Home ဆောင်းပါး လှပခြင်းတွေနောက်ကွယ်က အန္တရာယ် 

လှပခြင်းတွေနောက်ကွယ်က အန္တရာယ် 

ခင်ဘုန်းမို့   

အသက် ၂၈နှစ်အရွယ် မနှင်း(အမည်လွှဲ)တစ်ယောက် လွန်ခဲ့တဲ့နှစ်က ဘယ်သူ့ကိုမှ ဖွင့်မပြောရဲခဲ့တဲ့ ထိတ်လန့်စရာကိစ္စတစ်ခု  ဖြစ်ပျက်ခံစားခဲ့ရတယ်။  

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ခံစားရတဲ့ဝေဒနာတွေကိုလည်း ဘယ်သူ့ကိုမှလည်းမတိုင်ပင်ရဲ၊ ဘာဆက်လုပ်ရမှန်းမသိဖြစ်ခဲ့ရတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ သူက ဒီကိစ္စကိုကျော်ဖြတ် ကုသနိုင်ခဲ့ပါတယ်။

မနှင်းဟာ (labioplasty)လို့ခေါ်တဲ့ မိန်းမအင်္ဂါပြုပြင်မှုကို တရားဝင်မဟုတ်တဲ့ အလှအပရေးရာဆေးခန်းတစ်ခုမှာ ပြုလုပ်ခဲ့ပြီး အဆင်မပြေဖြစ်ခဲ့ရသူတစ်ယောက်ပါ။ ပြုပြင်ထားတဲ့နေရာက ပိုးဝင်​ပြီးကိုက်ခဲတာ၊ ပြည်တည်တာတွေဖြစ်ခဲ့ပါတယ်။ သူ ပြုပြင်ခဲ့တဲ့ အလှအပပြုပြင်ရေးဆေးခန်းကို ဒီအကျိုးအကြောင်းပြောပြတော့လည်း သူတို့အနေနဲ့ဘာတာဝန်ယူမှုမှမရှိခဲ့ဘူး။

မနှင်းဟာ ဒီလိုကုသမှုကို လူမှုကွန်ရက်က တစ်ဆင့်သိခဲ့တာဖြစ်ပြီး အရင်က အလှအပနဲ့ပတ်သက်တဲ့ ပြုပြင်မှုတွေ မလုပ်ဖူးခဲ့ ပေမယ့် ဒီပြုပြင်မှုကိုတော့ လှချင်စိတ်တစ်ခုတည်းနဲ့ စိတ်ဝင်စားခဲ့တာပါ။

ဒါကြောင့် ပြီးခဲ့တဲ့၂၀၂၂ခုနှစ်တုန်းက ပြုပြင်မှုလုပ်ဖို့ ဈေးနှုန်းစုံစမ်းရက်ချိန်းယူကာ ပြုပြင်မှုလုပ်ခဲ့တယ်။ ပြုပြင်ရေးပြုလုပ် သူတွေချိန်းဆိုတဲ့ ဆေးရုံဆေးခန်းမဟုတ်တဲ့ ဟိုတယ်ခန်းတစ်ခုကို မနှင်းတစ်ယောက်သွားခဲ့ရတယ်။ ဟိုတယ်ရဲ့အိပ်ယာပေါ် မှာပဲ ဒီပြုပြင်မှုကိုပြုလုပ်ကာ ငွေကြေးအနေနဲ့ ကျပ်ခြောက်သိန်းကုန်ခဲ့တယ်လို့ သူကဆိုတယ်။  

ပြုပြင်ပြီးနောက်ပိုင်းနောက်ပိုင်း အထက်မှာဖော်ပြသလို ပိုးဝင်တာတွေ ဖြစ်လာခဲ့ပြီး လုံးဝအခြေအနေမကောင်းတော့တဲ့အဆုံး မနှင်းတစ်ယောက်အိုဂျီဆရာဝန်ထံမှာ သွားရောက်ကုသခဲ့မှသာ ပျောက်ကင်းခဲ့ရပါတယ်။ ဒီလိုအလှအပပြုပြင်မှုတွေကို တရား မဝင်ဆေးခန်းတွေမှာ လုပ်ကိုင်ကြတာဟာ အခန့်မသင့်ရင် အသက်အန္တရာယ်ထိပါစိုးရိမ်ရနိုင်ပြီး မနှင်းကတော့ ကံကောင်းစွာနဲ့ ကုသခဲ့လို့ ရောဂါသက်သာခဲ့ရပါတယ်။  

