။ ဆန်ဈေးနှုန်း များမြှင့်တက်လာ၍ အခြားကုန်ဈေးနှုန်းများလည်း မြင့်တက်လာခဲ့ရပေသည်။ ၁၉၃၉ ခုနှစ် ဩဂုတ် လဆန်းတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ကာ စပါးခင်းများလည်း ပျက်စီး ခဲ့ရသည်။

ထို့အပြင် ထိုနှစ် နိုဝင်ဘာလလယ်တွင် နောက်တကြိမ် မိုးသီးမုန်တိုင်းများ ကျရောက်ခဲ့၍ ရိတ်သိမ်းလုဆဲဆဲ စပါးခင်းများလည်း ပျက်စီးခဲ့ရသည်။ ဆန်စပါးအလွန်အကျွံ တင်ပို့မှုနှင့် သဘာဝဘေး အန္တရာယ်များက မဏိပူပြည်နယ်အတွင်းတွင် ဆန်ပြတ်လပ်မှုများ ဖြစ်စေခဲ့ပြီး ဈေးများတွင်လည်း ဆန်ဝယ်ယူ၍ မရနိုင်သော အခြေအနေသို့ ဆိုက်ရောက်ခဲ့ရသည်။

အချို့မိခင်တို့သည် ကလေးငယ်များ ထမင်းတောင်းလာချိန်တွင် ဆန်ပြတ်လပ်မှုကြောင့် ကလေးငယ်များ၏ဆန္ဒကို ဖြည့်ဆည်းမပေးနိုင် သော အနေအထားသို့ ရောက်ခဲ့ကြသည်ဟု ဆိုသည်။ ထိုအခြေအနေတွင် မရဝါရီ ကုန်သည်များသည် စပါးများကို ရနိုင်သမျှဝယ်ယူကြိတ်ခွဲပြီး မဏိပူရပြည်နယ်ပြင်ပသို့ ဆန်များကို ဆက်လက်တင်ပို့ နေကြဆဲဖြစ်သည်။

၁၉၃၉ ခုနှစ် စီမံအုပ်ချုပ်ရေးဆိုင်ရာ အစီရင်ခံစာအရ ၁၉၃၉ ခုနှစ် ဒီဇင်ဘာလ (၁၁) နေ့တွင် တေရာကိုက်သဲ ( Tera Kerthel ) ဈေးမှ Ariban Chaobition Devi ဆိုသူ အမျိုးသမီးသည် ၎င်းနှင့် အဖော်လေးငါးဦးခန့် စုရုံး၍ မရဝါရီကုန်သည်များထံ သယ်ယူသွားသော စပါးလှည်းများကို ပိတ်ဆို့ထားမြစ်ကာ မရဝါရီကုန်သည်များထံ စပါးမရောင်းပါရန် ပန်ကြားခဲ့ကြသည်။ Khawaramban ဈေးတွင် ရောင်းချရန် ဆန်(၁)Maund ပင်မရှိအောင် ပြတ်လပ်သွားခဲ့သည်ဟုဆိုသည်။

ထိုအခြေ အနေများကို မကျေနပ်၍ အမျိုးသမီး(၆၀)ခန့်သည် စုဝေးတိုင်ပင်ကာ ဆန်များကို ပြင်ပသို့ မတင်ပို့ ရေးကို တောင်းဆိုရန် ဆုံးဖြတ်ခဲ့ကြသည်။ နောက်တရက်တွင် Khawaramban ဈေး၌ အမျိုး သမီးတထောင်ကျော်ခန့်စုရုံးပြီး ပြင်ပသို့ ဆန်တင်ပို့မှုနှင့် ဆန်အမြောက်အများကြိတ်ခွဲနေမှုကို ရပ် ပေးရန် ကြွေးကြော်အော်ဟစ်ပြီး နိုင်ငံရေးကိုယ်စားလှယ် Gimso ၏ရုံးရှိရာသို့ ချီတက်ဆန္ဒပြခဲ့ကြသည်။