စစ်အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှုအားနည်းနေချိန်မှာ တရားဝင်ဆေးကုသခွင့်လိုင်စင်ရဆရာဝန်မဟုတ်သူတွေ ဖွင့်လှစ်ထားတဲ့ အလှအပပြုပြင်ရေးတွေမှာ သွားရောက်ပြုပြင်ပြီး မနှင်းလို အဆင်မပြေတာ၊ ဒုက္ခရောက်ကြတာတွေ ခပ်စိပ် စိပ် ဖြစ်ပွားလာကြပြီး လူမှုကွန်ရက်တွေပေါ်မှာ ရင်ဖွင့်တာတွေ တွေ့လာရပါတယ်။    

တိုးတက်လာတဲ့ခေတ်ရေစီးကြောင်းနဲ့အညီ နည်းပညာတွေ၊ဆေးပညာတွေ ဖွံ့ဖြိုးလာတာကြောင့် တစ်ကိုယ်လုံးမှာ မလှတဲ့ နေရာတွေကိုလိုအပ်သလို ကျွမ်းကျင်ဆရာဝန်တွေနဲ့တိုင်ပင်ပြီး ကုသလို့နေပါပြီ။

မြန်မာနိုင်ငံမှာတော့ အလှအပရေးရာနဲ့ ပတ်သက်တဲ့ပြုပြင်မှုတွေက လွန်ခဲ့တဲ့ ၁၀ စုနှစ်ကတည်းက စတင်ပေါ်ပေါက်ခဲ့တာ ဖြစ် တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။ ၂၀၂၀ နောက်ပိုင်းကာလတွေမှာတော့ အသက် ၁၈နှစ်ကနေ အသက် ၅၅ နှစ်အထိ ပြုပြင်ပြောင်းလဲကုသနေကြတယ်လို့ ဒေါက်တာငွေဇင်ကျော်ကပြောပါတယ်။

ဒီလိုပြုပြင်ရာမှာလည်း အလှအပရေးရာခွဲစိတ်ခြင်းနဲ့ သာမာန်အလှအပရေးရာကုသခြင်းဆိုပြီး နှစ်ပိုင်းခွဲခြားထားကာ ခွဲစိတ် ခြင်းက ကုန်ကျစရိတ်ပိုများသလို အကျိုးရလာဒ်အနေနဲ့လည်း ရာသက်ပန်ရရှိနိုင်တယ်လို့ အလှအပဆိုင်ရာဆရာဝန် ဒေါက် တာ ငွေဇင်ကျော်ကပြောပါတယ်။

အလှအပရေးရာနဲ့ ပတ်သက်တဲ့ပြုပြင်မှုတွေကလည်း ခေါင်းကနေ ခြေအဆုံးထိ အမျိုးအစားအများကြီးရှိကြပါတယ်။

ရင်သား၊တင်ပါး၊မျက်နှာ၊နှာခေါင်းစတဲ့နေရာတွေကို လိုချင်တဲ့ပုံစံရအောင် filler ထိုးပြီးပြုပြင်တာ၊ အရေးအကြောင်းတွေ ပျောက်စေဖို့ Botox ထိုးတာ၊ မှဲ့ခြောက်၊ တင်းတိပ်စတာတွေကို လေဆာပစ်ပြီးပြုပြင်တာ၊ Chemical Peeling လို့ ခေါ်တဲ့ အရေပြားအပေါ်ယံလွှာကို ဖယ်ရှားပြီးဆဲလ်အသစ်တွေပြန်ပေါ်စေတာ ၊ CoolSculpting လို့ခေါ်တဲ့ စက်နဲ့အဆီချတာ (အဆီ ပြင်ကို အေးအောင်လုပ်ပြီးအဆီချတာ)၊ Facials လို့ခေါ်တဲ့ ပေါင်းတင်တာ၊ ချေးချွတ်တာ စတဲ့ပြုပြင်မှုတွေမျိုးစုံရှိတယ်လို့ အလှအပရေးရာဆိုင်ရာတွေကို ရေးသားမျှဝေနေတဲ့ Mei Uses This blog က မိန်မိန်းကရှင်းပြပါတယ်။  

ဒီလိုပြုပြင်မှုတွေကို တရားဝင်ဆေးကုသခွင့်လက်မှတ်ရဆရာဝန်တွေဆီမှာ ပြုလုပ်ရင် အန္တရာယ်ကင်းနိုင်ပေမယ့် ဆရာဝန် မဟုတ်သူတွေ ဖွင့်လှစ်ထားတဲ့ဆေးခန်းတွေမှာ ကုသရင်တော့ ပြသနာတွေကြုံတွေ့နိုင်ပါတယ်။

ဆရာဝန်မဟုတ်သူဖွင့်လှစ်ထားတဲ့ ဆေးခန်းအမည်ခံ အလှပြုပြင်ရေးတွေဟာ Facebook၊ TikTok စတဲ့ဆိုရှယ်မီဒီယာတွေက   တစ်ဆင့်ပုံစံအမျိုးမျိုးနဲ့ကြော်ငြာနေကြပါတယ်။ ဒီလိုပြုပြင်ရာမှာလည်းကုန်ကျစရိတ်အနေနဲ့ ငွေကျပ် ၁၀သိန်းဝန်းကျင် ရှိပါ တယ်။

ဒီလိုဆရာဝန်မဟုတ်သူတွေကတော့ နိုင်ငံတကာမှာလည်း ရှိကြပြီး မြန်မာနိုင်ငံလိုမျိုးဖွံဖြိုးဆဲနိုင်ငံတွေမှာပိုများပါတယ်။ ဆရာ ဝန် မဟုတ်သူတွေလို့ဆိုရာမှာလည်း သူနာပြုကစလို့ spa therapist (ကုထုံးပညာရှင်) အထိအကျုံးဝင်ကာ ကုသသူတွေ အနေနဲ့ အန္တရာယ်အရမ်းများတဲ့ကုသမှုကို ခံယူနေကြတယ်လို့ ဒေါက်တာငွေဇင်ကျော်က မှတ်ချက်ပြုပါတယ်။

မှားယွင်းမှုတွေထိခိုက်မှုတွေမှာ အသက်အန္တရာယ်အထိရှိနိုင်သလို အသက်အန္တရာယ်မရှိရင်တောင် ရာသက်ပန်အလှချို့ယွင်း သွားနိုင်တာတွေဖြစ်နိုင်တဲ့အတွက် ဆရာဝန်မဟုတ်သူတွေဆီမှာ အကုန်ပုံအပ်တာမျိုးမဖြစ်သင့်ဘူးလို့ ဒေါက်တာငွေဇင်ကျော် က ဆိုပါတယ်။

တာဝန်ရှိအဖွဲ့အစည်းတွေကလည်း ဒီလိုဆေးခန်းတွေကို သေချာကြပ်မတ်အရေးယူပေးသင့်တယ်လို့လည်း သူက ဆက်ပြော ပါတယ်။

“ အဆိုးဆုံးက သူတို့လုပ်ချင်တာလုပ်ပြီး ဆရာဝန်တွေဆီ ရောက်လာကြတော့ ဆရာဝန်ဖြစ်နေလို့မလုပ်ချင်ဘူး မကုနိုင်ဘူးလို့ ငြင်းပယ်ဖို့ခက်ခဲပါတယ်။ ကိုယ်မနိုင်လောက်တဲ့ case မျိုးဆို ကိုယ့်ထက်တတ်ကျွမ်းတဲ့ ဝါရင့်ဆရာဝန်တွေဆီကို ပြန်လွှဲပေး ရပါတယ်။ဒါကြောင့် ဆရာဝန်မဟုတ်သူတွေရဲ့ လက်တည့်စမ်းမှု ၊ မှားယွင်းမှုတွေကို ဆရာဝန်တစ်ယောက်အနေနဲ့ လုံးဝရှုတ်ချ ပါတယ်။ ”လို့ ဒေါက်တာငွေဇင်ကျော်က ပြောပါတယ်။

ဆရာဝန်မဟုတ်သူတွေရဲ့ ကုသပေးမှုကြောင့် အသက်အန္တရာယ် ထိခိုက်မှုရှိတယ်လို့ အားလုံးကိုမဆိုလိုပေမယ့် ဖြစ်နိုင်ခြေက ၅၀:၅၀ မို့ မိမိအလှတရားကို ယုံကြည်ရတဲ့အသိအမှတ်ပြုဆရာဝန်တွေဆီမှာသာကုသဖို့ ဒေါက်တာငွေဇင်ကျော်က အကြံပေး ပါတယ်။  

“ အလှအပဆိုင်ရာကုသမှုတွေ ပြုလုပ်လိုတဲ့သူတွေကို အကြံပြုချင်တာကတော့ အန္တရာယ်ကင်းဖို့ကပထမ လှဖို့ကဒုတိယပါ။ ဒါကြောင့်သေချာစွာလေ့လာပြီးမှ ကုသကြပါ။” လို့ သူကဆိုတယ်။    