ထိုအချိန်သည် မဏိပူရပြည်နယ်၏ လွှတ်တော်ညီလာခံ (Durbar) ကျင်းပနေသော အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ ( ၁၉၃၅ ခု အိန္ဒိယနိုင်ငံ စီရင်အုပ်ချုပ်မှု ဥပဒေအရ ပြည်နယ်အချို့တွင် ဖက်ဒရယ် စနစ်ပုံစံ စတင်ကျင့်သုံးခဲ့သည်။) ဆန္ဒပြ တောင်း ဆိုကြသော အမျိုးသမီးများသည် ညီလာခံ ရုံးရှိရာသို့ ချီတက်၍ ဝိုင်းရံပိတ်ဆို့ခဲ့ကြသည်။

တောင်းဆိုချက်များ ကြွေးကြော်၍ ဆန္ဒပြတောင်းဆိုနေကြသော အမျိုးသမီးထု၏ အင်အားမှာ (၄) ထောင်ကျော်အထိဖြစ်လာသည်။ ညီလာခံ ကိုယ်စားလှယ်များသည် နောက်ဖေးပေါက်မှ ထွက်ပြေးတိမ်းရှောင်သွား၍ လွှတ်တော် ဥက္ကဌဖြစ်သူ T.A. Sharpe တဦးတည်းသာ ကျန်ရစ်ခဲ့သည်။ အမျိုးသမီးများသည် လွှတ်တော်ဥက္ကဌကို ပြည်နယ်ပြင်ပသို့ ရောက်ရှိနေသော မဏိ ပူမဟာရာဇာထံသို့ ကြေးနန်းရိုက်၍ ဆန်ကြိတ်ခွဲ တင်ပို့နေမှုများ ရပ်ဆိုင်းရန် တောင်းဆိုခဲ့ကြသည်။

ထိုစဉ်က ပြည်နယ်တွင်း ဒေသဆိုင်ရာအရးကိစ္စများကို မဏိပူဘုရင်နှင့် လွှတ်တော်က ကိုင်တွယ်ဖြေရှင်း ရသည်။ လွှတ်တော်ကိုလည်း ဘုရင်က သူနှစ်သက်သူများကို ရွေးချယ်ခန့်ထားသည်။ ထိုနောက်ဆန္ဒပြ အမျိုးသမီးများသည် ကြေးနန်းရုံးကိုလည်း ဝိုင်းရံ၍ ပိတ်ဆို့လိုက်ကြသည်။ လွှတ်တော် ဥက္ကဌနှင့်အတူ မေဂျာ Cummin ၊ အမှတ် (၄) အာသံ ရိုင်ဖယ် တပ်ရင်းမှူးမေဂျာကူမင်နိုတို့ကို ဝိုင်းရံ ပိတ်ဆို့ထားကာ ကြေးနန်းရုံးအတွင်း၌ ထိန်းသိမ်းထားခဲ့ကြသည်။

အင်္ဂလိပ်အစိုးရသည် တင်းမာလာသော အခြေအနေ များကို သုံးသပ်၍ အင်အားသုံးနှိမ်နင်းရန် ဆုံးဖြတ်လိုက်ပြီး ဒီဇင်ဘာ ၁၂ ရက်နေ့ည ၁၂း၃၀ နာရီတွင် အာသံရိုင်ဖယ် တပ်စုတစုကို စေလွှတ်လိုက်သည်။ အစိုးရသည် တောင်းဆိုချက်များအပေါ် လိုက်လျောရ မည့်အစား လူစုခွဲထွက်ခွါသွားကြရန် စေခိုင်းခဲ့သည်။ ဆန္ဒပြအမျိုးသမီးများသည် အစိုးရ၏အမိန့်ကို မလိုက်နာဘဲ ဆန်တင်ပို့မှု ရပ်ဆိုင်းရေး၊ ပြည်သူတို့အား ဆန်ဝေငှပေးရေး စသောကြွေးကြော်သံများကို ထပ်ခါထပ်ခါ အော်ဟစ်ခဲ့ကြသည်။ ထိုအခါ စစ်သားများသည် စုရုံးဆန္ဒပြ နေသော အမျိုးသမီးများကို လှံစွပ်နှင့်ထိုး၊ သေနတ်ဒင်နှင့်ရိုက်ကာ အဓမ္မအကြမ်းဖက် နှိမ္နင်းလိုက်၍ လူစုခွဲခဲ့သည်။