မနှင်းနည်းတူ အလှပြုပြင်ရေးဆေးခန်းတစ်ခုမှာ ပြုပြင်မှုပြုလုပ်ပြီး ပြသနာကြုံတွေ့ခဲ့ရသူကတော့ အသက် ၃၂ နှစ်အရွယ် မကေခိုင်ပါ။ မကေခိုင်ဟာလည်း မိန်းမအင်္ဂါပြုပြင်မှုကို လူမှုကွန်ရက်ကတစ်ဆင့်သိကာ စိတ်ဝင်စားခဲ့တာ ဖြစ်တယ်။  

မကေခိုင်ဟာလည်း ဒီပြုပြင်မှုမတိုင်ခင် အရင်ကလည်း မျက်ခုံးတက်တူးထိုးတာ၊ မျက်နှာမှာ ဝက်ခြံတွေအရမ်းများနေတဲ့ အတွက် အရေပြားဆေးခန်းပြတာမျိုးတွေ ပြုလုပ်ဖူးတယ်လို့ ဆိုပါတယ်။

ဒီပြုပြင်မှုပြုလုပ်ဖို့အတွက် ဆေးခန်းလိပ်စာအတိုင်းသွားခဲ့တယ်။ ပြုပြင်ကုသတဲ့အခါမှာလည်း                                                                                                       လက်ဝတ်ရတနာတွေမချွတ်၊ အကျီမလဲစေဘဲ ကုသခဲ့ရတယ်။ အဲဒီနောက် ပြုပြင်တဲ့နေရာက ပိုးဝင်ခဲ့ပါတယ်။ ဒါကြောင့် အိုဂျီဆရာဝန်နဲ့ပြခဲ့ရတယ်။

“ မြန်မာပြည်မှာအားလုံးသိကြတဲ့အတိုင်း အစစအရာရာအဆင်မပြေဘဲ နိမ့်ပါးနေတယ်လေ။ အဲ့တာကိုအခွင့်ကောင်းယူပြီး ကလိမ်ကကျစ်နည်းတွေနဲ့ ပိုက်ဆံမရှာကြပါနဲ့လို့ သက်ဆိုင်ရာတွေကလည်း စုံစမ်းစစ်ဆေးခြင်းမရှိသလို အရေးယူတာတာတွေ လည်းမရှိဘူး။” လို့မကေခိုင်က သူ့အတွေ့အကြုံနဲ့ယှဉ်ပြီး ပြောပြပါတယ်။

ဒီလိုပြုပြင်မှုတွေပြုလုပ်ပြီး အဆင်မပြေမှုတွေကြုံတွေ့ရတဲ့အမျိုးသမီးတွေအပေါ် တချို့သူတွေက မစာနာတဲ့အပြင် ပြစ်တင် ဝေဖန်မှုတွေလည်းပြုလုပ်ကြတာကို လူမှုကွန်ရက်စာမျက်နှာတွေမှာ တွေ့နေရပါတယ်။ ကုသတဲ့သူတွေကိုသာ ဝေဖန်ပြစ် တင်နေကြပြီး တရားမဝင်ဆေးခန်းတွေကိုတော့ အခုထိအရေးယူတာတွေ အားနည်းနေပါသေးတယ်။ 

မြန်မာနိုင်ငံမှာ အလှအပဆိုင်ရာဆေးခန်းဖွင့်ဖို့အတွက် လိုင်စင်လိုအပ်ပါတယ်။ အလှအပဆိုင်ရာ အထူးပြုလိုင်စင်တွေ၊ သတ် မှတ်ထားတဲ့ အခွန်ငွေ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စစ်ဆေးမှုတွေအားလုံး သတ်မှတ်ချက်တွေပြည့်စုံမှသာ လိုင်စင်ချပေးတာ ဖြစ်တယ်လို့ ဒေါက်တာငွေဇင်ကျော်က ပြောပါတယ်။

သာမာန်အလှပြုပြင်ရေးလုပ်ငန်းဖွင့်လှစ်ဖို့အတွက်တော့ စည်ပင်သာယာရေးကော်မတီမှာ လိုအပ်တဲ့အချက်အလက်တွေနဲ့ အတူ လျှောက်ထားနိုင်ပါတယ်။  