သို့သော်လှုပ် ရှားမှုများသည် ရပ်တန့် မသွားဘဲ နောက်တရက် ဒီဇင်ဘာလ (၁၃) ရက်တွင် ပြည်နယ် ရဲဌာနဈေးရှေ့၌ အမျိုးသားများအပါအဝင် လူတသောင်းကျော် ထပ်မံစုဝေးရောက်ရှိလာကြပြီး စပါးများကို ဆက်လက် ကြိတ်ခွဲနေကြသော ဆန်စက်များကို ဖြိုဖျက်ကြရန်၊ ဦးစွာမဏိပူရလူမျိုးပိုင် စက်များကို အရေးယူကြရန် ဆုံးဖြတ်ခဲ့ကြသည်။ စုရုံးရောက်ရှိလာကြသော လူထုသည် ဆန်စက်ပိုင်ရှင်များကိုလည်း ဆန်စက်များ လည်ပါတ်နေမှုကို ရပ်တန့်ပေးပါရန် တောင်းဆိုခဲ့ကြသည်။

ထို့နောက် အမျိုးသမီးများသည် နိုင်ငံရေး ကိုယ်စားလှယ် Gimson နှင့် တွေ့ဆုံပြီး ဆန်စက်များလည်ပါတ်နေမှုကို မရပ်ပေးပါက ဆန်စက်များကို ဖြိုဖျက်ပစ်မည်ဖြစ်ကြောင်း အကြောင်းကြား ပြောဆိုခဲ့သည်။ နိုင်ငံရေးကိုယ်စားလှယ် Gimson မှလည်း အမျိုးသမီးများ၏ တောင်းဆိုချက်များကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းကို ကတိပေးခဲ့သည်။

အမျိုးသမီးကိုယ်စားလှယ်များက ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် ဒဏ်ရာရရှိခဲ့၍ ဆေးရုံသို့ တင်ပို့ခဲ့သည့် အမျိုးသမီးတဦးကို အာဏာပိုင်များမှ ခေါ်ထုတ်သွားခဲ့ပြီးနောက်တွင် သေဆုံးခဲ့ရသည်ဟု တင်ပြခဲ့ကြ သည်။ ဤတင်ပြမှုကို မေဂျာ Cummin က မည်သူတဦးတယောက်မှ ထုတ်ယူခေါ်ဆောင်ခဲ့ခြင်း မရှိကြောင်း ငြင်းပယ်ခဲ့သည်။

ဆွေးနွေးမှုများပြီးဆုံးပြီးနောက် ထိုနေ့ညနေ ၇း၄၅ နာရီတွင် ဆန္ဒပြသူ အမျိုးသမီးများ လူစုခွဲသွားခဲ့ကြသည်။ ထို့နေ့တွင် ဆန် စက်ပိုင်ရှင်များမှလည်း ၎င်းတို့ ဆန်စက်များတွင် ဆန်ကြိတ်ခွဲနေမှုများ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း လက်မှတ်ရေးထိုကာ ကြေငြာချက်ထုတ်ပြန်ခဲ့ကြ သည်။ ဓါတ်ဆီဂိုဒေါင်မှ ဝန်ထမ်းများကိုလည်း ဆန်တင်ပို့သောကားများကို ဓါတ်ဆီမပေးရန် ဖိအား ပေးခဲ့ကြသည်။ နောက်တရက်ထုတ် သတင်းစာများတွင် အမျိုးသမီး(၃၀)ကျော် ဒဏ်ရာရရှိခဲ့ပြီး (၁၀) ယောက်ကို ဆေးရုံသို့တင်ပို့လိုက်ရကြောင်း ဖော်ပြသော်လည်း စာရင်းအတိအကျ မည်မျှမှန်ကန် ကြောင်းကို သေချာစွာ မသိခဲ့ကြချေ။

ရက်အနည်းငယ်အတွင်းတွင် မဏိပူရပြည်နယ် မဟာရာဇာ (ဘုရင်) ပြန်လည်ရောက်ရှိလာပြီး နိုင်ငံရေးကိုယ်စားလှယ်ထံ ဆန်တင်ပို့မှုကို ရပ်ဆိုင်းရန် ချက်ချင်း တောင်းဆိုခဲ့သည်။ ပြည်သူများအတွင်းတွင် ပြည်နယ်ပြင်ပသို့ ဆန်တင်ပို့မှုများ ရပ်ဆိုင်းပေးရန် တောင်းဆိုမှုများ နိုင်ငံရေးအသွင်ဖြင့် ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။ ဤလှုပ်ရှားမှုကို ကွန်မြူနစ်ခေါင်း ဆောင်အီရာပေါ့က ဦးဆောင်ခဲ့သည်။

အထက်ဖော်ပြပါဖြစ်ပျက်မှုသည် အင်္ဂလိပ်အစိုးရ၏ အုပ်ချုပ်ရေး အာဏာကို လျော့နည်းကျဆင်းစေသည်ဟု ယူဆပြီး အာသံဘုရင်ခံ Robert Reid မဏိပူပြည်နယ် မဟာရာဇာအား အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများလုပ်ရန်နှင့် ဤလှုပ်ရှားမှုကြီးကို ရပ်တန့်သွား အောင် အမြန်ဆုံးဆောင်ရွက်ပေးရေးကို အကြောင်းကြားတောင်းဆိုခဲ့ပေသည်။ နောက်ဆုံးတွင်မူ နိုင်ငံရေးကိုယ်စားလှယ် Gimson သည် ယင်းလှုပ်ရှားမှုကြီး၏ အကြောင်းအရင်းကို ကြိုးစားဖြေရှင်း၍ အုပ်ချုပ်ရေးပုံစံ အသစ်တခုကို ပြောင်းလဲဖွဲ့စည်းပေးခဲ့ရသည်။

အထက်ပါလှုပ်ရှားမှု ၂ ခုသည် မဏိပူရီလူမျိုးတို့အား နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားရေး စိတ်ဓါတ်များကို နိုးကြားစေခဲ့သော လှုပ်ရှားမှုများဖြစ်၍ နှောင်းလူတို့ အမှတ်ရစေရန် ပထမ နူပီးလန်နှင့် ဒုတိယ နူးပီလန်အဖြစ် သတ်မှတ်ခဲ့ကြသည်။ ပထမ လှုပ်ရှားမှုသည် အတင်းအဓမ္မလုပ်အား ပေးစေခိုင်းမှုများကို ဆန့်ကျင်တုံ့ပြန်ခဲ့ပြီး ဒုတိယလှုပ်ရှားမှုသည် ဒေသအတွင်း ဆန်စပါးပြတ်လပ်၍ ပြည်သူများ အငတ်ဘေးဒုက္ခနှင့် ရင်ဆိုင်တွေ့ကြုံရသည့် ပြဿနာကို ဖြေရှင်းပေးနိုင်ခဲ့သည်။

အချို့မှတ် တမ်းများတွင် ဖော်ပြချက်အရ ဒုတိယကမ္ဘာစစ်ပွဲသို့ မဏိပူရပြည်နယ်မှ စစ်သားများကောက်ယူစု ဆောင်း၍ ရှေ့တန်းစစ်မျက်နှာသို့ စေလွှတ်နေမှုများကိုလည်း ဒုတိယနူပီးလန်လှုပ်ရှားမှုက တားဆီးခဲ့ သည်ဟုဆိုသည်။ ဒုတိယ နူပီးလန်လှုပ်ရှားမှုကို အကြမ်းဖက်နှိမ်နင်းခဲ့သော ဒီဇင်ဘာလ (၁၂) ရက်နေ့ ကို နူပီးလန်နေ့အဖြစ် သတ်မှတ်ကာ မဏိပူရီလူမျိုးတို့သည် နှစ်စဉ်နှစ်တိုင်း အထိမ်းအမှတ်ပွဲလမ်း သဘင်များ ကျင်းပခဲ့ကြသည်။ ၁၉၉၈ ခုနှစ်တွင် နူပီးလန် အထိမ်းအမှတ်အဖြစ် နူပီးလန်ရုပ်တုကြီးကို ဆောက်လုပ်၍ ဂုဏ်ပြုခဲ့ကြလေသည်။

မှတ်ချက်။ ။ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ စီစဉ်ထုတ်ဝေသည့် ချိုးလင်းပြာ အမျိုးသမီးစာစောင် အမှတ် ၁၆/၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာလထုတ်တွင် ဖော်ပြခဲ့သော မိုးဇော်၏ ဘာသာပြန်ဆောင်းပါးအား ပြန်လည်ဖော်ပြပါသည်။

Author:

Related Articles