လျှောက်ထားတဲ့အခါ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်လိုကြောင်း တင်ပြလျှောက်ထားလွှာ၊ လျှောက်ထားသူရဲ့မှတ်ပုံတင်မိတ္တူ၊ လိုင်စင်ဓာတ်ပုံ၊ ဆောင်ရွက်မယ့်လုပ်ငန်းတည်နေရာ၊ နေရပ်လိပ်စာအပြည့်အစုံ၊ မှတ်တမ်းဓာတ်ပုံ၊ သက်ဆိုင်ရာမြို့နယ်က ရပ်ကွက်၊ရဲစခန်း၊ မီးသတ်ရုံးတွေရဲ့ထောက်ခံစာတွေ လုပ်ငန်းဆောင်ရွက်မယ့် ဝန်ထမ်းဦးရေနဲ့ ကိုယ်ရေးရာဇဝင်အကျဉ်း၊ အနှိပ်ခန်းအဖြစ်ဖွင့်လှစ်ဆောင်ရွက်ခြင်းမပြုပါကြောင်း ကိုယ်တိုင်ကတိဝန်ခံချက် စတာတွေနဲ့အတူလျှောက်ထားရမယ်လို့ စည်ပင်သာယာရေးကော်မတီရဲ့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ အဲ့ဒီလိုင်စင်ဟာ သာမာန်ဆံပင်ညှပ် ၊ခေါင်းလျှော်၊ မျက်နှာသစ် စတဲ့ အလှပြုပြင်ရေးအတွက်သာ အကျုံးဝင်ပြီး ခွဲစိတ် ကုသမှုတွေ အလှအပရေးရာကုထုံးတွေအတွက် ကုသခွင့်မရှိပါဘူး။ ဒါပေမဲ့ အဲ့ဒီလုပ်ငန်းတွေမှာ ဆရာဝန်မဟုတ်သူတွေက သာမန် spa လိုင်စင်နဲ့ ဖွင့်လှစ်ကုသနေကြလို့ တာဝန်ရှိအဖွဲ့အစည်းက သေချာစစ်ဆေးကြပ်မတ်နေဖို့လိုတယ်လို့ ဒေါက်တာ ငွေဇင်ကျော်က ပြောပါတယ်။  

“ ဆရာဝန်မဟုတ်သူတွေကြောင့် အကျိုးသက်ရောက်မှုက Aesthetic industry (အလှအပရေးရာလုပ်ငန်းနယ်ပယ်) ဆိုတာ လွယ်ကူတယ်လို့ ထင်သွားကြတယ်။ Aesthetic Specialist (အလှအပရေးရာကျွမ်းကျင်သူ) ဖြစ်ဖို့ MBBS ရပြီးနောက်ထပ် အနည်းဆုံးသုံးနှစ် ထပ်မံလေ့လာရပါတယ်။ နိုင်ငံရပ်ခြားမှာ စာမေးပွဲတွေ ပြန်ဖြေရပါတယ်။ လိုင်စင်ပြန်လျှောက်ရပါတယ်။ ဒါကြောင့် ဆရာဝန်တွေက Do & Don’t ကို ကောင်းကောင်းနားလည်ကြပြီး ဆရာဝန်မဟုတ်သူတွေကတော့ စီးပွားရေးကို ပထမဦးစားပေးလို့ မြင်ပါတယ်။” လို့ သူက ပြောပါတယ်။  

ဒီလိုပြုပြင်မှုတွေနဲ့ပတ်သက်ပြီး အလှအပရေးရာဆိုင်ရာတွေကိုရေးသားမျှဝေနေတဲ့ Mei Uses This blog က မိန်မိန်းက အခုလို အကြံပေးပါတယ်။   

အလှအပဆေးခန်းတွေမှာ treatment (ကုသမှု) ယူတော့မယ်ဆိုရင် ကိုယ်လုပ်မယ့် ဆေးခန်းမှာ ဆေးခန်းလိုင်စင်ရှိမရှိ အရင်စုံ စမ်းတာ၊ လုပ်မယ့်ဆေးခန်းရဲ့ operation room (ခွဲစိတ်ကုသခန်း) ကိုသွားကြည့်တာ၊ ပိုးသတ်မထားတဲ့  စတီးဇလုံတွေ ကြမ်း ပေါ်ချထားတာမျိုးဆို လှည့်ပြန်ခဲ့တာမျိုး၊ လုပ်မယ့်ဆရာဝန်ရဲ့ profile တောင်းကြည့်တာ၊ ဘာဘွဲ့ရတယ်ဆိုတာနဲ့ အလှအပ ဆိုင်ရာဆေးပညာကို ဘယ်ကျောင်းမှာ ဘာသင်လာတယ်ဆိုတာတွေစုံစမ်းတာ၊ နောက်ဆက်တွဲ ဆောင်ရန်၊ ရှောင်ရန် ဘာရှိ မလဲမေးတာမျိုးတွေ၊ အမှားအယွင်းတစ်စုံတစ်ရာဖြစ်ရင် ဆေးခန်းက တာဝန်ယူမှု၊တာဝန်ခံမှု ဘာတွေရှိလဲမေးတာ စသဖြင့် အားလုံးသေချာပြီဆိုမှ လုပ်သင့်မလုပ်သင့်သေချာစဉ်းစားအချိန်ယူဆုံးဖြတ်သင့်တယ်လို့ သူကဆိုပါတယ်။

အမျိုးသမီးအရေး လှုပ်ရှားသူတစ်ဦးကတော့ ဒီလိုပြုပြင်မှုတွေပြုလုပ်ကြတဲ့အကြောင်းအရင်းကတော့ အမျိုးသား၊ အမျိုးသမီး တွေမှာ တစ်ယောက်နဲ့တစ်ယောက်မတူညီတဲ့ လိင်အင်္ဂါပုံစံအမျိုးမျိုးရှိကြတာကို နားမလည်ကြတဲ့အတွက် ဒီလိုပြုပြင်မှုတွေပြု လုပ်လာကြတာဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။  

“ မိန်းကလေးတွေကိုကန့်သတ်ထားတဲ့ ဂျန်ဒါဘောင်တွေရှိတယ်။ အဲဒီဘောင်တွေကဘာလဲဆိုတော့ ဒီလိုမိန်းကလေး လိင် အင်္ဂါမှာအပြင်က ဒီလိုမျိုးကြီးနေတယ်။ တွဲနေတယ်စသဖြင့် အဲ့လိုမျိုးဖြစ်နေရင် ဒါကအပျိုမစစ်ဘူး။ မိန်းမကောင်းမဟုတ် ဘူးလို့ မွေးရာပါပါလာတဲ့ Identity တွေအပေါ် မူတည်ပြီးခွဲခြားထားတဲ့အမြင်တွေရှိတယ်။ ဒါပေမဲ့ အဲဒီဟာတွေက တကယ် ဟုတ်လားဆိုမဟုတ်ဘူး။ ဒါပေမယ့်လူတွေက သတ်မှတ်ထားတဲ့အရာတွေ အထူးသဖြင့်မိန်းကလေးတွေအပေါ်မှာ ယောကျာ်း လေးတွေက မြင်တာလည်းရှိသလို မိန်းကလေးတွေကိုယ်တိုင်က ဒီအစွဲတွေကို လက်ခံထားတာမျိုးရှိတယ်။ အဲဒါကြောင့် ဒီခွဲ စိတ်မှုတွေကိုလုပ်ကြတယ်။”လို့ သူက ထောက်ပြပါတယ်။  

ဆက်ပြီးသူက “ အမျိုးသမီးတွေကိုယ်တိုင်လည်းသတိထားရမယ်။ အမျိုးသမီးတွေက အခွင့်အရေးလိုချင်တယ်။ အမျိုးသမီး တွေက ဒီနိုင်ငံမှာ ဖိနှိပ်မှုတွေခံရတယ်လို့အော်နေပေမယ့် အမျိုးသမီးတွေကိုယ်တိုင်ကိုယ်က ဒီလိုမျိုးအစွဲတွေအမြင်တွေ အမြင် တွေကြောင့် ကိုယ့်ကိုကိုယ်ရင်းပြီးလုပ်နေတာတွေကမဖြစ်သင့်ဘူး။” လို့ အဆိုပါအမျိုးသမီးအရေးလှုပ်ရှားသူက ဆိုပါတယ်။

တရားမဝင်ဆေးခန်းမှာ ခွဲစိတ်ကုသမှုခံယူပြီး ဒုက္ခများခဲ့ရတဲ့ မနှင်းကတော့ ပြုပြင်မှုလုပ်ခဲ့တာကို နောင်တရနေပြီး ယခုလို ခပ် ပြတ်ပြတ်ဆိုပါတယ်။

“ ဒီပြုပြင်မှုနဲ့ပတ်သက်ပြီး အရမ်းနောင်တရတယ်။ အခုအချိန်မှာ အလကားပေးပြီး လုပ်ပေးပါမယ်ဆိုရင်တောင် မလုပ်တော့ ဘူး။”

Author:

Related Articles